သင်သည် ချာ့ခ်ျတစ်ခု၏ အသင်းသား ဖြစ်သင့်သလော
သင်သည် ချာ့ခ်ျတစ်ခု၏ အသင်းသား ဖြစ်သင့်သလော
‘ဘုရားသခင်ကိုယုံကြည်ဖို့ အကျွန်ုပ် ချာ့ခ်ျအသင်းသားဖြစ်စရာမလိုဘူး ဒါမှမဟုတ် ချာ့ခ်ျမှန်မှန်တက်စရာမလိုဘူး!’ ချာ့ခ်ျတစ်ခု သို့မဟုတ် ဘာသာရေးအဖွဲ့အစည်းတစ်ခုခု၏ အသင်းသားဖြစ်ခြင်းနှင့်စပ်လျဉ်း၍ လူအများ ထိုသို့ယူမှတ်ကြသည်။ အမှန်မှာ အချို့က ချာ့ခ်ျတွင်ဘာသာရေးဝတ်ပြုပွဲများ တက်ရောက်နေချိန်ထက် သဘာဝကို လေ့လာပျော်မွေ့နေချိန်တွင် ဘုရားသခင်နှင့်ပိုရင်းနှီးသည်ဟု ဆိုကြ၏။ ယနေ့ လူအများခံယူထားကြသည်မှာ ဘုရားသခင်ကိုယုံကြည်ရန် ဘာသာရေးအုပ်စု သို့မဟုတ် ဂိုဏ်းဂဏတစ်ခုခုနှင့် ပူးပေါင်းဖို့မလိုဟူ၍ ဖြစ်၏။
အချို့သူတို့မှာမူ ထိုသို့ မယူဆကြချေ။ ဤသူတို့က လူတစ်ဦးသည် ဘုရားသခင့်အလိုတော်နှင့်တွေ့လိုလျှင် ချာ့ခ်ျအသင်းသားဖြစ်ပြီး ချာ့ခ်ျတက်ဖို့လိုသည်ဟု အခိုင်အမာပြောဆိုကြ၏။ ထို့ကြောင့် ဘာသာရေးအသင်းအဖွဲ့နှင့် အမှန်တကယ်ပတ်သက်နေဖို့ လို၊ မလိုကိစ္စသည် ဘာသာတရား၏ ကိန်းဂဏန်းအရေအတွက်နှင့် အခြားအချက်အလက်တို့ကို စိတ်ဝင်တစားလေ့လာခြင်းထက်မက အရေးပါသည်။ မည်သို့ဆိုစေ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး ပတ်သက်နေသောကြောင့် ယင်းကိစ္စကို ဘုရားသခင် မည်သို့ရှုမြင်ကြောင်း ရှာဖွေလေ့လာခြင်းသည် ယုတ္တိတန်မည်မဟုတ်ပေလော။ ဤကိစ္စနှင့်စပ်လျဉ်း၍ ကိုယ်တော့်နှုတ်မြွတ်စကားတော် သမ္မာကျမ်းစာမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။
ရှေးခေတ်တွင် လူတို့နှင့် ဘုရားသခင်ဆက်ဆံခဲ့ပုံ
လွန်ခဲ့သည့်နှစ်ပေါင်း ၄,၄၀၀ နီးပါးက တစ်ကမ္ဘာလုံးကို ရုတ်တရက် ရေလွှမ်းမိုးခဲ့၏။ ယင်းအဖြစ်အပျက်ကို လွယ်လွယ်နှင့် မေ့ပျောက်နိုင်မည်မဟုတ်ပါ၊ ကမ္ဘာတစ်ဝန်းရှိ လူများသည် သူတို့၏အစောပိုင်းသမိုင်း၌ ယင်းဖြစ်ရပ်နှင့်ပတ်သက်သည့် ပုံပြင်များရှိကြ၏။ အသေးစိတ်အချက်အလက်များ မတူကြသော်လည်း ၎င်းပုံပြင်များတွင် လူအနည်းငယ်နှင့် တိရစ္ဆာန်အချို့သာ အသက်ချမ်းသာရခဲ့သည့်အကြောင်း ပါဝင်သည်။
