သင်၏အသက်ဆုကျေးဇူးကို မှန်ကန်စွာတန်ဖိုးထားပါ
သင်၏အသက်ဆုကျေးဇူးကို မှန်ကန်စွာတန်ဖိုးထားပါ
“ခရစ်တော်၏အသွေးသည် သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း သင်တို့၌ ကိုယ်ကိုကိုယ်သိသောစိတ်ကို စင်ကြယ်စေ [တော်မူမည်]။”—ဟေဗြဲ ၉:၁၄။
၁။ အသက်ကို ကျွန်ုပ်တို့အလွန်တန်ဖိုးထားကြောင်း အဘယ်သာဓကရှိသနည်း။
အသက်ကို သင်မည်မျှတန်ဖိုးထားကြောင်း အမေးခံရပါက မည်သို့ဖြေဆိုမည်နည်း။ ကျွန်ုပ်တို့၏အသက်နှင့် အခြားသူတို့၏အသက်ကို ကျွန်ုပ်တို့ အလွန်တန်ဖိုးထားတတ်ကြသည်။ ယင်းကြောင့်၊ ကျွန်ုပ်တို့မကျန်းမမာဖြစ်သည့်အခါ ဆေးကုသရန် သို့မဟုတ် ပုံမှန်ဆေးစစ်မှုများပြုရန် ဆရာဝန်ထံသွားပေမည်။ ကျွန်ုပ်တို့အားလုံး ကျန်းကျန်းမာမာနှင့် အသက်ဆက်ရှင်လိုကြ၏။ သက်ကြီးရွယ်အိုများ သို့မဟုတ် ကိုယ်အင်္ဂါချို့တဲ့သူအများစုပင် မသေချင်ကြပေ; အသက်ဆက်ရှင်လိုကြ၏။
၂၊ ၃။ (က) နယပုံပြင် ၂၃:၂၂ က အဘယ်တာဝန်ကို ပေါ်လွင်စေသနည်း။ (ခ) ဘုရားသခင်သည် နယပုံပြင် ၂၃:၂၂ ပါတာဝန်နှင့် မည်သို့ ပတ်သက်နေသနည်း။
၂ အသက်ကို သင်တန်ဖိုးထားပုံက အခြားသူများနှင့် သင်၏ဆက်ဆံမှုများအပေါ် အကျိုးသက်ရောက်စေသည်။ ဥပမာ၊ ဘုရားသခင့်စကားတော်က ဤသို့ညွှန်ကြားသည်– “သင့်ကိုဖြစ်ပွားစေသော အဘ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်။” (သု. ၂၃:၂၂) “နားထောင်” ဟုဆိုရာတွင် စကားလုံးများကို ကြားရုံကြားခြင်းထက်မကချေ; ဤနယပုံပြင်စကားသည် ကြား၍နားထောင်ခြင်းကို ဆိုလိုသည်။ (ထွက်မြောက်ရာ ၁၅:၂၆; တရားဟောရာ ၇:၁၂; ၁၃:၁၈; ၁၅:၅; ယောရှု ၂၂:၂; ဆာလံ ၈၁:၁၃) သမ္မာကျမ်းစာအရ စကားနားထောင်ခြင်း၏အကြောင်းရင်းကား အဘယ်နည်း။ သင်၏မိဘတို့သည် သင့်ထက်အသက်ပိုကြီး၍ သို့မဟုတ် သင့်ထက် အတွေ့အကြုံပိုများ၍ကား မဟုတ်ချေ။ ဖော်ပြထားသည့်အကြောင်းရင်းမှာ သူတို့သည် “သင့်ကိုဖြစ်ပွားစေ” ခဲ့သောကြောင့်ဖြစ်၏။ ဘာသာပြန်ကျမ်းတချို့က ဤအခန်းငယ်ကို “သင့်အား အသက်ပေးခဲ့သောအဘ၏စကားကို နားထောင်လော့” ဟူ၍ ပြန်ဆိုသည်။ ထို့ကြောင့် သင့်အသက်ကို သင်တန်ဖိုးထားပါက ယင်းအသက်၏ပင်ရင်းအား ပေးဆပ်ရန်တာဝန်ရှိနေသည်ဟု သင်ခံစားရသည်။
၃ သင်သည် ခရစ်ယာန်စစ်တစ်ဦးဖြစ်မည်ဆိုလျှင် သင့်အသက်၏အဓိကရင်းမြစ်မှာ ယေဟောဝါဖြစ်ကြောင်း သင်အသိအမှတ်ပြုသည်။ ကိုယ်တော်အားဖြင့် သင် “အသက်ရှင်” သည်; သင် “လှုပ်ရှား” နိုင်သည်၊ အာရုံခံစားနိုင်စွမ်းရှိ သတ္တဝါတစ်ဦးအဖြစ် ပြုမူလုပ်ဆောင်နိုင်သည်၊ သင်သည် ယခု “ဖြစ်လျက်” ရှိပြီး ထာဝရအသက်ရှင်ရေးအတွက်အပါအဝင် အနာဂတ်အတွက် ကြိုတင်စီစဉ် စဉ်းစားထားနိုင်သည်။ (တမန်တော် ၁၇:၂၈; ဆာလံ ၃၆:၉; ဒေ. ၃:၁၁) အသက်ရှင်ခြင်းနှင့်စပ်လျဉ်း၍ အခြားသူတို့ဝေဖန်ပိုင်းခြားပုံကို နှစ်သက်သည်ထက် ဘုရားသခင်၏ရှုမြင်ပုံအတိုင်း ပြုမူဆောင်ရွက်လိုသဖြင့် နယပုံပြင် ၂၃:၂၂ နှင့်အညီ ကိုယ်တော်၏စကားကို နာခံမှုရှိရှိ “နားထောင်” သင့်သည်။
အသက်ကို တန်ဖိုးထားလေးစားပါ
၄။ လူ့သမိုင်းအစတွင် အသက်ကိုလေးမြတ်မှုကိစ္စသည် မည်သို့အရေးပါလာသနည်း။
