သင်၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပုံ
သင်၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပုံ
“လွန်ခဲ့သောဆယ်စုနှစ်က လုပ်ငန်းခွင်ဝိညာဉ်ရေးစိတ်ထားအကြောင်း ရေးသားဖော်ပြခဲ့သည့် စာအုပ်ပေါင်း ၃၀၀ ကျော်—ယေရှု အမှုဆောင်အရာရှိချုပ်မှသည် တာအို ခေါင်းဆောင်မှုအထိ—သည် စာအုပ်ဆိုင်များသို့ စုပြုံအောတိုက်ရောက်လာခဲ့၏” ဟု ယူ.အက်စ်.သတင်းနှင့် ကမ္ဘာ့အစီရင်ခံစာမဂ္ဂဇင်းက ဆိုသည်။ ဤခေတ်ရေစီးကြောင်းမှာ ဘဝတွင် ဝိညာဉ်ရေးလမ်းညွှန်ချက်ဆာငတ်မှု ကြီးမားလာသည့် ရုပ်ပစ္စည်းချမ်းသာကြွယ်ဝသောနိုင်ငံများစွာတွင် ဖြစ်ပျက်နေမှု၏ ထင်ဟပ်ချက်တစ်ချက်မျှသာဖြစ်သည်။ ဤအချက်ကိုဝေဖန်ရာ၌ လေ့ကျင့်ပေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဟူသည့် စီးပွားရေးဂျာနယ်က ဤသို့ဆိုသည်– “ကျွန်ုပ်တို့၏ဘဝကဏ္ဍတိုင်းကို နည်းပညာက ဦးဆောင်သွားမည့်အချိန်တွင် ကျွန်ုပ်တို့သည် ပိုမိုလေးနက်သည့်အဓိပ္ပာယ်၊ ဘဝရည်ရွယ်ချက်နှင့် ပို၍ထူးကဲသောစိတ်ကျေနပ်မှုတို့ကို လိုက်လံရှာဖွေနေကြသည်။”
သို့သော် စိတ်ကျေနပ်မှုပေးသော ဝိညာဉ်ရေးလမ်းညွှန်မှုကို အဘယ်နေရာတွင် သင်ရရှိနိုင်သနည်း။ လွန်ခဲ့သောအချိန်က လူတို့သည် “ပိုမိုလေးနက်သည့်အဓိပ္ပာယ်” နှင့် ဘဝ “ရည်ရွယ်ချက်” တို့ကိုရှာတွေ့ရန် တည်ရှိပြီးသား ခရစ်ယာန်ဘာသာတရားကို အားကိုးခဲ့ကြသည်။ ယနေ့တွင်ကား လူအများသည် တည်ရှိပြီးသားခရစ်ယာန်ဘာသာတရားကို ကျောခိုင်းလိုက်ကြပြီ။ အဆင့်မြင့်မန်နေဂျာနှင့် အမှုဆောင်အရာရှိ အယောက် ၉၀ ကို ဆန်းစစ်လေ့လာမှုပြုခဲ့ရာ “လူတို့သည် ခရစ်ယာန်ဘာသာတရားနှင့် ဝိညာဉ်ရေးစိတ်ထားတို့ကို သိသိသာသာ ခွဲခြားထားကြသည်” ဟု လေ့ကျင့်ပေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဂျာနယ်က ဆိုသည်။ စစ်တမ်းဖြေကြားသူများက ခရစ်ယာန်ဘာသာတရားဟူသည် “အမြင်ကျဉ်းပြီး သဘောထားကွဲစေသည့်အရာ” ဟုရှုမြင်ကြသည်၊ ဝိညာဉ်ရေးရာကိုမူ “စကြဝဠာတစ်ခုလုံး အကျုံးဝင်သည့်အရာ” ဟု ယူဆကြသည်။
