ရှေးခေတ်အားကစားပွဲများနှင့် အနိုင်ရဖို့ အရေးကြီးခြင်း
ရှေးခေတ်အားကစားပွဲများနှင့် အနိုင်ရဖို့ အရေးကြီးခြင်း
“ပွဲ၌ပြိုင်သောသူမည်သည်ကား အရာရာ၌ ကိုယ်ကိုချုပ်တည်းတတ်၏။” “ပွဲ၌ပြိုင်ဆိုင်သောသူသည် ထုံးတမ်းအတိုင်းမပြိုင်ဆိုင်လျှင် ပန်းဦးရစ်ကိုမရ။”—၁ ကောရိန္သု ၉:၂၅၊ သမ္မာ; ၂ တိမောသေ ၂:၅၊ သမ္မာ။
တမန်တော်ပေါလု ရည်ညွှန်းသည့် အားကစားပွဲများသည် ရှေးခေတ်ဂရိယဉ်ကျေးမှုတွင် မပါလျှင်မဖြစ်သည့်အရာတစ်ခု ဖြစ်သည်။ ထိုအားကစားပြိုင်ပွဲများအပြင် ၎င်းတို့၏ စရိုက်လက္ခဏာဝန်းကျင်အကြောင်း သမိုင်းက အဘယ်အရာဖော်ပြသနည်း။
မကြာသေးမီက ရောမမြို့ ကော်လောစီယမ်တွင် နီကီ—အီလ် ဂျိုကို အေ လာ ဗီတိုရာ (“နိုက်ကီ—အားကစားပွဲနှင့် အောင်ပွဲ”) ဂရိအားကစားပွဲများနှင့်ဆိုင်သော ပြပွဲတစ်ခု ခင်းကျင်းပြသခဲ့သည်။ * ခင်းကျင်းပြသထားသည့်ပစ္စည်းများက အဆိုပါမေးခွန်းအတွက် အဖြေတချို့ပေးပြီး အားကစားပွဲများအပေါ် ခရစ်ယာန်တစ်ဦး၏အမြင်နှင့်စပ်လျဉ်း၍ စဉ်းစားစရာဖြစ်ပေါ်စေသည်။
ရှေးခေတ်ထူးခြားသောဓလေ့
ဂရိနိုင်ငံသည် အားကစားပွဲများ ဦးဆုံးပြုလုပ်သည့် ယဉ်ကျေးမှုနိုင်ငံ မဟုတ်ချေ။ သို့တိုင်၊ ဘီ.စီ.အီး. ရှစ်ရာစုခန့်က ဂရိကဗျာဆရာ ဟိုးမားသည် ထူးခြားသည့် စံနှုန်းများထားရှိ၍ အပြိုင်အဆိုင်စိတ်ဓာတ်ဖြင့် သက်ဝင်လှုပ်ရှားသော စစ်ဆင်ရေးပြောင်မြောက်မှုနှင့် ပြေးခုန်ပစ်တို့ကို အလွန်အမွှမ်းတင်သည့် လူ့ဘောင်အဖွဲ့ကို ဖော်ပြခဲ့သည်။ အစောဆုံး ဂရိအားကစားပွဲများကို သူရဲကောင်းအာဇာနည်များ၏ ဈာပနကိစ္စများတွင် နတ်ဘုရားများကိုဂုဏ်ပြုသည့်အနေနှင့် ဘာသာရေးပွဲများအဖြစ် စတင်ပြုလုပ်ခဲ့ကြကြောင်း အဆိုပါပြပွဲက ရှင်းလင်းဖော်ပြသည်။ ဥပမာ၊ ဂရိစာပေတွင် ရှေးအကျဆုံးဖြစ်၍ ယခုထက်တိုင်ရှိသော ဟိုးမား၏ Iliad လင်္ကာက အာခီလီးဇ်၏ အပေါင်းအဖော်များဖြစ်ကြသူ ရဲစွမ်းသတ္တိရှိစစ်သည်များသည် ပက်ထရိုကလာ့စ်၏ အသုဘအခမ်းအနားတွင် လက်နက်များ ချခဲ့ခြင်းအကြောင်းနှင့် သူတို့၏ရဲစွမ်းသတ္တိကို လက်ဝှေ့ထိုးခြင်း၊ နပန်းသတ်ခြင်း၊ သံပြားဝိုင်းနှင့် လှံတံပစ်ခြင်း၊ စစ်မြင်းရထားမောင်းပြိုင်ခြင်းတို့ဖြင့် ဖော်ပြခဲ့ခြင်းအကြောင်း ရေးသားဖော်ပြသည်။