၄ လူ့သမိုင်းအစပိုင်းတွင်၊ ယေဟောဝါသည် လူတို့အား မည်သည့်အကြောင်းနှင့်မျှ အသက်ကို အသုံးပြု (သို့မဟုတ် တလွဲအသုံးပြု) ရန် အခွင့်မပေးခဲ့ကြောင်း ရှင်းလင်းစွာ ဖော်ပြတော်မူခဲ့သည်။ မနာလိုသော ဒေါသအမျက်ကြောင့် ကာဣနသည် အပြစ်မဲ့သူ မိမိညီအာဗေလကို သတ်ပစ်ခဲ့သည်။ အသက်နှင့်ပတ်သက်၍ ကာဣန ထိုသို့ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု သင်ယူဆပါသလော။ ဘုရားသခင် ထိုသို့မယူဆခဲ့ချေ။ ကိုယ်တော်က “သင်သည် အဘယ်သို့ပြုပြီးသနည်း။ သင့်ညီအသွေး၏အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျက်ရှိသည်တကား” ဟုဆိုကာ ကာဣနအား ဖြေရှင်းချက်ပေးခိုင်းသည်။ (ကမ္ဘာဦး ၄:၁၀) မြေကြီးထဲက အာဗေလ၏အသွေးသည် သူ၏အသက်ကို ဆိုလိုကြောင်း သတိပြုပါ၊ သူသည် ရက်ရက်စက်စက်အသတ်ခံလိုက်ရရာ ကလဲ့စားချေပေးပါရန် ဘုရားသခင်အား အသနားခံနေ၏။—ဟေဗြဲ ၁၂:၂၄။
၅။ (က) ဘုရားသခင်သည် နောဧခေတ်တွင် အဘယ်တားမြစ်ချက်ချခဲ့ကာ ယင်းသည် မည်သူတို့နှင့်သက်ဆိုင်သနည်း။ (ခ) ယင်းတားမြစ်ချက်သည် အဘယ်သဘောမျိုးဖြင့် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်သနည်း။
၅ ရေလွှမ်းမိုးဘေးပြီးနောက် လူသားမျိုးနွယ်သည် လူရှစ်ယောက်နှင့်သာ ဘဝအသစ်ပြန်စခဲ့၏။ လူအပေါင်းနှင့်သက်ဆိုင်သည့် ကြေညာချက်တစ်ခုတွင် ဘုရားသခင်သည် အသက်နှင့်အသွေးအပေါ် မိမိ၏သဘောထားကို ပို၍ဖော်ပြထားသည်။ တိရစ္ဆာန်၏အသားကို လူတို့စားနိုင်ကြောင်း မိန့်ဆိုသော်လည်း ဤတားမြစ်ချက်ကိုမူ ကိုယ်တော်ပြဋ္ဌာန်းခဲ့သည်– “အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည် အသီးအရွက်ကဲ့သို့ သင်တို့စားစရာဖို့ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ ငါအပ်ပေး၏။ သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကိုမစားရ။” (ကမ္ဘာဦး ၉:၃၊ ၄) ယင်းကို ဂျူးအချို့က အသက်ရှင်နေဆဲသတ္တဝါ၏ အသား သို့မဟုတ် သွေးကို မစားရဟုဆိုလိုကြောင်း အနက်ဖွင့်သည်။ သို့သော် ဤတွင် ဘုရားသခင်တားမြစ်ခဲ့ခြင်းမှာ အသက်ဆက်ရှင်စေရန် သွေးကိုသုံးစွဲခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် ရှင်းလင်းစွာဖော်ပြသည်။ ထို့အပြင်၊ နောဧမှတစ်ဆင့် ဘုရားသခင်ပေးသောအမိန့်သည် သွေးနှင့်ပတ်သက်၍ ကိုယ်တော်၏မြင့်မြတ်သည့် ရည်ရွယ်ချက်ဖြစ်သော လူတို့အား ထာဝရအသက်ရရှိစေမည့်ရည်ရွယ်ချက်ကို အထမြောက်စေမည့် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်သည်။
၆။ အသက်ကို ဘုရားသခင်တန်ဖိုးထားကြောင်း နောဧမှတစ်ဆင့် မည်သို့ အလေးပေးဖော်ပြသနည်း။
၆ ဘုရားသခင်က ဤသို့ဆက်မိန့်တော်မူသည်– “အကယ်၍ သင်တို့အသက်တည်းဟူသော သင်တို့အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်။ ခပ်သိမ်းသောလူတို့၏ ညီအစ်ကို၌ လူ၏အသက်ကိုငါတောင်းမည်။ အကြင်သူသည် လူ၏အသွေးကိုသွန်း၏၊ ထိုသူ၏အသွေးကို လူလက်ဖြင့်သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။” (ကမ္ဘာဦး ၉:၅၊ ၆) လူ့အသွေးကို ထိုသူ၏အသက်အဖြစ် ဘုရားသခင်ရှုမြင်ကြောင်း လူ့မိသားစုတစ်ခုလုံးအားပေးသော ဤကြေညာချက်မှ သင်နားလည်နိုင်သည်။ ဖန်ဆင်းရှင်သည် လူကိုအသက်ပေးထားသဖြင့် အသွေးကိုယ်စားပြုသည့် ထိုအသက်ကို မည်သူကမျှ မနုတ်ယူသင့်ချေ။ ကာဣနကဲ့သို့ တစ်စုံတစ်ယောက်သည် လူအသက်သတ်ပါက ထိုလူသတ်သမား၏အသက်ကို ဖန်ဆင်းရှင် ‘ပြန်တောင်း’ ပိုင်ခွင့်ရှိသည်။
၇။ သွေးနှင့်ပတ်သက်၍ နောဧအား ဘုရားသခင်ကြေညာခဲ့သည့်စကားကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။