ဩစတြေးလျ၊ နယူးဇီလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် ဥရောပနိုင်ငံအစရှိသည့် လောကပိုဆန်သော လူမှုအသိုင်းအဝိုင်းအတွင်းရှိ လူငယ်များစွာတို့သည်လည်း ခရစ်ယာန်ဘာသာတရားနှင့် ဝိညာဉ်ရေးရာတို့သည် သီးခြားစီဖြစ်သည်ဟု ယူမှတ်ထားကြသည်။ လူငယ်လေ့လာမှုသြစတြေးလျ (Youth Studies Australia) တွင် ပါမောက္ခ ရုသ် ဝဘ်ဘာက ဤသို့ရေးသား၍ အခိုင်အမာဆိုခဲ့သည်– “လူငယ်အများစုသည် ဘုရားသခင်၊ သို့မဟုတ် သဘာဝလွန်စွမ်းအားတစ်မျိုးမျိုးကို ယုံကြည်ကြသော်လည်း သူတို့၏ဝိညာဉ်ရေးရာကို ထုတ်ဖော်ပြရာ၌ ချာ့ခ်ျသည် အရေးပါသောအရာ သို့မဟုတ် အထောက်အကူပြုရာဖြစ်သည်ဟု မရှုမြင်ကြချေ။”
စစ်မှန်သောခရစ်ယာန်ဘာသာတရားက ဝိညာဉ်ရေးကောင်းစေ
ခရစ်ယာန်ဘာသာတရားအပေါ် ဤသို့သံသယဝင်မည်ဆိုလည်း ဝင်လောက်ပေသည်။ ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းများစွာသည် နိုင်ငံရေးနှင့် ရှုပ်ထွေးကြပြီး ကိုယ်ကျင့်တရားတွင် အရေခြုံကြသည့်အပြင် မရေမတွက်နိုင်သော ခရစ်ယာန်ဘာသာရေးစစ်ပွဲများတွင် အပြစ်မဲ့သူများအား သတ်ဖြတ်ရာ၌ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပါဝင်ခဲ့ကြသည်။ သို့ရာတွင်၊ လူအများသည် အရေခြုံမှုနှင့် လှည့်စားမှုတို့ဖြင့် ညစ်ညူးနေသည့် ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းများကို ငြင်းပယ်နေကြစဉ် ထိုသို့သောအမူအကျင့်ဆိုးများကို ခွင့်ပြုထားသည်ဟု သူတို့ယူဆကြသည့် သမ္မာကျမ်းစာကိုလည်း မှားယွင်းစွာ ငြင်းပယ်ခဲ့ကြလေသည်။
အမှန်မှာ အရေခြုံမှုနှင့် တရားမဲ့မှုတို့ကို သမ္မာကျမ်းစာက ပြစ်တင်ရှုတ်ချ၏။ မိမိအချိန်က ဂျူးခေါင်းဆောင်များကို ယေရှုဤသို့မိန့်တော်မူခဲ့သည်– “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အဖြူသုတ်သောသင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းသည် အပြင်၌ တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးတို့နှင့် ပြည့်လျက်ရှိ၏။ ထို့အတူ သင်တို့သည် အပြင်၌ လူတို့ရှေ့မှာ ဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရားသဖြင့်ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။”—မဿဲ ၂၃:၂၇၊ ၂၈။
ထို့အပြင်၊ ခရစ်ယာန်တို့သည် နိုင်ငံရေးကိစ္စများတွင် ကြားနေကြရမည်ဟု သမ္မာကျမ်းစာက တိုက်တွန်းထားသည်။ ယုံကြည်သူအချင်းချင်း သတ်ဖြတ်ဖို့ တိုက်တွန်းမည့်အစား အချင်းချင်းအတွက် အသေခံရန် တလိုတလားရှိသင့်သည်ဟု ကျမ်းစာက ညွှန်ကြားထားသည်။ (ယောဟန် ၁၅:၁၂၊ ၁၃; ၁၈:၃၆; ၁ ယောဟန် ၃:၁၀-၁၂) ကျမ်းစာကိုအခြေခံသည့် စစ်မှန်သောခရစ်ယာန်ဘာသာတရားသည် “အမြင်ကျဉ်းပြီး သဘောထားကွဲစေသည့်အရာ” ဖြစ်မည့်အစား “အားလုံးအကျုံးဝင်သည့်အရာ” ဖြစ်သည်။ တမန်တော်ပေတရုက “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်” ဟု ပြောဆိုခဲ့သည်။—တမန်တော် ၁၀:၃၄၊ ၃၅။
