သင့်အခြေအနေက သင့်ဘဝကို ထိန်းချုပ်သလော
သင့်အခြေအနေက သင့်ဘဝကို ထိန်းချုပ်သလော
ဤ“ခဲယဉ်းသောကာလ” တွင် စိတ်ထိခိုက်စရာ အခြေအနေများ၊ ပြဿနာများ ဖြစ်စမြဲပင်။ (၂ တိမောသေ ၃:၁) ပြဿနာတချို့သည် ခဏသာကြုံရပြီး နောက်ဆုံး ပြီးဆုံးသွား၏။ အခြားပြဿနာများမူ လနှင့်ချီ၊ နှစ်နှင့်ချီ ကြာတတ်၏။ ယင်းကြောင့် ယေဟောဝါထံ ဤသို့ကြွေးကြော်ခဲ့သော ဆာလံဆရာဒါဝိဒ်ကဲ့သို့ လူအများ ခံစားကြရပေမည်– “အကျွန်ုပ်စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာပေး၍ အမှုများထဲက ကယ်နုတ်တော်မူပါ။”—ဆာလံ ၂၅:၁၇။
သင်သည် မခံမရပ်နိုင်အောင် ကြီးမားသည့် ပြဿနာများနှင့် ရင်ဆိုင်နေရပါသလော။ သို့ဆိုလျှင် သမ္မာကျမ်းစာမှ သင်အကူအညီရ၍ အားရှိလာနိုင်ပေမည်။ အခက်အခဲပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည့် ယေဟောဝါ၏ တည်ကြည်သောကျေးကျွန်နှစ်ဦးဖြစ်သည့် ယောသပ်နှင့် ဒါဝိဒ်တို့အကြောင်း သုံးသပ်ကြည့်ကြစို့။ အခက်အခဲပြဿနာများကို သူတို့ ကိုင်တွယ်ဖြေရှင်းခဲ့ပုံကိုကြည့်ပြီး ထပ်တူအခြေအနေများကို ကျွန်ုပ်တို့လည်း ယနေ့ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ လက်တွေ့ကျသင်ခန်းစာများရရှိနိုင်ပေမည်။
ကြီးမားသောစိန်ခေါ်ချက်များ ရင်ဆိုင်ခဲ့ရ
ယောသပ် ၁၇ နှစ်အရွယ်တွင် မိသားစုအတွင်း ပြဿနာကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဖခင်ဖြစ်သူ ယာကုပ်သည် “မိမိသားအပေါင်းတို့တွင် ယောသပ်ကို သာ၍ချစ်ကြောင်း” သူ၏အစ်ကိုများ တွေ့ရှိလာ၏။ ထို့ကြောင့် “[အစ်ကိုတို့သည်] သူ့ကိုမုန်း၍ မေတ္တာစကားကို သူ့အားမပြောနိုင်ကြ” ချေ။ (ကမ္ဘာဦး ၃၇:၄) ထိုအခြေအနေမျိုးတွင် ယောသပ်ခံစားရမည့် စိုးရိမ်ပူပန်မှုနှင့် ဖိစီးမှုကို မြင်ယောင်ကြည့်ပါ။ နောက်ဆုံး ယောသပ်အစ်ကိုတို့သည် သူ့ကို ကျွန်အဖြစ်ရောင်းလိုက်သည့်အထိပင် မုန်းတီးခဲ့သည်။—ကမ္ဘာဦး ၃၇:၂၆-၃၃။