၇ ဘုရားသခင်သည် မိမိ၏ကြေညာချက်အားဖြင့် သွေးကိုတလွဲမသုံးကြဖို့ လူသားတို့အား အမိန့်ပေးခဲ့၏။ ထိုသို့အဘယ်ကြောင့်ညွှန်ကြားခဲ့ရကြောင်း သိလိုပါသလော။ ဘုရားသခင်သည် သွေးနှင့်ပတ်သက်၍ အဘယ်ကြောင့်ထိုသို့ရှုမြင်ရသနည်း။ ယင်းအဖြေသည် သမ္မာကျမ်းစာပါ အရေးကြီးသောသွန်သင်ချက်များအနက် အရေးအပါဆုံးသွန်သင်ချက်တစ်ခုဖြစ်၏။ ချာ့ခ်ျများစွာက ထိုသွန်သင်ချက်ကို လျစ်လျူရှုထားကြသော်လည်း ယင်းသည် ခရစ်ယာန်သတင်းတရား၏ အဓိကအကြောင်းပင်ဖြစ်သည်။ ထိုသွန်သင်ချက်ကားအဘယ်နည်း၊ သင့်အသက်၊ သင့်ဆုံးဖြတ်ချက်များ၊ သင့်အပြုအမူများနှင့် မည်သို့သက်ဆိုင်သနည်း။
သွေး—ယင်းကို မည်သို့အသုံးပြုနိုင်သနည်း
၈။ ပညတ်တရားတွင် သွေးအသုံးပြုမှုနှင့်ပတ်သက်၍ အဘယ်ကန့်သတ်ချက်ကို ယေဟောဝါချမှတ်ခဲ့သနည်း။
၈ ယေဟောဝါသည် ဣသရေလလူမျိုးကို ပညတ်တရားပေးချိန်တွင် အသက်နှင့် အသွေးတို့အကြောင်း ပို၍အသေးစိတ်ဖော်ပြခဲ့သည်။ ထိုအချိန်တွင် ကိုယ်တော်သည် မိမိ၏ရည်ရွယ်တော်မူချက် အကောင်အထည်ပေါ်စေရန် နောက်ထပ်အရာတစ်ခုကို ဆောင်ရွက်ခဲ့သည်။ ဘုရားသခင်အား ကောက်ပဲသီးနှံ၊ ဆီနှင့်ဝိုင်စသည်တို့ကို ပူဇော်ရန် ပညတ်တရားက တောင်းဆိုထားကြောင်း သင်သိထားပေမည်။ (ဝတ်ပြုရာ ၂:၁-၄; ၂၃:၁၃; တောလည်ရာ ၁၅:၁-၅) ထို့အပြင် တိရစ္ဆာန်ယဇ်များလည်း ပူဇော်ရ၏။ ယင်းတို့နှင့်စပ်လျဉ်း၍ ဘုရားသခင်ဤသို့မိန့်ဆိုခဲ့သည်– “ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသောအပြစ်ကိုဖြေစေခြင်းငှာ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား အသွေးဖြစ်သတည်း။ ထို့ကြောင့် ‘သင်တို့၌ အဘယ်သူမျှ အသွေးကိုမစားရ’ ဟု ဣသရေလအမျိုးသားတို့အား ငါအမိန့်တော်ရှိ၏။” ထို့ပြင် မုဆိုးတစ်ဦး၊ လယ်သမားတစ်ဦးသည် စားစရာအဖြစ် တိရစ္ဆာန်ကို သတ်မည်ဆိုလျှင် အသွေးကိုသွန်းပြီး မြေနှင့်ဖုံးအုပ်ရမည်ဟု ယေဟောဝါ ထပ်ဆင့်မိန့်မှာခဲ့သည်။ မြေကြီးသည် ဘုရားသခင်၏ခြေတင်ရာခုံဖြစ်ရာ အသွေးကို မြေကြီးပေါ်သွန်းလောင်းခြင်းအားဖြင့် အသက်ပေးပိုင်ရှင်ထံ အသက်ပြန်အပ်ရာရောက်ကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။—ဝတ်ပြုရာ ၁၇:၁၁-၁၃; ဟေရှာယ ၆၆:၁။
၉။ ပညတ်တရားတွင်ဖော်ပြထားသည့် အသွေးကိုအသုံးပြုနိုင်သည့် နည်းတစ်နည်းတည်းကား အဘယ်နည်း၊ ယင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း။
၉ အဆိုပါပညတ်တရားသည် ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်မျှမရှိသည့် ဘာသာရေးထုံးတမ်းတစ်ခုမျှသာ မဟုတ်ချေ။ ဣသရေလလူမျိုးသည် သွေးကို အဘယ်ကြောင့်မစားရကြောင်း သင်သတိပြုမိသလော။ ဘုရားသခင်က “ထို့ကြောင့် ‘သင်တို့၌ အဘယ်သူမျှ အသွေးကိုမစားရ’ ဟု ဣသရေလအမျိုးသားတို့အား ငါအမိန့်တော်ရှိ၏” ဟုဆိုသည်။ အကြောင်းကား အဘယ်နည်း။ “သင်တို့ပြုသောအပြစ်ကိုဖြေစေခြင်းငှာ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။” လူသည် သွေးကိုမစားရဟု နောဧအား ဘုရားသခင် အဘယ်ကြောင့်မိန့်မှာခဲ့သည်ကို ယင်းက ထိုးထွင်းသိမြင်စေကြောင်း သင်သတိပြုမိသလော။ သွေးသည် မြင့်မြတ်သောအဓိပ္ပာယ်ဆောင်ကာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်သည့် အထူးနည်းဖြင့်သုံးရန် သီးသန့်ဖယ်ထားရာဖြစ်သည်ဟု ရှုမြင်ဖို့ ဖန်ဆင်းရှင်က ရွေးချယ်ဆုံးဖြတ်ခဲ့၏။ အပြစ်များကို ဖုံးအုပ် (ဖြေ) ရန် သွေးသည် အရေးပါသောကဏ္ဍမှ ပါဝင်ဆောင်ရွက်၏။ ပညတ်တရားအရ သွေးကိုအသုံးပြုဖို့ ဘုရားသခင်ခွင့်ပြုထားသည့် တစ်ခုတည်းသောနည်းမှာ ယေဟောဝါ၏ခွင့်လွှတ်မှုကိုရလိုသူ ဣသရေလအမျိုးသားတို့၏ အပြစ်ဖြေရန် ယဇ်ပလ္လင်ပေါ်တွင် အသုံးပြုခြင်းဖြစ်သည်။
