အကြောင်းမဲ့ မုန်းတီးခံရ
အကြောင်းမဲ့ မုန်းတီးခံရ
“အကြောင်းမရှိဘဲ ငါ့ကိုမုန်းကြ၏။”—ယောဟန် ၁၅:၂၅။
၁၊ ၂။ (က) ခရစ်ယာန်များ ကဲ့ရဲ့ပြစ်တင်ခံရသည့်အခါ လူအချို့ အဘယ်ကြောင့် နားလည်ရခက်ကြသနည်း၊ သို့သော် ထိုသို့ကဲ့ရဲ့ခံရခြင်းကို ကျွန်ုပ်တို့အဘယ်ကြောင့် မအံ့သြသင့်သနည်း။ (ခ) ‘မုန်းသည်’ ဟူသည့်စကားလုံး၏ အဘယ်အဓိပ္ပာယ်ကို ဤဆောင်းပါးတွင် သုံးသပ်ကြမည်နည်း။ (အောက်ခြေမှတ်ချက်ကိုရှု။)
ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာပါ မူများနှင့်အညီ နေထိုင်ရန် ကြိုးစားကြသည်။ ယင်းကြောင့် ဒေသများစွာတွင် သူတို့နာမည်ကောင်းရရှိကြသည်။ သို့သော် တစ်ခါတစ်ရံ သူတို့ကို အထင်လွဲမှားကြသည်။ ဥပမာ၊ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ရုရှားနိုင်ငံ၊ စိန့် ပီတာစဘာ့ဂ်မြို့မှ အစိုးရအရာရှိတစ်ဦး ဤသို့ဖြစ်ခဲ့ကြောင်းပြောပြသည်– “ယေဟောဝါသက်သေခံတွေဟာ မြေအောက်ဂိုဏ်းတစ်ခုဖြစ်ပြီး ကလေးတွေကိုသတ်၊ ကိုယ့်ကိုယ်ကိုသတ်သေနေကြတဲ့သူတွေဖြစ်တယ်လို့ ကျွန်တော်တို့ကို လာပြောကြတယ်။” သို့သော် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးတစ်ခုတွင် ယေဟောဝါသက်သေများနှင့်အတူ အလုပ်လုပ်ကိုင်ခဲ့ရပြီးနောက် ထိုအရာရှိကပင် ဤသို့မှတ်ချက်ချခဲ့၏– “အခုမှ သူတို့ဟာ တခြားလူတွေလိုပဲ ပြုံးရွှင်တဲ့သူတွေဖြစ်မှန်း သိလာရတယ် . . .။ သူတို့ဟာ အေးဆေးငြိမ်သက်တဲ့သူတွေပါ၊ တစ်ယောက်ကိုတစ်ယောက်လည်း အရမ်းချစ်ကြတယ်။” သူဤသို့ထပ်ဆင့်ပြောဆိုသေး၏– “လူတွေက သူတို့အကြောင်း ဘာကြောင့် ဒီလောက်လိမ်ညာပြောကြရတာလဲ ဆိုတာကို ကျွန်တော်နားမလည်နိုင်ဘူး။”—၁ ပေတရု ၃:၁၆။
၂ မကောင်းမှုပြုသူများအဖြစ် ဘုရားသခင့်ကျေးကျွန်များ အသရေရှုတ်ချခံရသည်ကို သူတို့မနှစ်သက်ကြပါ၊ သို့သော်လည်း လူများ ထိုသို့ပြောဆိုကြသည်ကို မအံ့သြကြပါ။ ယေရှုက သူ၏နောက်လိုက်များအား ဤသို့သတိပေးခဲ့၏– “လော[က]သားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ . . . ‘အကြောင်းမရှိဘဲ ငါ့ကိုမုန်းကြ၏’ ဟု သူတို့၏ပညတ္တိကျမ်းစာ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။” * (ယောဟန် ၁၅:၁၈-၂၀၊ ၂၅; ဆာလံ ၃၅:၁၉; ၆၉:၄) အစောပိုင်း၌ ကိုယ်တော် ဤသို့မိန့်တော်မူခဲ့ပြီးဖြစ်သည်– “အိမ်ရှင်ကို ဗေလဇေဗုလဟုခေါ်ကြလျှင် အိမ်သူအိမ်သားတို့ကို သာ၍ခေါ်ဝေါ်ကြလိမ့်မည်။” (မဿဲ ၁၀:၂၅) ယင်းသို့ကဲ့ရဲ့ရှုတ်ချခြင်းသည် ခရစ်တော်နောက်လိုက်ဖြစ်လာချိန်တွင် သူတို့လက်ခံခဲ့သော “ညှဉ်းဆဲရာနှက်တိုင်” တွင်အပါအဝင်ဖြစ်ကြောင်း ခရစ်ယာန်များ သဘောပေါက်ကြသည်။—မဿဲ ၁၆:၂၄၊ ကဘ။
၃။ စစ်မှန်သောဝတ်ပြုကိုးကွယ်သူများသည် အဘယ်အတိုင်းအတာအထိ နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသနည်း။
၃ စစ်မှန်သောဝတ်ပြုကိုးကွယ်သူများကို နှိပ်စက်ညှဉ်းပန်းခြင်းသည် ရှေးအချိန်၊ “ဖြောင့်မတ်သောအာဗေလ” ခေတ်ကတည်းက ဖြစ်သည်။ (မဿဲ ၂၃:၃၄၊ ၃၅) ထိုသို့နှိပ်စက်ညှဉ်းပန်းသည့် အဖြစ်အပျက် အနည်းငယ်သာရှိသည်မဟုတ်ပါ။ ယေရှုက “လူအပေါင်းတို့သည်” ကိုယ်တော်၏နာမကြောင့် နောက်တော်လိုက်များကို “မုန်းကြလိမ့်မည်” ဟုမိန့်တော်မူခဲ့၏။ (မဿဲ ၁၀:၂၂) ထို့ပြင် တမန်တော်ပေါလုက ကျွန်ုပ်တို့တစ်ဦးချင်းစီအပါအဝင် ဘုရားသခင့်ကျေးကျွန်အားလုံးသည် နှိပ်စက်ညှဉ်းပန်းခံရမည်ကို မျှော်လင့်သင့်သည်ဟု ရေးသားခဲ့၏။ (၂ တိမောသေ ၃:၁၂) အဘယ်အတွက်ကြောင့်နည်း။
