ရေဗက္က—ဘုရားသခင်ကိုကြောက်ရွံ့သော လုပ်ရည်ကြံရည်ရှိသည့် အမျိုးသမီး
ရေဗက္က—ဘုရားသခင်ကိုကြောက်ရွံ့သော လုပ်ရည်ကြံရည်ရှိသည့် အမျိုးသမီး
သင်၏သားအတွက် ဇနီးရှာပေးမည် ဆိုပါစို့။ မည်သို့သောချွေးမမျိုးကို သင်ရွေးချယ်မည်နည်း။ သူ့မှာ အဘယ်အရည်အချင်းများ ရှိရမည်နည်း။ ရုပ်ဆင်းလှပ၊ ဉာဏ်ရည်ထက်မြက်၊ ကြင်နာတတ်ပြီး ကြိုးပမ်းလုပ်ဆောင်သူကို သင်ရှာဖွေမည်လော။ သို့မဟုတ် အခြားအရည်အချင်းတစ်ခုရှိသူကို သင်ဦးစားပေး ရှာမည်လော။
ဤသို့ အကျပ်ရိုက်သောအခြေအနေကို အာဗြဟံကြုံခဲ့ရသည်။ သူ၏သားစဉ်မြေးဆက်သည် သားဣဇာက်မှတစ်ဆင့် ကောင်းချီးခံစားရမည်ဖြစ်ကြောင်း ယေဟောဝါကတိပြုထားသည်။ ဤဇာတ်ကြောင်း၏အစတွင် အာဗြဟံမှာ အိုမင်းနေပြီဖြစ်သော်လည်း သူ၏သားမှာ လူပျိုဖြစ်နေဆဲပင်။ (ကမ္ဘာဦး ၁၂:၁-၃၊ ၇; ၁၇:၁၉; ၂၂:၁၇၊ ၁၈; ၂၄:၁) ဣဇာက်သည် ဘယ်ဆီဘယ်ဝယ်မသိသေးသောဇနီးသည်၊ သူတို့မောင်နှံမှ မွေးဖွားလာမည့် သားသမီးတို့နှင့်အတူ ကောင်းချီးဝေမျှခံစားရမည်ဖြစ်ရာ အာဗြဟံသည် ဣဇာက်အတွက် သင့်တော်သောဇနီးတစ်ဦး ရှာပေးဖို့ စီစဉ်လေသည်။ အဓိကအားဖြင့် သူသည် ယေဟောဝါ၏ကျေးကျွန်တစ်ဦးဖြစ်ရမည်။ အာဗြဟံနေထိုင်ရာ ခါနာန်ပြည်၌ ထိုသို့သောအမျိုးသမီးတစ်ဦးကိုတွေ့ဖို့ မဖြစ်နိုင်သောကြောင့် အခြားတစ်နေရာမှ ရှာရတော့သည်။ နောက်ဆုံးရွေးချယ်ခံရသူမှာ ရေဗက္ကဖြစ်၏။ သူ့ကို မည်သို့ရှာတွေ့ခဲ့သနည်း။ သူသည် ဝိညာဉ်ရေးကောင်းသော အမျိုးသမီးတစ်ဦးလော။ သူ၏ပုံသက်သေကို သုံးသပ်ခြင်းမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။
အရည်အချင်းရှိအမျိုးသမီးတစ်ဦးကို ရှာပုံတော်ဖွင့်ခြင်း
အာဗြဟံသည် ဧလျာဇာဖြစ်နိုင်သော သူ၏အသက်အကြီးဆုံးကျွန်ကိုအလွန်ဝေးသောမက်ဆိုပိုတေးမီးယားသို့ စေလွှတ်ကာ ယေဟောဝါကိုဝတ်ပြုသူချင်းများဖြစ်သည့် အာဗြဟံ၏ဆွေမျိုးသားချင်းများထဲမှဣဇာက်အတွက် သတို့သမီးကို သွား၍ရွေးချယ်စေသည်။အလွန်အရေးကြီးသောကိစ္စဖြစ်သဖြင့် ဧလျာဇာသည် ဣဇာက်အတွက် ခါနာန်အမျိုးသမီးကိုမရွေးယူပါဟု ကျိန်ဆိုခဲ့ရသည်။ ဤကိစ္စတွင် အာဗြဟံ၏အခိုင်အမာတောင်းဆိုမှုသည် မှတ်သားလောက်ဖွယ်ဖြစ်သည်။—ကမ္ဘာဦး ၂၄:၂-၁၀။