အီဂျစ်ပြည်တွင် ကျွန်ခံနေရစဉ် သူ့သခင်၏ဇနီးက အကျင့်ယိုယွင်းဖို့ မြှူဆွယ်၏၊ ယင်းကို ယောသပ်ငြင်းပယ်ခဲ့သည်။ ထိုအခါ သူ၏သခင်မသည် ငြင်းပယ်ခံရသဖြင့် အမျက်ထွက်ကာ မိမိအား မတော်မတရားပြုကျင့်ရန် ယောသပ်ကြိုးစားခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲလေသည်။ သို့ဖြစ်၍ ယောသပ်ကို “ထောင်ထဲမှာလှောင်ထား” ပြီး “ခြေချင်းခတ်၍ သံနှင့်ညှဉ်းဆဲကြ၏။” (ကမ္ဘာဦး ၃၉:၇-၂၀; ဆာလံ ၁၀၅:၁၇၊ ၁၈) အမှန်တကယ်ခံရခက်ပေမည်! ယောသပ်သည် သူ၏မိသားစုအပါအဝင် အခြားသူများ၏ မတရားသဖြင့်ပြုမှုကြောင့် ၁၃ နှစ်နီးပါး ကျွန်ဘဝ၊ အကျဉ်းသားဘဝ ရောက်ခဲ့ရသည်။—ကမ္ဘာဦး ၃၇:၂; ၄၁:၄၆။
ရှေးဣသရေလနိုင်ငံမှ ဒါဝိဒ်သည်လည်း လူငယ်ဘဝတွင် စမ်းသပ်မှုအမျိုးမျိုးခံခဲ့ရသည်။ ဘုရင်ရှောလု၏ လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရရာ နှစ်အတော်ကြာ ထွက်ပြေးတိမ်းရှောင်နေရရှာသည်။ ဒါဝိဒ်၏အသက်တာတွင် အသက်အန္တရာယ် အမြဲကြုံနေရ၏။ တစ်ကြိမ်တွင် ယဇ်ပုရောဟိတ် အဟိမလက်ထံသွား၍ စားစရာတောင်းခံခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၁:၁-၇) အဟိမလက်က ဒါဝိဒ်ကို ကူညီပေးခဲ့ကြောင်း ရှောလုသတင်းရသည့်အခါ အဟိမလက်သာမက ယဇ်ပုရောဟိတ်အားလုံးနှင့် သူတို့၏မိသားစုများကိုပါ သတ်ပစ်ရန် အမိန့်ပေးလေသည်။ (၁ ဓမ္မရာဇဝင် ၂၂:၁၂-၁၉) မိမိကြောင့် ဤဝမ်းနည်းဖွယ်အဖြစ်ဆိုး ဖြစ်ပျက်ခဲ့သည့်အတွက် ဒါဝိဒ် မည်မျှဝမ်းနည်းကြေကွဲခဲ့မည်ကို သင်မြင်ယောင်ကြည့်နိုင်ပါသလော။
ယောသပ်နှင့်ဒါဝိဒ်တို့ နှစ်ချီခံခဲ့ရသော အခက်အခဲများ၊ နှိပ်စက်ညှဉ်းဆဲမှုများကို စဉ်းစားကြည့်ပါ။ သူတို့ အကျပ်အတည်းကြုံရစဉ် မည်သို့ကိုင်တွယ်ဖြေရှင်းသည်ကို ဆန်းစစ်ကြည့်ခြင်းမှ အဖိုးတန်သင်ခန်းစာများ ရရှိနိုင်ပါသည်။ ဤသူတို့နှင့်ပတ်သက်၍ အတုယူနိုင်သော နည်းသုံးနည်းကို သုံးသပ်ကြည့်ကြစို့။
မကျေမနပ်ဖြစ်ခြင်း၊ နာကြည်းခြင်းမရှိစေနှင့်
ဦးဆုံးအနေနှင့် ဤတည်ကြည်သူတို့သည် နာကြည်းခြင်း၊ မကျေမနပ်ဖြစ်ခြင်း ကွန်ရက်ထဲ ကျော့မိခြင်းမခံခဲ့ကြပါ။ ယောသပ် ထောင်ကျနေစဉ် အစ်ကိုတို့ သူ့ကိုရောင်းစားခဲ့သည့်အကြောင်း အပျက်သဘောတွေးပြီး သူတို့နှင့်ပြန်တွေ့ပါက မည်သို့ကလဲ့စားချေမည့်အကြောင်း ကြံစည်ထားနိုင်ပေသည်။ ယင်းသို့သော အပျက်သဘော ယောသပ်၌မရှိခဲ့ကြောင်း