အကြောင်းမဲ့မုန်းတီးခံရသည့် အကြောင်းရင်း
၄။ အကြောင်းမဲ့မုန်းတီးခံရခြင်း၏ ရင်းမြစ်အကြောင်း သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။
၄ ကမ္ဘာဦးမှစ၍ မျက်မြင်မရ သွေးထိုးလှုံ့ဆော်ပေးသူရှိခဲ့ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ပထမဦးဆုံး ယုံကြည်ခြင်းရှိသူ အာဗေလအား ရက်ရက်စက်စက်သတ်ခဲ့သည့်အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူ၏အစ်ကို လူသတ်သမား ကာဣနကို ‘စာတန်နှင့်ဆိုင်သောသူ’ ဟု သမ္မာကျမ်းစာက ဖော်ပြ၏။ (၁ ယောဟန် ၃:၁၂) ကာဣနသည် စာတန်၏စိတ်ထားကို တင်ပြခဲ့၏၊ စာတန်သည် မိမိ၏ဆိုးညစ်သော အကြံအစည်ကိုလုပ်ဆောင်ရန် သူ့ကိုအသုံးပြုခဲ့သည်။ ယောဘနှင့် ယေရှုခရစ်တို့ကို ရက်ရက်စက်စက် တိုက်ခိုက်ခဲ့သော စာတန်၏လုပ်ရပ်များကိုလည်း သမ္မာကျမ်းစာကဖော်ပြထား၏။ (ယောဘ ၁:၁၂; ၂:၆၊ ၇; ယောဟန် ၈:၃၇; ၁၃:၂၇) ယေရှု၏နောက်လိုက်များအား အဓိကနှိပ်စက်ညှဉ်းပန်းသူကို ဗျာ.ကျမ်းက ဤသို့ရှင်းလင်းပြတ်သားစွာ ဖော်ပြ၏– ‘သင်တို့သည် စုံစမ်းခြင်းကိုခံရမည်အကြောင်း စာတန်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထားလိမ့်မည်။’ (ဗျာ. ၂:၁၀) မှန်ပါ၏၊ စာတန်သည် ဘုရားသခင့်လူမျိုးကို အကြောင်းမဲ့မုန်းတီးရခြင်း၏ ရင်းမြစ်ဖြစ်သည်။
၅။ စစ်မှန်သောဝတ်ပြုကိုးကွယ်သူများကို စာတန် အဘယ်ကြောင့် မုန်းတီးရသနည်း။
၅ စစ်မှန်သော ဝတ်ပြုကိုးကွယ်သူများကို စာတန်မုန်းတီးရသည့် အကြောင်းရင်းကား အဘယ်နည်း။ မိမိကိုယ်ကို အလွန်အထင်ကြီးကြောင်းဖော်ပြသည့် လျှို့ဝှက်အကြံအစည်တစ်ခုတွင် စာတန်သည် “ထာဝရဘုရင်” ယေဟောဝါဘုရားသခင်ကို ပြိုင်ဆိုင်ခဲ့သည်။ (၁ တိမောသေ ၁:၁၇၊ ကဘ; ၃:၆) ဘုရားသခင်သည် ဖန်ဆင်းခံသတ္တဝါများကို အလွန်အမင်းချုပ်ချယ်ပြီး အုပ်ချုပ်၏၊ လူတို့သည် ယေဟောဝါအား စိတ်ရင်းမှန်ဖြင့် ကိုးကွယ်သည်မဟုတ်၊ ကိုယ်ကျိုးအတွက်သာ ဝတ်ပြုကြ၏ဟု သူ,အခိုင်အမာဆိုသည်။ လူသားများကို စမ်းသပ်ခွင့်ရမည်ဆိုလျှင် ဘုရားသခင်ထံမှ လူတိုင်းကို စွန့်ခွာအောင်လုပ်နိုင်သည်ဟု စာတန်ဆို၏။ (ကမ္ဘာဦး ၃:၁-၆; ယောဘ ၁:၆-၁၂; ၂:၁-၇) စာတန်က ယေဟောဝါသည် နိုင်ထက်စီးနင်းပြုသူ၊ မုသာသုံးသူ၊ အစွမ်းအစမရှိသူဟု ရှုတ်ချပြောဆိုရာတွင် မိမိကိုယ်ကို ပြိုင်ဘက် အုပ်စိုးရှင်အဖြစ် နေရာဝင်ယူဖို့ ရှာကြံပြုလုပ်ခဲ့၏။ သို့ဖြင့် သူသည် ဝတ်ပြုကိုးကွယ်ခံလိုစိတ် ပြင်းပြလွန်းသောကြောင့် ဘုရားသခင့်ကျေးကျွန်များကို အမျက်ထွက်ရခြင်းဖြစ်သည်။—မဿဲ ၄:၈၊ ၉။
၆။ (က) ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု အရေးကိစ္စတွင် ကျွန်ုပ်တို့တစ်ဦးစီ မည်သို့ပါဝင်ပတ်သက်နေသနည်း။ (ခ) ယင်းအရေးကိစ္စကို နားလည်သဘောပေါက်ခြင်းက ကျွန်ုပ်တို့၏ သမာဓိကို မည်သို့ဆက်ထိန်းသိမ်းစေခဲ့ပြီနည်း။ (စာမျက်နှာ ၁၆ မှလေးထောင့်ကွက်ကိုရှု။)
