မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ရေးရာရောင့်ရဲခြင်းက ကျွန်တော့်ကို ထောက်မကူညီခဲ့

ဘုရားသခင်ရေးရာရောင့်ရဲခြင်းက ကျွန်တော့်ကို ထောက်မကူညီခဲ့

ဘဝ​အတ္ထုပ္ပတ္တိ

ဘုရားသခင်​ရေးရာ​ရောင့်ရဲခြင်း​က ကျွန်တော့်​ကို ထောက်မ​ကူညီ​ခဲ့

ဘင်ဂျမင် အီကီချူကူ အူ​ဆူ​အေ​ကေ ပြောပြ​သည်

အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှု​လုပ်ငန်းမှာ ကျွန်တော်​စတင်​ပါဝင်​ပြီး သိပ်​မကြာခင် ကျွန်တော့်​မိဘအိမ်​ကို အလည်​ပြန်​သွားခဲ့တယ်။ ကျွန်တော်​ကိုလည်း​တွေ့ရော အဖေဟာ ကျွန်တော့်​ရှပ်အင်္ကျီ​ကို ဆောင့်ဆွဲ​လိုက်ပြီး “သူခိုး!” လို့​အော်​တော့​တာ​ပဲ။ သူ့ရဲ့​ဓား​ရှည်​ကို​ယူပြီး ဓား​ပြား​နဲ့ ကျွန်တော့်​ကို​ရိုက်တယ်။ ရုတ်ရုတ်သဲသဲ​ဖြစ်​သံ​ကြား​တော့ ကျွန်တော်​တို့​အိမ်ကို ရွာသား​တွေ စုရုံး​လာကြတယ်။ ကျွန်တော် ဘာ​ခိုးမိ​လို့လဲ။ ရှင်းပြပါ​ရစေ။

၁၉၃၀ ပြည့်နှစ်​မှာ နိုင်ဂျီးရီးယား အရှေ့​တောင်ပိုင်း​မှာ​ရှိတဲ့ အူ​မူ​ရီ​ယန်း​ဆို​တဲ့​ရွာမှာ ကျွန်တော့်​ကို​မွေးဖွား​ခဲ့​ပါ​တယ်၊ သားသမီး​ခု​နစ်​ယောက်​ထဲမှာ ကျွန်တော်​က သားဦး​ပါ။ ကျွန်တော့်​ညီမ​အကြီးဆုံး​က ၁၃ နှစ်အရွယ်မှာ ဆုံးသွား​ခဲ့​တယ်။ ကျွန်တော့်​မိဘတွေက အင်္ဂလီကန်​တွေ​ပါ။ အဖေက လယ်သမား၊ အမေက ဈေး​ရော​င်း​တယ်။ အမေ​ဟာ ရွာ​ကနေ မိုင် ၂၀ လောက်​ဝေး​တဲ့​ဈေး​ကို လမ်းလျှောက်​ပြီး စား​အုန်း​ဆီ​တစ်​ပုံး​သွား​ဝယ်​တာ မိုးချုပ်​မှ​ပြန်ရောက်​တယ်။ နောက်​မနက်​အစောကြီး​ထ​ပြီး ၂၅ မိုင်​အကွာ​က ဘူတာရုံ​ရှိတဲ့​မြို့ကို လမ်းလျှောက်​ပြီး ဆီ​သွားရောင်း​ပြန်​တယ်။ အမြတ်ရ​မယ်​ဆိုရင်လည်း (ယူ.အက်စ်.) ၁၅ ဆ​င့်​ထက် ပို​ရလေ့​မရှိပါဘူး၊ အဲဒီ​ငွေ​နဲ့ မိသားစု​စားသောက်​ဖို့ ဝယ်ခြမ်း​ပြီး အိမ်ကို နေ့​ချင်း​ပြန်လာ​တတ်တယ်။ အဲဒါ​က ၁၉၅၀ ပြည့်နှစ်​မှာ သူ​သေဆုံး​ချိန်​အထိ၊ ၁၅ နှစ်​ကြာ သူ့ရဲ့​လုပ်ရိုးလုပ်စဉ်​ပါ။

ကျွန်တော်​တို့​ရွာမှာ အင်္ဂလီကန်​ချာ့ခ်ျ​က ကြီးမှူး​ဖွင့်လှစ်​တဲ့​ကျောင်း​မှာ ကျွန်တော်​ကျောင်း​စတက်​ခဲ့​တယ်၊ ဒါပေမဲ့ မူလ​တန်း​တက်​နိုင်​ဖို့ ၂၂ မိုင်​အကွာ​လောက်​မှာ​ရှိတဲ့ ဘော်ဒါဆောင်​မှာ နေခဲ့​ရတယ်။ ကျွန်တော်​ကျောင်း​ဆက်​တက်​ဖို့ မိဘတွေ ငွေ​မတတ်နိုင်​လို့ ကျွန်တော်​အလုပ်ရှာ​လုပ်တယ်။ ဦးဆုံး နိုင်ဂျီးရီးယား​အနောက်ပိုင်း​ရှိ လေး​ဂေါ့စ်​မြို့က မီး​ရထား​ဂါ​တ်ဗိုလ်​အိမ်မှာ၊ ပြီး​တော့ နိုင်ဂျီးရီးယား​မြောက်ပိုင်း၊ က​ဒူး​နာ​မြို့က အစိုးရ​ဝန်ထမ်း​တစ်ဦး​အိမ်မှာ အိမ်စေ​လုပ်ခဲ့တယ်။ နိုင်ဂျီးရီးယား​နိုင်ငံ အနောက်​အလယ်ပိုင်း​မှာ​ရှိတဲ့ ဘီနင်​မြို့က ရှေ့နေ​တစ်ဦး​ရဲ့ စာရေး​အဖြစ် အလုပ်​ရခဲ့တယ်၊ နောက်တော့ သစ်​စက်​တစ်ခု​မှာ အလုပ်ကြမ်း​လုပ်ခဲ့တယ်။ အဲဒီ​ကနေ ၁၉၅၃ ခုနှစ်​မှာ ကဲ​န်​မ​ရွန်း​ကို​ထွက်သွား​ပြီး​နောက် ဦးလေး​တော်​သူနဲ့​နေတယ်၊ သူက ရော်​ဘာ​ခြံ​မှာ အလုပ်​ရှာပေး​ခဲ့​တယ်။ ကျွန်တော့်​ရဲ့​လခ​က ကိုး​ဒေါ်လာ (ယူ.အက်စ်.) [သုံး​ပေါင်​လေး​သျှီ​လင်] နီးပါး​ဖြစ်တယ်။ အစေအပါ​အလုပ်တွေ​ပဲ ကျွန်တော်​လုပ်ခဲ့​ရပေမဲ့ စားဖို့​လောက်​နေ​သမျှ​ကာလပတ်လုံး ကျွန်တော်​ကျေနပ်​ရောင့်ရဲ​ခဲ့​ပါ​တယ်။

