စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
ထွက်မြောက်ရာ၄:၂၄-၂၆မှဖြစ်ရပ်တွင်အဘယ်အရာဖြစ်ပျက်ခဲ့သနည်း၊ မည်သူအသက်အန္တရာယ်ကြုံခဲ့ရသနည်း။
မောရှေသည် သူ၏ဇနီးဇိပေါရ၊ သားနှစ်ဦးဖြစ်သော ဂေရရှုံ၊ ဧလျေဇာတို့နှင့်အတူ အီဂျစ်ပြည်သို့ အသွားလမ်းတွင် အောက်ပါဖြစ်ရပ်ဖြစ်ပျက်ခဲ့သည်– ‘ခရီးသွားစဉ်တွင် စခန်း၌ ယေဟောဝါသည် သူ့ကိုတွေ့၍ ကွပ်မျက်ခြင်းငှာရှာကြံတော်မူ၏။ ထိုအခါ ဇိပေါရသည်ကျောက်ဓားကိုယူ၍ သား၏အရေဖျားကိုလှီးဖြတ်ပြီးမှ ၎င်းနှင့် သူ၏ခြေကိုတို့လျက် သင်သည်ကျွန်မ၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်သည်ဟုဆို၏။ ထိုအခါ ထိုသူသည် သူ့အားလွှတ်လိုက်လေသည်။ မယားကလည်း အရေဖျားလှီးမင်္ဂလာကြောင့် သင်သည်ကျွန်မ၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်၏ဟုဆိုသတည်း။’ (ထွက်မြောက်ရာ ၄:၂၀၊ ၂၄-၂၆၊ ကဘ) ဤကျမ်းပိုဒ်သည် မရှင်းမလင်းဖြစ်နေ၍ အတိအကျအဓိပ္ပာယ်မဖွင့်နိုင်သော်လည်း သမ္မာကျမ်းစာက ၎င်းအခန်းငယ်များကို အနည်းငယ်အလင်းဖြာပေးပါသည်။
မည်သူသည် အသက်အန္တရာယ်ကြုံတွေ့နေရကြောင်း မှတ်တမ်းက တပ်အပ်မဖော်ပြပါ။ သို့သော် မောရှေမဟုတ်ဟု ကျွန်ုပ်တို့ ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချနိုင်ပါသည်၊ အကြောင်းမှာ ဣသရေလလူမျိုးကို အီဂျစ်ပြည်မှ နုတ်ဆောင်ရန် သူ့ကို ဘုရားသခင်တာဝန်ပေးပြီးခါစအချိန်ဖြစ်သည်။ (ထွက်မြောက်ရာ ၃:၁၀) ထိုတာဝန်ကို ထမ်းဆောင်ဖို့ အသွားလမ်းတွင် ဘုရားသခင့်ကောင်းကင်တမန်သည် မောရှေကို အသက်အန္တရာယ်ပြုဖို့ အကြောင်းမရှိချေ။ သို့ဖြစ်၍ သူ၏သားတစ်ဦး အသက်အန္တရာယ်ကြုံရခြင်းဖြစ်မည်။ အစောပိုင်းတွင် အရေဖျားလှီးခြင်းနှင့်ပတ်သက်၍ အာဗြဟံကိုပေးခဲ့သောပညတ်က ဤသို့ဆို၏– “အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကိုမခံသောသားယောက်ျားကို သူ၏အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကိုဖျက်လေပြီ။” (ကမ္ဘာဦး ၁၇:၁၄) မောရှေသည် သူ၏သားကို အရေဖျားလှီးပေးဖို့ ပျက်ကွက်ခဲ့ပုံရသဖြင့် ယေဟောဝါ၏ကောင်းကင်တမန်ကြောင့် ကလေးအသက်အန္တရာယ်ကြုံခဲ့ရသည်။
ဇိပေါရသည် ကိစ္စရပ်ကိုဖြေရှင်းဖို့ သား၏အရေဖျားကို လှီးယူပြီးနောက် မည်သူ၏ခြေကို တို့ခဲ့သနည်း။ အရေဖျားလှီးခြင်းမခံသော သားယောက်ျားကို သတ်ပစ်ဖို့ အစွမ်းတန်ခိုးရရှိထားသည့် ယေဟောဝါ၏ကောင်းကင်တမန်ကို ဖြစ်သည်။ သို့ဖြစ်၍ ပဋိညာဉ်ကိုလိုက်နာကြောင်း အထောက်အထားပြသည့်အနေနှင့် ဇိပေါရသည် အရေဖျားကိုယူ၍ ကောင်းကင်တမန်၏ခြေကို တို့လိုက်ခြင်းသည် ကျိုးကြောင်းဆီလျော်ပါသည်။
“သင်သည် ကျွန်မ၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်သည်” ဟူသော ဇိပေါရ၏အသုံးအနှုန်းက တစ်မူထူး၏။ ယင်းက သူနှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။ အရေဖျားလှီးခြင်းပဋိညာဉ်၏ တောင်းဆိုချက်များကို လိုက်နာခြင်းဖြင့် ဇိပေါရသည် ယေဟောဝါနှင့် ပဋိညာဉ်ဆိုင်ရာဆက်ဆံရေးရှိကြောင်း အသိအမှတ်ပြုခဲ့သည်။ ပဋိညာဉ်ဆိုင်ရာဆက်ဆံရေးတွင် ယေဟောဝါကို လင်ယောက်ျားအဖြစ် အခြားတစ်ဖက်ကို ဇနီးအဖြစ် သဘောထားနိုင်ကြောင်း နောက်ပိုင်းတွင် ဣသရေလလူမျိုးနှင့်ဖွဲ့ခဲ့သော ပညတ်ပဋိညာဉ်ကဖော်ပြသည်။ (ယေရမိ ၃၁:၃၂) ထို့ကြောင့် (ကိုယ်စားလှယ်ကောင်းကင်တမန်မှတစ်ဆင့်) ယေဟောဝါကို “အသွေးနှင့်ယှဉ်သောလင်” ဟုခေါ်ဆိုရာ၌ ဇိပေါရသည် ထိုပဋိညာဉ်၏စည်းကမ်းကို မိမိကိုယ်တိုင် လက်အောက်ခံလိုက်နာကြောင်း ဝန်ခံခြင်းဖြစ်ဟန်ရှိသည်။ အရေဖျားလှီးပဋိညာဉ်တွင် မိမိသည် ဇနီးသည်အလားဖြစ်ပြီး ယေဟောဝါဘုရားသခင်ကို ခင်ပွန်းအလား လက်ခံလိုက်သည့်သဘောဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင့်တောင်းဆိုချက်ကို နာခံကြောင်း ပြတ်ပြတ်သားသားလုပ်ဆောင်မှုကြောင့် သူ၏သား အသက်အန္တရာယ်မရှိတော့ချေ။