မည်သို့သိနိုင်သနည်း။ စပါးဝယ်ရန် အီဂျစ်ပြည်သို့ အစ်ကိုများရောက်လာကြသည့်အခါ ကလဲ့စားချေရန် အခွင့်ကောင်းရသော်လည်း သူမည်သို့ပြုမူခဲ့သည်ကို သုံးသပ်ကြည့်ပါ။ မှတ်တမ်းက ဤသို့ဆို၏– “ယောသပ်သည် သူတို့ထံမှ ခဏခွာ၍ ငိုလေ၏။ . . . ထိုနောက် [အစ်ကိုများ၏] အိတ်များကို စပါးနှင့်ပြည့်စေ၍ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေခြင်းငှာလည်းကောင်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှာလည်းကောင်း စီရင်” ခဲ့ရာ သူ၏ကျွန်များသည် ထိုသို့ပြုလေ၏။ နောက်ပိုင်းတွင် ဖခင်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်လာရန် အစ်ကိုများအား ယောသပ်စေလွှတ်ချိန်၌ “သင်တို့သည် လမ်း၌ ခိုက်ရန်မဖြစ်ကြနှင့်” ဟု သူတို့ကိုအားပေးခဲ့သည်။ ယောသပ်သည် အပြောနှင့်အလုပ်ဖြင့်ပါ နာကြည်းစိတ်၊ မကျေနပ်စိတ်တို့ကို မမွေးခဲ့ကြောင်း သက်သေထူသည်။—ကမ္ဘာဦး ၄၂:၂၄၊ ၂၅; ၄၅:၂၄၊ သမ္မာ။
ဒါဝိဒ်သည်လည်း ဘုရင်ရှောလုအပေါ် မကျေမနပ်မဖြစ်ခဲ့ပါ။ ရှောလုကိုသတ်ဖို့ အခွင့်ကောင်း နှစ်ကြိမ်ရခဲ့သည်။ သို့တိုင် သူ၏အဖော်များက ရှောလုကိုသတ်ရန် အားပေးသည့်အခါ “ထာဝရဘုရား[သခင်]ပေးတော်မူသော ဘိသိက်ကိုခံသော ငါ့အရှင်သည် ထာဝရဘုရား[သခင်]အခွင့်နှင့် ဘိသိက်ခံသူဖြစ်သောကြောင့် ထိုအရှင်ကိုထိခိုက်ခြင်းငှာ ငါလက်ဆန့်သောအမှုကို ထာဝရဘုရား[သခင်] ဆီးတားတော်မူပါစေသော” ဟုဒါဝိဒ်ဖြေဆိုခဲ့၏။ ထိုကိစ္စကို ယေဟောဝါလက်ထဲ အပ်ထားကြောင်း သူ၏အပေါင်းပါတို့အား ဤသို့သိရှိစေသည်– “ထာဝရဘုရား[သခင်]အသက်ရှင်တော်မူသည်အတိုင်း ဒဏ်ခတ်တော်မူမည်။ သို့မဟုတ် သူသေချိန်ရောက်လိမ့်မည်။ သို့မဟုတ် စစ်တိုက်ရာ၌ အသက်ဆုံးလိမ့်မည်။” နောက်ပိုင်းတွင် ရှောလုနှင့် သူ၏သား ယောနသန် သေဆုံးသွားသည့်အခါ ဒါဝိဒ်သည် ငိုချင်းတစ်ပုဒ် စပ်ဆိုခဲ့သည်။ ယောသပ်နည်းတူ ဒါဝိဒ်သည် မကျေနပ်စိတ်၏ လွှမ်းမိုးမှုကိုမခံခဲ့ပါ။—၁ ဓမ္မရာဇဝင် ၂၄:၃-၆; ၂၆:၇-၁၃; ၂ ဓမ္မရာဇဝင် ၁:၁၇-၂၇။