ဆင်းရဲ​မွဲတေ​သူ​တစ်ဦး​က အဖိုးတန်​ဘဏ္ဍာ ဝေမျှပေး

ကျွန်တော့်​ရဲ့​လုပ်ဖော်ဆောင်ဖက်​ဆ​ဗေး​နပ်စ် အို​ကေ​မီ​ရီ​ဟာ ယေဟောဝါသက်သေ​တစ်ယောက်​ပါ။ ကျွန်တော်​တို့ မြက်​တွေ​ခုတ်​ကြ​ပြီး ရော်​ဘာ​ပင်​ခြေရင်း​မှာ လိုက်​ပုံ​ပေး​ရတဲ့အခါ​မျိုးမှာ ဆ​ဗေး​နပ်စ်​က အခွင့်ကောင်း​ယူပြီး သူ့ရဲ့​ကျမ်းစာ​အသိပညာကို ဝေမျှပေး​ခဲ့​တယ်။ အဲဒီတုန်းက သူပြောတာ​ကို နားထောင်​ခဲ့​ပေမဲ့ ကျွန်တော်​ကြားသိ​ရတဲ့​အတိုင်း မလုပ်ဆောင်​ခဲ့​ဘူး။ ဒါပေမဲ့ သက်သေခံ​နဲ့​အဆက်အသွယ်​ရှိတာကို ကျွန်တော့်​ဦးလေး​သိသွား​တော့ အတတ်နိုင်ဆုံး တား​ခဲ့​တယ်။ သူ​ဒီလို​သတိပေး​ခဲ့​တယ်– “ဘင်​ဂျီး၊ မစ္စတာ အို​ကေ​မီ​ရီ​ဆီ မသွား​နဲ့။ သူက ယေဟောဝါ​ရဲ့​လူတစ်ယောက်၊ ပြီး​တော့ မွဲ​ပြာကျ​နေတဲ့​သူ။ သူနဲ့​ပေါင်း​ရင် သူ့လို​ပဲ​ဖြစ်သွား​လိမ့်မယ်။”

၁၉၅၄ ခု နှစ်ဦး​ပိုင်း​မှာ ကုမ္ပဏီ​ရဲ့ အလုပ်ကြမ်း​ဒဏ်​ကို ဆက်​မခံနိုင်​တော့​လို့ အိမ်ကို​ပြန်​ခဲ့​တယ်။ အဲဒီတုန်းက အင်္ဂလီကန်​ချာ့ခ်ျ​မှာ ခု​ထက်ပိုပြီး​တင်းကျပ်​တဲ့ ကျင့်ဝတ်​စံနှုန်း​တွေ​ပြဋ္ဌာန်း​ထား​တယ်။ အကျင့်​ယိုယွင်းမှု​ကို ရွံမုန်းပြီး ကျွန်တော်​ကြီးပြင်း​လာခဲ့တယ်။ ဒါပေမဲ့ မကြာခင်​မှာ ချာ့ခ်ျ​တက်​သူတွေရဲ့ အရေခြုံ​ဟန်ဆောင်မှု​တွေ​ကြောင့် ကျွန်တော်​စိတ်ပျက်​မိတယ်။ ကျမ်းစာ​ကျင့်ဝတ်​တွေ​ကို လိုက်တယ်လို့ အခိုင်အမာ​ပြော​ကြ​ပေမဲ့ သူတို့ရဲ့​ဘဝ​ပုံစံ​က အပြော​နဲ့​တခြား​စီ​ပဲ။ (မဿဲ ၁၅:၈) အဖေနဲ့ ကျွန်တော် မကြာခဏ​စကား​များ​ကြ​တော့ ကျွန်တော်​တို့​ရဲ့​ဆက်ဆံ​ရေး အတော်လေး​တင်းမာ​သွားခဲ့တယ်။ တစ်ည​ကျ​တော့ ကျွန်တော်​အိမ်ကနေ ထွက်​ခဲ့​တော့​တယ်။

အို​မို​ဘာလို့​ခေါ်​တဲ့ ဘူတာရုံ​မြို့လေး​တစ်မြို့​ကို ကျွန်တော်​ပြောင်းရွှေ့​သွားတယ်။ အဲဒီမြို့မှာ ယေဟောဝါသက်သေ​တွေ​နဲ့ ပြန်​ဆက်သွယ်​မိ​ခဲ့​တယ်။ ရွာမှာ​ကတည်းက အသိ​ဖြစ်​ခဲ့​တဲ့ ပ​ရ​စ္စ​လာ အီစီအိုချာ​က “နိုင်ငံတော်​နှင့်ယှဉ်သော ဤ​သတင်းကောင်း” နဲ့ အာမဂေဒုန်​ပြီး​နောက်—ဘုရားသခင့်​ကမ္ဘာသစ် *ဆို​တဲ့​စာအုပ်​ငယ်​တွေ ကျွန်တော့်​ကို​ပေး​တယ်။ အဲဒီ​စာအုပ်​ငယ်​တွေ​ကို မက်မက်မောမော​ဖတ်​ပြီး​တဲ့​နောက် အမှန်တရားကို​တွေ့​ပြီ​လို့ ယုံကြည်​မိတယ်။ ချာ့ခ်ျ​မှာ ကျွန်တော်​တို့ ကျမ်းစာ​ကို​မ​လေ့လာ​ကြဘူး; လူ့​ထုံးတမ်း​စဉ်​လာ​တွေ​ကိုပဲ ကျွန်တော်​တို့ အာရုံစိုက်​ကြ​တာ။ ဒါပေမဲ့ သက်သေခံတွေရဲ့​စာပေ​စာတမ်း​တွေ​ကျ​တော့ သမ္မာကျမ်းစာ​ကို အများကြီး​ကိုးကား​ထား​တယ်။

တစ်လ​တောင်​မကြာ​ပါ​ဘူး၊ ဘယ်​နေ့မှာ သူတို့ရဲ့​ချာ့ခ်ျ​ကို​သွား​ကြသလဲ​ဆိုပြီး ညီအစ်ကို​နဲ့ ညီအစ်မ အီစီအိုချာ​ကို ကျွန်တော်​မေးကြည့်​တယ်။ ယေဟောဝါသက်သေ​တွေ​ရဲ့ အစည်းအဝေး​ကို ပထမဦးဆုံး​အကြိမ် တက်ရောက်​တဲ့​အခါ ကျွန်တော် ဘာ​တစ်ခု​မှ နားမလည်​ခဲ့​ဘူး။ ကင်းမျှော်စင်​သင်တန်း​ဆောင်းပါး​က ယေဇကျေလ ပရောဖက်ပြုချက်​ကျမ်း​မှာ ဖော်ပြ​ထား​တဲ့ ‘မာဂေါဂ​ပြည်သား ဂေါဂ​မင်း’ ရဲ့​တိုက်ခိုက်မှု​အကြောင်း​ဖြစ်တယ်။ (ယေဇကျေလ ၃၈:၁၊ ၂) အသုံးအနှုန်း​အတော်များများ​က ကျွန်တော့်​အတွက် အစိမ်း​သက်​သက်​ဖြစ်နေ​ပေမဲ့ လှိုက်လှိုက်လှဲလှဲ​ကြိုဆို​ခံရ​တာ​ကို အတော်​သဘောကျ​မိ​လို့ နောက်​တနင်္ဂနွေ​နေ့မှာ ပြန်​သွားဖို့ စိတ်ပိုင်းဖြတ်​ခဲ့​တယ်။ ဒုတိယ​အစည်းအဝေး​မှာ ဟောပြောခြင်း​အကြောင်း​ပြော​တာ ကြား​လိုက်​မိတယ်။ ဒါ​ကြောင့် ဘယ်​အချိန်​မှာ တရားဟော​ထွက်​သလဲ​လို့ ပ​ရ​စ္စ​လာ​ကို မေးကြည့်​တယ်။ တတိယ​တနင်္ဂနွေ​နေ့မှာ ကျမ်းစာ​အုပ်​လေး​တစ်အုပ်​ကိုင်​ပြီး သူတို့နဲ့​လိုက်သွား​ခဲ့​တယ်။ ကျွန်တော့်​မှာ လွယ်အိတ်​လည်း​မရှိ ကျမ်းစာ​စာပေ​စာတမ်း​လည်း တစ်ခု​မှ​မရှိဘူး။ ဒါပေမဲ့ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​တစ်ဦး​ဖြစ်လာ​ပြီး အဲဒီ​လ​အကုန်​မှာ လယ်ကွင်း​လုပ်ငန်း​မှတ်တမ်းသွင်း​ခဲ့​တယ်!