ဧလျာဇာသည် အာဗြဟံ၏ဆွေမျိုးများရှိရာ မြို့သို့ရောက်သော် ကုလားအုတ်ဆယ်ကောင်ကို ရေတွင်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။ အဖြစ်အပျက်ကို မြင်ယောင်ကြည့်လိုက်ပါ! ညနေချမ်းဖြစ်ပြီး ဧလျာဇာ ဤသို့ဆုတောင်းလေသည်– “အကျွန်ုပ်သည် ဤရေတွင်းနားမှာရပ်နေ၍၊ ထိုမြို့သူသတို့သမီးတို့သည် ရေခပ်ခြင်းငှာလာကြသည်တွင် အကြင်သတို့သမီးကို ကျွန်ုပ်သောက်ခြင်းငှာ ‘သင်၏ရေဘူးကိုချပါဟုဆိုသော်၊ သောက်ပါ၊ သင်၏ကုလားအုတ်တို့ကိုလည်း ရေတိုက်ပါမည်’ ဟု ပြန်ဆိုသောသတို့သမီးသည် ကိုယ်တော်၏ကျွန်ဣဇာက်ဖို့ ခန့်ထားတော်မူသောသူဖြစ်ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ်၏သခင်၌ ကျေးဇူးပြုတော်မူကြောင်းကို အကျွန်ုပ်သိရပါမည်ဟု လျှောက်ဆို၏။”—ကမ္ဘာဦး ၂၄:၁၁-၁၄။
ရေငတ်နေသော ကုလားအုတ်တစ်ကောင်သည် ရေအလွန် (၂၅ဂါလံအထိ) သောက်နိုင်ကြောင်း ဒေသခံအမျိုးသမီးတိုင်း သိနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် ကုလားအုတ်ဆယ်ကောင်ကို ရေတိုက်ပါမည်ဟုဆိုသောအမျိုးသမီးသည် အပင်ပန်းခံနိုင်သူဖြစ်ရမည်။ ကြည့်ရုံသာကြည့်နေပြီး အကူအညီမပေးကြသူများအကြား ထိုသို့လုပ်ဆောင်ခြင်းက သူသည် ခွန်အား၊ စိတ်ရှည်မှု၊ နှိမ့်ချမှုရှိပြီး လူနှင့် တိရစ္ဆာန်တို့အပေါ် သနားကြင်နာတတ်ကြောင်း သက်သေထူသည်။
အဘယ်အရာဖြစ်ပျက်သနည်း။ “ထိုသို့လျှောက်ဆို၍မပြီးမီ၊ အာဗြဟံအစ်ကိုနာခေါ်မယားမိလခါသား ဗေသွေလ၏သမီး ရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။ ထိုသတို့သမီးသည်၊ အလွန်အဆင်းလှ ... သော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍ ရေဘူးကိုရေနှင့်ဖြည့်ပြီးမှ တက်လာ၏။ ကျွန်သည်လည်း ထိုမိန်းမနှင့်တွေ့ခြင်းငှာပြေး၍ သင်၏ရေဘူး၌ရေအနည်းငယ်ကို သောက်ပါရစေဟုဆိုလေသော်၊ မိန်းမက သောက်ပါလော့အရှင်ဟုဆိုသဖြင့် မိမိလက်ပေါ်မှာ အလျင်အမြန်ရေဘူးကိုချ၍ ရေကိုပေးလေ၏။”—ကမ္ဘာဦး ၂၄:၁၅-၁၈။