အလားတူပွဲများကို ဂရိနိုင်ငံတစ်နိုင်ငံလုံး ကျင်းပလေတော့သည်။ ပြပွဲလက်စွဲစာအုပ်က ဤသို့ဆို၏– “ထိုအားကစားပွဲများသည် ဂရိတို့အတွက် အခြေခံအခွင့်အရေးတစ်ခုပေးသည်၊ သူတို့၏နတ်ဘုရားများကို လေးစားသည့်အနေနှင့် အတောမသတ်သည့် အကြမ်းဖက်ငြင်းခုံမှုများကို သူတို့စွန့်ပယ်ကြပြီး အပြိုင်အဆိုင်စိတ်ဓာတ်ကို ချိုးနှိမ်ကာ ငြိမ်းချမ်းရိုးသားစွာ ပြေးခုန်ကစားနိုင်ကြစေသည်။”
ပြေးခုန်ပစ်ပြိုင်ပွဲများအားဖြင့် ၎င်းတို့၏နတ်ဘုရားများအား ဂုဏ်ပြုရန် အများဝတ်ပြုရာနေရာများတွင် မှန်မှန်စုရုံးသည့်အလေ့ကို မြို့နယ်အလိုက်အုပ်စုဖွဲ့၍ ကျင်းပလေ့ရှိကြသည်။ အတန်ကြာလေသော်၊ ဇုသနတ်ဘုရားကို ရည်စူးကျင်းပသည့် အိုလံပစ်နှင့် နီမီယံအားကစားပွဲတော်၊ အပိုလိုနှင့် ပိုစေဒွန်နတ်ဘုရားတို့ကို ရည်စူးကျင်းပသည့် ပိုင်သီယံနှင့် အစ္စသမီယံပွဲတော်ဟူသော ဤပွဲတော်လေးခုသည် ဂရိလူမျိုးအားလုံးအတွက် အရေးပါသောပွဲတော်များစာရင်းတွင် ပါဝင်လာလေသည်။ ဆိုလိုသည်မှာ ဂရိနိုင်ငံရှိသူအားလုံး ၎င်းပွဲတော်များတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းဖြစ်သည်။ ဤပွဲတော်များတွင် ယဇ်ပူဇော်ခြင်းနှင့် ဆုတောင်းခြင်းတို့ပါဝင်သော်လည်း ပြောင်မြောက်စွာ အားကစားခြင်းဖြင့်ဖြစ်စေ၊ အနုပညာအစွမ်းပြခြင်းဖြင့်ဖြစ်စေ ယှဉ်ပြိုင်ကြခြင်းဖြင့် နတ်ဘုရားများကို ဂုဏ်ပြုကြ၏။
ထိုပွဲတော်များတွင် ရှေးအကျဆုံးနှင့် အကျော်ကြားဆုံးပွဲတော်ကို ဘီ.စီ.အီး. ၇၇၆ ခုနှစ်တွင် ကျင်းပခဲ့၍ အိုလင်ပီယာဒေသ၌ ဇုသနတ်ဘုရားကိုဂုဏ်ပြုရန် လေးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည်။ ဒုတိယအရေးပါသည့်ပွဲတော်မှာ ပိုင်သီယံပွဲတော်ဖြစ်လေသည်။ ရှေးခေတ်ကမ္ဘာ၏ အကျော်ကြားဆုံးနတ်ကွန်းနှင့်နီးသည့် ဒဲလ်ဖီမြို့တွင် ကျင်းပသော ဤပွဲတွင်လည်း ပြေးခုန်ပစ်ကစားကြသည်။ သို့သော် ကဗျာလင်္ကာနှင့် တေးဂီတတို့ကို အားပေးသူ၊ အပိုလိုနတ်ဘုရားကို ဂုဏ်ပြုသည့်အနေနှင့် တေးသီချင်းနှင့် အကကို အထူးအလေးပေးကြသည်။
ထူးခြားသည့် ပွဲစဉ်များ
ခေတ်သစ်ပြေးခုန်ပစ်အားကစားပွဲများနှင့် နှိုင်းယှဉ်ကြည့်ပါက ပွဲစဉ်အရေအတွက်ကို အတော်လေး ကန့်သတ်ထားရုံမက အမျိုးသားများသာ ပါဝင်ယှဉ်ပြိုင်ကြရ၏။ ရှေးအိုလံပစ်အားကစားပွဲ၏ အစီအစဉ်တွင် ပွဲစဉ်ဆယ်မျိုးထက် မကျော်ခဲ့ချေ။ ကော်လောစီယမ်တွင် ပြသထားသည့် နီညိုရောင်ပန်းအိုးကြီးများပေါ်ရှိ ရုပ်တုများ၊ ရုပ်ကြွများ၊ မှန်စီရွှေချလက်ရာများနှင့် ပန်းချီကားများသည် အဆိုပါပြိုင်ပွဲများကို ဖော်ပြထားသည်။