၁၀။ တိရစ္ဆာန်အသွေးသည် အပြစ်ကို အဘယ်ကြောင့် လုံးလုံးလျားလျား မလွှတ်ပေးနိုင်သနည်း၊ သို့သော် ပညတ်တရားတွင်ပါရှိသည့် ပူဇော်ရာယဇ်များက အဘယ်အရာကိုသတိပေးသနည်း။
၁၀ ဤသဘောတရားသည် ခရစ်ယာန်အယူဝါဒနှင့်မစိမ်းပါ။ ဘုရားသခင်စီစဉ်ပေးသည့် ပညတ်တရား၏ ဤအသွင်အပြင်ကို ရည်ညွှန်းလျက် ခရစ်ယာန်တမန်တော်ပေါလုက ဤသို့ရေးသားခဲ့၏– “ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။” (ဟေဗြဲ ၉:၂၂) ပူဇော်ခဲ့ရသောယဇ်များသည် ဣသရေလလူမျိုးကို စုံလင်၍ အပြစ်မဲ့သူများ မဖြစ်စေကြောင်း ပေါလု ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ သူက “ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်းအောက်မေ့ခြင်းရှိ၏။ အကြောင်းမူကား၊ နွား၊ ဆိတ်၏အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ” ဟု ရေးသားခဲ့လေသည်။ (ဟေဗြဲ ၁၀:၁-၄) သို့တိုင်၊ ထိုယဇ်များသည် အသုံးတည့်နေပါသေးသည်။ ယင်းတို့က ဣသရေလလူမျိုးသည် အပြစ်ရှိသူများဖြစ်ကြောင်းနှင့် အပြစ်လုံးလုံးလွှတ်ခံရဖို့ ထိုထက်မကလိုကြောင်း သတိပေးခဲ့၏။ သို့သော် တိရစ္ဆာန်အသက်ကို ကိုယ်စားပြုသည့် အသွေးသည် လူ့အပြစ်များကို လုံးလုံးမဖုံးအုပ်နိုင်ရကား ထိုသို့ပြုနိုင်သည့် အသက်သွေးရှိနိုင်ပါဦးမည်လော။
အသက်ပေးပိုင်ရှင်၏ ဖြေရှင်းနည်း
၁၁။ တိရစ္ဆာန်အသွေး ပူဇော်ရာယဇ်များသည် တစ်စုံတစ်ရာကို ညွှန်ပြနေကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။
၁၁ အမှန်မှာ ဘုရားသခင့်အလိုတော် ပြီးမြောက်အောင်မြင်စေဖို့ ပို၍ထိရောက်သည့်အရာတစ်ခုကို ပညတ်တရားက အာရုံစိုက်စေသည်။ ပေါလုက “ပညတ်တရားသည် အဘယ်အကျိုးရှိသနည်း” ဟုမေးခဲ့၏။ သူဖြေဆိုသည်ကား– “ကတိတော်ကိုခံသော အမျိုးအနွယ်မလာမီ လွန်ကျူးခြင်းများကြောင့် ထိုတရားကို ထပ်၍ပေးတော်မူ၏။ ထိုတရားကို ကောင်းကင်တမန်တို့အားဖြင့် အာမခံ [မောရှေ] ၏လက်၌ ထားတော်မူ၏။” (ဂလာတိ ၃:၁၉၊ သမ္မာ) ထပ်တူပင် ပေါလု ဤသို့ရေးသားခဲ့၏– “ပညတ်တရားသည် နောက်ဖြစ်လတ္တံ့သောမင်္ဂလာအကျိုးတို့၏ သေချာသောပုံသဏ္ဌာန်ကိုမပြ၊ အရိပ်ကိုသာပြသည်။”—ဟေဗြဲ ၁၀:၁။
၁၂။ သွေးနှင့်စပ်လျဉ်း၍ ဘုရားသခင့်ရည်ရွယ်ချက် သိသာထင်ရှားလာမှုကို ကျွန်ုပ်တို့ မည်သို့သတိပြုမိနိုင်သနည်း။
၁၂ အတိုချုပ်အားဖြင့် နောဧခေတ်ကို ပြန်ပြောင်းကြည့်သော် လူတို့သည် အသက်ဆက်ရှင်ရန် တိရစ္ဆာန်အသားကိုစားသုံးနိုင်သော်လည်း အသွေးကိုမူ စားသုံး၍မရကြောင်း ဘုရားသခင်အမိန့်ထုတ်ထားသည်။ နောက်ပိုင်းတွင် ဘုရားသခင်က “အသွေး၌ အသက်တည်၏” ဟူ၍ ဖော်ပြခဲ့လေသည်။ သွေးသည် အသက်ကိုကိုယ်စားပြုသည်ဟု ကိုယ်တော်ရှုမြင်ထားကာ ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့ပြုသောအပြစ်ကိုဖြေစေခြင်းငှာ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာငါပေးပြီ။” သို့သော် ဘုရားသခင့်ရည်ရွယ်ချက် ပို၍သိသာထင်ရှားလာဖို့ ထူးခြားချက် နောက်တစ်ခုဖြစ်ပေါ်ရဦးမည်။ ပညတ်တရားသည် နောက်ဖြစ်လတ္တံ့သောအရာတို့ကို ရှေ့ပြေးအရိပ်ပြခဲ့သည်။ အဘယ်အရာများနည်း။
၁၃။ ယေရှု၏သေခြင်းသည် အဘယ်ကြောင့် အရေးတကြီးဖြစ်ရသနည်း။