ရေဗက္က၌ အရည်အချင်းရှိသလော
ရေဗက္ကသည် အာဗြဟံ၏ မြေးတော်သူဖြစ်ပြီး အဆင်းလှပသည့်အပြင် ဣန္ဒြေလည်းရှိသည်။ သူစိမ်းတစ်ဦးအား စကားပြောရန် တွန့်ဆုတ်သူတစ်ဦးမဟုတ်သကဲ့သို့ အရောဝင်လွန်းသူလည်းမဟုတ်ပါ။ ဧလျာဇာက ရေတောင်းသောက်သောအခါ သူကူညီဆောင်ရွက်ပေးသည်။ ယင်းသည် ဧည့်ဝတ်ပျူငှာခြင်းဖြစ်သောကြောင့် မျှော်လင့်ပြီးသား ကိစ္စတစ်ခုသာဖြစ်၏။ စမ်းသပ်မှု၏ ဒုတိယအဆင့်ကော မည်သို့နည်း။
ရေဗက္ကက“သောက်ပါလော့အရှင်” ဟုဆို၏။ သို့သော် ထိုမျှနှင့်ရပ်မသွားပါ။ “သင်၏ကုလားအုတ်တို့သည်လည်း ဝစွာသောက်စရာဖို့ ရေခပ်ပါမည်” ဟုရေဗက္ကဆက်ပြောသည်။ မျှော်လင့်ထားသည်ထက်ပို၍ သူကူညီပေးသည်။ ပျာပျာသလဲပင် သူသည် ‘ဘူး၌ရှိသောရေကို ရေတိုက်ခွက်ထဲ၌ အလျင်အမြန်လောင်းပြီးလျှင်၊ တစ်ဖန်ခပ်ခြင်းငှာ ရေတွင်းသို့ပြေး၍၊ ကုလားအုတ်အဖို့ရေခပ်လေ၏။’ သူသည် အလုပ်ကို တက်ကြွစွာ လုပ်ဆောင်သူတစ်ဦးဖြစ်သည်။ ‘ယောက်ျားသည် အံ့ဩ၍ သူငယ်မကို စေ့စေ့ကြည့်လျက်နေလေ၏’ ဟုမှတ်တမ်းကဆို၏။—ကမ္ဘာဦး ၂၄:၁၉-၂၁။
သူငယ်မသည် အာဗြဟံနှင့် အမျိုးတော်ကြောင်း သိလိုက်ရသောအခါဧလျာဇာသည်ယေဟောဝါကို ကျေးဇူးတင်စွာ ပျပ်ဝပ်ကိုးကွယ်လေ၏။သူကော သူနှင့်ပါလာသူများပါ ရေဗက္ကဖခင်၏အိမ်တွင်ညအိပ်တည်းခိုဖို့အခန်းရှိမရှိမေးမြန်းလေသည်။ ရေဗက္ကသည် ရှိကြောင်းပြန်ပြောပြီး ဧည့်သည်များအကြောင်းပြောပြရန် အိမ်သို့ပြေးလေ၏။—ကမ္ဘာဦး ၂၄:၂၂-၂၈။
ရေဗက္က၏မောင် လာဗန်နှင့် သူ၏ဖခင်ဗေသွေလတို့သည် ဧလျာဇာ၏ပြောပြချက်ကို နားထောင်ပြီးနောက် ဘုရားသခင်၏လမ်းညွှန်မှုဖြစ်ကြောင်း သိနားလည်ခဲ့ကြသည်။ ရေဗက္ကသည် ဣဇာက်အတွက် ရည်ရွယ်ထားသူ အမှန်ဖြစ်၏။ သူတို့က ရေဗက္ကကို “ယူသွားပါလော့။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း