၆ ဤအရေးကိစ္စသည် သင်နှင့် မည်သို့ပတ်သက်ကြောင်း တွေ့မြင်သလော။ ယေဟောဝါ၏ကျေးကျွန်တစ်ဦးအနေနှင့် သင်သည် ဘုရားသခင့်အလိုတော်ဆောင်ရာတွင် ကြိုးစားအားထုတ်မှုရှိဖို့လိုသော်လည်း ထိုသို့ပြုခြင်း၏ အကျိုးကျေးဇူးသည် အလွန်များကြောင်း တွေ့ရှိခဲ့ရပေမည်။ သို့သော် သင့်ဘဝအခြေအနေကြောင့် ယေဟောဝါ၏ပညတ်နှင့် မူများကို ဆက်နာခံရန် ခက်ခဲမည်၊ နာကျင်မှုပင် ခံစားရမည်ဆိုလျှင်ကော။ အဘယ်အကျိုးကျေးဇူးမျှ မခံစားရပုံရှိနေလျှင်ကော အသို့နည်း။ ယေဟောဝါ၏အမှုဆောင်ခြင်းသည် အကျိုးမရှိဟု သင်ကောက်ချက်ချလိုက်မည်လော။ သို့မဟုတ် ယေဟောဝါအား ချစ်သည့်မေတ္တာနှင့် ကိုယ်တော်၏ အံ့ချီးဖွယ်အရည်အချင်းများကို နက်ရှိုင်းစွာ လေးမြတ်တန်ဖိုးထားခြင်းကြောင့် ကိုယ်တော့်နည်းလမ်းတော်အတိုင်း ဆက်လျှောက်လှမ်းမည်လော။ (တရားဟောရာ ၁၀:၁၂၊ ၁၃) ယေဟောဝါသည် ကျွန်ုပ်တို့ကို စာတန်ဖြစ်ပေါ်စေသော အခက်အခဲအချို့ ခံစားစေခြင်းဖြင့် ကျွန်ုပ်တို့တစ်ဦးချင်းစီအနေနှင့် စာတန်၏စိန်ခေါ်ချက်ကို ကိုယ်တိုင်အဖြေပေးနိုင်ခွင့် ရရှိခဲ့ကြပြီ။—သု. ၂၇:၁၁။
‘လူတို့သည် သင်တို့ကို ကဲ့ရဲ့ကြသောအခါ’
၇။ ကျွန်ုပ်တို့ကို ယေဟောဝါထံတော်မှ ဝေးကွာသွားစေရန် စာတန်ကြိုးစားအသုံးပြုသည့် နည်းတစ်နည်းကား အဘယ်နည်း။
၇ မမှန်မကန် ကဲ့ရဲ့ရှုတ်ချသည့်စကားဖြင့် စာတန်ပေါ်ပေါက်စေခဲ့သော အရေးကိစ္စတွင် သူ၏စွပ်စွဲချက်ကို သက်သေထူရန် သူအသုံးပြုသည့် စဉ်းလဲသည့်လုပ်ရပ်များထဲမှတစ်ခုကို ယခု ပို၍အသေးစိတ် သုံးသပ်ကြည့်ကြစို့။ ယေရှုက စာတန်ကို “မုသာ၏အဘ” ဟုခေါ်ဆိုခဲ့သည်။ (ယောဟန် ၈:၄၄) မာရ်နတ်ဟူသောအမည်သည် “ရှုတ်ချပြောဆိုသူ” ဟုအဓိပ္ပာယ်ရှိရာ ဘုရားသခင်၊ ကိုယ်တော်၏ အကျိုးပြုသောနှုတ်မြွက်စကားတော်နှင့် သန့်ရှင်းသောနာမတော်တို့ကို အဓိကရှုတ်ချပြောဆိုသူဖြစ်ကြောင်း ဖော်ပြသည်။ စာတန်သည် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို စိန်ခေါ်ရာတွင် စောင်းချိတ်ပြောဆိုသည့်စကားများ၊ မဟုတ်မမှန်စွပ်စွဲချက်များ၊ ဗြောင်လိမ်လည်သောစကားများကို အသုံးပြုသည်၊ ဘုရားသခင်၏ တည်ကြည်သော ကျေးကျွန်များကို အပုပ်ချပြောဆိုရာတွင်လည်း ထိုနည်းတူပင်ပြုသည်။ ထိုသက်သေခံများကို တစ်ခုပြီးတစ်ခု ကဲ့ရဲ့ရှုတ်ချခြင်းအားဖြင့် ခံရအလွန်ခက်သည့် ပြင်းထန်သောစုံစမ်းနှောင့်ယှက်မှုကို ဖြစ်စေနိုင်သည်။
၈။ စာတန်သည် ယောဘကို မည်သို့ကဲ့ရဲ့ရှုတ်ချခဲ့သနည်း၊ အဘယ်အကျိုးသက်ရောက်မှု ဖြစ်ပေါ်ခဲ့သနည်း။
၈ “ရန်လိုမှု၏သားကောင်” ဟုအဓိပ္ပာယ်ရှိသော ယောဘ၏အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ စာတန်သည် ယောဘ၏အသက်မွေးဝမ်းကျောင်း၊ သားသမီးများနှင့် ကျန်းမာရေးတို့ကို ဆုံးရှုံးစေသည့်အပြင် ယောဘအား ဘုရားသခင်ဒဏ်ခတ်သည်ကိုခံရသည့် အပြစ်ပြုလုပ်သူတစ်ဦး ပုံထွက်စေရန် ဖန်တီးခဲ့သည်။ ယောဘသည် အလွန်လေးစားခံရသူတစ်ဦး ဖြစ်ခဲ့သော်လည်း ဆွေမျိုးသားချင်းများနှင့် ရင်းနှီးသောမိတ်ဆွေများ၏ မထီမဲ့မြင်ပြုခြင်းကို ခံလာရသည်။ (ယောဘ ၁၉:၁၃-၁၉; ၂၉:၁၊ ၂၊ ၇-၁၁) ထို့ပြင် နှစ်သိမ့်ပေးဟန်ဆောင်သူတို့အားဖြင့် ‘ယောဘကို စကားဖြင့် ချိုးဖဲ့’ ရန် စာတန်ရှာကြံခဲ့သည်၊ ထိုသူတို့သည် ယောဘအား ကြီးလေးသောအပြစ်များ ကျူးလွန်ခဲ့ရမည်ဟု ပထမပိုင်းတွင် စောင်းချိတ်ပြောဆိုကြ၏၊ နောက်ပိုင်းတွင်မူ အပြစ်ကျူးလွန်သူဟု သူ့ကို တိုက်ရိုက်အပြစ်တင်ပြောဆိုခဲ့ကြသည်။ (ယောဘ ၄:၆-၉; ၁၉:၂; ၂၂:၅-၁၀) ယောဘ အလွန်စိတ်ပျက်ခဲ့ပေမည်!