၁၃ အဖြစ်မှန်မှာ ယေရှုခရစ်၏သေခြင်း၌ ဗဟိုပြုသည်။ ယေရှုသည် နှက်တိုင်တင်ညှဉ်းဆဲခံခဲ့ရကြောင်း သင်သိရှိထားသည်။ ကိုယ်တော်သည် ရာဇဝတ်သားတစ်ဦးကဲ့သို့ သေဆုံးခဲ့ရ၏။ ပေါလုက “ငါတို့သည် အားနည်းသေးစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် ဘုရား[သခင်]မဲ့နေသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။ . . . ငါတို့သည် အပြစ်ရှိနေသေးစဉ် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့အားချစ်တော်မူသည်ကို ထင်ရှားစွာပြတော်မူ၏” ဟု ရေးသားခဲ့သည်။ (ရောမ ၅:၆၊ ၈၊ သမ္မာ) ကျွန်ုပ်တို့အတွက် ယေရှုအသေခံခြင်းအားဖြင့် ကျွန်ုပ်တို့၏အပြစ်များကိုဖုံးအုပ်ပေးရန် ရွေးနုတ်ဖိုးစီစဉ်ပေးခဲ့သည်။ ထိုရွေးနုတ်ဖိုးသည် ခရစ်ယာန်သတင်းတရား၏ အဓိကအကြောင်းဖြစ်ပေသည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆; ၁ ကောရိန္သု ၁၅:၃; ၁ တိမောသေ ၂:၆) ယင်းသည် အသွေးအသက်တို့နှင့် မည်သို့ဆက်နွှယ်သနည်း၊ သင်၏အသက်ကော မည်သို့ပါဝင်ပတ်သက်သနည်း။
၁၄၊ ၁၅။ (က) ဧဖက် ၁:၇၊ ၈ ကို ခရစ်ယာန်ဘာသာပြန်ထားသည့် ကျမ်းစာတချို့က ယေရှု၏သေခြင်းကို မည်သို့အလေးပေးဖော်ပြသနည်း။ (ခ) ဧဖက် ၁:၇၊ ၈ တွင်ပါသည့် အဘယ်အချက်ကို လွတ်သွားနိုင်သနည်း။
၁၄ ချာ့ခ်ျအချို့၏ အသင်းသားများက “ငါ့အတွက် ယေရှုအသေခံခဲ့တယ်” ဟုပြောဆိုကာ ယေရှု၏သေခြင်းကို အလေးပေးဖော်ပြတတ်ကြသည်။ ဧဖက် ၁:၇ ကို ခရစ်ယာန်ဘာသာပြန်ကျမ်းတချို့ မည်သို့ပြန်ဆိုထားကြောင်း သုံးသပ်ကြည့်ပါ– “ကိုယ်တော်၏သေခြင်းကြောင့် ငါတို့သည် လွတ်မြောက်ရကြ၏၊ တစ်နည်းအားဖြင့် ငါတို့၏အပြစ်များကို ပယ်ရှားပေးလိုက်သည်။” (ဖရန့်ခ် ရှီလ် ဘယ်လန်တိုင်း ၏ အမေရိကန်သမ္မာကျမ်းစာ၊ ၁၉၀၂) “ခရစ်တော်၏သေခြင်းကြောင့် ငါတို့သည် လွတ်မြောက်ခြင်းခံရကြပြီး အပြစ်လွှတ်ခံရကြသည်။” (ယနေ့ အင်္ဂလိပ်ဘာသာပြန်ကျမ်း၊ ၁၉၆၆) “ခရစ်တော်သည် မိမိ၏အသက်ကို ပူဇော်ခဲ့သောကြောင့် ငါတို့သည် လွတ်မြောက်ခဲ့ရကြပြီ၊ ယင်းသည် အပြစ်လွှတ်ခြင်းတည်းဟူသော လွတ်မြောက်မှုဖြစ်ပေသည်။” (ဝီလျံ ဘားကလေး၏ ဓမ္မသစ်ကျမ်း၊ ၁၉၆၉) “ခရစ်တော်၏သေခြင်းကြောင့် ငါတို့သည်အပြစ်လွှတ်ခံရပြီး လွတ်မြောက်ခြင်းရကြသည်။” (ဘာသာပြန်သူ၏ ဓမ္မသစ်ကျမ်း၊ ၁၉၇၃) ဤပြန်ဆိုချက်များသည် ယေရှု၏သေခြင်းကို အလေးပေးဖော်ပြထားကြောင်း သင်သတိပြုမိပေမည်။ တချို့က ‘ယေရှုရဲ့သေခြင်းဟာ တကယ်အရေးပါတယ်ဆိုတော့ ဒီပြန်ဆိုချက်တွေမှာ ဘာများလိုနေလို့လဲ’ ဟုဆိုကြပေမည်။
၁၅ သင်သည် အဆိုပါခရစ်ယာန်ဘာသာပြန်ကျမ်းများကိုသာ အားထားနေရသည်ဆိုလျှင် အလွန်အရေးကြီးသည့်အချက်တစ်ချက် လွတ်သွားနိုင်ရာ ယင်းကြောင့် ကျမ်းစာသတင်းတရားနှင့်ပတ်သက်သော သင်၏သိနားလည်မှုသည် အကန့်အသတ်ဖြစ်နေမည်။ ၎င်းပြန်ဆိုချက်များသည် ဧဖက် ၁:၇၊ ၈ ၏ မူရင်းစာသားတွင် “သွေး” ဟူ၍အဓိပ္ပာယ်ရသော ဂရိစကားလုံးကို ချန်လှပ်ထားသည်။ ထို့ကြောင့် ယုဒသန်ကျမ်းကဲ့သို့သော ကျမ်းပေါင်းများစွာတို့သည် မူရင်းကျမ်း စာသားအတိုင်း ပို၍တိကျစွာ ပြန်ဆိုကြလေသည်– “ငါတို့၌ အတိုင်းထက်အလွန်များလှစွာသောကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံရကြ၏။”
၁၆။ ‘ထိုသူ၏အသွေး’ ဟူသောပြန်ဆိုချက်က ကျွန်ုပ်တို့အား အဘယ်အရာ သိစေအပ်သနည်း။