မတရားမှုတစ်ခုခုကြောင့် ကျွန်ုပ်တို့စိတ်ဆင်းရဲနေမည်ဆိုလျှင် မကျေမနပ်ဖြစ်ပြီး စိတ်နာကြည်းနေပါသလော။ ယင်းသို့ ဖြစ်ဖို့လွယ်ကူသည်။ ကျွန်ုပ်တို့၏စိတ်ခံစားချက်တို့သည် ကျွန်ုပ်တို့ကိုလွှမ်းမိုးနေမည်ဆိုလျှင် ထိုမတရားမှုကိုယ်နှိုက်ထက် ကျွန်ုပ်တို့၏စိတ်ခံစားချက်တို့က ကျွန်ုပ်တို့ကို ပို၍ထိခိုက်နစ်နာစေပေမည်။ (ဧဖက် ၄:၂၆၊ ၂၇) အခြားသူများ၏လုပ်ဆောင်ချက်တို့ကို ကျွန်ုပ်တို့မထိန်းချုပ်နိုင်သည့်တိုင် ကိုယ်ကိုယ်တိုင်၏တုံ့ပြန်မှုကိုကား ထိန်းချုပ်နိုင်ပါသည်။ ယေဟောဝါသည် ကိုယ်တော်သတ်မှတ်ထားချိန်တွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနေမည်ဆိုလျှင် မကျေမနပ်ဖြစ်မှုနှင့် နာကြည်းစိတ်တို့ကို အလွယ်တကူစွန့်လွှတ်နိုင်မည်။—ရောမ ၁၂:၁၇-၁၉။
သင့်အခြေအနေကို အကောင်းဆုံးဖြစ်စေပါ
ကျွန်ုပ်တို့သင်ယူနိုင်သည့် ဒုတိယသင်ခန်းစာမှာ ကိုယ်တိုင်ကြုံရသည့်အခြေအနေကြောင့် နာလန်မထူနိုင်သည့်အဖြစ်မျိုး မရောက်ဖို့ဖြစ်သည်။ ကျွန်ုပ်တို့မတတ်နိုင်သည့်အရာကို အာရုံစိုက်လွန်းသဖြင့် တတ်နိုင်သည့်အရာကို မျက်ခြည်ပြတ်သွားပေမည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ကျွန်ုပ်တို့၏အခြေအနေက ကျွန်ုပ်တို့ကို ထိန်းချုပ်စပြုနေပေမည်။ ယောသပ်အဖြစ်တွင် ယင်းသို့ဖြစ်နိုင်ခဲ့သည်။ သို့သော် ထိုသို့ဖြစ်စေမည့်အစား သူ၏အခြေအနေကို အတတ်နိုင်ဆုံး ကောင်းရန်လုပ်ဆောင်ခဲ့သည်။ ကျွန်တစ်ဦးဖြစ်နေစဉ်ပင် ယောသပ်သည် ‘သခင်ရှေ့၌မျက်နှာရ၍ ခစားလျက်နေ၏။ သခင်သည်လည်း မိမိအိမ်တွင် အိမ်အုပ်အရာနှင့်ခန့်ထား၍ ဥစ္စာရှိသမျှကိုအပ်လေ၏။’ ယောသပ် ထောင်ကျသွားသည့်အခါလည်း ထပ်တူပြုခဲ့သည်။ ယေဟောဝါ၏ကောင်းချီးခံစားရသူ ယောသပ်ကိုယ်တိုင် လုံ့လဝီရိယရှိသောကြောင့် “ထောင်မှူးသည် ထောင်၌ချုပ်ထားသောသူအပေါင်းတို့ကို ယောသပ်လက်သို့အပ်၍ ထောင်ထဲတွင်ပြုသမျှသောအမှုကို ယောသပ်စီရင်ရ၏။”—ကမ္ဘာဦး ၃၉:၄၊ ၂၁-၂၃။