၉။ ယေရှုအား အပြစ်သားတစ်ဦးပုံ မည်သို့ထွက်စေခဲ့သနည်း။
၉ ယေဟောဝါ၏ ပိုင်သအုပ်စိုးမှုကို အဓိကထောက်ခံသူဖြစ်သော ဘုရားသခင့်သားတော်သည် စာတန့်ရန်လိုမှု၏ အဓိကသားကောင်ဖြစ်လာလေသည်။ ယေရှုမြေကြီးပေါ်သို့ကြွလာသည့်အခါ စာတန်သည် ယောဘကိုပြုလုပ်ခဲ့သကဲ့သို့ ယေရှုအား အပြစ်သားတစ်ဦးပုံထွက်စေပြီး ဝိညာဉ်ရေးအရ ရုပ်ပျက်သွားစေရန် ရှာကြံပြုလုပ်ခဲ့သည်။ (ဟေရှာယ ၅၃:၂-၄; ယောဟန် ၉:၂၄) လူများက ကိုယ်တော်အား သောက်ကြူးသူ၊ စားကြူးသူ၊ “နတ်ဆိုးစွဲသောသူ” ဟု ခေါ်ခဲ့ကြသည်။ (မဿဲ ၁၁:၁၈၊ ၁၉; ယောဟန် ၇:၂၀; ၈:၄၈; ၁၀:၂၀) ဘုရားသခင်ကို ပြစ်မှားလွန်ကျူးသူဟူ၍ ကိုယ်တော်အား မဟုတ်မမှန် စွပ်စွဲခဲ့ကြသည်။ (မဿဲ ၉:၂၊ ၃; ၂၆:၆၃-၆၆; ယောဟန် ၁၀:၃၃-၃၆) ယင်းက ခမည်းတော်အား ပြစ်တင်ရှုတ်ချရာကျသောကြောင့် ယေရှုသည် အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ (လုကာ ၂၂:၄၁-၄၄) နောက်ဆုံးတွင် ကျိန်ခြင်းခံရသော ရာဇဝတ်သားတစ်ဦးအဖြစ် ယေရှုကို နှက်တိုင်တင်သတ်ခဲ့ကြသည်။ (မဿဲ ၂၇:၃၈-၄၄) ယေရှုသည် သမာဓိကိုပြည့်ဝစုံလင်စွာ စောင့်ထိန်းရာတွင် ‘အပြစ်ရှိသောသူတို့၏ ဆီးတားနှောင့်ယှက်ခြင်း’ များစွာကို ခံရပ်ခဲ့ရသည်။—ဟေဗြဲ ၁၂:၂၊ ၃။
၁၀။ မျက်မှောက်ခေတ် ဝိညာဉ်တော်ဖွားအကြွင်းအကျန်သည် စာတန်၏ပစ်မှတ် မည်သို့ဖြစ်ခဲ့ကြသနည်း။
၁၀ မျက်မှောက်ခေတ်တွင် ခရစ်တော်၏နောက်လိုက် ဝိညာဉ်တော်ဖွားအကြွင်းအကျန်သည်လည်း စာတန့်ရန်လိုမှု၏ သားကောင်များ ဖြစ်လာကြသည်။ “[ခရစ်တော်၏] ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညမပြတ် အပြစ်တင်သောရန်သူ” အဖြစ် စာတန်ကို ပုံဖော်ထား၏! (ဗျာ. ၁၂:၉၊ ၁၀) စာတန်သည် ကောင်းကင်မှနှင်ချခံခဲ့ရပြီး မြေကြီးဝန်းကျင်တွင်သာ ကျင်လည်ရသည့်အချိန်မှစ၍ ခရစ်တော်၏ညီတော်များအား ယုတ်ညံ့သောအပယ်ခံများပုံပေါ်စေရန် ပိုမိုကြိုးစားလျက်ရှိသည်။ (၁ ကောရိန္သု ၄:၁၃) ပထမရာစုမှခရစ်ယာန်များကဲ့သို့ပင် နိုင်ငံတချို့တွင် သူတို့သည် အန္တရာယ်ရှိဂိုဏ်းဟု အသရေရှုတ်ချအခေါ်ခံရကြသည်။ (တမန်တော် ၂၄:၅၊ ၁၄; ၂၈:၂၂) အစပိုင်းတွင်ဖော်ပြခဲ့သည့်အတိုင်း မဟုတ်မမှန်ဝါဒဖြန့်မှုများအားဖြင့် အသရေရှုတ်ချခံခဲ့ကြရသည်။ ဤသို့ “အသရေထင်ရှားခြင်းနှင့် ရှုတ်ချခြင်း၊ ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းကိုခံ” ရကြသော်လည်း ခရစ်တော်၏ ဝိညာဉ်တော်ဖွားညီတော်များသည် သူတို့၏အပေါင်းပါ “အခြားသိုး” ၏ထောက်မမှုဖြင့် “ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်း” ရန် နှိမ့်ချစွာ ကြိုးစားခဲ့ကြသည်။—၂ ကောရိန္သု ၆:၈; ယောဟန် ၁၀:၁၆; ဗျာ. ၁၂:၁၇။
၁၁၊ ၁၂။ (က) ခရစ်ယာန်များကြုံတွေ့ရသည့် ကဲ့ရဲ့ရှုတ်ချမှုတချို့သည် အဘယ်အကြောင်းကြောင့် ဖြစ်နိုင်သနည်း။ (ခ) ခရစ်ယာန်တစ်ဦးသည် သူ၏ယုံကြည်ခြင်းကြောင့် အဘယ်နည်းများဖြင့် မတရားပြုမူခံရနိုင်သနည်း။