အလျားကိုက် ၂၂၀ ခန့်ရှိ အားကစားကွင်း; ယနေ့ခေတ်၏ အလျားကိုက် ၄၄၀ နှင့်ညီမျှသည့် ကွင်းနှစ်ပတ်ပြေးပွဲ; နှင့် အလျားကိုက် ၅,၀၀၀ ရှိ တာဝေးပြေးပွဲဟူ၍ ခရီးအကွာအဝေးသုံးမျိုးရှိ ခြေလျင်ပြေးပွဲများရှိသည်။ အားကစားသမားများသည် ကိုယ်လုံးတီး ပြေးပွဲဝင်ကြ၊ လေ့ကျင့်ကြ၏။ အားကစားငါးမျိုးပေါင်း ပြိုင်ပွဲဝင်သူများသည် အပြေး၊ အလျားခုန်၊ သံပြားဝိုင်းနှင့် လှံတံပစ်၊ နပန်းလုံးခြင်းတွင် ပါဝင်ယှဉ်ပြိုင်ကြရ၏။ အခြားပြိုင်ပွဲများတွင် လက်ဝှေ့ထိုးခြင်းနှင့် ပဲန်ကရေတီယမ်ခေါ် “လက်အိတ်မပါဘဲ လက်ဝှေ့ထိုးသတ် နပန်းလုံးသည့် ရက်စက်ကြမ်းကြုတ်သော အားကစားနည်း” ပါဝင်သည်။ ထို့နောက် အရွယ်ရောက်မြင်းနှစ်ကောင် သို့မဟုတ် လေးကောင်ဆွဲပြီး ဘီးသေးများတပ်ဆင်ထားသည့် ပေါ့ပါးသော နောက်ပွင့်လှည်းများနှင့် အားကစားကွင်းရှစ်ခု အကွာအဝေးကျော် မောင်းနှင်ရသည့် ပြိုင်ပွဲရှိသည်။
လက်ဝှေ့ထိုးခြင်းသည် အလွန်ပြင်းထန်ပြီး တစ်ခါတစ်ရံ အသက်ဆုံးရှုံးနိုင်၏။ ပြိုင်ပွဲဝင်သူတို့သည် အကြီးအကျယ်ထိခိုက်ဒဏ်ရာရစေနိုင်သည့် သံမှိုများထည့်မြှုပ်ထားသော သားရေအမာဖြင့် လက်သီးများကို ပတ်ထားလေ့ရှိကြသည်။ ယင်းကြောင့် စထရာတိုဖွန်တီအမည်ရှိ ပြိုင်ပွဲဝင်သူတစ်ဦးသည် လေးနာရီကြာ လက်ဝှေ့ထိုးပြီးသည့်နောက် မှန်ထဲတွင် မိမိရုပ်ကို မမှတ်မိတော့ခြင်းဖြစ်သည်။ လက်ဝှေ့သမားများသည် ရုပ်ပျက်ဆင်းပျက်ဖြစ်လာခဲ့ကြောင်း ရှေးခေတ်ရုပ်တုများနှင့် မှန်စီရွှေချလက်ရာများက ဖော်ပြသည်။
နပန်းလုံးရာတွင် ကိုယ်ခန္ဓာအပေါ်ပိုင်းကိုသာ ဆုပ်ကိုင်နိုင်သည့် စည်းမျဉ်းရှိပြီး မိမိ၏ပြိုင်ဘက်ကို မြေပြင်ပေါ် သုံးကြိမ် ဦးဆုံးလှဲချနိုင်သူက အနိုင်ရသူဖြစ်သည်။ ပဲန်ကရေတီယမ်ပြိုင်ပွဲတွင်မူ အဘယ်စည်းမျဉ်းကန့်သတ်ချက်မျှမရှိချေ။ ပြိုင်ပွဲဝင်သူများသည် ခြေဖြင့်ကန်ကျောက်ခြင်း၊ လက်သီးနှင့်ထိုးခြင်း၊ အရိုးအဆစ်များကို လိမ်ချိုးခြင်းတို့ ပြုနိုင်ကြသည်။ သို့သော် မျက်လုံးများထိုးဖောက်ခြင်း၊ ကုတ်ဖဲ့ခြင်းနှင့် ကိုက်ဖြတ်ခြင်းတို့ကိုကား မပြုလုပ်ကြရချေ။ ရည်ရွယ်ချက်မှာ ပြိုင်ဘက်ကို မလှုပ်နိုင်မရှားနိုင်အောင် မြေပေါ်လှဲချပြီး အရှုံးပေးစေရန်ဖြစ်သည်။ တချို့က ယင်းပြိုင်ပွဲကို “အိုလင်ပီယာပြိုင်ပွဲရှိရှိသမျှတို့တွင် ကြည့်ရအကောင်းဆုံး” ဟုသတ်မှတ်ကြ၏။