ဘယ်သူမှ ကျွန်တော့်​ကို ကျမ်းစာ​သင်အံမှု​မ​လုပ်ခဲ့ကြ​ဘူး၊ ဒါပေမဲ့ အီစီအိုချာ​တို့​ဆီ အလည်သွား​တိုင်း သမ္မာကျမ်းစာ​ထဲ​က ယုံကြည်ခြင်းနဲ့ အားပေး​စကား​တွေ သင်ယူ​ရရှိ​ပြီး ကျမ်းစာ​စာပေ​စာတမ်း​တချို့ ရရှိခဲ့တယ်။ ၁၉၅၄၊ ဒီဇင်ဘာ ၁၁ ရက်​နေ့၊ အက်​ဘာ​မြို့မှာ​ကျင်းပ​တဲ့ ခရိုင်​စည်းဝေးကြီး​တစ်ခု​မှာ ယေဟောဝါ​ထံ ကျွန်တော်​ဆက်ကပ်​အပ်နှံ နှစ်ခြင်း​ခံ​ခဲ့​တယ်။ သူနဲ့အတူ​နေခိုင်း​ပြီး အလုပ်​သင်ပေးတဲ့ ကျွန်တော့်​ရဲ့​ဦးလေး​က ကျွန်တော့်​ကို အစာ​လည်း​မ​ကျွေး၊ အလုပ်​လည်း​သင်​မပေးတော့ဘူး၊ သူ့​အတွက်​လုပ်ပေးခဲ့တာ​တွေ​အတွက် တစ်ပြား​တစ်ချပ်​တောင် လုပ်ခ​မပေးခဲ့​ဘူး။ ဒါပေမဲ့ သူ့​အပေါ် အာဃာတ​စိတ်​မထား​ခဲ့​ဘူး; ဘုရားသခင်​နဲ့ နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ရရှိ​ထား​လို့ တကယ်ပဲ​ကျေးဇူး​တင်​မိ​ပါ​တယ်။ အဲဒါ​က နှစ်သိမ့်မှု​ပေး​ပြီး စိတ်​ငြိမ်သက်မှု​ရစေ​ခဲ့​တယ်။ ဒေသခံ​သက်သေခံတွေ​က​လည်း ကျွန်တော့်​ကို​ကူညီ​ပေး​ကြတယ်။ အီစီအိုချာ​တို့​က ကျွန်တော့်​ကို ကျွေးမွေး​ကြ​ပြီး တခြား​သူတွေက ဈေး​ရော​င်း​နိုင်​ဖို့ ငွေထုတ်​ချေးပေး​ကြတယ်။ ၁၉၅၅ ခု၊ နှစ်လယ်​ပိုင်း​မှာ စက်ဘီး​အဟောင်း​တစ်စီး​ဝယ်ပြီး ၁၉၅၆ ခုနှစ် မတ်​လမှာ ကျွန်တော် အရန်ရှေ့ဆောင်​စ​လုပ်ခဲ့တယ်။ သိပ်​မကြာခင် ကျွန်တော့်​အကြွေး​တွေ​ကို ပြန်ဆပ်​ခဲ့​တယ်။ ဈေး​ရော​င်း​လို့​ရတဲ့​အမြတ်​က နည်းပေမဲ့ အခု ကိုယ့်​ဝမ်း​ကိုယ်​ကျောင်း​နိုင်​ခဲ့ပြီ။ ယေဟောဝါ​ပေးသနား​ရာတွေ​က ကျွန်တော့်​အတွက် ဖူလုံ​ခဲ့​ပါ​တယ်။

မွေးချင်း​များ​ကို “ခိုးယူ​ခြင်း”

ကိုယ့်​ခြေ​ပေါ်​ကိုယ်​ရပ်တည်​နိုင်တာ​နဲ့ ကျွန်တော်​အဓိက​အလေးထား​တဲ့ ကိစ္စ​က​တော့ ကျွန်တော့်​မွေးချင်း​တွေ​ကို ဝိညာဉ်​ရေး​ဘက် ထောက်ကူ​ပေး​ဖို့​ပဲ။ အဖေ​မှာ စိတ်​စွန်းကွက်​မှု​ရှိနေပြီး မသင်္ကာ​စိတ်​များတဲ့​အတွက် ကျွန်တော်​သက်သေခံ​တစ်ယောက်​ဖြစ်လာ​တာ​ကို ဆန့်ကျင်​ခဲ့​တယ်။ ဒါဆိုရင် ကျွန်တော့်​ရဲ့​မွေးချင်း​မောင်နှမ​တွေ ကျမ်းစာ​အမှန်တရားကို စိတ်ဝင်စား​လာအောင် ဘယ်လို​ကူညီ​ပေး​နိုင်​ခဲ့​သလဲ။ ကျွန်တော့်​ညီလေး အဲ​နက်​စ်​ကို ထောက်ပံ့​ပေး​မယ်​လို့ စကား​ကမ်း​လှမ်း​တော့ အဖေက ညီလေး​ကို ကျွန်တော်​နဲ့ နေခွင့်​ပေး​ခဲ့​တယ်။ အဲ​နက်​စ်​ဟာ အမှန်တရားကို အမြန်​ပဲ​လက်ခံခဲ့​ပြီး ၁၉၅၆ ခုနှစ်​မှာ နှစ်ခြင်း​ခံ​ခဲ့​တယ်။ သူ့ရဲ့​ပြောင်းလဲမှု​ကြောင့် အဖေရဲ့​ဆန့်ကျင်မှု​ဟာ ပို​ပြီး​ပြင်းထန်​လာတယ်။ ဒါပေမဲ့ အိမ်ထောင်​ကျ​ပြီး​ဖြစ်​တဲ့ ကျွန်တော့်​ညီမ​လည်း သူ့​ခင်ပွန်း​နဲ့​အတူ အမှန်တရား​ထဲ​ရောက်လာ​ခဲ့​တယ်။ ကျောင်း​ပိတ်ရက်​အတွင်း ဒုတိယ​ညီမ ဖလ​စ်​ရှာ​ကို ကျွန်တော်​နဲ့​လာ​နေဖို့ စီစဉ်​တဲ့​အခါ အင်တင်တင်နဲ့ အဖေ​သဘောတူ​လိုက်တယ်။ မကြာခင်​မှာပဲ ဖလ​စ်​ရှာ​လည်း ယေဟောဝါသက်သေ​တစ်ယောက်​အဖြစ် နှစ်ခြင်း​ခံ​ခဲ့​တယ်။

၁၉၅၉ ခုနှစ်​မှာ အဲ​နက်​စ်​နဲ့​အတူ​နေဖို့ တတိယ​ညီမ​ဘာ​နီး​စ်​ကို​ခေါ်​ဖို့ ကျွန်တော်​အိမ်ပြန်​ခဲ့​တယ်။ အဲဒီအချိန်မှာ​ပေါ့၊ သူ့ရဲ့​သားသမီးတွေကို ခိုးယူ​တဲ့​လူ​လို့​စွပ်စွဲ​ပြီး ကျွန်တော့်​ကို အဖေ​ရိုက်နှက်​ခဲ့​တာ။ ယေဟောဝါ​ကို​ဝတ်ပြုဖို့ သူတို့​ကိုယ်တိုင် ဆုံးဖြတ်​ခဲ့​ကြ​တာ​ကို အဖေ​နားမလည်​ခဲ့​ဘူး။ ဘာ​နီး​စ်​ကို ကျွန်တော့်​ဆီ ဘယ်တော့မှ သွားခွင့်​မပေးဘူးလို့ အဖေ​ကျိန်ဆို​ခဲ့​တယ်။ ဒါပေမဲ့ ယေဟောဝါ​ရဲ့​လက်တော် မ​တို​ခဲ့​ပါ​ဘူး၊ ဘာလို့လဲ​ဆိုတော့ နောက်​တစ်နှစ် ကျောင်း​ပိတ်​ချိန်မှာ ဘာ​နီး​စ်​ဟာ အဲ​နက်​စ်​နဲ့​အတူ​လာ​နေတယ်​လေ။ သူ့​အစ်မ​တွေ​လို​ပဲ သူလည်း အမှန်တရားကို​လက်ခံ​ပြီး နှစ်ခြင်း​ခံ​ခဲ့​တယ်။