သမ္မာကျမ်းစာ—ဝိညာဉ်ရေးကျန်းမာစေရန် အားထားနိုင်သောလမ်းညွှန်မှု
လူသားတို့သည် ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသည်ဟု သမ္မာကျမ်းစာကဆိုသည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) လူတို့သည် ရုပ်ပိုင်းအရ ဘုရားသခင်နှင့်ဆင်တူသည်ဟု ယင်းက မဆိုလိုသော်လည်း ဝိညာဉ်ရေးအရည်အသွေးများ သို့မဟုတ် ဝိညာဉ်ရေးစိတ်ထားအပါအဝင် ဘုရားသခင့်ဥပဓိရုပ်တော်ကို ထင်ဟပ်နိုင်စွမ်း လူသားတို့တွင်ရှိခြင်းကို ဆိုလိုပေသည်။
သို့ဖြစ်ရကားကျွန်ုပ်တို့၏ဝိညာဉ်ရေးလိုအပ်ရာများကို ဖြည့်ဆည်းပေးသည့် နည်းလမ်းများအပြင် ဝိညာဉ်ရေးကို အကျိုးရှိစေမည့်အရာနှင့် ထိခိုက်စေမည့်အရာတို့ကို ကျွန်ုပ်တို့ပိုင်းခြားသိမြင်တတ်ရန် လျောက်ပတ်သောလမ်းညွှန်ချက်ကိုပါ ဘုရားသခင်ပေးသနားတော်မူမည်ကို ယုံကြည်ခြင်းသည် ကျိုးကြောင်းဆီလျော်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာတွင် ရောဂါတိုက်ဖျက်ပေးသည့် ကိုယ်ခံအားစနစ်ကို အထူးကောင်းမွန်စွာ ပုံစံပြုဖန်ဆင်းပေးထားပြီး ကျန်းမာနေစေရန် ဖန်တီးထားပေးသကဲ့သို့၊ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချနိုင်ပြီး ကာယပိုင်းနှင့်ဝိညာဉ်ရေးပိုင်းတို့ကို ထိခိုက်စေသည့် အမူအကျင့်များကိုရှောင်ကြဉ်နိုင်ရန် သိစိတ်၊ သို့မဟုတ် ခန္ဓာတွင်းအသံကိုလည်း ကိုယ်တော်ပေးထားတော်မူ၏။ (ရောမ ၂:၁၄၊ ၁၅) ကျွန်ုပ်တို့သိကြသည့်အတိုင်း၊ ကျွန်ုပ်တို့၏ကိုယ်ခံအားစနစ် အလုပ်လုပ်နိုင်ရန်အတွက် သင့်တော်သောအာဟာရ ပြည့်ဝနေစေရမည်။ ထပ်တူပင် ကျွန်ုပ်တို့၏သိစိတ်ကိုလည်း အာဟာရပြည့်ဝသော ဝိညာဉ်အစာ ကျွေးမွေးဖို့လိုပေသည်။