ရှေးအချိန်က အကျော်ကြားဆုံး ပဲန်ကရေတီယမ်ပြိုင်ပွဲမှာ ဘီ.စီ.အီး. ၅၆၄ ခုနှစ်က အိုလံပစ်ပြိုင်ပွဲတွင် နောက်ဆုံးပွဲစဉ်ဖြစ်သည်ဟု ဆိုကြသည်။ ထိုစဉ်က လည်မျိုညှစ်ခံနေရသည့် အာရာဟီအွန်သည် သတိရှိရှိဖြင့် မိမိပြိုင်ဘက်၏ ခြေချောင်းတစ်ခုကို အဆစ်ချိုးလိုက်သည်။ သူ၏ပြိုင်ဘက်သည် အလွန်နာကျင်သဖြင့် အာရာဟီအွန်မသေမီအချိန်လေးတွင် အညံ့ခံအရှုံးပေးလိုက်ရ၏။ သို့နှင့် ဒိုင်လူကြီးများက အာရာဟီအွန်၏အလောင်းကို အနိုင်ရသူအဖြစ် ကြေညာခဲ့ကြသည်!
စစ်မြင်းရထားမောင်းပြိုင်ပွဲသည် အကျော်ကြားဆုံးပြိုင်ပွဲဖြစ်ပြီး မျိုးရိုးကြီးမြတ်သူတို့အသိုင်းအဝိုင်းတွင် ရေပန်းအစားဆုံးလည်းဖြစ်သည်၊ အကြောင်းမှာ အနိုင်ရသူမှာ ရထားမောင်းသူမဟုတ်ဘဲ မြင်းရထားနှင့် မြင်းများကိုပိုင်ဆိုင်သူဖြစ်သည်။ ဤပြိုင်ပွဲတွင် အကျပ်တည်းဆုံးအချိန်များမှာ တာအစ၌ မြင်းရထားမောင်းသူများသည် သတ်မှတ်ထားသော လမ်းကြောင်းတွင် ရှိနေရခြင်းနှင့် ထိုထက်ကား လမ်းကြောင်းအဆုံးပိုင်းတွင်ရှိ တိုင်များကို ကွေ့ပတ်မောင်းရသည့်အချိန်များတွင်ဖြစ်သည်။ မှားသွားမည်၊ သို့မဟုတ် စည်းမျဉ်း ချိုးဖောက်လျှင် မတော်တဆဖြစ်မှုများ ပေါ်လာနိုင်စေရာ ဤအများကြိုက်ပြိုင်ပွဲကို ပို၍ပင် ရင်သပ်ရှုမောဖွယ်ဖြစ်စေ၏။
ဆု
တမန်တော်ပေါလုက “မြေတလင်း၌ ပြိုင်၍ပြေးကြသောသူ အပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း၊ တစ်ယောက်တည်းသာလျှင် ဆုကိုရသည်” ဟုဆိုခဲ့၏။ (၁ ကောရိန္သု ၉:၂၄) အနိုင်ရခြင်းသည် အဓိကဖြစ်၏။ ငွေတံဆိပ်၊ ကြေးတံဆိပ်မရှိ၊ ဒုတိယ သို့မဟုတ် တတိယဆုလည်း မရှိချေ။ “အားကစားသမားတစ်ဦး၏ အဆုံးစွန်ပန်းတိုင်မှာ အောင်ပွဲခံခြင်း၊ ‘နိုက်ကီ’ သာဖြစ်သည်” ဟု ထိုပြပွဲက ရှင်းပြသည်။ “အောင်ပွဲခံ အနိုင်ရမှသာ ထိုသူ၏ ရုပ်ပိုင်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်စရိုက်လက္ခဏာအစစ် ထင်ရှားမည်ဖြစ်ရာ သူ၏မွေးရပ်ဌာနေမြို့အတွက် ဂုဏ်ယူစရာဖြစ်ပေမည်။” ထိုစိတ်ထားကို ဟိုးမား၏ သံပိုင်းမော်ကွန်းကဗျာမှ စာကြောင်းတစ်ခုက ဤသို့အကျဉ်းချုံးဖော်ပြသည်– “အမြဲထူးချွန်ဖို့ တတ်လာပြီ။”