၁၁ ဘုရားသခင့်ကျေးကျွန်များ ကြုံတွေ့ရသည့် ပြစ်တင်ရှုတ်ချမှုအားလုံးသည် “ဖြောင့်မတ်ခြင်းတရားကြောင့်” မဟုတ်ပါ။ (မဿဲ ၅:၁၀) ပြဿနာအချို့သည် ကျွန်ုပ်တို့ကိုယ်တိုင်၏ မစုံလင်မှုများကြောင့် ဖြစ်ပေမည်။ “ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင်” အထူးကျေးဇူးမရှိပါ။ သို့သော် ခရစ်ယာန်တစ်ဦးသည် “ဘုရားသခင်၏မျက်နှာတော်ကိုထောက်၍ မတရားသောညှဉ်းဆဲခြင်းကို နာကျင်စွာခံရလျှင် . . . ဘုရားသခင့်ရှေ့တော်၌ ကျေးဇူးရှိ၏။” (၁ ပေတရု ၂:၁၉၊ ၂၀) အဘယ်အခြေအနေများအောက်တွင် ထိုသို့ကြုံရနိုင်သနည်း။
၁၂ ဘုရားသခင့်လူမျိုးသည် အုပ်စုလိုက် အသရေဖျက် တိုက်ခိုက်ခံရသည့်အပြင် ခရစ်ယာန်တစ်ဦးချင်းစီသည် ယုံကြည်ခြင်းကြောင့် ကဲ့ရဲ့ပြစ်တင် ရှုတ်ချခံရနိုင်သည်။ အချို့တို့သည် ကျမ်းစာနှင့်မညီသော အသုဘထုံးစံများတွင် မပါဝင်ခဲ့ကြသောကြောင့် မတော်မတရား ကြမ်းတမ်းစွာ ဆက်ဆံခံခဲ့ကြရသည်။ (တရားဟောရာ ၁၄:၁) သက်သေခံလူငယ်လေးများသည် ယေဟောဝါ၏ ကျင့်ဝတ်စံနှုန်းများကို စွဲကိုင်ထားကြခြင်းကြောင့် မခံချင်အောင် မညှာမတာရှုတ်ချပြောဆိုခံခဲ့ကြရသည်။ (၁ ပေတရု ၄:၄) ခရစ်ယာန်မိဘအချို့သည် မိမိတို့၏ကလေးများကို သွေးမဲ့ကုသနည်း ရှာဖွေခဲ့ကြသောကြောင့် “တာဝန်မကျေပွန်သူ” သို့မဟုတ် “ရက်စက်သူ” ဟု မှားယွင်းစွာ စွပ်စွဲခံခဲ့ကြရသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) ခရစ်ယာန်များသည် ယေဟောဝါ၏ကျေးကျွန်များ ဖြစ်လာသည့်အတွက် ဆွေမျိုးများနှင့် အိမ်နီးချင်းတို့၏ ဝိုင်းပယ်မှုကိုခံခဲ့ကြရသည်။ (မဿဲ ၁၀:၃၄-၃၇) မတရားသဖြင့်ပြုမူခံကြရာတွင် ထိုသူအားလုံးတို့သည် ပရောဖက်များနှင့် ယေရှုကိုယ်တော်တိုင် ချမှတ်ခဲ့သည့်လမ်းစဉ်ကို လိုက်လျှောက်နေကြခြင်းဖြစ်သည်။—မဿဲ ၅:၁၁၊ ၁၂; ယာကုပ် ၅:၁၀; ၁ ပေတရု ၂:၂၁။
ကဲ့ရဲ့ရှုတ်ချမှုကို ခံရပ်ခြင်း
၁၃။ အပြင်းအထန်ကဲ့ရဲ့ရှုတ်ချခံရသည့်အခါ ကျွန်ုပ်တို့၏ဝိညာဉ်ရေးဟန်ချက်ကို အဘယ်အရာက ဆက်ထိန်းပေးနိုင်သနည်း။
၁၃ ယုံကြည်ခြင်းကြောင့် အပြင်းအထန် ကဲ့ရဲ့ရှုတ်ချခံရသည့်အခါ ပရောဖက်ယေရမိကဲ့သို့ပင် ကျွန်ုပ်တို့သည် စိတ်ပျက်လာနိုင်ပြီး ဘုရားသခင့်အမှုတော် မဆောင်ချင်တော့ဘဲ ဖြစ်လာနိုင်သည်။ (ယေရမိ ၂၀:၇-၉) ကျွန်ုပ်တို့၏ဝိညာဉ်ရေးဟန်ချက်ကို အဘယ် အရာက ဆက်ထိန်းပေးနိုင် သနည်း။ ကိစ္စရပ်တို့ကို ယေဟောဝါ ရှုမြင်သကဲ့သို့ ရှုမြင်ရန် ကြိုးစားပါ။ ကိုယ်တော်သည် စမ်းသပ်မှုကို တည်ကြည်စွာခံရပ်သူများအား အခက်အခဲကြုံနေရသူများအဖြစ်မဟုတ်ဘဲ အောင်မြင်သူများအဖြစ် ရှုမြင်၏။ (ရောမ ၈:၃၇) စာတန်၏ ပြင်းထန်သော သိက္ခာချအရှက်ခွဲမှုအမျိုးမျိုးကို ခံခဲ့ရသော်လည်း ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံခဲ့ကြသော ရှေးအချိန်မှ အာဗေလ၊ ယောဘနှင့် အခြားတည်ကြည်သူ ယောက်ျား၊ မိန်းမများအပြင် မျက်မှောက်ခေတ် ဘုရားသခင့်ကျေးကျွန်ချင်းများကို ကြိုးစားမြင်ယောင်ကြည့်ပါ။ (ဟေဗြဲ ၁၁:၃၅-၃၇; ၁၂:၁) သူတို့၏ သမာဓိရှိလမ်းစဉ်ကို တွေးတောဆင်ခြင်ပါ။ ထိုတည်ကြည်သူ လူအစုအဝေးကြီးသည် ယုံကြည်ခြင်းအားဖြင့် ဤလောကကိုအောင်နိုင်သူများအတွက်ဖြစ်သော အောင်ပွဲခံစင်မြင့်ပေါ်သို့ သူတို့နှင့်အတူပူးပေါင်းတက်ရန် ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေပါသည်။—၁ ယောဟန် ၅:၄။