သင်၏သခင်သား၏မယားဖြစ်စေ” ဟု ပြန်ဆိုသည်။ ရေဗက္က၏သဘောထားကော မည်သို့ရှိသနည်း။ ချက်ချင်းလိုက်မည်လောဟု မေးမြန်းခံရသောအခါ “အကျွန်ုပ်လိုက်ပါမည်” ဟုအဓိပ္ပာယ်ရှိသော ဟေဗြဲစကားတစ်လုံးတည်းဖြင့် သူအဖြေပေးလေသည်။ ဤလက်ထပ်ခွင့်တောင်းဆိုချက်ကို လက်ခံရန် ဖိအားပေးခြင်းမခံခဲ့ရပေ။ “မိန်းမသည် ... မလိုက်မလာလိုလျှင်” ဧလျာဇာသည် သူ၏ကျိန်ဆိုချက်မှ အကျိန်လွတ်သည်ဟု အာဗြဟံပြောနှင့်ပြီးဖြစ်သည်။ သို့သော် ဘုရားသခင့်လက်တော်ပါဝင်ကြောင်း ရေဗက္ကလည်း သိမြင်သည်။ ထို့ကြောင့် တစ်ခါမျှမတွေ့ဖူးသော အမျိုးသားတစ်ဦးကို လက်ထပ်ရန် မိသားစုနှင့် ချက်ချင်းခွဲခွာလေသည်။ ရဲရင့်သောထိုဆုံးဖြတ်ချက်သည် ထူးခြားထင်ရှားသော ယုံကြည်ခြင်းတင်ပြချက်ဖြစ်၏။ သူ့အားရွေးလိုက်ခြင်းမှာ အလွန်မှန်သွားသည်!—ကမ္ဘာဦး ၂၄:၂၉-၅၉။
ဣဇာက်ကိုတွေ့သောအခါ ရေဗက္ကသည် လက်အောက်ခံကြောင်းပြသည့်အနေနှင့် မျက်နှာဖုံးကိုယူ၍ ဖုံးလေ၏။ ဣဇာက်သည် သူ့ကို ဇနီးအဖြစ်သိမ်းပိုက်လိုက်ရာ ကောင်းမွန်လှသော သူ၏အရည်အချင်းများကြောင့် ချစ်မြတ်နိုးခံရမည်မှာ သေချာသည်။—ကမ္ဘာဦး ၂၄:၆၂-၆၇။
သားအမြွှာ
ရေဗက္ကသည် ၁၉ နှစ်မျှ မြုံနေသည်။ နောက်ဆုံးတွင် အမြွှာကိုယ်ဝန်ရရှိခဲ့သော်လည်း ဤကိုယ်ဝန်ဆောင်ထားရသည်မှာ မလွယ်ပေ၊ သူငယ်တို့သည် ဝမ်းအတွင်း၌ အချင်းချင်းတိုက်ခိုက်ကြသဖြင့် ရေဗက္ကသည် ဘုရားသခင်ထံ ကူမပေးရန်တောင်းလျှောက်ခဲ့ရသည်။ ကျွန်ုပ်တို့ဘဝတွင် ဘေးကြုံနေရသောအခါ အလားတူပြုနိုင်ပါသည်။ ရေဗက္ကကို ယေဟောဝါနားထောင်တော်မူပြီး သူ့ကိုစိတ်အေးစေသည်။ သူသည် လူမျိုးနှစ်မျိုး၏မိခင်ဖြစ်လာပြီး “အကြီးသည် အငယ်၌ကျွန်ခံရလိမ့်မည်” ဖြစ်သည်။—ကမ္ဘာဦး ၂၅:၂၀-၂၆။