ပဲန်ဟဲလန်နစ်ခ်အားကစားပွဲတော်များတွင် အနိုင်ရသူအား ချီးမြှင့်သည့်ဆုမှာ သစ်ရွက်သရဖူ သက်သက်သာဖြစ်၏။ ပေါလုက ယင်းကို “ညှိုးနွမ်းပျက်စီးတတ်သော [သရဖူ]” ဟုခေါ်ဆိုထားသည်။ (၁ ကောရိန္သု ၉:၂၅) သို့တိုင်၊ အဆိုပါဆုသည် အလွန်လေးနက်သောအဓိပ္ပာယ်ဆောင်၏။ ယင်းသည် သဘာဝစွမ်းအားကို ကိုယ်စားပြုပြီး အနိုင်ရသူအပေါ် ၎င်း၏အစွမ်းတန်ခိုး ပေးအပ်သည်။ တစ်စိုက်မတ်မတ် ဇွဲရှိရှိကြိုးစားသည့်အတွက် အောင်ပွဲခံခြင်းက နတ်ဘုရားများ၏ မျက်နှာသာရခြင်းဖြစ်သည်။ အနိုင်ရသူအား သရဖူပေးသည့် နိုက်ကီခေါ် အောင်ပွဲခံခြင်း၏ တောင်ပံပါ ဂရိနတ်ဘုရားမကို ရှေးခေတ် ပန်းပုဆရာများနှင့် ပန်းချီဆရာများ မည်သို့ပုံဖော်ကြကြောင်းကို ပြသထားသောပစ္စည်းများက တင်ပြသည်။ အိုလင်ပီယာပွဲတော်၌ အောင်ပွဲရရှိခြင်းသည် အားကစားသမားတစ်ဦး၏ အသက်မွေးလုပ်ငန်းတွင် အထွတ်အထိပ်ဖြစ်သည်။
အိုလံပစ်သရဖူများကို သံလွင်ပင်အရိုင်း၏ အခက်များဖြင့် ပြုလုပ်ထားပြီး အစ္စသမီယံပွဲတော်၏သရဖူကို ထင်းရှူးခက်၊ ပိုင်သီယံပွဲတော်၏သရဖူကို လော်ရယ်လ်ခက်၊ နီမီယံပွဲတော်၏သရဖူကို တရုတ်နံနံအရိုင်းမျိုးဖြင့် ပြုလုပ်လေ့ရှိကြသည်။ အခြားနေရာများတွင် အားကစားပွဲတော်များကို စီစဉ်ပေးသူတို့က အတော်ဆုံးပြိုင်ပွဲဝင်သူများကို မက်လုံးအဖြစ် ငွေကြေး သို့မဟုတ် အခြားဆုများပေးကြသည်။ ထိုပြပွဲ၌ ပြသထားသော ကရားအိုးအတော်များများသည် အသီနာနတ်ဘုရားမကို ဂုဏ်ပြုသည့်အနေနှင့် အေသင်မြို့တွင်ကျင်းပခဲ့သော ပဲန်အေသနိတ်အားကစားပွဲတော်များတွင် ဆွတ်ခူးခဲ့သည့် ဆုများဖြစ်ကြသည်။ မူလအစက အဆိုပါရောမကရားများတွင် အတီကာဒေသထွက် သံလွင်ဆီထည့်တတ်ကြ၏။ ထိုကရားများမှ ကရားတစ်ခု၏ မျက်နှာတစ်ဖက်တစ်ချက်တွင် နတ်ဘုရားမပုံပါပြီး “အသီနာပြိုင်ပွဲများအတွက် ဆု” ဟူသည့်စာတန်း ရေးထိုးထားသည်။ အခြားတစ်ဖက်တွင်မူ ဆုရသူ အားကစားသမား အနိုင်ရခဲ့သည့် အားကစားပွဲပုံဖြစ်မည့် ရုပ်ပုံကို ရေးဆွဲထားသည်။
ဂရိမြို့ကြီးများသည် ၎င်းတို့၏အားကစားသမားများ အောင်ပွဲခံခဲ့ခြင်းကြောင့် ကျော်ကြားလာကြသည်၊ ထိုအောင်ပွဲခံ အားကစားသမားများသည် ၎င်းတို့၏မြို့သားများအလယ်တွင် သူရဲကောင်းများဖြစ်သွားကြလေသည်။ ယင်းအောင်ပွဲခံသူများ ပြန်ရောက်လာသည့်အခါ အောင်ပွဲခံပွဲလမ်းသဘင်ဖြင့် ကြိုဆိုလေ့ရှိကြ၏။ နတ်ဘုရားများကို ကျေးဇူးတင်သည့် အထိမ်းအမှတ်အနေနှင့် ကြေးရုပ်၊ ကျောက်ရုပ်များ စိုက်ထူကြ၏—လူတို့ကိုဂုဏ်ပြုသည့်အနေနှင့် ပြုလုပ်လေ့မရှိကြချေ—ကဗျာဆရာများကလည်း ၎င်းတို့၏ ရဲစွမ်းသတ္တိကို သီကုံးစပ်ဆိုခဲ့ကြသည်။ ၎င်းနောက် အနိုင်ရသူများကို ပွဲလမ်းသဘင်အခမ်းအနားများတွင် ဦးစားပေးချီးမြှောက်ကြပြီး ပြည်သူလူထု၏ အခွန်ငွေဖြင့် ပင်စင်လစာများပေးလေ့ရှိ၏။