၁၆ ‘ထိုသူ၏အသွေး’ ဟူသော ပြန်ဆိုချက်သည် အဓိပ္ပာယ်အလွန်လေးနက်လှရာ ယင်းက ကျွန်ုပ်တို့အား အကြောင်းအချက်များစွာ သိရှိစေမည်။ စုံလင်သည့်လူသား ယေရှု၏ သေခြင်းထက်ပင် သာ၍လိုအပ်သည်ကို သိရှိစေသည်။ ကိုယ်တော်သည် ပညတ်တရားတွင် ရှေ့ပြေးအရိပ်ပြရာကို အထူးသဖြင့် အပြစ်ဖြေရာနေ့တွင် ပြည့်စုံစေခဲ့၏။ အဆိုပါအထူးနေ့တွင် သတ်မှတ်ထားသည့် တိရစ္ဆာန်များ ကို ယဇ်ပူဇော်ခဲ့ကြရသည်။ ထို့နောက် ယဇ်ပုရောဟိတ်မင်းကြီးသည် တိရစ္ဆာန်သွေးအချို့ကို ဝတ်ပြုရာအိမ်တော်၏ အသန့်ရှင်းဆုံးအခန်းထဲ ယူဆောင်သွားကာ ဘုရားသခင့်ရှေ့မှောက်တွင် ရှိနေသည့်အလား ကိုယ်တော်ထံ ဆက်သလိုက်လေသည်။—ထွက်မြောက်ရာ ၂၅:၂၂; ဝတ်ပြုရာ ၁၆:၂-၁၉။
၁၇။ အပြစ်ဖြေရာနေ့ ရှေ့ပြေးအရိပ်ပြသည့်အရာကို ယေရှု မည်သို့ပြည့်စုံစေခဲ့သနည်း။
၁၇ ပေါလုရှင်းပြခဲ့သည့်အတိုင်း ယေရှုသည် အပြစ်ဖြေရာနေ့ ရှေ့ပြေးအရိပ်ပြရာကို ပြည့်စုံစေခဲ့သည်။ ဦးဆုံးအနေနှင့်၊ ဣသရေလနိုင်ငံရှိ ယဇ်ပုရောဟိတ်မင်းကြီးသည် ‘မိမိအတွက်နှင့် လူတို့ မသိဘဲ ပြုမိသောအပြစ်များအတွက်’ တစ်နှစ်လျှင်တစ်ကြိမ် အသန့်ရှင်းဆုံးအခန်းထဲဝင်ရောက်၍ အသွေးကိုပူဇော်ရကြောင်း သူဖော်ပြ၏။ (ဟေဗြဲ ၉:၆၊ ၇) ထိုပုံစံအတိုင်း ယေရှုသည် . . . ဝိညာဉ်အဖြစ် ထမြောက်ပြီးနောက် ကောင်းကင်သို့တက်ကြွသွားလေသည်။ ကိုယ်တော်သည် အသွေးအသားကိုယ်ခန္ဓာမရှိသည့် ဝိညာဉ်အဖြစ် ‘ကျွန်ုပ်တို့အတွက် ဘုရားသခင်၏’ ရှေ့မှောက် ဝင်ရောက်ခစားနိုင်ခဲ့၏။ ဘုရားသခင်အား အဘယ်အရာဆက်သခဲ့သနည်း။ မြင်နိုင်သည့်အရာတစ်ခုမဟုတ်ဘဲ အဓိပ္ပာယ်အလွန်ထူးခြားသည့် အရာတစ်ခုကို ဆက်သခဲ့၏။ ပေါလုက ဤသို့ဆက်၍ဆိုသည်– “ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည် ငါတို့အဖို့ ထာဝရရွေးနုတ်ခြင်းကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားသငယ်အသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့် အလွန်သန့်ရှင်းရာဌာနထဲသို့ တစ်ကြိမ်တည်းဝင်တော်မူ၏။ အကြောင်းမူကား နွားအသွေး၊ ဆိတ်အသွေး . . . သည် သူတို့ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်းကိုပြုနိုင်သည်မှန်လျှင်၊ ထိုမျှမက အပြစ်တင်ခွင့်နှင့်ကင်းသော ကိုယ်တော်တိုင်ကို ထာဝရဝိညာဉ်တော်အားဖြင့် ဘုရားသခင်အား တင်လှူပူဇော်သော ခရစ်တော်၏အသွေးသည် အသက်ရှင်တော်မူသောဘုရားသခင်ကို ဝတ်ပြုခြင်းအဖို့အလို့ငှာ သင်တို့၌ ကိုယ်ကိုကိုယ်သိသောစိတ်ကို အသေဖြစ်သောအကျင့်များနှင့်ကင်းလွတ်၍ စင်ကြယ်စေခြင်းငှာ သာ၍တတ်နိုင်တော်မူမည်မဟုတ်လော။” မှန်ပါသည်၊ ယေရှုသည် မိမိအသက်သွေး၏တန်ဖိုးကို ဘုရားသခင်အား ဆက်သတော်မူခဲ့သည်။—ဟေဗြဲ ၉:၁၁-၁၄၊ ၂၄၊ ၂၈၊ သမ္မာ; ၁၀:၁၁-၁၄; ၁ ပေတရု ၃:၁၈။
၁၈။ သွေးနှင့်ပတ်သက်သည့် ကျမ်းစာဖော်ပြချက်များသည် ယနေ့ ခရစ်ယာန်များအတွက် အဘယ်ကြောင့်အရေးပါသင့်သနည်း။
၁၈ ဘုရားသခင်၏ ဤအမှန်တရားက ကျွန်ုပ်တို့အား သွေးနှင့်ပတ်သက်သည့် ကျမ်းစာပြောဆိုချက်ကို သဘောပေါက်နားလည်စေသည်၊ ဘုရားသခင်သည် သွေးကို ထိုသို့ အဘယ်ကြောင့်ရှုမြင်ရကြောင်း၊ ယင်းကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သင့်ကြောင်းနှင့် သွေးကိုအသုံးပြုပုံနှင့်ပတ်သက်၍ ဘုရားသခင်ချမှတ်ထားသည့် ကန့်သတ်ချက်များကို ကျွန်ုပ်တို့အဘယ်ကြောင့် လေးစားသင့်ကြောင်းစသည်တို့ကို နားလည်လာပေမည်။ ခရစ်ယာန်ဂရိကျမ်းစောင်များကို ဖတ်ရှုသည့်အခါ ခရစ်တော်၏အသွေးအကြောင်း များစွာရည်ညွှန်းဖော်ပြထားသည်ကို သင်တွေ့ရှိပေလိမ့်မည်။ (လေးထောင့်ကွက်ကိုရှု။) ယင်းတို့က ခရစ်ယာန်တစ်ဦးစီသည် “ယေရှုခရစ်၏ အသွေးတော်ကို” ယုံကြည်သင့်ကြောင်း ရှင်းလင်းစွာဖော်ပြပေးသည်။ (ရောမ ၃:၂၅) “[ယေရှု] သွန်းသော အသွေးတော်အားဖြင့်” သာ ကျွန်ုပ်တို့သည် အပြစ်လွှတ်ခံရပြီး ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့နိုင်ပါမည်။ (ကောလောသဲ ၁:၂၀) ယင်းသည် ကောင်းကင်တွင် ယေရှုနှင့်အတူစိုးစံရန် ကိုယ်တော်အထူးပဋိညာဉ်ဖွဲ့ထားသူတို့နှင့်ပတ်သက်၍ အမှန်ပင်ဖြစ်သည်။ (လုကာ ၂၂:၂၀၊ ၂၈-၃၀; ၁ ကောရိန္သု ၁၁:၂၅; ဟေဗြဲ ၁၃:၂၀) ထို့ပြင် ဖြစ်လတ္တံ့သော ‘ကြီးစွားသောဆင်းရဲခြင်း’ ကိုကပ်ကျော်ပြီး မြေကြီးပရဒိသုတွင် ထာဝရအသက်ရရှိမည့် မျက်မှောက်ခေတ် ‘လူအုပ်ကြီး’ နှင့်ပတ်သက်၍လည်း ထို့အတူမှန်ကန်ပါသည်။ ပုံဆောင်သဘောအရ၊ သူတို့သည် “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်” ကြလေသည်။—ဗျာ. ၇:၉၊ ၁၄။
၁၉၊ ၂၀။ (က) သွေးအသုံးပြုမှုကိုကန့်သတ်ဖို့ ဘုရားသခင် အဘယ်ကြောင့်အလိုရှိခဲ့သနည်း၊ ယင်းကို ကျွန်ုပ်တို့မည်သို့ ယူမှတ်သင့်သနည်း။ (ခ) ကျွန်ုပ်တို့သည် အဘယ်အရာကိုသိရှိရန် စိတ်ဝင်စားသင့်သနည်း။
၁၉ ဘုရားသခင့်အမြင်တွင် သွေးသည် အထူးအဓိပ္ပာယ်ရှိကြောင်း ထင်ရှားသည်။ ကျွန်ုပ်တို့အတွက်လည်း ထို့အတူဖြစ်သင့်သည်။ အသက်ကိုအလေးထားသည့် ဖန်ဆင်းရှင်သည် လူတို့ သွေးအသုံးပြုပုံကို ကန့်သတ်ပိုင်ခွင့်ရှိသည်။ ကျွန်ုပ်တို့၏အသက်ကိုပင် ကိုယ်တော်အလွန်အလေးထားရာ ထာဝရအသက်ရစေနိုင်သော တစ်ခုတည်းသောနည်းလမ်းဖြစ်သည့် အလွန်အရေးပါသောနည်းလမ်းတစ်ရပ်တွင် သွေးကိုအသုံးပြုရန် သီးသန့်ထားတော်မူခဲ့သည်။ ထိုနည်းလမ်းတွင် ယေရှု၏အသွေးတော်မြတ် ပါဝင်လေသည်။ ဗျာ. ၁:၅၊ ၆၊ သမ္မာ။
ဤအသက်ကယ်ဆယ်ရေးနည်းလမ်းတွင် ယေရှု၏အသွေးတော်ကို ကျွန်ုပ်တို့အကျိုးအတွက် ယေဟောဝါဘုရားသခင်အသုံးပြုတော်မူခဲ့ရာ ကိုယ်တော်အား ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်နိုင်ပါသည်! အသွေးတော်ကို ပူဇော်ရာယဇ်အဖြစ် ယေရှုသွန်းလောင်းခဲ့သည့်အတွက် ကိုယ်တော့်ကိုလည်း ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်အပ်၏! တမန်တော်ယောဟန်ဖော်ပြသည့် ဤသဘောထားကို ကျွန်ုပ်တို့ အမှန်ပင်သဘောပေါက်နိုင်ကြသည်– “ငါတို့ကိုချစ်၍ အသွေးတော်နှင့် အပြစ်မှ ဖြေလွှတ်တော်မူသဖြင့်၊ ငါတို့ကို နိုင်ငံတော်လည်းကောင်း၊ မိမိခမည်းတော်ဘုရားသခင်အဖို့ ယဇ်ပုရောဟိတ်များလည်းကောင်း ဖြစ်စေတော်မူသောအရှင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစိုးပိုင်သောအခွင့်ရှိတော်မူစေသတည်း။ အာမင်။”—၂၀ ကျွန်ုပ်တို့၏ ဉာဏ်ပညာအရှိဆုံးဘုရားသခင်နှင့် အသက်ပေးပိုင်ရှင်သည် ဤအသက်ကယ်ဆယ်နည်းကို ကြာမြင့်စွာကတည်းက ရည်ရွယ်ထားတော်မူသည်။ သို့ဖြစ်၍ ‘ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များနှင့် လုပ်ရပ်များအပေါ် ယင်းက အဘယ်အကျိုးသက်ရောက်စေသင့်သနည်း’ ဟု ကျွန်ုပ်တို့မေးနိုင်ပေသည်။ ဤမေးခွန်းကို နောက်လာမည့်ဆောင်းပါးက တင်ပြပါမည်။
သင်မည်သို့ဖြေဆိုမည်နည်း
• အာဗေလနှင့် နောဧတို့၏မှတ်တမ်းများမှ အသွေးအပေါ် ဘုရားသခင့်အမြင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူနိုင်သနည်း။