‘လျှို့ဝှက်ချက်​ကို​သင်ယူခြင်း’

၁၉၅၇၊ စက်တင်ဘာ​လမှာ အထူး​ရှေ့ဆောင်​အဖြစ် ကျွန်တော်​စ​အမှုထမ်း​ပြီး ဟောပြောခြင်း​လုပ်ငန်းမှာ နာရီ ၁၅၀ လောက် လစဉ်​ပေးဆက်​ခဲ့​တယ်။ ကျွန်တော်​နဲ့ လုပ်ဖော်ဆောင်ဖက် စ​န်း​ဒေး အရိုး​ဘေ​လော့​ကီ​တို့​ဟာ အေ​ချီ​ခရိုင်၊ အားပူနာအိုဗူအိုမြို့​က ရပ်ကွက်​ကြီး​တစ်ခု​မှာ အမှုဆောင်ခဲ့ကြတယ်။ အဲဒီ​ကနေ ပထမ​ဆုံး​တိုက်နယ်​စည်းဝေးပွဲ​ကို တက်ရောက်​တော့ ကျွန်တော်​တို့​အုပ်စု​က ၁၃ ယောက်​နှစ်ခြင်း​ခံ​ခဲ့​တယ်။ အခု​ဆိုရင် အဲဒီ​ဒေသမှာ အသင်းတော် ၂၀ ရှိနေပြီ​ဆိုတာ​သိရလို့ ကျွန်တော်​တို့ ဝမ်းသာ​လိုက်တာ!

၁၉၅၈ ခုနှစ်​မှာ၊ အက်​ဘာ​အရှေ့ပိုင်း​အသင်းတော်​နဲ့ ပူးပေါင်း​နေတဲ့ မှန်မှန်ရှေ့ဆောင် ခရစ္စ​တီ​ယာ​နာ အ​ဇူး​အီ​ကေ​နဲ့ ကျွန်တော်​သိကျွမ်း​ခဲ့​တယ်။ သူ့ရဲ့​စိတ်အား​ထက်သန်မှု​ကို ကျွန်တော် လေးစား​မိတယ်၊ အဲဒီ​နှစ် ဒီဇင်ဘာ​လမှာ ကျွန်တော်​တို့​လက်ထပ်ခဲ့​ကြတယ်။ ၁၉၅၉ နှစ်ဦး​ပိုင်း​မှာ နယ်လှည့်​ကြီးကြပ်မှူး​အဖြစ် ခန့်အပ်​ခံရ​ပြီး အသင်းတော်​တွေ​မှာ​ရှိတဲ့ ဝိညာဉ်​ရေး​ညီအစ်ကို​တွေ​ဆီ လည်ပတ်၊ အားပေးခဲ့တယ်။ အဲဒီ​နှစ်​ကနေ ၁၉၇၂ ခုနှစ်​အထိ ကျွန်တော်​တို့​ဇနီး​မောင်နှံဟာ ယေဟောဝါ​ရဲ့​လူမျိုးတော်​ရှိတဲ့ နိုင်ဂျီးရီးယား​အရှေ့ပိုင်း​နဲ့ အနောက်​အလယ်ပိုင်း​က အသင်းတော်​အားလုံးနီးပါး​ကို လည်ပတ်​ခဲ့​ကြတယ်။

အသင်းတော်​တွေ တစ်ခု​နဲ့​တစ်ခု အလှမ်းဝေး​တော့ စက်ဘီး​ဟာ ကျွန်တော်​တို့​ရဲ့ အဓိက​သယ်ယူ​ပို့ဆောင်​ရေး​ယာဉ်​ဖြစ်​ခဲ့​တယ်။ မြို့ကြီးပြကြီး​မှာ​ရှိတဲ့ အသင်းတော်တွေကို ကျွန်တော်​တို့​လည်ပတ်​တဲ့​အခါ နောက်​အသင်းတော်​တစ်ခု​ကို​သွားဖို့ ညီအစ်ကို​တွေ​က တ​က္က​ဆီ​ငှား​ပေး​ကြတယ်။ တစ်ခါ​တ​လေ မြေ​စိုက်​အိမ်နဲ့ မျက်နှာကြက်​မရှိတဲ့​အခန်း​တွေ​မှာ တည်းခို​ခဲ့​ရတယ်။ ရာ​ဖီ​ယာ​ထ​န်း​မျိုးနဲ့​လုပ်ထား​တဲ့ အိပ်ရာတွေ​မှာ အိပ်ခဲ့​ကြတယ်။ မြက်​မွေ့ရာ​ပေါ်မှာ ဖျာ​ခင်း​ထား​တဲ့​အိပ်ရာတွေ​ရှိ​သလို မွေ့ရာ​လုံးဝ​မရှိတဲ့ အိပ်ရာတွေ​လည်း​ရှိတယ်။ အစားအစာ​အနည်းအများ​နဲ့ အမျိုးအစား​က ကျွန်တော်​တို့အတွက် ပြဿနာ​မရှိပါဘူး။ ရှိတာ​လေး​နဲ့ ရောင့်ရဲ​တင်းတိမ်​နေခဲ့​ဖူး​လို့ ဘာပဲ​ကျွေး​ကျွေး ကျွန်တော်​တို့ ခံတွင်း​တွေ့ခဲ့​ကြတယ်၊ ဒါကို အိမ်ရှင်​တွေ​က​လည်း သဘောကျကြတယ်။ အဲဒီ​အချိန်တုန်းက တချို့​မြို့တွေမှာ လျှပ်စစ်မီး​မရှိတဲ့​အတွက် ရေနံ​ဆီ​မီးအိမ်​ကို အမြဲ​သယ်သွား​ရတယ်။ ခက်ခဲ​တဲ့​အခြေအနေ​တွေ​ရှိခဲ့ပေမဲ့​လည်း အသင်းတော်​တွေ​နဲ့​အတူ ပျော်ရွှင်​ခဲ့​ရတာ​များ​ပါ​တယ်။

အဲဒီ​နှစ်တွေ​အတောအတွင်း “စား​ရန်၊ ဝတ်​ရန်​ရှိသမျှ​နှင့် ရောင့်ရဲ​လျက်​နေကြ​ကုန်​အံ့” ဆို​တဲ့ တမန်​တော်​ပေါလု​ရဲ့​တိုက်တွန်းချက် အရေးပါပုံကို ကျွန်တော်​တို့ သိ​နားလည်ခဲ့​ကြတယ်။ (၁ တိမောသေ ၆:၈) ပေါလု​ဟာ အခက်အခဲ​တွေ​ကြား​က သူ့ကို​ရောင့်ရဲစွာ နေတတ်​စေ​တဲ့ လျှို့ဝှက်ချက်​ကို သင်ယူ​ခဲ့​တယ်။ အဲဒါ​က ဘာ​ပါ​လိမ့်။ သူ​ဒီလို​ရှင်းပြခဲ့တယ်– “ဆင်းရဲခြင်း​ကိုလည်း​ကောင်း၊ ကြွယ်ဝခြင်း​ကိုလည်း​ကောင်း​ခံ​တတ်​ပြီ။ ဝ​ပြော​ခြင်း​နှင့်​မွတ်သိပ်ခြင်း၊ ကြွယ်ဝခြင်း​နှင့် လို​နေခြင်း​ကို​ခံရ​အံ့​သော​ငှာ အရာတိုင်း​၌​လည်းကောင်း၊ အရာခပ်သိမ်း​၌​လည်းကောင်း သင်​ခဲ့​ရပြီ။” ကျွန်တော်​တို့​လည်း အဲဒီ​လျှို့ဝှက်ချက်​ကို သိရှိ​ခဲ့​ရပြီ။ ပေါလု​က “ငါ့ကို​ခွန်အား​နှင့် ပြည့်စုံ​စေတော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှုကို ငါ​တတ်စွမ်း​နိုင်၏” ဆိုပြီး​တော့​လည်း ပြော​ခဲ့​တယ်။ (ဖိလိပ္ပိ ၄:၁၂၊ ၁၃သမ္မာ) အဲဒါ​က ကျွန်တော်​တို့​အဖြစ်​မှာ တကယ့်ကို​မှန်​ခဲ့​တာ! ကျေနပ်​ရောင့်ရဲမှု၊ တကယ့်ကို တည်ဆောက်မှု​ဖြစ်စေ​တဲ့ ခရစ်ယာန်​လုပ်ငန်းဆောင်တာ​တွေ​နဲ့ စိတ်​ငြိမ်သက်မှု​တို့ကို ကျွန်တော်​တို့ ရရှိ​ခံစား​ခဲ့​ကြတယ်။