အားကစားရုံများနှင့် ၎င်းတို့၏အားကစားသမားများ
နိုင်ငံသား–စစ်သည် ဖွံ့ဖြိုးတိုးတက်စေရေးတွင် အားကစား၌ယှဉ်ပြိုင်ခြင်းသည် မရှိမဖြစ်လိုအပ်ချက်တစ်ခုဟု ယူမှတ်ကြသည်။ ဂရိမြို့ကြီးအားလုံးတွင် အားကစားရုံကိုယ်စီရှိကြ၏၊ ထိုတွင် လူငယ်များကို ကိုယ်ကာယသင်တန်းများပို့ချသည်၊ ဉာဏ်ပညာပိုင်းနှင့် ဘာသာရေးစည်းကမ်းနည်းလမ်းတို့ကိုလည်း သင်ကြားပေးလေ့ရှိ၏။ အားကစားရုံအဆောက်အအုံများကို ကိုယ်လက်လှုပ်ရှားကစားနိုင်သည့် ကွင်းပြင်ကြီးများပတ်လည်တွင် ဆောက်ထားလေ့ရှိသည်၊ ယင်းကို စာကြည့်တိုက်များနှင့် စာသင်ခန်းများအဖြစ်အသုံးပြုသည့် အခြားအမိုးအကာပါသောအခန်းများနှင့် ဆင်ဝင်ဆောင်များ ဝိုင်းရံထားသည်။ ဤအဆောက်အအုံများသို့ အလုပ်ထက် ပညာရေးကို အချိန်ပိုပေးနိုင်ကြသည့် ချမ်းသာကြွယ်ဝသောမိသားစုများမှ လူငယ်များ လာရောက်ကျက်စားလေ့ရှိသည်။ ဤတွင် အားကစားသမားများသည် ဓာတ်စာများနှင့် လိင်ကိစ္စရှောင်ကြဉ်မှုကို သတ်မှတ်ပေးသည့် သင်တန်းဆရာများ၏အကူအညီဖြင့် အားကစားပွဲတော်များအတွက် ကာလအတန်ကြာ အပူတပြင်း လေ့ကျင့်ပြင်ဆင်ကြသည်။
ကော်လောစီယမ်ပြပွဲတွင် ရှေးခေတ် ရောမနှင့် ဂရိ အားကစားသမားများကို ပုံဖော်ထားသည့် ပန်းပုလက်ရာများတွေ့ရှိရသည်။ ရှေးခေတ်ဂရိအတွေးအမြင်စနစ်တွင် ကိုယ်ခန္ဓာချောမောပြေပြစ်မှုသည် ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် တန်းတူဖြစ်ရကား မင်းမျိုးမင်းနွယ်၏ သီးသန့်ပိုင်ဆိုင်ရာဖြစ်သောကြောင့် အောင်ပွဲရ အားကစားသမားများ၏ အချိုးအစားပြေပြစ်သည့် ကိုယ်ခန္ဓာများသည် အတွေးအခေါ်ပိုင်းဆိုင်ရာစံကို ကိုယ်စားပြုပေသည်။ ရောမလူမျိုးသည် ထိုပန်းပုလက်ရာများကို အနုပညာလက်ရာအဖြစ် တန်ဖိုးထားကြရာ အားကစားကွင်းများ၊ ရေချိုးကန်များ၊ မြေပိုင်ရှင်အိမ်များနှင့် နန်းတော်များတွင် အလှဆင်ယင်ထားလေ့ရှိ၏။
ရောမလူမျိုးသည် ကြမ်းတမ်းသောဖျော်ဖြေမှုကို အမြဲလိုလားကြသည်ဖြစ်ရာ ရောမမြို့တွင်ကျင်းပသည့် ဂရိပြိုင်ပွဲများမှ လက်ဝှေ့၊ နပန်းနှင့် ပဲန်ကရေတီယမ်ပြိုင်ပွဲများသည် လူကြိုက်အများဆုံးဖြစ်သည်။ ရောမလူမျိုးသည် ထိုသို့သောအားကစားပွဲများကို ဂုဏ်ရည်တူသူချင်း ရဲစွမ်းသတ္တိယှဉ်ပြိုင်မှုအဖြစ်မဟုတ်ဘဲ ဖျော်ဖြေမှုသက်သက်အဖြစ် ယူမှတ်ခဲ့ကြ၏။ အားကစားပွဲတွင် လက်ရွေးစင် စစ်သည်-အားကစားသမားများ စုပေါင်းပါဝင်ယှဉ်ပြိုင်ခြင်းသည် ၎င်းတို့၏ပညာရေး တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟူသော မူလယူဆချက်ကို စွန့်လွှတ်လိုက်ကြသည်။ ယင်းအစား၊ ရောမလူမျိုးသည် ဂရိအားကစားပွဲများကို ရေမချိုးမီ ကျန်းမာရေးအတွက် ပြုလုပ်သော ကိုယ်လက်လှုပ်ရှားမှုအဖြစ်၊ သို့မဟုတ် ဂလေဒီယေတာသတ်ပုတ်ပွဲများတွင်ကဲ့သို့ အဆင့်အတန်းနိမ့် ကြေးစားများ ကစားသော အားကစားပွဲတစ်ခုအဖြစ်သာ ယူမှတ်ကြလေသည်။
ခရစ်ယာန်များနှင့် အားကစားပွဲတော်များ
ဘာသာရေးနှင့်နှီးနွှယ်နေသည့် အားကစားပွဲတော်များဖြစ်နေခြင်းကြောင့် ယင်းကို ပထမရာစုခရစ်ယာန်များ ရှောင်ကြဉ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်၊ အကြောင်းမှာ “ဘုရားသခင်၏ [ဝတ်ပြုရာအိမ်တော်] သည် ရုပ်တုတို့နှင့် အဘယ်သို့ စပ်ဆိုင်ရမည်နည်း။” (၂ ကောရိန္သု ၆:၁၄၊ ၁၆) ယခုခေတ် အားကစားပွဲများကော အသို့နည်း။
မျက်မှောက်ခေတ် အားကစားပွဲများသည် အယူမှားနတ်ဘုရားများကို ဂုဏ်မပြုသည်မှာ သိသာပါသည်။ သို့တိုင်၊ ရှေးခေတ်လူများနည်းတူ တချို့အားကစားပွဲများကို ဘာသာရေးစိတ်အားထက်သန်မှုဖြင့် လိုက်စားနေကြသည်မဟုတ်ပေလော။ ထို့အပြင်၊ လွန်ခဲ့သောနှစ်အနည်းငယ်က ဖော်ပြခဲ့သည့် သတင်းများအရ အားကစားသမားအချို့သည် အနိုင်ရရှိရေးအတွက် ၎င်းတို့၏ကျန်းမာရေးနှင့် အသက်ကိုပင် အန္တရာယ်ပြုသည့် စွမ်းအားတိုးဆေးဝါးများကို သုံးဆောင်နေကြ၏။
ခရစ်ယာန်များအတွက်မူ ကာယရေးအောင်မြင်မှုသည် တန်ဖိုးမရှိချေ။ “မထင်မရှားဖြစ်သော စိတ်နှလုံး၏အတွင်းလူဖြစ်” သည့် ဝိညာဉ်ရေးအရည်အသွေးများကသာ ကျွန်ုပ်တို့ကို ဘုရားသခင့်အမြင်တွင် လှပတင့်တယ်စေ၏။ (၁ ပေတရု ၃:၃၊ ၄၊ သမ္မာ) ယနေ့ အားကစားပွဲများ၌ ပါဝင်ယှဉ်ပြိုင်သူအားလုံးတွင် ခက်ထန်ကြမ်းတမ်းသည့် အပြိုင်အဆိုင် စိတ်ဓာတ်မရှိသည်မှန်သော်လည်း အများစုတွင်မူ ထိုစိတ်ဓာတ်ရှိကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုကြရမည်။ ထိုသူတို့နှင့်ပေါင်းသင်းခြင်းက ‘ငြင်းခုံခြင်း၊ ကိုယ်ကျိုးကြည့်ခြင်းတို့ကို စွန့်ပယ်၍ စိတ်နှိမ့်ချခြင်းရှိ’ ပါဟူသော ကျမ်းစာတိုက်တွန်းချက်ကို လိုက်လျှောက်စေပါမည်လော။ ထိုသို့သောပေါင်းသင်းမှုက “ရန်ငြိုးဖွဲ့ ခြင်း၊ ရန်တွေ့ ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း” ရှိစေနိုင်မည်မဟုတ်လော။—ဖိလိပ္ပိ ၂:၃; ဂလာတိ ၅:၁၉-၂၁။
