စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
၁ ဓမ္မရာဇဝင် ၁၉:၁၂၊ ၁၃ တွင်ဖော်ပြထားသည့်အတိုင်း ယေဟောဝါ၏ တည်ကြည်သောကျေးကျွန်ဖြစ်သူ ဒါဝိဒ်သည် သူ၏ဇနီးမိခါလအား တေရပ်ရုပ်တုတစ်ခု အဘယ်ကြောင့်ထားခွင့်ပြုသနည်း။
ဦးဆုံး ရှေ့နောက်စကားကို ခဏသုံးသပ်ကြည့်ကြစို့။ ဘုရင်ရှောလုသည် ဒါဝိဒ်ကိုသတ်ရန် ကြံစည်နေသည်ဟု ဒါဝိဒ်၏ဇနီးကြားသည့်အခါ သူသည် ချက်ချင်းဤသို့ပြုခဲ့ကြောင်း သမ္မာကျမ်းစာဆို၏– “ဒါဝိဒ်မယားမိခါလက . . . ဒါဝိဒ်ကို ပြတင်းပေါက်မှလျှော့ချ၍ သူသည် အလွတ်ထွက်ပြေးလေ၏။ မိခါလသည်လည်း [လူတစ်ဦး၏အရွယ်၊ ပုံသဏ္ဌာန်ရှိပုံရသော] တေရပ်ရုပ်တုကိုယူ၍ ခုတင်ပေါ်မှာထားပြီးလျှင် ဆိတ်မွေးဖြင့်ရက်သောကုလားကာနှင့် ခေါင်းရင်းရှေ့၌ကာ၍ စောင်နှင့်ခြုံလေ၏။” ဒါဝိဒ်ကိုဖမ်းရန် ရှောလု၏လုလင်များ ရောက်ရှိလာသောအခါ မိခါလက “ဒါဝိဒ်နာ၍နေပါသည်” ဟုပြောခဲ့သည်။ ဤဉာဏ်ဆင်မှုကြောင့် ဒါဝိဒ်သည် ထွက်ပြေးဖို့အချိန်ရခဲ့သည်။—၁ ဓမ္မရာဇဝင် ၁၉:၁၁-၁၆။
ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိချက်များအရ ရှေးအချိန်က တေရပ်ရုပ်တုများကို ဝတ်ပြုကိုးကွယ်မှုအတွက်သာမဟုတ်ဘဲ တရားဥပဒေကိစ္စများအတွက်လည်း အသုံးပြုကြောင်း သိရှိရသည်။ ယနေ့ ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းများနှင့် သေတမ်းစာတို့သည် အမွေပိုင်ဆိုင်ခွင့်ကို သတ်မှတ်ပေးသကဲ့သို့ပင် ရှေးအချိန်က တေရပ်ရုပ်တုများသည်လည်း အလားတူပင်ဖြစ်သည်။ အခြေအနေတချို့တွင် တေရပ်ရုပ်တုပိုင်ဆိုင်ထားခြင်းဖြင့် ကွယ်လွန်သွားသော ယောက္ခမယောက်ျားသူ၏ အမွေကို သမက်က သိမ်းပိုင်ခွင့်ရှိပုံရသည်။ ယင်းကြောင့် အစောပိုင်းအဖြစ်အပျက်တစ်ခုတွင် ရာခေလသည် သူ့ဖခင်၏ တေရပ်ရုပ်တုကို ယူသွားခဲ့ခြင်းဖြစ်ပြီး သူ့ဖခင်သည်လည်း ယင်းကိုပြန်ရရန် စိတ်စောခဲ့ရခြင်းဖြစ်နိုင်သည်။ ထိုအချိန်က ရာခေလ၏ခင်ပွန်း၊ ယာကုပ်သည် သူ့ဇနီးပြုလုပ်ခဲ့ရာကို မသိလိုက်ပါ။—ကမ္ဘာဦး ၃၁:၁၄-၃၄။
ဣသရေလလူမျိုးသည် လူမျိုးတစ်မျိုးဖြစ်လာသောအခါ ပညတ်တော်ဆယ်ပါး ရရှိခဲ့ပြီး ယင်း၏ဒုတိယပညတ်တွင် ရုပ်ပုံပြုလုပ်ခြင်းကို သတ်သတ်မှတ်မှတ် တားမြစ်ထားသည်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅) နောက်ပိုင်းတွင် ပရောဖက်ရှမွေလက ဘုရင်ရှောလုနှင့် စကားပြောရာတွင် ထိုပညတ်ကို ရည်ညွှန်းပြောဆိုခဲ့သည်။ သူဤသို့ပြောခဲ့၏– “ငြင်းဆန်သောသဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့လည်းကောင်း၊ ခိုင်မာသောသဘောသည် ဗေဒင်တန်ဆာ [“နှင့် တေရပ်ရုပ်၊” ကဘ] ကိုသုံးခြင်းကဲ့သို့လည်းကောင်း အပြစ်ကြီး၏။” (၁ ဓမ္မရာဇဝင် ၁၅:၂၃) ယင်းကြောင့် ဣသရေလနိုင်ငံတွင် တေရပ်ရုပ်တုကို အမွေဆက်ခံခြင်းအတွက် အသုံးပြုခဲ့ပုံမရပါ။ မည်သို့ပင်ဆိုစေ ရှေးဂျူးလူမျိုး၏ အစွဲအလမ်းကြီးမှုကြောင့် ဣသရေလအိမ်ထောင်တချို့တွင် တေရပ်ရုပ်တုကို ဆက်ထားခဲ့ပုံရသည်။ (တရားသူကြီး ၁၇:၅၊ ၆; ၄ ဓမ္မရာဇဝင် ၂၃:၂၄) မိခါလသည် တေရပ်ရုပ်တုတစ်ခု ပိုင်ဆိုင်ခြင်းက သူ၏စိတ်နှလုံးသည် ယေဟောဝါရှေ့ စုံလင်ခြင်းမရှိကြောင်း တင်ပြသည်။ ဒါဝိဒ်သည် မိခါလ၌ တေရပ်ရုပ်တုရှိကြောင်း မသိခြင်းဖြစ်ပေမည်၊ သို့မဟုတ် မိခါလသည် ဘုရင်ရှောလု၏သမီးဖြစ်သောကြောင့် ယင်းကိုခွင့်ပြုခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
ဒါဝိဒ်သည် ယေဟောဝါအား အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုကြောင်း ဤစကားများက ဖော်ပြသည်– ‘ထာဝရဘုရားသခင်သည် ကြီးမြတ်၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ဘုရားသခင်တကာတို့ထက် ကြောက်ရွံ့ ဖွယ်ဖြစ်တော်မူ၏။ တစ်ပါးအမျိုးသားတို့၏ ဘုရားသခင်ရှိသမျှတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ ထာဝရဘုရားသခင်မူကား မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။’—၁ ရာဇဝင်ချုပ် ၁၆:၂၅၊ ၂၆။
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ပညတ်တော်ဆယ်ပါးမှ ဒုတိယပညတ်သည် ဤတွင်ဖော်ပြထားသည့် တေရပ်ရုပ်ကဲ့သို့သော ရုပ်ပုံများ ပြုလုပ်ခြင်းကို တားမြစ်
[Credit Line]
From the book The Holy Land, Vol. II, 1859