လေနှင့်ရေ ထွင်းထုထားရာ အိမ်များတွင် နေထိုင်ကြသော ကပ္ပဒေါကိပြည်
လေနှင့်ရေ ထွင်းထုထားရာ အိမ်များတွင် နေထိုင်ကြသော ကပ္ပဒေါကိပြည်
ကပ္ပဒေါကိပြည်အကြောင်း တမန်တော် ပေတရု ပြောခဲ့ဖူးသည်။ သူ၏မှုတ်သွင်းခံပထမစာစောင်၏ တစ်စိတ်တစ်ပိုင်းကို “ကပ္ပဒေါကိပြည် . . . အရပ်ရပ်တို့၌ကွဲပြားသော ဧည့်သည် . . . တို့” ထံ လိပ်မူခဲ့သည်။ (၁ ပေတရု ၁:၁-၂) ကပ္ပဒေါကိပြည်သည် မည်ကဲ့သို့သောဒေသမျိုးဖြစ်သနည်း။ ထိုပြည်သားများသည် ကျောက်ဆစ်အိမ်များ၌ အဘယ်ကြောင့် နေထိုင်ခဲ့ကြသနည်း။ သူတို့သည် ခရစ်ယာန်ဘာသာတရားနှင့် မည်သို့ ထိတွေ့ခဲ့ကြသနည်း။
“ကျွန်ုပ်တို့သည် ကတော့ပုံကျောက်ဆောင်များ၊ ကျောက်တိုင်စုကြီးများထဲတွင် ရုတ်တရက်လမ်းပျောက်သွားခဲ့ကြသည်” ဟု ၁၈၄၀ ပြည့်လွန်နှစ်များအတွင်း ကပ္ပဒေါကိပြည် (ကက်ပဒိုးစီးယား) သို့ အလည်ရောက်သွားခဲ့သူ၊ ဗြိတိသျှခရီးသည် ဒဗလျူ. အက်ဖ်. အိန့်စ်ဝေါ့သ်ကဆိုခဲ့သည်။ တစ်မူထူးသော ထိုရှုခင်းသည် တူရကီနိုင်ငံရှိ ၎င်းဒေသသို့ ယနေ့အလည်သွားသူတို့အား ရင်သပ်ရှုမောအံ့အားသင့်စေဆဲဖြစ်သည်။ ထူးဆန်းသော “ကျောက်ဆစ်ရုပ်များ” သည် ကက်ပဒိုးရှန်းချိုင့်ဝှမ်းများတွင် တုတ်တုတ်မျှမလှုပ်သော စစ်ကင်းစောင့်များကဲ့သို့ ပြွတ်သိပ်လျက်ရှိသည်။ အချို့မှာ ပေ ၁၀၀ သို့မဟုတ် ထို့ထက်ကျော်၍ မိုးထိုးနေသော ဧရာမမီးခိုးခေါင်းတိုင်များနှင့်တူ၏။ အခြားကျောက်ဆောင်များမူ ရေခဲမုန့်ကတော့ကြီးများ၊ လေးမျက်နှာကျောက်တိုင်မြင့်များ သို့မဟုတ် မှိုပွင့်များနှင့် ဆင်တူကြသည်။
တစ်နေ့တာအတွင်း နေရောင်ခြည်ကလည်း ဤကျောက်ဆောင်များကို အလွန်တင့်တယ်လှပစွာ အရောင်ဆင်ပေးသည်! မိုးသောက်ချိန်တွင် ၎င်းတို့သည် ပန်းနုရောင်ထွက်နေသည်။ မွန်းတည့်ချိန်ရောက်သော် ဆင်စွယ်ရောင်ဖျော့ဖျော့ဖြစ်လာပြီး နေဝင်ချိန်တွင်မူ ရွှေဝါရောင်သို့ပြောင်းသွားသည်။ ဤ “ကတော့ပုံကျောက်ဆောင်များ၊ ကျောက်တိုင်စုကြီးများ” မည်သို့ဖြစ်ပေါ်လာသနည်း။ ထိုဒေသရှိလူများသည် ၎င်းကျောက်ဆောင်များထဲတွင် အဘယ်ကြောင့်အိမ်လုပ်ပြီးနေကြသနည်း။
လေနှင့်ရေ တိုက်စားမှုကြောင့် ပုံသွန်းခံရ