• ပညတ်တရားတွင် သွေးကိုအသုံးပြုမှုနှင့်ပတ်သက်၍ ဘုရားသခင် အဘယ်သို့ ကန့်သတ်ထားသနည်း၊ အဘယ်ကြောင့်နည်း။
• အပြစ်ဖြေရာနေ့ ရှေ့ပြေးအရိပ်ပြသောအဘယ်အရာကို ယေရှုမည်သို့ပြည့်စုံစေခဲ့သနည်း။
• ယေရှု၏အသွေးတော်က ကျွန်ုပ်တို့ကို မည်သို့ကယ်တင်နိုင်သနည်း။
[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်]
အဘယ်အသွေးက အသက်ကယ်တင်နိုင်သနည်း
“သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိ [“သားတော်၏၊” ကဘ] အသွေးနှင့်ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ်ခန့်ထားတော်မူသော သိုးစုတစ်စုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။”—တမန်တော် ၂၀:၂၈။
“သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သဖြင့် ထိုအရှင်ကြောင့် အမျက်တော်မှ ကယ်ချွတ်တော်မူခြင်းသို့ သာ၍ရောက်ကြလိမ့်မည်။”—ရောမ ၅:၉၊ သမ္မာ။
‘သင်တို့သည် မျှော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားသခင်မဲ့နေကြသည်။ သင်တို့သည် အထက်က ဝေးလျက်ရှိသော်လည်း ယခုမှာ ခရစ်တော်ယေရှု၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ။’—ဧဖက် ၂:၁၂၊ ၁၃၊ သမ္မာ။
‘ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော်၌ တည်နေစေခြင်းငှာလည်းကောင်း၊ လက်ဝါးကပ်တိုင်မှာသွန်သော အသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ၍ ခပ်သိမ်းသောအရာကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေခြင်းငှာလည်းကောင်း အလိုရှိတော်မူ၏။’—ကောလောသဲ ၁:၁၉၊ ၂၀၊ သမ္မာ။
‘ထို့ကြောင့် ညီအစ်ကိုတို့၊ ငါတို့သည် အလွန်သန့်ရှင်းရာဌာနထဲသို့ အသွေးတော်ကိုအမှီပြု၍ဝင်ရန် ရဲရင့်ရသောအခွင့်ရှိသည်။’—ဟေဗြဲ ၁၀:၁၉၊ ၂၀၊ သမ္မာ။
“ဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့် သင်တို့ကို ရွေးနုတ်တော်မူသည်မဟုတ်ဘဲ၊ အဘယ်အပြစ်အနာမျှမရှိ၊ အစွန်းအကွက်နှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးနုတ်တော်မူသည်။”—၁ ပေတရု ၁:၁၈၊ ၁၉၊ သမ္မာ။
“ကိုယ်တော်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည် အလင်း၌ကျင်လည်လျှင် အချင်းချင်းမိတ်သဟာယဖွဲ့ ခြင်းရှိကြ၍ ကိုယ်တော်၏ သားတော်ယေရှု၏အသွေးတော်သည် အပြစ်ရှိသမျှမှ ငါတို့ကို စင်ကြယ်စေ၏။”—၁ ယောဟန် ၁:၇၊ သမ္မာ။
“ကိုယ်တော်သည် အသေသတ်ခြင်းကိုခံတော်မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍ အသွေးတော်နှင့် ဘုရားသခင်အဖို့ ရွေးနုတ်တော်မူ၏။ . . . ထို့ကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကိုဖွင့်ထိုက်တော်မူ၏။”—ဗျာ. ၅:၉၊ ၁၀။
‘ငါတို့ညီအစ်ကိုများကို . . . နေ့ညမပြတ်အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။ သူတို့သည် သိုးသငယ်၏အသွေးအားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံချက်စကားတော်အားဖြင့်လည်းကောင်း အောင်မြင်ကြသည်။’—ဗျာ. ၁၂:၁၀၊ ၁၁။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
အပြစ်လွှတ်ခံရရန် အသွေးသည် အရေးပါသည့်ကဏ္ဍတစ်ခုမှ ဆောင်ရွက်နိုင်ကြောင်း ပညတ်တရားအားဖြင့် ဘုရားသခင် ရှင်းလင်းစွာဖော်ပြခဲ့
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယေရှု၏အသွေးတော်အားဖြင့် အသက်ပေါင်းများစွာ ကယ်တင်ခံရနိုင်