ရေလွှမ်းမိုးဘေးကို ကပ်ကျော်ခဲ့သူတို့သည် ဖျက်ဆီးခြင်းဘေးမှ မတော်တဆ လွတ်မြောက်ခဲ့ကြသူများလော။ ထိုသို့မဟုတ်ကြောင်း ကျမ်းစာမှတ်တမ်းက ဖော်ပြ၏။ ထူးခြားသည်မှာ ဘုရားသခင်သည် ရေလွှမ်းမိုးတော့မည်အကြောင်း လူတစ်ဦးချင်းစီကို အသိမပေးခဲ့ခြင်းဖြစ်သည်။ ယင်းအစား ကိုယ်တော်သည် နောဧအား မိန့်ဆိုခဲ့ရာ သူက မိမိ၏တစ်ခေတ်တည်းသားများကို ဖြစ်လတ္တံ့သော ရေလွှမ်းမိုးဘေးကြီးအကြောင်း သတိပေးခဲ့သည်။—ကမ္ဘာဦး ၆:၁၃-၁၆; ၂ ပေတရု ၂:၅။
ကပ်ဘေးကိုလွတ်မြောက်ဖို့ ဤအပြန်အလှန်ရိုင်းပင်းသော အုပ်စုတွင်ပါဝင်ရန်လိုသည်၊ ထို့ပြင် နောဧအား ဘုရားသခင်ပေးသည့် ညွှန်ကြားချက်ကို တလိုတလားလက်ခံဖို့လိုသည်။ သင်္ဘောထဲရှိ တိရစ္ဆာန်များပင်လျှင် ဤအုပ်စုနှင့်အတူ ကပ်ကျော်ခဲ့၏။ တိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ နောဧအား ညွှန်ကြားချက်များ အတိအကျပေးခဲ့၏။—ကမ္ဘာဦး ၆:၁၇–၇:၈။
ရာစုနှစ်ပေါင်းများစွာကြာသော် ရှေမမှဖွားမြင်လာသော နောဧ၏သားစဉ်မြေးဆက်သည် အီဂျစ်ပြည်တွင် ကျွန်ဘဝသို့ရောက်သွားလေ၏။ သို့တိုင် ဘုရားသခင်၏ရည်ရွယ်တော်မူချက်မှာ သူတို့ကိုကယ်တင်ပြီး သူတို့၏ဘိုးဘေးအာဗြဟံအား ကတိထားတော်မူသော ပြည်သို့ခေါ်ဆောင်လာရန်ဖြစ်၏။ ဤတွင်တစ်ဖန် လူတစ်ဦးချင်းစီကိုမဟုတ်ဘဲ သူတို့၏ခေါင်းဆောင်များအဖြစ်ရွေးချယ်ထားသူ မောရှေနှင့် သူ၏အစ်ကိုအာရုန်တို့ကို ယင်းအကြောင်း ဦးဆုံးဖော်ပြခဲ့သည်။ (ထွက်မြောက်ရာ ၃:၇-၁၀; ၄:၂၇-၃၁) တစ်ချိန်က ကျွန်ဖြစ်ခဲ့ဖူးသူများသည် အုပ်စုလိုက် အီဂျစ်ပြည်မှ လွတ်မြောက်လာပြီးနောက် သူတို့သည် သိနာတောင်တွင် ဘုရားသခင့်ပညတ်တော်ကိုရရှိခဲ့ပြီး ဣသရေလလူမျိုးအဖြစ် ဖွဲ့စည်းခဲ့သည်။—ထွက်မြောက်ရာ ၁၉:၁-၆။
ဣသရေလလူတစ်ဦးချင်းစီ လွတ်မြောက်လာနိုင်ခြင်းသည် ဘုရားသခင်ဖွဲ့စည်းထားသောလူစုနှင့် ပူးပေါင်းကာ ဤအုပ်စုရှိ ခန့်အပ်ခံခေါင်းဆောင်များ၏ညွှန်ကြားရာကို လိုက်နာကျင့်သုံးခဲ့ခြင်းကြောင့်သာဖြစ်၏။ ဘုရားသခင်၏မျက်နှာသာရကြောင်းထင်ရှားသည့် ဤအုပ်စုနှင့်ပူးပေါင်းရန် အီဂျစ်လူတစ်ဦးချင်းစီအတွက်ပင် စီမံပေးခဲ့၏။ ဣသရေလလူမျိုးသည် အီဂျစ်ပြည်မှ ထွက်ခွာခဲ့ချိန်တွင် အီဂျစ်လူအချို့သည် သူတို့နှင့်အတူ လိုက်ပါခဲ့သောကြောင့် ဘုရားသခင့်ကောင်းချီး ခံစားရန်ဖြစ်စေသည်။—ထွက်မြောက်ရာ ၁၂:၃၇၊ ၃၈။