ဝိညာဉ်ရေးကျန်းမာနေစေမည့်အစာကို ကျွန်ုပ်တို့ခွဲခြားသတ်မှတ်နိုင်ရန် ယေရှုက “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်” ဟု မိန့်ဆိုခဲ့သည်။ (မဿဲ ၄:၄) ယေဟောဝါ၏နှုတ်တော်ထွက်စကားများကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားရာ ၎င်းတို့သည် “သွန်သင်ပေး၍ အပြစ်ဖော်ပြဆုံးမပေးကာ ပဲ့ပြင်တည့်မတ်ပေး” လေသည်။ (၂ တိမောသေ ၃:၁၆၊ ကဘ) ထို့ကြောင့် အဆိုပါဝိညာဉ်အစာအာဟာရကို ကြိုးစား စားသုံးရန်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို သိရှိလာပြီး ၎င်းမူများကို ဘဝအသက်တာတွင် အားထုတ်ကျင့်သုံးလေလေ၊ ဝိညာဉ်ရေးရော ကာယရေးပါ ကျွန်ုပ်တို့အကျိုးခံစားရလေဖြစ်မည်။—ဟေရှာယ ၄၈:၁၇၊ ၁၈။
ကြိုးစားရကျိုးနပ်ပါသလော
ကျွန်ုပ်တို့ ကျမ်းစာလေ့လာခြင်းဖြင့် ဝိညာဉ်ရေးကျန်းမာမှု တိုးတက်လာစေရန် အချိန်ယူရသည်မှာမှန်၏။ အချိန်သည် ရှားပါးပစ္စည်း ဖြစ်ပုံပေါ်နေသော်လည်း ရရှိသည့်အကျိုးကျေးဇူးများမှာ ကြိုးစားရကျိုးနပ်လှပေသည်။ မိမိတို့၏ ဝိညာဉ်ရေးကျန်းမာနေစေရန် အချိန်ယူဂရုစိုက်ပေးခြင်းက သူတို့အတွက် အဘယ်ကြောင့် အရေးကြီးရကြောင်း အလုပ်များသောအတတ်ပညာရှင်တချို့ ရှင်းပြကြသည်ကို နားထောင်ကြည့်ပါ။
ဆရာဝန် မရီးနာက ဤသို့ဆိုသည်– “ဆေးရုံမှာ အလုပ်စဝင်ပြီး လူတွေ အလူးအလဲ ဝေဒနာခံစားနေရတာတွေကို မတွေ့ရှိခင်အချိန်အထိ ကျွန်မရဲ့ဝိညာဉ်ရေးအကြောင်း တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ လူတွေရဲ့ဘဝပုံစံ၊ သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို ကူညီဖြည့်ဆည်းပေးခြင်းဟာ ကျွန်မရဲ့အလုပ်မှာရှိတဲ့သူတစ်ယောက်ယောက်ကို ထိန်းချုပ်စိုးမိုးထားနိုင်တဲ့အတွက် ဘဝမှာ ရောင့်ရဲမှု၊ စိတ်တည်ငြိမ်အေးချမ်းမှုရချင်တယ်ဆိုရင် မိမိမှာ ဝိညာဉ်ရေးလိုအပ်နေကြောင်းနဲ့ ဖြည့်ဆည်းပေးဖို့လိုကြောင်းတို့ကို အသိအမှတ်ပြုရမယ်ဆိုတာ အဲ့ဒီတော့မှ သိမြင်လာတယ်။
“အခု ယေဟောဝါသက်သေတွေနဲ့ ကျွန်မကျမ်းစာလေ့လာနေတယ်။ ဒီလေ့လာမှုက ကျွန်မရဲ့အပြုအမူတွေနဲ့ ရည်ရွယ်ချက်တွေကို အပြုသဘောနဲ့ စစ်ဆေးစေပြီး ကျွန်မရဲ့တွေးတောမှုတစ်ခုလုံးကို အကောင်းမြင်သဘောရှိလာဖို့ လေ့ကျင့်ပေးတယ်၊ အဲ့ဒါကြောင့် မျှတတဲ့ဘဝပုံစံဖြစ်အောင် ကျွန်မဆက်ထိန်းထားနိုင်တယ်။ ကျွန်မရဲ့လောကအလုပ်ကို အရမ်းကျေနပ်မိပါတယ်။ ဒါပေမဲ့ ကျမ်းစာလေ့လာမှုက ကျွန်မရဲ့ စိတ်ပိုင်းကျန်းမာရေးကို တိုးတက်စေခဲ့တယ်၊ အပျက်သဘောထားတွေကို ထိန်းချုပ်စေခဲ့တယ်၊ စိတ်တင်းကျပ်မှုကို လျော့နည်းစေတဲ့အပြင် ပိုစိတ်ရှည်လာပြီး လူတွေကို ပိုပြီးစာနာပေးတတ်လာစေတယ်။ ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးခြင်းကလည်း ကျွန်မရဲ့အိမ်ထောင်ရေးကို အကျိုးပြုခဲ့တယ်။ အရေးကြီးဆုံးက ယေဟောဝါကို ကျွန်မသိကျွမ်းလာတယ်၊ ပြီးတော့ အတားအဆီးမရှိတဲ့ ကိုယ်တော်ရဲ့ဝိညာဉ်တော်က ကျွန်မရဲ့ဘဝကို ပိုပြီးအဓိပ္ပာယ်ရှိစေခဲ့တယ်။”