၁၄။ ထက်သန်စွာဆုတောင်းခြင်းသည် ဆက်တည်ကြည်ရန် မည်သို့ ခွန်အားဖြစ်စေနိုင်သနည်း။
၁၄ ‘ကျွန်ုပ်တို့၏စိတ်ထဲတွင် စိုးရိမ်ကြောင့်ကြခြင်း များပြားလာ’ လျှင် ယေဟောဝါထံ စိတ်အားထက်သန်စွာ ဆုတောင်းနိုင်သည်၊ ကိုယ်တော်သည် နှစ်သိမ့်မှုနှင့် ခွန်အားကို မုချပေးတော်မူမည်။ (ဆာလံ ၅၀:၁၅; ၉၄:၁၉) စုံစမ်းနှောင့်ယှက်ခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် လိုအပ်သောဉာဏ်ပညာကို ကိုယ်တော်ပေးတော်မူမည်ဖြစ်သည်၊ ဘုရားသခင့်ကျေးကျွန်များကို အကြောင်းမဲ့မုန်းတီးနေသည့် အကြောင်းရင်းဖြစ်သော ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုဆိုင်ရာ အရေးကိစ္စကြီးအပေါ် ဆက်အာရုံစိုက်နေစေပါမည်။ (ယာကုပ် ၁:၅) ထို့ပြင် “အဘယ်သူမျှ ကြံ၍မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်း” ကိုလည်း ကျွန်ုပ်တို့အား ကိုယ်တော်ပေးနိုင်၏။ (ဖိလိပ္ပိ ၄:၆၊ ၇) ဘုရားသခင်ပေးသော ဤငြိမ်သက်မှုက ပြင်းထန်သောဖိအားများ ရင်ဆိုင်ရချိန်တွင် သံသယစိတ်၊ ကြောက်စိတ်တို့ကြောင့် အားလျော့မသွားစေရန် စိတ်ငြိမ်သက်စွာဖြင့် မားမားမတ်မတ်ခံရပ်သွားစေနိုင်သည်။ ယေဟောဝါသည် ကျွန်ုပ်တို့ရင်ဆိုင်ရရန် ကိုယ်တော်ခွင့်ပြုသမျှကို ဝိညာဉ်တော်တန်ခိုးအားဖြင့် ခံရပ်စေနိုင်သည်။—၁ ကောရိန္သု ၁၀:၁၃။
၁၅။ အခက်အခဲကြုံရသည့်အခါ နာကြည်းစိတ်မဖြစ်ပေါ်စေရန် အဘယ်အရာက ကူညီနိုင်သနည်း။
၁၅ ကျွန်ုပ်တို့ကို အကြောင်းမဲ့မုန်းတီးသူတို့အပေါ် နာကြည်းစိတ်မရှိစေရန် အဘယ်အရာက ကူညီပေးနိုင်သနည်း။ ကျွန်ုပ်တို့၏အဓိကရန်သူများမှာ စာတန်နှင့် နတ်ဆိုးများဖြစ်ကြောင်း သတိရပါ။ (ဧဖက် ၆:၁၂) လူတချို့သည် ကျွန်ုပ်တို့ကို တမင်တကာ၊ သိလျက်နှင့် နှိပ်စက်ညှဉ်းပန်းကြသော်လည်း ဘုရားသခင့်လူမျိုးကို ဆန့်ကျင်သူအများစုသည် မသိကြ၍၊ သို့မဟုတ် အခြားသူများ၏ ကြိုးဆွဲမှုကိုခံရကြ၍ ထိုသို့ပြုလုပ်ကြ၏။ (ဒံယေလ ၆:၄-၁၆; ၁ တိမောသေ ၁:၁၂၊ ၁၃) ယေဟောဝါ၏အလိုတော်မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ [အမှန်]တရားကိုသိ” စေရန်ဖြစ်သည်။ (၁ တိမောသေ ၂:၄) ယခင်က အတိုက်အခံပြုသူတချို့သည် ကျွန်ုပ်တို့၏ အပြစ်တင်စရာမရှိသော အမူအကျင့်များကို တွေ့ရှိလာခဲ့ကြပြီးနောက် ယခု ကျွန်ုပ်တို့၏ ညီအစ်ကိုများ ဖြစ်နေကြပြီ။ (၁ ပေတရု ၂:၁၂) ထို့ပြင် ယာကုပ်၏သား ယောသပ်၏ပုံနမူနာမှ သင်ခန်းစာယူနိုင်ပါသည်။ ယောသပ်သည် ဖတူမိကွဲအစ်ကိုများကြောင့် အကြီးအကျယ် အခက်အခဲကြုံခဲ့ရသော်လည်း သူတို့အပေါ် ရန်လိုအငြိုးထားစိတ် မရှိခဲ့ပါ။ အဘယ်ကြောင့်နည်း။ ယေဟောဝါသည် ရည်ရွယ်တော်မူချက် ပြီးမြောက်စေရန် စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သူသဘောပေါက်လာသည်။ (ကမ္ဘာဦး ၄၅:၄-၈) ထိုနည်းအတိုင်းပင် ကျွန်ုပ်တို့ မတရားသဖြင့်ခံခဲ့ရသော အဘယ်အခက်အခဲမဆိုသည် ယေဟောဝါ၏နာမတော် ဘုန်းထင်ရှားရန် ဖြစ်သွားစေနိုင်၏။—၁ ပေတရု ၄:၁၆။