မိသားစု​လိုက် အသင်းတော်များ​တွင် အမှုဆောင်ခြင်း

၁၉၅၉ နှစ်ကုန်ပိုင်း​မှာ ကျွန်တော်​တို့​ရဲ့​သားဦး ဂျို​ဝဲ​လ်​ကို​မွေး​ပြီး ၁၉၆၂ ခုနှစ်​မှာ ဒုတိယ​သား ဆယ်​မြူ​ရ​ယ်​ကို​ရ​ပြန်​တယ်။ ခရစ္စ​တီ​ယာ​နာ​နဲ့ ကျွန်တော်​ဟာ နယ်လှည့်​လုပ်ငန်းမှာ ဆက်​ပါဝင်​ပြီး သားတွေ​နဲ့​အတူ အသင်းတော်တွေကို လည်ပတ်​ခဲ့​ကြတယ်။ ၁၉၆၇ ခုနှစ်​ရောက်တော့ နိုင်ဂျီးရီးယား​မှာ ရုတ်တရက်​ဆို​သလို ပြည်တွင်းစစ်​ဖြစ်တယ်။ လေကြောင်း​တိုက်ခိုက်မှု မ​ရပ်​မ​စဲ​ဖြစ်နေ​တာ​ကြောင့် ကျောင်း​တွေ​ပိတ်​ထား​ကြတယ်။ ကျွန်တော့်​ဇနီး​က နယ်လှည့်​လုပ်ငန်းမှာ ကျွန်တော်​နဲ့​မပူးပေါင်း​ခင် ကျောင်း​ဆရာမ​တစ်ယောက်​ပါ၊ ဒါ​ကြောင့် စစ်​ဖြစ်နေ​တုန်း အိမ်မှာ ကလေး​တွေ​ကို​စာ​သင်ပေးတယ်။ ခြောက်​နှစ်အရွယ်မှာ ဆယ်​မြူ​ရ​ယ် ရေး​တတ်၊ ဖတ်​တတ်​နေပြီ။ စစ်​ပြီးသွား​လို့ ကျောင်း​စတက်​တဲ့​အခါ သူ့​ရွယ်တူတွေ​ထက် နှစ်​တန်း​ကျော်​ပြီး ဝင်ခွင့်​ရခဲ့တယ်။

အဲဒီလို နယ်လှည့်​လုပ်ငန်းမှာ ပါဝင်​နေချိန်မှာ သားသမီး​မွေးမြူ​ရတဲ့ အခက်အခဲတွေကို ကျွန်တော်​တို့ ကောင်းကောင်း​နားမလည်​ခဲ့​ကြဘူး။ ဒါပေမဲ့ ၁၉၇၂ ခုနှစ်​မှာ အထူး​ရှေ့ဆောင်​အဖြစ် ခန့်အပ်​ခံရ​တော့ တော်​တော်​အကျိုးရှိ​ခဲ့​ပါ​တယ်။ နေရာ​အတည်တကျ​နေခွင့်​ရလို့ ကျွန်တော်​တို့ မိသားစုရဲ့​ဝိညာဉ်​ရေး​ကို အပြည့်အဝ အာရုံစိုက်​နိုင်​ခဲ့​တယ်။ ဦးဆုံး​အနေ​နဲ့ ဘုရားသခင်​ရေးရာ ရောင့်ရဲ​တင်းတိမ်​ခြင်း​ရဲ့​တန်ဖိုး​ကို သားတွေကို သင်ပေးတယ်။ ၁၉၇၃ ခုနှစ်​မှာ ဆယ်​မြူ​ရ​ယ် နှစ်ခြင်း​ခံ​ပြီး အဲဒီ​နှစ်မှာ​ပဲ ဂျို​ဝဲ​လ်​က မှန်မှန်ရှေ့ဆောင်​စ​လုပ်ခဲ့တယ်။ သား​နှစ်ယောက်စလုံး ခရစ်ယာန်​အမျိုးသမီး​ကောင်း​တွေ​နဲ့ အိမ်ထောင်​ကျ​ပြီး အခု အမှန်တရား​ထဲမှာ သူတို့ရဲ့​မိသားစု​တွေ​ကို ကျွေးမွေး​ပြုစု​နေကြ​တယ်။

ပြည်တွင်းစစ်​၏​ဝေဒနာ

စစ်​စ​ဖြစ်​တော့ ကျွန်တော်​ဟာ တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် မိသားစုနဲ့​အတူ အို​နီး​ချာ​မြို့က အသင်းတော်ကို လည်ပတ်​နေချိန်​ဖြစ်တယ်။ အဲဒီ​စစ်​က ရုပ်ပစ္စည်း​စုဆောင်းခြင်း ဒါမှ​မဟုတ် ရုပ်ပစ္စည်း​အားကိုးခြင်း​တို့​ဟာ အချည်းနှီး​ဖြစ်ပါ​လား​ဆိုတာ​ကို ပို​ပြီး​စွဲမှတ်စေ​ခဲ့​တယ်။ အဖိုးတန်​ပစ္စည်း​တွေ​ကို လမ်းပေါ်​ပစ်​ပြီး အသက်​လု​ပြေး​နေကြ​တဲ့​သူတွေကို ကျွန်တော်​တွေ့ခဲ့​ရတယ်။

စစ်​ရှိန်​မြှင့်​လာတာ​နဲ့​အမျှ ကျန်းမာ​သန်စွမ်း​တဲ့​အမျိုးသား​အားလုံး စစ်​ထဲ​ဝင်​ခဲ့​ရတယ်။ စစ်မှုထမ်း​ဖို့​ငြင်းဆို​တဲ့ ညီအစ်ကို​အတော်များများ အကြီးအကျယ်​နှိပ်စက်​ခံ​ခဲ့​ရတယ်။ ကျွန်တော်​တို့ လွတ်လွတ်လပ်လပ် မ​လှုပ်ရှား​နိုင်​ခဲ့​ဘူး။ အစာ​ရှားပါးမှု​ကြောင့် ကသောင်းကနင်း​ဖြစ်​ခဲ့​တယ်။ ပီလောပီနံ​ဥ တစ်ပေါင်​ကို ၇ ဆ​င့်​ပဲ​ရှိရာ​ကနေ ၁၄ ဒေါ်လာ (ယူ.အက်စ်.) [ခြောက်​ပဲ​နိ​ကနေ ၁၀၀ သျှီ​လင်] အထိ၊ ဆား​တစ်ခွက်​ကို ၈ ဒေါ်လာ​ကနေ ၄၂ ဒေါ်လာ (ယူ.အက်စ်.) [၆၀ သျှီ​လင်​ကနေ ၁၅ ပေါင်] အထိ ဈေး​တက်​သွားခဲ့တယ်။ နို့၊ ထော​ပတ်​နဲ့ သကြား​တွေ​ဆို ရှာ​လို့​တောင်​မရဘူး။ ကျွန်တော်​တို့ အသက်ဆက်​နိုင်​ဖို့ သင်္ဘော​သီး​အစိမ်း​ကို​ကြိတ်၊ ပီလောပီနံ​အမှုန့် နည်းနည်း​ရောပြီး​စား​ခဲ့​ကြတယ်။ နှံကောင်​တွေ၊ ပီလောပီနံ​ဥ​အခွံ​တွေ၊ ခေါင်​ရန်း​ပန်း​အရွက်​တွေ၊ ဆင်​ငို​မြက်​စတဲ့ ရနိုင်တဲ့​အရွက်​မှန်သမျှကို​လည်း ကျွန်တော်​တို့​စား​ခဲ့​ကြတယ်။ အသား​ဈေးကြီး​လွန်းလို့ ကလေး​တွေ​စားဖို့ ကျွန်တော် ကင်း​လိပ်​ချော​တွေ၊ ပုတ်သင်ညို​တွေ​ဖမ်း​ခဲ့​တယ်။ အခြေအနေ​တွေ ဘယ်လောက်​ပဲ​ဆိုး​နေပါ​စေ ကျွန်တော်​တို့ကို ယေဟောဝါ​အမြဲ​ထောက်​မပေးခဲ့​ပါ​တယ်။

ဒါပေမဲ့ ပို​ပြီး​တော့​အန္တရာယ်​ရှိတာ​က စစ်​ကြောင့် ဝိညာဉ်​အစာ​ရှားပါး​ခြင်း​ပဲ။ ညီအစ်ကို​အများစုက စစ်​နယ်မြေ​ကနေ တော​ထဲ​ကို ဒါမှ​မဟုတ် တခြား​ရွာ​တွေ​ကို ထွက်ပြေး​ခဲ့​ကြတယ်၊ အဲလို​ထွက်ပြေး​တဲ့​အခါ သူတို့ရဲ့​ကျမ်းစာ စာပေ​စာတမ်း​အားလုံးနီးပါး ပျောက်ဆုံး​ခဲ့​တယ်။ ဒါ​အပြင် အစိုးရ​စစ်တပ်​က ဝန်းရံ​ပိတ်ဆို့​ထား​လို့ ဘီယာ​ဖ​ရာပြည်​နယ်​ထဲ​ကို ကျမ်းစာ​စာပေ​စာတမ်း​အသစ်တွေ မ​ရောက်​နိုင်​ခဲ့​ဘူး။ အသင်းတော်​အများစုက အစည်းအဝေးတွေကို ကြိုးစား​ပြီး​ကျင်းပ​ကြ​ပေမဲ့ ဌာနခွဲရုံး​က ညွှန်ကြားချက်​တွေ မရနိုင်​ခဲ့​တဲ့​အတွက် ညီအစ်ကို​တွေ​ရဲ့​ဝိညာဉ်​ရေး​ကို ထိခိုက်​ခဲ့​တယ်။

ဝိညာဉ်​အစာ​ငတ်ပြတ်​ခြင်း​ကို ရင်ဆိုင်​ဖြေရှင်းခြင်း

နယ်လှည့်​ကြီးကြပ်မှူး​တွေ​ဟာ အတတ်နိုင်ဆုံး အသင်းတော်​တစ်ခုစီ​ကို ဆက်​ပြီး​လည်ပတ်​ခဲ့​ကြသည်။ ညီအစ်ကို​အတော်များများ မြို့ကို စွန့်ခွာ​ထွက်ပြေး​ကြပြီ​ဖြစ်​လို့ သူတို့​ရှိ​နိုင်​မယ့်​နေရာတိုင်း​ကို ကျွန်တော် လိုက်​ရှာဖွေခဲ့​တယ်။ တစ်ခါ​တော့ လုံခြုံ​စိတ်ချ​ရတဲ့​နေရာမှာ ကျွန်တော့်​ဇနီး​နဲ့ ကလေး​တွေ​ကို​ထားခဲ့​ပြီး တစ်ကိုယ်တည်း ခြောက်​ပတ်​လောက် ခရီးထွက်​ခဲ့​တယ်၊ တစ်ရွာ​ပြီး​တစ်ရွာ၊ တော​ပိုင်း​မှာ​ပါ ညီအစ်ကို​တွေ​ကို လှည့်လည်​ရှာဖွေခဲ့​တယ်။

အို​ဗွန်း​ကာ​အသင်းတော်ကို လည်ပတ်​နေတုန်း အို​ကီ​ဝါ​ခရိုင်​က အစ္စစူ​အို​ချီ​မြို့နယ်​မှာ သက်သေခံ​စခန်း​တစ်ခု​ရှိတယ်လို့ ကြား​ရတယ်။ ဒါ​ကြောင့် အူမူအာကူ​ရွာမှာ​ရှိတဲ့ သီ​ဟို​ဠ်​သရက်​ခြံ​တစ်ခု​မှာ စုရုံး​ကြဖို့ အဲဒီ​နယ်မြေ​က ညီအစ်ကို​တွေ​ဆီ စကား​ပါး​လိုက်တယ်။ အသက်ကြီးသူ​ညီအစ်ကို​တစ်ယောက်​နဲ့ ကျွန်တော်​ဟာ ၁၀ မိုင်​အကွာ​လောက်​မှာ​ရှိတဲ့ အဲဒီ​ခြံ​ကို စက်ဘီး​စီး​သွား​ကြတယ်၊ အဲဒီမှာ အမျိုးသမီးနဲ့ ကလေး​တွေ​အပါအဝင် သက်သေခံ ၂၀၀ လောက် စုရုံး​နေကြ​တယ်။ လို​မာ​ရာ​တော​ထဲမှာ ခိုလှုံ​နေကြ​တဲ့ သက်သေခံ​အ​ယောက်​တစ်​ရာ​လောက်​ရှိတဲ့ နောက်​အုပ်စု​တစ်ခု​ကို ရှေ့ဆောင်​ညီအစ်မ​တစ်ယောက်​ရဲ့​အကူအညီ​နဲ့ ကျွန်တော်​ရှာဖွေ​နိုင်​ခဲ့​တယ်။

စစ်​ဘေး​ခံ အို​ဝါး​ရီ​မြို့မှာ​ရှိနေကြ​တဲ့ သတ္တိ​ခဲ​ညီအစ်ကို​အုပ်စု​တစ်စု​ထဲ​မှ တစ်ယောက်​က​တော့ လော​ရဲ​န့်စ် အူ​ဝူ​အေ​ဘူ​ဖြစ်တယ်။ အို​ဟား​ဂျီ​နယ်မြေမှာ သက်သေခံ​အတော်များများ​ရှိတယ်လို့ ကျွန်တော့်​ကို သူ​သတင်းပို့​တယ်။ အဲဒီ​နယ်မြေ​ကို စစ်သား​တွေ​သိမ်းပိုက်​ထား​လို့ သူတို့​လွတ်လပ်​စွာ မသွား​လာနိုင်​ဘူး။ ကျွန်တော်​တို့​နှစ်ယောက် အဲဒီ​နယ်မြေ​ကို ညအမှောင် အကာအကွယ်​ယူပြီး စက်ဘီး​နဲ့​သွားတော့ ညီအစ်ကို​တစ်ယောက်​ရဲ့​ခြံဝင်း​ထဲမှာ သက်သေခံ ၁၂၀ လောက်​နဲ့ တွေ့ဆုံ​ခဲ့​တယ်။ အဲဒီနည်းနဲ့ ပုန်းခို​နေတဲ့ တခြား​သက်သေခံတွေ​ဆီ ကျွန်တော်​တို့ လည်ပတ်​ခဲ့​ကြတယ်။