ဒါဝိဒ်သည် ထွက်ပြေးတိမ်းရှောင်နေရသည့်နှစ်များအတွင်း သူ၏အခြေအနေကို အတတ်နိုင်ဆုံး ကောင်းရန်လုပ်ဆောင်ခဲ့သည်။ ပါရန်တော၌ရှိနေစဉ် သူနှင့် သူ၏အပေါင်းအဖော်များသည် နာဗလ၏သိုးအုပ်ကို လှည့်လည်၍လုယူတတ်သူတို့ရန်မှ ကာကွယ်ပေးခဲ့သည်။ “ကျွန်တော်တို့သည် သိုးထိန်း၍ သူတို့နှင့်ရှိသမျှကာလပတ်လုံး သူတို့သည် နေ့ညအစဉ် နံရံသဖွယ်ဖြစ်ကြပါ၏” ဟုနာဗလ၏သိုးထိန်းတစ်ဦး ပြောခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂၅:၁၆၊ သမ္မာ) နောက်ပိုင်းတွင် ဇိကလတ်မြို့၌နေစဉ် တောင်ပိုင်းမှ ဣသရေလလူမျိုး၏ ရန်သူများ သိမ်းပိုက်ထားသောမြို့များကို ပြန်လည်သိမ်းပိုက်ခြင်းဖြင့် ယုဒနယ်နိမိတ်ကို ထိန်းသိမ်းပေးခဲ့သည်။—၁ ဓမ္မရာဇဝင် ၂၇:၈; ၁ ရာဇဝင်ချုပ် ၁၂:၂၀-၂၂။
ကျွန်ုပ်တို့၏အခြေအနေကို အကောင်းဆုံးဖြစ်လာစေရန် ပို၍ကြိုးစားဖို့ လိုပါသလော။ ထိုသို့ပြုလုပ်ရန် ခဲယဉ်းမည်ဖြစ်သည့်တိုင် ကျွန်ုပ်တို့ အောင်မြင်နိုင်ပါသည်။ တမန်တော်ပေါလုသည် သူ၏ဘဝကို ပြန်ပြောင်းကြည့်ပြီးနောက် ဤသို့ရေးသားခဲ့သည်– “ငါသည် တွေ့ကြုံသမျှသောအခြင်းအရာတို့၌ ရောင့်ရဲသောစိတ်ရှိအံ့သောငှာ သင်မိပြီ။ . . . ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကိုခံရအံ့သောငှာ အရပ်ရပ်တို့တွင် အရာရာ၌သင်မိပြီ။” ဘဝအပေါ် ထိုရှုမြင်ပုံမျိုးကို ပေါလု မည်သို့ရရှိလာသနည်း။ ယေဟောဝါကို အစဉ်မပြတ်ယုံကြည်ကိုးစားခြင်းဖြင့် ဖြစ်သည်။ သူဤသို့အသိအမှတ်ပြုခဲ့၏– “ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုကို ငါတတ်စွမ်းနိုင်၏။”—ဖိလိပ္ပိ ၄:၁၁-၁၃၊ သမ္မာ။
ယေဟောဝါအား စောင့်ဆိုင်းပါ
တတိယသင်ခန်းစာမှာ ကျွန်ုပ်တို့၏အခြေအနေကို ကျမ်းစာနှင့်မညီသောနည်းများဖြင့် ပြောင်းလဲစေမည့်အစား ယေဟောဝါအား စောင့်ဆိုင်းခြင်းဖြစ်သည်။ တပည့်ဖြစ်သူယာကုပ်က ဤသို့ရေးခဲ့၏– “သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း သည်းခံခြင်းစိတ်သည် အကုန်အစင်ပြုပြင်ပါစေ။” (ယာကုပ် ၁:၄) စုံစမ်းနှောင့်ယှက်ခြင်းကို အလျင်အမြန်ရပ်တန့်သွားစေရန် ကျမ်းစာနှင့်မညီသည့်နည်းကို အသုံးမပြုဘဲ သည်းခံခြင်းစိတ် “အကုန်အစင်ပြုပြင်” ခံရစေရန် ဆက်ခွင့်ပြုသင့်သည်။ သို့ပြုလျှင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် စမ်းသပ်ခံရပြီး သန့်စင်နေမည်ဖြစ်ရာ အားရှိစေနိုင်ကြောင်း