ကပ္ပဒေါကိပြည်သည် အာရှနှင့် ဥရောပကို ဆက်သွယ်ပေးသော အယ်နာထိုးလီယန်ကျွန်းဆွယ် အလယ်ဗဟိုတွင် တည်ရှိသည်။ မီးတောင်နှစ်လုံးသာမရှိခဲ့လျှင် ထိုဒေသသည် ကုန်းပြင်မြင့်ဖြစ်ပေမည်။ လွန်ခဲ့သောအနှစ်ထောင်ပေါင်းများစွာက အင်အားကြီးသောမီးတောင်ပေါက်ကွဲမှုများကြောင့် ၎င်းဒေသတွင် ကျောက်နှစ်မျိုး ဖုံးလွှမ်းလျက်ရှိသည်၊ မီးတောင်ချော်ကျောက်မာနှင့် မီးတောင်ပြာရည်မှ ဖြစ်ပေါ်လာသော ဖြူဖျော့ဖျော့ ကျောက်ဆောင်ပွတို့ ဖြစ်သည်။
၎င်းကျောက်ဆောင်ပွကို မြစ်ရေများ၊ မိုးနှင့် လေတို့က တိုက်စားစပြုရာ ချောက်နက်ကြီးများ ဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် ဤတိုက်စားမှုကြောင့် ချောက်ကမ်းပါးအချို့မှာ တဖြည်းဖြည်းအက်ကွဲလာပြီး ကတော့ပုံကျောက်ဆောင်များ၊ ကျောက်တိုင်အမြောက်အမြား ဖြစ်ပေါ်လာစေရာ ကမ္ဘာတစ်လွှား မည်သည့်နေရာ၌မျှ မတွေ့ရသော ကျောက်ဆစ်ရုပ်များနှင့် အလှဆင်ခံရလေသည်။ အခေါင်းပေါက်များရှိသော ကတော့ပုံကျောက်ဆောင်အချို့မှာ ပျားအုံနှင့်တူသည်။ ဒေသခံများသည် ၎င်းကျောက်ဆောင်ပွတွင် အခန်းများထွင်း၍နေထိုင်ကြပြီး မိသားစုကြီးလာသည်နှင့်အမျှ အခန်းပိုများလာသည်။ ဤနေအိမ်များသည် နွေရာသီတွင် အေးမြပြီး ဆောင်းရာသီတွင် နွေးနွေးထွေးထွေးရှိကြောင်း သူတို့တွေ့ရှိလာကြ၏။
ယဉ်ကျေးမှုလမ်းဆုံ၌ နေထိုင်ခြင်း
ကပ္ပဒေါကိပြည်မှ ဂူတွင်းနေထိုင်သူတို့သည် အရေးပါသော ယဉ်ကျေးမှုလမ်းဆုံ၌ မနေထိုင်ခဲ့ပါမူ လူတို့နှင့် အဆက်ပြတ်နေနိုင်ဖွယ်ရှိသည်။ ကျော်ကြားသော ပိုးလမ်းမကြီးဖြစ်သည့်၊ ရောမအင်ပါယာနှင့် တရုတ်ပြည်ကို ဆက်သွယ်ထားသော မိုင်ပေါင်း ၄,၀၀၀ ရှည်သည့် ကုန်သွယ်ရေးလမ်းကြောင်းသည် ကပ္ပဒေါကိပြည်ကို ဖြတ်သွားရ၏။ ကုန်သည်များအပြင် ပါရှန်း၊ ဂရိနှင့် ရောမစစ်တပ်များလည်း ဤလမ်းကြောင်းပေါ် သွားလာခဲ့ကြသည်။ ဤခရီးသည်များက ဘာသာရေးအယူအဆသစ်များကို သယ်ဆောင်လာခဲ့ကြသည်။