အိမ်ရာပစ်​ပြီး​ပြေး​သွား​ကြ​တဲ့ ညီအစ်ကို​တွေ​ကို ရှာ​တွေ​ဖို့ ညီအစ်ကို​အိုင်းဇက်​ဝါ​ကူး​က သက်စွန့်​ကြိုးပမ်း ကူညီ​ပေး​ခဲ့​တယ်။ အို​တာ​မီ​ရီ​မြစ်ကို​ဖြတ်​ပြီး အက်​ဘူ​အေ​ချီ​မှာ စုရုံး​နေတဲ့ သက်သေခံ ၁၅၀ ကျော်​နဲ့​တွေ့ဆုံ​ဖို့ ကျွန်တော့်​ကို က​နူး​လှေ​နဲ့ သူ​ပို့ပေး​ခဲ့​တယ်။ အဲဒီ​က ညီအစ်ကို​တစ်ယောက် ဒီလို​တအံ့တသြ​ပြော​ခဲ့​တယ်– “ဒီနေ့ဟာ ကျွန်တော့်​ဘဝမှာ အပျော်​ရ​ဆုံး​နေ့​ပါ​ပဲ! တိုက်နယ်​ကြီးကြပ်မှူး​တစ်ယောက်ကို ကျွန်တော်​အသက်ရှင်​လျက် ပြန်တွေ့​ရမယ်​လို့ လုံးဝ​မထင်​ခဲ့​မိ​ဘူး။ စစ်​အတောအတွင်း အခု သေရ​မယ်​ဆိုရင်လည်း သေပျော်​ပါ​ပြီ။”

စစ်မှု​မ​ထမ်း​မနေ​ရ​ဆို​တဲ့​ဘေး​နဲ့ ကျွန်တော်​ကြုံတွေ့​ရပေမဲ့ ယေဟောဝါ​ရဲ့​ကာကွယ်​မှု​ကို ကျွန်တော်​အကြိမ်ကြိမ်​ရရှိခဲ့တယ်။ တစ်​ညနေခင်း​မှာ ညီအစ်ကို ၂၅၀ လောက်​နဲ့​တွေ့ဆုံ​ပြီး တည်းခို​တဲ့​နေရာကို​အပြန် ကွန်​မ​န်​ဒို​တပ်ဖွဲ့​တစ်ဖွဲ့​က လမ်းပိတ်​ဆို့​ထား​တဲ့​တစ်​နေရာမှာ ကျွန်တော်​ကို​ရပ်​ခိုင်းတယ်။ “မင်း​ဘာဖြစ်​လို့ စစ်​ထဲ​မဝင်​တာလဲ” ဆိုပြီး သူတို့​မေးတယ်။ ကျွန်တော်​ဟာ ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ဟောပြောတဲ့ ခရစ်ယာန်​သာသနာပြု​တစ်ယောက်​ပါ​လို့ ရှင်းပြတယ်။ ကျွန်တော့်​ကို​ဖမ်း​ဖို့ သူတို့​စိတ်ပိုင်းဖြတ်​ထား​မှန်း ကျွန်တော်​သိလိုက်တယ်။ တိုတိုတုတ်တုတ်၊ အမြန်​ဆုတောင်း​ပြီး​တော့ “ကျေးဇူးပြု​၍ ကျွန်တော့်​ကို​လွှတ်​ပေး​ပါ” ဆိုပြီး သူတို့ရဲ့​ဗိုလ်ကြီး​ကို​ပြော​လိုက်တယ်။ တ​အံ့​တ​ဩ​နဲ့ သူက “မင်းကို​သွားခွင့်​ပြု​ပါ​လို့ ပြော​တာ​လား” ဆိုပြီး​ပြော​တယ်။ ကျွန်တော်​က “ဟုတ်ကဲ့၊ ကျွန်တော့်​ကို​လွှတ်​ပေး​ပါ” လို့​ဖြေတယ်။ သူက “မင်း​သွား​လို​ရာ​သွား​နိုင်ပြီ” လို့​ပြော​တော့ စစ်သား​တွေ​ဆီက ဘာ​တစ်ခွန်း​မှ​ထွက်​မလာ​ဘူး။—ဆာလံ ၆၅:၁၊ ၂

ရောင့်ရဲခြင်း​က နောက်ထပ်​ကောင်းချီး​များ​ရစေ

၁၉၇၀ ပြည့်နှစ်​မှာ စစ်​ပြီးသွား​တဲ့​နောက် တိုက်နယ်​လုပ်ငန်းမှာ ကျွန်တော်​ဆက်​အမှုထမ်းခဲ့​တယ်။ အသင်းတော်တွေကို ပြန်လည်​ဖွဲ့စည်း​ဖို့​ကူညီ​ပေး​ရတာ အခွင့်ထူး​တစ်ခု​ပဲ။ အဲဒီနောက် တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် တစ်ခါ​ပြန်​ခန့်အပ်​ခံရ​တဲ့ ၁၉၇၆ ခုနှစ်​အထိ ခရစ္စ​တီ​ယာ​နာ​နဲ့ ကျွန်တော်​ဟာ အထူး​ရှေ့ဆောင်​တွေ​အဖြစ် အမှုထမ်းခဲ့​ကြတယ်။ အဲဒီ​နှစ်လယ်​ပိုင်း​လောက်​မှာ ခရိုင်​လုပ်ငန်းမှာ ကျွန်တော်​တာဝန်ရ​ရှိခဲ့တယ်။ ခု​နစ်​နှစ်​ကြာပြီးနောက် ကျွန်တော်​တို့​ဇနီး​မောင်နှံဟာ လက်ရှိ​နေအိမ်​ဖြစ်​တဲ့၊ ယေဟောဝါသက်သေ​တွေ​ရဲ့ နိုင်ဂျီးရီးယား​ဌာနခွဲရုံး​မှာ အမှုထမ်း​ဖို့ ဖိတ်ခေါ်​ခံရ​ပါ​တယ်။ ပြည်တွင်းစစ်​ဖြစ်နေ​ချိန်​နဲ့ တခြား​အချိန်တွေမှာ ဆုံတွေ့​ခဲ့​ရပြီး ယေဟောဝါ​ကို တည်ကြည်​စွာ​ဝတ်ပြု​နေကြ​ဆဲ​ဖြစ်​တဲ့ ညီအစ်ကို၊ ညီအစ်မ​တွေ​ကို ဒီ​ဌာနခွဲရုံး​မှာ တစ်ခါ​ပြန်​ဆုံတွေ့​ရတာ ကျွန်တော်​တို့အတွက် တကယ်​ပျော်ရွှင်စရာ​ပဲ။

နှစ်တွေ​တစ်လျှောက်​မှာ ခရစ္စ​တီ​ယာ​နာ​ဟာ ကျွန်တော့်​အတွက် အထောက်အမ​ကောင်း​ဖြစ်​ပြီး တည်ကြည်​တဲ့​အဖော်အဖက်​တစ်ယောက်​လည်း​ဖြစ်တယ်။ အကောင်းမြင်​တတ်​တဲ့​စိတ်​နဲ့ ဇွဲ​ရှိတဲ့​အတွက် ၁၉၇၈ ခုနှစ်​ကတည်းက သူ့မှာ ကျန်းမာ​ရေး​ပြဿနာ​တွေ​ရှိတဲ့​ကြားထဲ​က ကျွန်တော်​ဆက်​မြဲ​နိုင်​ဖို့ ကူညီ​ပေး​ခဲ့​တယ်။ “သူသည် နာ​ဖျား​၍​တုံးလုံး​နေသော​အခါ ထာဝရ​ဘုရား [သခင်] သည်​ထောက်ပင့်​တော်​မူ​မည်” ဆို​တဲ့ ဆာလံဆရာ​ရဲ့​စကား​တွေ မှန်​ကြောင်း ကျွန်တော်​တို့​ကိုယ်တွေ့​ပါ​ပဲ။—ဆာလံ ၄၁:၃