မျက်မှောက်ခေတ် အသင်းနှစ်သင်းတွေ့ဆုံယှဉ်ပြိုင်ရသည့် အားကစားပွဲများသည် အကြမ်းဖက်လာစရာအကြောင်းရှိစေသည်။ ထိုသို့သောအားကစားပွဲများကို စွဲလမ်းသူ မည်သူမဆိုသည် ဆာလံ ၁၁:၅၊ [သမ္မာ] ပါစကားများကို အမှတ်ရသင့်၏– “ထာဝရဘုရား [သခင်] သည် ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူ၍ ဆိုးသောသူနှင့် ကြမ်းကြုတ်ခြင်းနှစ်သက်သောသူကို မုန်းတော်မူ၏။”
အတော်အသင့် ကိုယ်လက်လှုပ်ရှားကစားခြင်းက ပျော်ရွှင်စရာကောင်းပြီး တမန်တော်ပေါလုပြောသကဲ့သို့ “ကိုယ်ကာယ . . . လေ့ကျင့်ခြင်းသည် အနည်းငယ်သောအကျိုးကိုပေးတတ်၏။” (၁ တိမောသေ ၄:၇-၁၀၊ သမ္မာ) သို့သော် ဂရိအားကစားပွဲတော်များအကြောင်း ပေါလုပြောဆိုသည့်အခါ ခရစ်ယာန်များတွင် ချုပ်တည်းခြင်းနှင့် ခံနိုင်ရည်အစရှိသော အရည်အသွေးများရှိဖို့ အရေးကြီးကြောင်း ဥပမာပေးရန် ယင်းတို့ကို သင့်လျော်စွာ ရည်ညွှန်းခဲ့ခြင်းသာဖြစ်ပေသည်။ အခြားအရာအားလုံးတို့ထက် ပေါလုရယူရန် ကြိုးပမ်းနေသည့် ပန်းတိုင်မှာ ဘုရားသခင်ပေးသနားသည့် ထာဝရအသက် ‘သရဖူ’ ဖြစ်သည်။ (၁ ကောရိန္သု ၉:၂၄-၂၇; ၁ တိမောသေ ၆:၁၂) ထိုတွင် သူသည် ကျွန်ုပ်တို့အတွက် ပုံသက်သေကောင်းဖြစ်၏။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 နီကီဟူသည် “အောင်ပွဲ” ကိုဆိုလိုသည့် ဂရိစကားလုံးဖြစ်၏။
[စာမျက်နှာ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
လက်ဝှေ့သမား ပွဲပြီးသောအခါ
ဘီ.စီ.အီး. လေးရာစုမှ ဤကြေးရုပ်က ရှေးခေတ်လက်ဝှေ့ထိုးခြင်း၏ ဆိုးကျိုးများကို ဖော်ပြသည်၊ ရောမပြပွဲကက်တလောက်အရ “‘ဒဏ်ရာအတွက် ဒဏ်ရာ’ ရစေခြင်းကို စံပြအဖြစ် အမွှမ်းတင်ထားသည်။” “ယခင်ထိုးသတ်ပွဲများမှ အမာရွတ်ဟောင်းများတွင် မကြာမီကပွဲမှ ဒဏ်ရာသစ်များ ထပ်တိုး” ဟု စာတန်းထိုးဖော်ပြထားသည်။
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ရှေးခေတ်ပြိုင်ပွဲများတွင် စစ်မြင်းရထား မောင်းပြိုင်ပွဲသည် နာမည်အကြီးဆုံးပြိုင်ပွဲဖြစ်
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
ရှေးခေတ်ပန်းချီပညာရှင်များသည် နိုက်ကီကို အောင်နိုင်သူအား သရဖူဆုပေးသည့် အောင်ပွဲ၏ တောင်ပံပါနတ်ဘုရားမဟု စိတ်ကူးတွင်မြင်ယောင်ခဲ့ကြ