၁၆၊ ၁၇။ ဟောပြောခြင်းလုပ်ငန်းကို တားဆီးရန် အတိုက်အခံပြုသူများ၏ ကြိုးစားအားထုတ်မှုများကို အဘယ်ကြောင့်အလွန်အမင်းမစိုးရိမ်သင့်သနည်း။
၁၆ အတိုက်အခံပြုသူများသည် သတင်းကောင်းဟောပြောခြင်းကို အတန်ကြာ တားဆီးနိုင်ပုံရသည့်အတွက် ကျွန်ုပ်တို့ အလွန်အမင်း စိုးရိမ်နေစရာမလိုပါ။ ကမ္ဘာချီသက်သေခံခြင်းလုပ်ငန်းအားဖြင့် လူမျိုးတို့ကို ယေဟောဝါ လှုပ်နေတော်မူပြီး ယင်းမှ နှစ်သက်ဖွယ်ရာများ ထွက်ပေါ်လာနေ၏။ (ဟဂ္ဂဲ ၂:၇) ကောင်းသောသိုးထိန်း ယေရှုခရစ်က ဤသို့ မိန့်တော်မူခဲ့၏– “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏၊ . . . အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနုတ်မယူရာ။” (ယောဟန် ၁၀:၂၇-၂၉) သန့်ရှင်းသောကောင်းကင်တမန်များသည်လည်း ဝိညာဉ်ရေးရိတ်သိမ်းခြင်းလုပ်ငန်းကြီးတွင် ပါဝင်နေကြပါသည်။ (မဿဲ ၁၃:၃၉၊ ၄၁; ဗျာ. ၁၄:၆၊ ၇) ထို့ကြောင့် အတိုက်အခံပြုသူတို့ပြောသမျှ၊ လုပ်သမျှသည် ဘုရားသခင့်ရည်ရွယ်ချက်ကို မဆီးတားနိုင်ပါ။—ဟေရှာယ ၅၄:၁၇; တမန်တော် ၅:၃၈၊ ၃၉။
၁၇ တစ်ခါတစ်ရံ အတိုက်အခံပြုသူတို့၏ ကြိုးစားအားထုတ်မှုများသည် ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု ဖြစ်လေ့ရှိသည်။ အာဖရိကနိုင်ငံတစ်ခုတွင် ယေဟောဝါသက်သေများသည် စာတန်ကို ကိုးကွယ်သူများဖြစ်သည်ဟူသည့် သတင်းအပါအဝင် လုံးလုံးမမှန်သည့် သတင်းများ ပျံ့နှံ့နေသည်။ ထိုသတင်းများကြောင့် သက်သေခံများရောက်လာတိုင်း ဂရေ့စ်သည် အိမ်နောက်သို့ပြေးပုန်းကာ သူတို့ပြန်မှ ထွက်လာလေ့ရှိသည်။ တစ်နေ့သောအခါ သူ၏ချာ့ခ်ျမှ တရားဟောဆရာက ကျွန်ုပ်တို့၏စာပေတစ်စောင်ကို တက်ရောက်သူအားလုံးအားပြပြီး ယုံကြည်ခြင်းပျောက်ကွယ်သွားစေနိုင်သောကြောင့် ယင်းစာပေကို မဖတ်ကြရန် မှာကြားလေသည်။ ယင်းက ဂရေ့စ်၏ စူးစမ်းလိုစိတ်ကို နှိုးဆွလိုက်သည်။ နောက်တစ်ကြိမ် သက်သေခံများ လည်ပတ်လာကြသောအခါ ပုန်းရှောင်နေမည့်အစား သူတို့ကို လက်ခံစကားပြောပြီး စာပေတစ်စောင်ကို လက်ခံယူထားသည်။ သူနှင့်ကျမ်းစာသင်အံမှုစတင်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် သူနှစ်ခြင်းခံခဲ့သည်။ ယခု ဂရေ့စ်သည် ယေဟောဝါသက်သေများအကြောင်း မဟုတ်မမှန်သတင်း ကြားထားသူများကို ရှာဖွေရန် သူ၏အချိန်ကို အသုံးပြုနေပါသည်။
သင့်ယုံကြည်ခြင်းကို ယခုခိုင်ခံ့စေပါ
၁၈။ ပြင်းထန်သော စုံစမ်းနှောင့်ယှက်မှုများ မရင်ဆိုင်ရမီ ကျွန်ုပ်တို့ယုံကြည်ခြင်းကို ခိုင်မြဲနေအောင်ပြုလုပ်ရန် အဘယ်ကြောင့်လိုအပ်သနည်း၊ မည်သို့ပြုလုပ်နိုင်သနည်း။
၁၈ စာတန်သည် ၂ တိမောသေ ၄:၂) တိုးတက်ဖို့လိုနေသည့်ကဏ္ဍများကို သင်တွေ့ရှိမည်ဆိုလျှင် ဖင့်နွှဲမနေဘဲ ကြိုးစားအားထုတ်၍ ပြုလုပ်ဆောင်ရွက်ပါ။—ဆာလံ ၁၁၉:၆၀။