သီအိုကရက်တစ်​လုပ်ငန်းမှာပါ​ဝင်​ခဲ့​တဲ့ နှစ်တွေ​ကို​ပြန်​ကြည့်​တဲ့​အခါ အံ့ဖွယ်ကောင်း​ချီး​တွေ​အတွက် ယေဟောဝါ​ကို ကျွန်တော်​ကျေးဇူး​မတင်​ဘဲ​မနေနိုင်​ပါ​ဘူး။ တကယ်​ပါ​ပဲ၊ ကိုယ်တော်​ပေးသနား​ရာ​နဲ့ ရောင့်ရဲ​တင်းတိမ်​နေခြင်း​ကြောင့် အကြီးအကျယ်​ပျော်ရွှင်​ခဲ့​ရ​ပါ​တယ်။ ကျွန်တော်​တို့​ဇနီး​မောင်နှံ​နဲ့​အတူ ကျွန်တော်​ရဲ့​မွေးချင်း​တွေ၊ ကျွန်တော့်​ရဲ့​သားတွေ​နဲ့ သူတို့ရဲ့​မိသားစု​အားလုံး ယေဟောဝါ​ကို​ဝတ်ပြု​နေတာကို တွေ့ရ​တဲ့​ပျော်ရွှင်မှု​ဟာ တု​နှိုင်း​မရတဲ့​ကောင်းချီး​တစ်ခု​ပဲ။ အဓိပ္ပာယ်​ပြည့်ဝ​တဲ့​အသက်တာနဲ့ ကျွန်တော့်​ကို ယေဟောဝါ ကျေနပ်​ရောင့်ရဲ​စေ​ခဲ့ပြီ။ ကျွန်တော့်​ဆန္ဒ​မပြည့်​တာ မရှိခဲ့​ပါ​ဘူး။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ယေဟောဝါသက်သေ​များ ထုတ်ဝေ​ခဲ့။ ယခု ပုံ​မ​နှိပ်​တော့​ပါ။

[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်]

အချိန်တန်​အစီအစဉ်​တစ်ခု​က ညီအစ်ကို​အသင်းအပင်း​ကို ထောက်​မပေး

၁၉၆၀ ပြည့်လွန်​နှစ်များ​အလယ်ပိုင်း​တွင် နိုင်ဂျီးရီးယား​မြောက်ပိုင်း​နှင့် အရှေ့ပိုင်း​ရှိ လူမျိုးနွယ်​စု​များ​အကြား ရန်လို​မုန်းတီးမှု​ကြောင့် ဆူပူမှု​များ၊ ပုန်ကန်​ထကြွမှု​များ၊ တရား​မဲ့​မှုများ​နှင့် လူမျိုးနွယ်​စု​အကြမ်းဖက်မှု​များ​ဖြစ်​ခဲ့​သည်။ ၎င်း​တို့​က ကြားနေ​ရန် ယတိပြတ်​စိတ်ပိုင်းဖြတ်​ထား​ကြသော ယေဟောဝါသက်သေ​များ​အတွက် အကြီးအကျယ် အခြေအနေ​တင်းမာ​စေ​ခဲ့​သည်။ သက်သေခံ​အ​ယောက် ၂၀ ခန့် အသတ်ခံခဲ့ရ​သည်။ အများစုမှာ ပိုင်ဆိုင်ရာ​အားလုံး ဆုံးရှုံး​ခဲ့​ကြသည်။

၁၉၆၇၊ မေ ၃၀ ရက်​တွင် နိုင်ဂျီးရီးယား​အရှေ့ပိုင်း​ပြည်နယ်​များသည် ဗဟို​အစိုးရ​မှ​ခွဲထွက်​သွားပြီး ဘီယာ​ဖ​ရာပြည်​ထောင်​စု​သမ္မတနိုင်ငံ​အဖြစ် ဖွဲ့စည်း​ခဲ့​သည်။ ဗဟို​အစိုးရ​တပ်​က စစ်​ပြင်​ကာ ဤ​အရှေ့ပိုင်းနယ်​ကို ဝိုင်းဝန်း​ပိတ်ဆို့​ထား​ကြသည်။ သွေး​ချောင်း​စီး​သည့် အကြမ်းဖက်​ပြည်တွင်းစစ် ဖြစ်ပွား​ခဲ့​သည်။

ဘီယာ​ဖ​ရာပြည်​နယ်​ရှိ ယေဟောဝါသက်သေ​များ​၏ ကြားနေ​မှု​ကြောင့် သူတို့သည် အဓိက​ပစ်မှတ်​ဖြစ်လာ​ကြသည်။ သတင်းစာ​များ​က လှုံ့ဆော်​သော​ဝေဖန်ချက်​များ​ကို ပုံနှိပ်​ထုတ်ဝေ​၍ သူတို့ကို​ဆန့်ကျင်​ရန် လူထု​ကို လှုံ့ဆော်ပေး​ကြသည်။ သို့သော် မိမိ၏​ကျေးကျွန်​များ ဝိညာဉ်​အစာ​ရရှိဖို့ ယေဟောဝါ​အသေအချာ​စီစဉ်​ခဲ့​ပါ​သည်။ မည်သို့​အားဖြင့်​နည်း။

၁၉၆၈ ခု၊ နှစ်ဦး​ပိုင်း​၌ အစိုးရ​ဝန်ထမ်း​တစ်ဦး​သည် ဥရောပ​တွင် နောက်​တစ်ဦး​မှာ ဘီယာ​ဖ​ရာ​လေယာဉ်ကွင်း​တွင် အရာရှိ​တစ်ဦး​အဖြစ် တာဝန်​ခန့်အပ်​ခံ​ခဲ့​ရသည်။ သူတို့​နှစ်ဦးစလုံး ယေဟောဝါသက်သေ​များ​ဖြစ်​ကြသည်။ ဘီယာ​ဖ​ရာ​နှင့် ပြင်ပ​လောကကို​ဆက်သွယ်​ပေး​သည့် တစ်ခု​တည်း​သော​ဆက်သွယ်မှု​၏ အစွန်းနှစ်ဖက်​တွင် သူတို့​တာဝန်ရ​ရှိခဲ့​သည်။ ဤ​သက်သေခံ​နှစ်ဦး​တို့သည် ဘီယာ​ဖ​ရာ​သို့ ဝိညာဉ်​အစာ​တင်သွင်းခြင်း​တည်း​ဟူသော အရဲစွန့်​ရသည့်​အလုပ်ကို စေတနာအလျောက်​လုပ်ဆောင်ခဲ့​ကြသည်။ ဆင်းရဲ​နွမ်းပါး​သော​ညီအစ်ကို​များ ကယ်ဆယ်​ရေး​ပစ္စည်း​များ​ရရှိဖို့​လည်း သူတို့​ကူညီ​ခဲ့​ကြသည်။ ၎င်း​ညီအစ်ကို​နှစ်ဦး​သည် ၁၉၇၀ ပြည့်နှစ်​တွင် စစ်​ပြီးဆုံးချိန်​အထိ ဤ​အရေးပါသော​အစီအစဉ်ကို လုပ်ဆောင်​နိုင်​ခဲ့​ကြသည်။ နောက်ပိုင်း​တွင် သူတို့​ထဲ​မှ​တစ်ဦး​က “ဒီ​အစီအစဉ်ဟာ လူတွေ​ကြံစည်​လို့​ရနိုင်တဲ့ အစီအစဉ်​မျိုး​မဟုတ်ဘူး” ဟု​ဆို​၏။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

၁၉၅၆ ခုနှစ်​တွင်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

၁၉၆၅ ခုနှစ်​တွင် ကျွန်တော်​တို့​သားများ ဂျို​ဝဲ​လ်၊ ဆယ်မြူရယ်လ်​တို့​နှင့်အတူ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

မိသားစု​လိုက် ယေဟောဝါ​ကို ဝတ်ပြု​ကိုးကွယ်​ရခြင်း​သည် ကောင်းချီး​တစ်ခု​ဖြစ်!

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ယနေ့၊ နိုင်ဂျီးရီးယား​ဌာနခွဲ​၌ အမှုထမ်း​နေသော ခရစ္စ​တီ​ယာ​နာ​နှင့် ကျွန်တော်