ပြုလုပ်သင့်သလော၊ မပြုလုပ်ဘဲနေသင့်သလော
ပြုလုပ်သင့်သလော၊ မပြုလုပ်ဘဲနေသင့်သလော
“သင့်ကို သူတစ်ပါးမပြုစေလိုသောအရာကို သူတစ်ပါးအားမပြုနှင့်။” ဤကျင့်ဝတ်ဆိုင်ရာအခြေခံမူကို နာမည်ကျော်ကြားသူ တရုတ်ဆရာကြီး၊ အတွေးအခေါ်ပညာရှင် ကွန်ဖြူးရှပ်က ပြောခဲ့သည်ဆို၏။ နှစ်ပေါင်း ၂,၅၀၀ နီးပါးမျှ ကြာခဲ့ပြီဖြစ်သော်လည်း အခြားသူများအား ထိခိုက်နစ်နာစေသည့် အရာမှန်သမျှကိုရှောင်ခြင်းသည် ကိုယ်ကျင့်တရားစောင့်စည်းခြင်းဖြစ်၏ဟု ယနေ့ လူများစွာ ယုံကြည်နေကြဆဲရှိသည်။
ကွန်ဖြူးရှပ်၏ အမူအကျင့်ဆိုင်ရာ ယင်းအဆိုသည် အထိုက်အလျောက် အကျိုးရှိသည်။ သမ္မာကျမ်းစာမူကား လူတို့၏အပြုအမူနှင့် ပေါင်းသင်းဆက်ဆံရေးအတွက် အခြားရှုထောင့်တစ်ခုကို ဖော်ပြသည်။ လူအချင်းချင်း ပြစ်မှားခြင်းဟု ခေါ်ဆိုနိုင်သည့် အချင်းချင်းအား အမှားပြုလုပ်ခြင်းအပြစ်အပြင် မပြုခြင်းကြောင့် အပြစ်ဖြစ်သည့်အကြောင်းကို သမ္မာကျမ်းစာဖော်ပြ၏။ ခရစ်တော်၏တပည့် ယာကုပ်က ဤသို့ရေးသားခဲ့၏– “ကောင်းသောအကျင့်ကိုသိလျက် မကျင့်ဘဲနေသောသူသည် အပြစ်ရှိ၏။” (ယာကုပ် ၄:၁၇) ခရစ်ယာန်များသည် သူတစ်ပါးအပေါ် မကောင်းမှုမပြုရန်သာ သွန်သင်မည့်အစား ယေရှုခရစ်က ဤသို့ဆုံးမသည်– “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့။”—မဿဲ ၇:၁၂။
ဘုရားသခင်၏ မူလရည်ရွယ်ချက်မှာ လူအပေါင်းတို့သည် မိမိတို့အား ပြုမူစေလိုသည့်အတိုင်း အချင်းချင်း ပြုမူဆက်ဆံကြရန်ဖြစ်သည်။ ကိုယ်တော်သည် သူတစ်ပါးအကျိုးကို လိုလားကြောင်းပြသရာတွင် အကောင်းဆုံးပုံသက်သေဖြစ်၏၊ လူကို ဖန်ဆင်းထားပုံ၌ ၎င်းကို တွေ့ရှိရ၏– “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်း” တော်မူ၏။ (ကမ္ဘာဦး ၁:၂၇) ဆိုလိုသည်မှာ ဘုရားသခင်သည် ကိုယ်ကိုကိုယ်သိသောစိတ်ကို လူတို့တွင် မေတ္တာပါစွာထည့်သွင်းပေးထားတော်မူရာ ယင်းကို ကောင်းစွာလေ့ကျင့်ပေးသည့်အခါ မိမိတို့အား ဆက်ဆံစေလိုသည့်နည်းအတိုင်း သူတစ်ပါးကိုဆက်ဆံရန် ယင်းက ဦးဆောင်လမ်းပြပေးမည်ဖြစ်သည်။
ယနေ့ လူများစွာသည် ထောက်ထားစာနာမှုမရှိ၊ တစ်ကိုယ်ကောင်းဆန်သူတို့ကြောင့် လွတ်မြောက်ရာလမ်းမတွေ့ဘဲ အကြီးအကျယ်စိတ်ဆင်းရဲနေကြရလေသည်။ ထို့ကြောင့် သူတစ်ပါးကို ထိခိုက်နစ်နာစေမည့်အရာများကို မပြုဘဲနေရုံဖြင့် မလုံလောက်ပါ၊ သူတစ်ပါးအကျိုးဆောင်ဖို့လိုကြောင်း ထင်ရှားသည်။ ယင်းကြောင့် ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာတွင်တွေ့ရှိရသည့် အလွန်ကောင်းသောမျှော်လင့်ချက်အကြောင်း သူတစ်ပါးသိရှိလာစေရန် အပြုသဘောပါပါ စေတနာရှိရှိ ကူညီပေးနေကြ၏။ သမ္မာကျမ်းစာပါ သတင်းကောင်းကို အိမ်နီးချင်းများအား သွားပြောပြကြရာတွင် သူတို့သည် မိမိတို့အားပြုစေလိုသည့်အတိုင်း သူတစ်ပါးအား မေတ္တာပါပါ ပြုနေကြခြင်းဖြစ်သည်။