ဗိသုကာဒီဇိုင်းပညာရှင် နီကိုးလပ်စ်က ဤသို့ဆိုသည်– “ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာမလေ့လာခင်တုန်းက ဝိညာဉ်ရေးကို ကျွန်တော် စိတ်မဝင်စားခဲ့ဘူး။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော ဘဝရည်ရွယ်ချက်က ကျွန်တော်ရွေးချယ်ထားတဲ့လုပ်ငန်းမှာ အောင်မြင်ဖို့ပဲဖြစ်တယ်။ ကျမ်းစာလေ့လာမှုကနေ ဘဝမှာ အလုပ်အကိုင်အပြင် တခြားအရာတွေလည်းပါဝင်တယ်၊ ယေဟောဝါရဲ့အလိုတော် ထမ်းဆောင်ခြင်းက စစ်မှန်ပြီး တည်မြဲတဲ့ ပျော်ရွှင်မှုရစေတယ်ဆိုတဲ့အကြောင်း ကျွန်တော့်ကို သွန်သင်ပေးခဲ့တယ်။
“ကျွန်တော့်ရဲ့လောကအလုပ်က စိတ်ကျေနပ်မှုပေးပါတယ်၊ ဒါပေမဲ့ သမ္မာကျမ်းစာက ဝိညာဉ်ရေးရာတွေအပေါ် အဓိကအာရုံစိုက်စေပြီး ဘဝကို ရိုးရှင်းစွာထားခြင်းက အရေးကြီးတယ်လို့ သွန်သင်ပေးခဲ့တယ်။ အဲဒီလိုလုပ်တဲ့အတွက် ကျွန်တော့်ဇနီးနဲ့ ကျွန်တော်တို့ဟာ စည်းစိမ်ဥစ္စာကို အဓိကထားတဲ့ဘဝပုံစံကနေရလာတဲ့ ဖိစီးမှုအတော်များများကို ရှောင်ကြဉ်နိုင်ခဲ့ကြတယ်။ လူ့ဘဝကို ဝိညာဉ်ရေးဘက်ကနေ ထပ်တူရှုမြင်ကြတဲ့သူတွေနဲ့ ပေါင်းသင်းတဲ့အတွက် ကျွန်တော်တို့ စစ်မှန်တဲ့မိတ်ဆွေတွေ အများကြီးဖွဲ့နိုင်ခဲ့ကြတယ်။”
ရှေ့နေ ဗင်ဆင်က ဤသို့ဆိုသည်– “လောကအလုပ်ကောင်းကောင်းတစ်ခုက အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ်မှုပေးနိုင်ပါတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုနဲ့ ရောင့်ရဲမှုရရှိဖို့ ဒီထက်မကလိုအပ်တယ်ဆိုတာ ကျွန်တော်သဘောပေါက်လာတယ်။ အဲဒီအရာတွေနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်ကို မသိရှိခင်က ဘဝဟာ အဓိပ္ပာယ်မရှိဘူး၊ မွေးဖွားကြီးပြင်းလာပြီး အိမ်ထောင်ပြု၊ သားသမီးတွေကို ကျွေးမွေးပြုစုဖို့ ဥစ္စာရှာ၊ ကလေးတွေကို ဒီဘဝသံသရာကိုပဲ ထပ်ကြပ်မကွာလိုက်ဖို့ သင်ကြားပေး၊ နောက်ဆုံး သူတို့လည်း အသက်ကြီးလာပြီး သေသွားကြမှာပဲဆိုပြီး ကျွန်တော့်စိတ်ထဲမှာ ပေါ်ပေါ်လာတာ ပြန်မှတ်မိသေးတယ်။
“ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာပြီးတဲ့နောက်မှ ဘဝရည်ရွယ်ချက်နဲ့ဆိုင်တဲ့ မေးခွန်းတွေအတွက် ကျေနပ်လောက်တဲ့အဖြေတွေကို ကျွန်တော်ရရှိခဲ့တယ်။ ကျမ်းစာလေ့လာမှုက ယေဟောဝါကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် သိကျွမ်းလာစေပြီး ပိုပြီးချစ်မြတ်နိုးလာစေတယ်။ ကျွန်တော့်ဘဝကို ကိုယ်တော်ရဲ့ရည်ရွယ်ချက်အတိုင်းဖြစ်ဖို့ ကြိုးစားအားထုတ်တာနဲ့အမျှ ကျန်းခံ့တဲ့ ဝိညာဉ်ရေးအမြင် ထိန်းသိမ်းထားဖို့ အခြေအမြစ်ကိုလည်း ပေးပါတယ်။ အခု ကျွန်တော့်ဇနီးနဲ့ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ အတတ်နိုင်ဆုံး အဓိပ္ပာယ်အရှိဆုံးနည်းနဲ့ အသက်ရှင်နေထိုင်တယ်ဆိုတဲ့အသိနဲ့ စိတ်ကျေနပ်နေကြတယ်။”
အသင်လည်း သမ္မာကျမ်းစာလေ့လာခြင်းအားဖြင့် ရည်ရွယ်ချက်ရှိပြီး အဓိပ္ပာယ်ပြည့်ဝသည့် ဘဝကို ရရှိနိုင်ပါသည်။ သင့်အား ယေဟောဝါသက်သေများက အကူအညီပေးလိုကြသည်။ မရီးနာ၊ နီကိုးလပ်စ်နှင့် ဗင်ဆင်တို့ကဲ့သို့ပင် ယေဟောဝါအကြောင်း၊ လူသားအားလုံးနှင့် သင့်အတွက် ကိုယ်တော်ရည်ရွယ်ထားရာအကြောင်းများကို သိရှိခြင်းမှ ရလာသည့် ကျေနပ်ရောင့်ရဲမှုကို အသင်လည်း ရယူနိုင်ပါသည်။ ယခုပင် သင်၏ဝိညာဉ်ရေးလိုအပ်ချက်များ ပြည့်စုံသွားသည့်အတွက် သင်ဝမ်းမြောက်ရမည်သာမက ကာယရေးကျန်းမာမှုစုံစုံလင်လင်ဖြင့် အဆုံးမဲ့အသက်တာကို ခံစားရမည့်အလားအလာ—“မိမိ၌ ဝိညာဉ်ရေးလိုအပ်ချက်ရှိနေသည်ကို သတိမလစ်သော” သူတို့အတွက် ဖွင့်ပေးထားသည့်အလားအလာ—ကိုလည်း သင်ရရှိပေလိမ့်မည်။—မဿဲ ၅:၃၊ ကဘ။
လူတစ်ဦး၏ဝိညာဉ်ရေးကို ဖွံ့ဖြိုးတိုးတက်စေသည့်နည်းတစ်နည်းမှာ ဆုတောင်းခြင်းဖြစ်သည်။ ယေရှုသည် မိမိ၏တပည့်နောက်လိုက်များအား မည်သို့ဆုတောင်းရမည်ကို အချိန်ယူ၍သွန်သင်ပေးကာ အများခေါ်ဆိုကြသည့် သခင့်ဆုတောင်းနည်းကို သူတို့အား သင်ပေးခဲ့သည်။ ယနေ့ အဆိုပါဆုတောင်းနည်းသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ယင်းမှ သင်မည်သို့အကျိုးရနိုင်သနည်း။ အဖြေများကို နောက်ဆောင်းပါးနှစ်ခုတွင် သင်ရှာတွေ့ပါလိမ့်မည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
မရီးနာ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
နီကိုးလပ်စ်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဗင်ဆင်