ထို့နောက် ပထမရာစုတွင် ယေရှုသည် ဟောပြောခြင်းလုပ်ငန်းကိုစတင်ခဲ့ကာ လူများကို မိမိ၏တပည့်များအဖြစ် စုဆောင်းလေသည်။ ကိုယ်တော်သည် သူတို့ကို အုပ်စုတစ်စုအဖြစ် ဆက်ဆံခဲ့သည်၊ သို့သော် တစ်ဦးချင်းစီ၏လိုအပ်ရာကိုလည်း မေတ္တာပါစွာ လမ်းညွှန်ပေးခဲ့သည်။ သစ္စာရှိတမန်တော် ၁၁ ပါးကို ယေရှု ဤသို့မိန့်ဆိုခဲ့၏– “ငါသည် စုံစမ်းနှောင့်ယှက်ခြင်းကို ခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။ ငါ့ခမည်းတော်သည် နိုင်ငံတစ်ခုအတွက် ငါနှင့်ပဋိညာဉ်ဖွဲ့ထားသည့်နည်းတူ ငါသည် သင်တို့နှင့် ပဋိညာဉ်ဖွဲ့သည်။” (လုကာ ၂၂:၂၈-၃၀၊ ကဘ) နောက်ပိုင်းတွင် တပည့်များသည် တစုတဝေးရှိနေကြစဉ် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သက်ရောက်ခဲ့သည်။—တမန်တော် ၂:၁-၄။
ဘုရားသခင်သည် အတိတ်တွင် ကိုယ်တော့်လူမျိုးတော်ကို အဖွဲ့အစည်းလိုက် အမြဲဆက်ဆံခဲ့ကြောင်း ယင်းသာဓကများက အတိအလင်းဖော်ပြ၏။ ဘုရားသခင်ကိုယ်တော်တိုင် ဆက်သွယ်ခဲ့သည့် လူအနည်းငယ်ဖြစ်သူ နောဧ၊ မောရှေ၊ ယေရှုနှင့် အခြားသူတို့မှာ အမှန်အားဖြင့် တစည်းတလုံးဖွဲ့စည်းထားသည့် အုပ်စုတစ်စုနှင့် ကိုယ်တော်ဆက်သွယ်ရန် အသုံးတော်ခံရသူများ ဖြစ်ကြသည်။ ဘုရားသခင်သည် မျက်မှောက်ခေတ်တွင် ကိုယ်တော့်ကျေးကျွန်များနှင့် အခြားနည်းဖြင့် ဆက်သွယ်လိမ့်မည်ဟု ယူမှတ်စရာအကြောင်းမရှိပါ။ ဤတွင် နောက်ထပ်မေးခွန်းတစ်ခုပေါ်လာရာ ၎င်းမှာ မည်သည့်ဘာသာရေးအုပ်စုနှင့်မဆို ပူးပေါင်း၍ရသလောဟူ၍ ဖြစ်သည်။ အရေးပါသည့် ဤမေးခွန်းကို နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့ သုံးသပ်ကြမည်။
[စာမှတ်နှာ ၄ ပါ ရုပ်ပုံ]
ဘုရားသခင်သည် မိမိလူမျိုးတော်ကို ဖွဲ့စည်းထားသော အုပ်စုတစ်စုအနေဖြင့် ဆက်ဆံလာခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