ထိုစကားတစ်ခုတည်းကြောင့် သားအငယ် ယာကုပ်ကို ရေဗက္ကအချစ်ပိုခြင်း မဖြစ်နိုင်ပါ။ လူငယ်လေးနှစ်ဦးမှာ မတူကြချေ။ယာကုပ်သည် “စိတ်ကောင်းသောသူ” ဖြစ်သော်လည်း ဧသောမှာမူ ဘုရားသခင်၏ကတိတော်များကို အမွေခံခွင့်တည်းဟူသော သူ၏သားဦးအရာကို ယာကုပ်အား တစ်နပ်စာအဖိုးနှင့် ရောင်းစားခြင်းဖြင့် ဝိညာဉ်ရေးရာများကို အလေးမထားသည့်စိတ်သဘောမျိုးရှိသည်။ ဟိတ္တိအမျိုးသမီးနှစ်ဦးကို ဧသောအိမ်ထောင်ပြုခြင်းကလည်း ဝိညာဉ်ရေးစံနှုန်းများကို အလေးမထားရာ—မထီမဲ့မြင်ပြုရာပင်—ရောက်ပြီး သူ၏မိဘကို အကြီးအကျယ် စိတ်သောကရောက်စေသည်။—ကမ္ဘာဦး ၂၅:၂၇-၃၄; ၂၆:၃၄၊ ၃၅။
ယာကုပ်အတွက် ကောင်းချီးရယူပေးခြင်း
ဧသောသည် ယာကုပ်ထံ၌ ကျွန်ခံရမည်ကို ဣဇာက်သိ၊ မသိ သမ္မာကျမ်းစာက မပြောပြပါ။ မည်သို့ပင်ဖြစ်စေ ကောင်းချီးများကို ယာကုပ်အပိုင်ရမည်ဖြစ်ကြောင်း ဣဇာက်ကော ရေဗက္ကပါ သိထားကြသည်။ အမဲလိုက်၍ရသော ဟင်းတစ်ခွက်ဖြင့် ဧသောကို ဣဇာက်ကောင်းချီးပေးဖို့ အစီအစဉ်ရှိကြောင်း ကြားသိရသောအခါ ရေဗက္က ချက်ချင်းအရေးယူ လုပ်ဆောင်လေတော့သည်။ သွက်လက်ဖျတ်လတ်မှုနှင့် ရွပ်ရွပ်ချွံချွံပြုလုပ်တတ်သော သူ၏ငယ်စရိုက် မပျောက်သေးပါ။ ဆိတ်သငယ်နှစ်ကောင်ကိုယူခဲ့ရန် ယာကုပ်ကို သူ “မှာထား” သည်။ သူ၏ခင်ပွန်းအကြိုက် ဟင်းတစ်ခွက်ကို သူချက်ပြုတ်မည်။ ထို့နောက် ယာကုပ်သည် ဧသောပုံဖမ်းပြီး ကောင်းချီးရယူရမည်ဖြစ်သည်။ ယာကုပ်က ငြင်းသည်။ ပရိယာယ်ဆင်ခြင်းကို ဖခင် မလွဲမသွေသိသွားပြီး သူကျိန်ခြင်းခံရပေမည်! ရေဗက္ကက လက်မလျှော့ဘဲ “ငါ့သား၊ သင်ခံရသောကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက်ပါစေ” ဟုဆို၏။ ထို့နောက် ဟင်းတစ်ခွက် ချက်ပြုတ်ပြီး ယာကုပ်ကို အသွင်ပြောင်းပေးကာ ခင်ပွန်းဖြစ်သူထံ လွှတ်လိုက်သည်။—ကမ္ဘာဦး ၂၇:၁-၁၇။
အဘယ်ကြောင့် ရေဗက္က ဤသို့ပြုခဲ့ကြောင်း ဖော်ပြမထားပါ။ လူအများက သူ၏လုပ်ရပ်ကို ပြစ်တင်ရှုတ်ချကြသည်၊ သို့တိုင် သမ္မာကျမ်းစာကသော်လည်းကောင်း၊ ယာကုပ်ကောင်းချီးရသွားသည်ကို သိလိုက်ရသော ဣဇာက်ကသော်လည်းကောင်း သူ့ကို အပြစ်မတင်ပါ။ သို့ပြုမည့်အစား ဣဇာက်သည် ထပ်ဆင့်ကောင်းချီးပေးလေ၏။ (ကမ္ဘာဦး ၂၇:၂၉; ၂၈:၃၊ ၄) ရေဗက္ကသည် မိမိ၏သားများနှင့်ပတ်သက်၍ ယေဟောဝါကြိုပြောခဲ့ရာကို သိထားသည်။ ထို့ကြောင့် ယာကုပ်ရထိုက်သော ကောင်းချီးများရစေဖို့ သူအသေအချာလုပ်ဆောင်သည်။ ယင်းသည် ယေဟောဝါ၏အလိုတော်နှင့် ကိုက်ညီကြောင်း ထင်ရှားပါသည်။—ရောမ ၉:၆-၁၃။
ယာကုပ်ကို ခါရန်မြို့သို့စေလွှတ်
ယခု ရေဗက္ကသည် အစ်ကိုအမျက်ပြေသည့်အထိ ရှောင်တိမ်းနေရန် ယာကုပ်ကိုတိုက်တွန်းခြင်းဖြင့် ဧသော၏အကြံကို ဖျက်လေ၏။ သူ၏အစီအစဉ်ကို ဣဇာက်သဘောတူလိုက်လျောစေဖို့ ရှာကြံရာတွင် သူသည် ဧသော၏အမျက်ဒေါသအကြောင်းကို ကြင်နာစိတ်ဖြင့် ဖွင့်မပြောပေ။ ယင်းအစား ခါနာန်သူတစ်ဦးနှင့် ယာကုပ်အိမ်ထောင်ပြုမိမည်ကို မိမိစိုးရိမ်ကြောင်း သူ၏ခင်ပွန်းအား လိမ္မာပါးနပ်စွာ တင်ပြသည်။ ထိုအကြံသည် ထိုသို့ အိမ်ထောင်မပြုမိစေရန်နှင့် ရေဗက္က၏မိသားစုမှ ဘုရားသခင်ကိုကြောက်ရွံ့သောဇနီးတစ်ဦး ရှာယူရန် ယာကုပ်အား စေလွှတ်လိုက်ဖို့ ဣဇာက်ကို စည်းရုံးနိုင်လိုက်သည့် အချက်ပင်ဖြစ်သည်။ ယာကုပ်ကို ရေဗက္က တစ်ဖန်ပြန်ဆုံတွေ့သည်ဟူသော မှတ်တမ်းမရှိသော်လည်း သူ၏လုပ်ဆောင်မှုများက ဣသရေလအတွက် ကြွယ်ဝသောဆုကျေးဇူးများ ဖြစ်ထွန်းစေသည်။—ကမ္ဘာဦး ၂၇:၄၃–၂၈:၂။
ရေဗက္ကအကြောင်း ကျွန်ုပ်တို့သိရှိခဲ့ရာက သူ့ကို လေးစားမိစေသည်။ သူသည် အလွန်အဆင်းလှသူဖြစ်သည်၊ သို့သော် သူ၏စစ်မှန်သောအလှအပမှာ ဘုရားသခင်ဝတ်၌မွေ့လျော်သည့် အချက်ဖြစ်သည်။ အာဗြဟံရှာသော ချွေးမမျိုးဖြစ်၏။ အခြားစရိုက်ကောင်းများကလည်း အာဗြဟံမျှော်လင့်ထားသည်ထက် သာလွန်ဖွယ်ရှိ၏။ ဘုရားသခင့်လမ်းညွှန်မှုကို ယုံကြည်၊ ရဲရင့်စွာ လိုက်လျှောက်ခြင်း၊ သူ၏စိတ်စေတနာထက်သန်မှု၊ ကျိုးနွံမှုနှင့် ဧည့်ဝတ်ပျူငှာမှုတို့သည် ခရစ်ယာန်အမျိုးသမီးအားလုံး အတုယူသင့်သောအရည်အချင်းများဖြစ်သည်။ ယင်းတို့သည် အမှန်တကယ် ပုံသက်သေကောင်းသော အမျိုးသမီးတစ်ဦးတွင် ယေဟောဝါကိုယ်တော်တိုင် မျှော်လင့်သောအရည်အချင်းများပင်တည်း။