ထင်ရှားလိမ့်မည်။ ယောသပ်နှင့်ဒါဝိဒ်တို့သည် ထိုသို့သော ခံနိုင်ရည်မျိုးရှိခဲ့ကြသည်။ ယေဟောဝါမနှစ်သက်သော ဖြေရှင်းနည်းကို သူတို့အသုံးမပြုခဲ့ကြချေ။ ယင်းအစား သူတို့၏အခြေအနေကို အကောင်းဆုံးဖြစ်စေခဲ့ကြသည်။ ယေဟောဝါအား သူတို့စောင့်ဆိုင်းခဲ့ကြသဖြင့် ရရှိသောကောင်းချီးများသည် ကြီးမားလိုက်လေခြင်း! သူတို့နှစ်ဦးစလုံးကို ယေဟောဝါအသုံးပြုခဲ့ပြီး ကိုယ်တော့်လူမျိုးကိုကယ်လွှတ်သူများ ဖြစ်စေခဲ့သည်။—ကမ္ဘာဦး ၄၁:၃၉-၄၁; ၄၅:၅; ၂ ဓမ္မရာဇဝင် ၅:၄၊ ၅။
ကျွန်ုပ်တို့လည်း ကျမ်းစာနှင့်မညီသော ဖြေရှင်းနည်းများကို အသုံးပြုရန် သွေးဆောင်ခံရပေမည်။ ဥပမာ၊ သင်သည် သင့်တော်သောအိမ်ထောင်ဖက် မတွေ့သေးသောကြောင့် စိတ်ဓာတ်ကျနေသလော။ ထိုသို့ဖြစ်မည်ဆိုလျှင် “သခင်ဘုရား၌သာ” အိမ်ထောင်ပြုပါဟူသော ယေဟောဝါ၏အမိန့်တော်ကို မနာခံစေသည့် မည်သည့်သွေးဆောင်မှုမျိုးကိုမဆို ရှောင်ကြဉ်ပါ။ (၁ ကောရိန္သု ၇:၃၉) အိမ်ထောင်ရေးပြဿနာများကို သင်ကိုင်တွယ်ဖြေရှင်းနေရပါသလော။ လင်မယားခွဲနေခြင်း၊ ကွာရှင်းခြင်းတို့ကိုအားပေးသည့် လောကစိတ်ဓာတ်၏လွှမ်းမိုးမှုကိုခံမည့်အစား အကျပ်အတည်းကာလတစ်လျှောက် အတူတူလက်တွဲဖြေရှင်းပါ။ (မာလခိ ၂:၁၆; ဧဖက် ၅:၂၁-၃၃) သင့်စီးပွားရေးအခြေအနေကြောင့် မိသားစုကို ပြုစုစောင့်ရှောက်ရန် ခဲယဉ်းနေပါသလော။ ယေဟောဝါအား စောင့်ဆိုင်းခြင်းတွင် ငွေရရန် သံသယဖြစ်စရာလုပ်ငန်းများ၊ တရားမဝင်အလုပ်များကို ရှောင်ကြဉ်ခြင်း ပါဝင်သည်။ (ဆာလံ ၃၇:၂၅; ဟေဗြဲ ၁၃:၁၈) ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏အခြေအနေများကို အကောင်းဆုံးဖြစ်လာစေရန်၊ ယေဟောဝါကောင်းချီးခံစားရရန် ကြိုးစားကြရမည်။ ထိုသို့ပြုလုပ်ကြစဉ် အကောင်းဆုံးဖြေရှင်းနည်းကို ယေဟောဝါပေးသည့်အထိ စောင့်မျှော်နေကြပါစို့။—မိက္ခာ ၇:၇။
သင့်ကို ယေဟောဝါထောက်မတော်မူမည်