ဘီ.စီ.အီး. ဒုတိယရာစုတိုင်လေသော် ကပ္ပဒေါကိပြည်၌ အခြေချနေထိုင်ကြသော ဂျူးများရှိလာသည်။ ၎င်းဒေသမှဂျူးများသည်စီ.အီး. ၃၃ ခုနှစ်တွင် ယေရုရှလင်မြို့၌ရှိခဲ့ကြသည်။ ပင်တေကုတ္တေပွဲ ကျင်းပရန် သူတို့ရောက်ရှိနေကြခြင်းဖြစ်သည်။ သို့ဖြင့် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခံရပြီးနောက် တမန်တော်ပေတရုသည် ကပ္ပဒေါကိပြည်သား ဂျူးများကို ဟောပြောခဲ့၏။ (တမန်တော် ၂:၁-၉) အချို့က သူဟောပြောသည့် သတင်းတရားကို လက်ခံပြီး မိမိတို့ တွေ့ရှိထားခါစ ယုံကြည်ချက်များကို အိမ်သို့ပြန်ယူဆောင်သွားခဲ့ပုံရသည်။ ထို့ကြောင့် ပေတရုသည် သူ၏ပထမစာစောင်ကို ကပ္ပဒေါကိပြည်ရှိ ခရစ်ယာန်များထံ လိပ်မူခဲ့ရခြင်းဖြစ်သည်။
သို့သော် နှစ်များကုန်လွန်လာလေသော် ကပ္ပဒေါကိပြည်ရှိ ခရစ်ယာန်များကို အယူမှားသူတို့၏ အတွေးအခေါ်များက စတင်လွှမ်းမိုးလာ၏။ လေးရာစုတွင် ဩဇာစူးသော ကပ္ပဒေါကိပြည်သား ချာ့ခ်ျခေါင်းဆောင်သုံးဦးတို့သည် ကျမ်းစာနှင့်မညီသော သုံးပါးပေါင်းတစ်ဆူအယူဝါဒကို အကြီးအကျယ် ခုခံကာကွယ်ပြောဆိုခဲ့သည့်အထိပင်။ ထိုသူတို့မှာ နေဇီရန်းဇပ်စ် ဂရယ်ဂရီ၊ မဟာဗယ်စဲလ်နှင့် သူ၏ညီ နစ်စာ ဂရယ်ဂရီတို့ ဖြစ်ကြသည်။
မဟာဗယ်စဲလ်သည် သူတော်စင်ဆိုင်ရာဘဝပုံစံကိုလည်း အားပေးခဲ့သည်။ သူအကြံပြုသော အလွန်ခြိုးခြံသည့်ဘဝပုံစံမျိုးသည် ကျောက်ဆစ်အိမ်များထဲတွင် ခပ်လျှိုလျှိုနေတတ်သော ကပ္ပဒေါကိပြည်သားများနှင့် အပ်စပ်ခဲ့သည်။ သူတော်စင်ဆိုင်ရာအသိုင်းအဝိုင်း ကြီးထွားလာသည်နှင့်အမျှ ပိုကြီးမားသော ကတော့ပုံကျောက်ဆောင်များထဲတွင်ချာ့ခ်ျများကို ဆောက်လုပ်ခဲ့ကြသည်။ ၁၃ ရာစုတိုင်လေသော် ၎င်းကျောက်ဆောင်များတွင် ချာ့ခ်ျအလုံးသုံးရာခန့် ထွင်းထုပြီးသားဖြစ်သည်။ ယနေ့ထိတိုင် ထိုချာ့ခ်ျအတော်များများ ရှိသေးသည်။
ချာ့ခ်ျများနှင့် ခရစ်ယာန်ဘုန်းကြီးကျောင်းများကို အသုံးမပြုတော့သော်လည်းဒေသခံလူတို့၏ဘဝပုံစံမှာ ရာစုနှစ်များတစ်လျှောက် အပြောင်းအလဲသိပ်မရှိချေ။ လိုဏ်ခေါင်းများစွာတို့တွင် လူတို့နေထိုင်ကြဆဲရှိသည်။ ကပ္ပဒေါကိပြည်သို့ အလည်ရောက်သွားကြသူများသည် သဘာဝကျောက်ဆောင်စုများကို အသုံးဝင်သောနေအိမ်များအဖြစ် ပြောင်းလဲထားနိုင်ကြသည့် ထိုပြည်သားများ၏ ကြံရည်ဖန်ရည်ကို မအံ့သြမချီးမွမ်းဘဲ မနေနိုင်ကြပါ။
[စာမျက်နှာ ၂၄ ပါ မြေပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကပ္ပဒေါကိပြည်
တရုတ်ပြည်(ကသေး)