စိတ်ပျက်ဖွယ်ကောင်းပြီး ခက်ခဲသောအခြေအနေများကို အောင်မြင်စွာဖြေရှင်းခဲ့သည့် ကျမ်းစာမှတ်တမ်းပါ ယောသပ်နှင့် ဒါဝိဒ်တို့၏အကြောင်းကို စဉ်းစားဆင်ခြင်ခြင်းသည် အကျိုးရှိ၏။ သူတို့အကြောင်းကို ကျမ်းပိုဒ်အနည်းငယ်တွင်သာ ဖော်ပြထားသော်လည်း သူတို့သည် နှစ်ပေါင်းများစွာ စုံစမ်းနှောင့်ယှက်ခံခဲ့ရသည်။ သင့်ကိုယ်သင် ဤသို့မေးပါ– ‘ဘုရားသခင်၏ ထိုကျေးကျွန်များသည် သူတို့၏အခြေအနေနှင့် မည်သို့အလိုက်သင့်နေနိုင်ခဲ့ကြသနည်း။ သူတို့၏ရွှင်လန်းမှုကို မည်သို့ထိန်းသိမ်းခဲ့ကြသနည်း။ အဘယ်အရည်အသွေးများကို သူတို့ပြုစုပျိုးထောင်ခဲ့သနည်း။’
ကျွန်ုပ်တို့သည် ယေဟောဝါ၏ မျက်မှောက်ခေတ် ကျေးကျွန်များ၏ ခံနိုင်ရည်အကြောင်း ဆင်ခြင်သုံးသပ်ခြင်းမှလည်း အကျိုးရရှိနိုင်ကြသည်။ (၁ ပေတရု ၅:၉) နှစ်စဉ် ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများတွင် ဘဝအတ္ထုပ္ပတ္တိများစွာ ပါရှိသည်။ သင်သည် တည်ကြည်သောထိုခရစ်ယာန်များ၏ ပုံနမူနာများကို ဖတ်ရှုပြီး ဆင်ခြင်သုံးသပ်ပါသလော။ ထို့ပြင် ကျွန်ုပ်တို့၏အသင်းတော်များတွင် ဝမ်းနည်းဖွယ်အခြေအနေများကို တည်ကြည်စွာခံရပ်နေကြရသူများရှိသည်။ အသင်းတော်အစည်းအဝေးများတွင် ဤသူတို့နှင့် မှန်မှန်ပေါင်းသင်းပြီး သူတို့ကို အတုယူပါသလော။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
သင်သည် အခက်အခဲ ရင်ဆိုင်ကြုံတွေ့နေရလျှင် သင့်ကို ယေဟောဝါဂရုစိုက်တော်မူပြီး ထောက်မကူညီပေးလိမ့်မည်ဟု ယုံကြည်စိတ်ချပါ။ (၁ ပေတရု ၅:၆-၁၀) သင်ကြုံတွေ့နေရသောအခြေအနေများက သင့်ဘဝကို မထိန်းချုပ်ပါစေနှင့်။ မကျေမနပ်မဖြစ်ဘဲ ကိုယ့်အခြေအနေကို အကောင်းဆုံးဖြစ်စေပြီး အကောင်းဆုံးဖြေရှင်းနည်းကို ယေဟောဝါပေးသည့်အထိ စောင့်မျှော်နေခြင်းအားဖြင့် ယောသပ်၊ ဒါဝိဒ်နှင့် အခြားသူများ၏ ပုံနမူနာကို လိုက်လျှောက်ပါ။ ဆုတောင်းခြင်းနှင့် ဝိညာဉ်ရေးရာတွင် အလုပ်များနေခြင်းအားဖြင့် ကိုယ်တော်ထံချဉ်းကပ်ပါ။ ဤသို့ပြုလုပ်ခြင်းဖြင့် သင်သည်လည်း အခက်အခဲကြုံတွေ့ရချိန်တွင် ရွှင်လန်းဝမ်းမြောက်နိုင်ပေလိမ့်မည်။—ဆာလံ ၃၄:၈။
[စာမျက်နှာ ၂၀၊ ၂၁ ပါ ရုပ်ပုံ]
ယောသပ်သည် သူ၏အခြေအနေကို အကောင်းဆုံးဖြစ်စေခဲ့
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဒါဝိဒ်သည် သူ၏ပြဿနာများကို ယေဟောဝါဖြေရှင်းရန် စောင့်ဆိုင်းခဲ့