အကြောင်းမဲ့မုန်းတီးပြီး ကျွန်ုပ်တို့ကို ရုတ်တရက်တိုက်ခိုက်နိုင်သောကြောင့် ယခုအချိန်တွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အရေးတကြီး ခိုင်ခံ့နေစေသင့်သည်။ မည်သို့ခိုင်ခံ့စေနိုင်မည်နည်း။ ယေဟောဝါ၏လူမျိုးကို နှိပ်စက်ညှဉ်းပန်းသော နိုင်ငံတစ်နိုင်ငံမှရသော မှတ်တမ်းက ဤသို့ဖော်ပြ၏– “သိသာထင်ရှားသည့် အရာတစ်ခုမှာ– ဝိညာဉ်ရေးအကျင့်ကောင်းများရှိပြီး အမှန်တရားကို အမှန်တကယ် လေးမြတ်တန်ဖိုးထားသူတို့သည် စမ်းသပ်ခံရသောအခါ ခိုင်မြဲတည်ကြည်ရန် ပြဿနာမရှိကြချေ။ သို့သော် ‘အခွင့်သာချိန်’ တွင် အစည်းအဝေးများကိုမတက်၊ လယ်ကွင်းလုပ်ငန်း၌ မှန်မှန်မပါဝင်၊ သေးငယ်သောအရေးကိစ္စများ၌ အလျှော့ပေးလိုက်လျောတတ်သူတို့သည် ‘ပြင်းထန်သော’ စမ်းသပ်မှုကိုခံရသည့်အခါ ကျရှုံးပြိုလဲသွားလေ့ရှိ၏။” (၁၉။ အကြောင်းမဲ့မုန်းတီးခံရသော ဘုရားသခင့်ကျေးကျွန်များ၏ သမာဓိက အဘယ်အရာကို ဖော်ပြသနည်း။
၁၉ စာတန်၏မုန်းတီးမှုဘေးဆိုးများခံရသော စစ်မှန်သောဝတ်ပြုကိုးကွယ်သူများ၏ သမာဓိသည် ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှု၏ တော်မှန်မှု၊ ထိုက်တန်မှု၊ ဖြောင့်မတ်မှုတို့အတွက် သက်ရှိသက်သေအထောက်အထားဖြစ်သည်။ သူတို့၏တည်ကြည်မှုက ဘုရားသခင့်စိတ်တော်ကို ရွှင်လန်းစေသည်။ သူတို့ကို လူများက ကဲ့ရဲ့ရှုတ်ချကြမည်ဖြစ်သော်လည်း ကောင်းကင်မြေကြီးအထက် ဂုဏ်တော်ကြီးမြင့်သောအရှင် ‘ဘုရားသခင်သည် သူတို့၏ဘုရားသခင်ဟူ၍ ခေါ်ဝေါ်ခံရခြင်းကို ရှက်တော်မမူ။’ တည်ကြည်သော ထိုသူအားလုံးနှင့်ပတ်သက်၍ “ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်” ဟုအမှန်တကယ်ပြောဆိုနိုင်ပါသည်။—ဟေဗြဲ ၁၁:၁၆၊ ၃၈။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 သမ္မာကျမ်းစာတွင် ‘မုန်းသည်’ ဟူသည့်စကားလုံး၌ အဓိပ္ပာယ်အမျိုးမျိုးရှိ၏။ ရှေ့နောက်စကားတချို့အရ အနည်းငယ်အချစ်လျော့ခြင်းကိုသာ ဆိုလိုသည်။ (တရားဟောရာ ၂၁:၁၅၊ ၁၆) ‘မုန်းသည်’ ဟူသည့်စကားလုံးက ထိခိုက်နာကျင်စေလိုသည့် ဆန္ဒမရှိဘဲ စက်ဆုပ်ရွံရှာခြင်းကြောင့် မတွေ့မြင်ရန် ရှောင်နေခြင်းကိုလည်း ဆိုလိုနိုင်သည်။ သို့သော် ‘မုန်းသည်’ ဟူသည့်စကားလုံးသည် အလွန့်အလွန် ရန်လိုမုန်းတီးမှုနှင့် ဒွန်တွဲလေ့ရှိသော မကောင်းသည့်စိတ်မွေးခြင်းကိုလည်း ဆိုလိုနိုင်သည်။ ထိုစကားလုံး၏ ဤအဓိပ္ပာယ်ကို ဤဆောင်းပါးတွင် သုံးသပ်ဆွေးနွေးထားသည်။
သင်ရှင်းပြနိုင်သလော
• စစ်မှန်သောဝတ်ပြုသူများ အကြောင်းမဲ့မုန်းတီးခံရခြင်း နောက်ကွယ်တွင် အဘယ်အရာရှိသနည်း။
• စာတန်သည် ယောဘနှင့် ယေရှု၏သမာဓိကို ချိုးဖျက်ရန် ကြိုးစားရာတွင် ကဲ့ရဲ့ရှုတ်ချမှုကို မည်သို့အသုံးပြုခဲ့သနည်း။
• စာတန်၏မုန်းတီးခြင်းကို ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ခိုင်မြဲစွာရပ်တည်နိုင်ရန် ယေဟောဝါ မည်သို့ ခွန်အား ပေးသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
အမှန်တကယ်အရေးကြီးရာကို သူတို့သိရှိခဲ့ကြ
ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို နှစ်ပေါင်း ၅၀ ကျော်ပိတ်ပင်ခဲ့သော ယူကရိန်းနိုင်ငံမှ ယေဟောဝါသက်သေတစ်ဦး ဤသို့ပြောပြ၏– “ယေဟောဝါသက်သေတွေရဲ့ အခြေအနေကို လူတွေရဲ့ဆက်ဆံပုံနဲ့ပဲ မဆုံးဖြတ်သင့်ဘူး။ . . . အရာရှိအများစုက သူတို့ရဲ့တာဝန်ကို ထမ်းဆောင်နေကြတာဖြစ်တယ်။ အစိုးရပြောင်းသွားတဲ့အခါ အရာရှိတွေရဲ့ သစ္စာခံမှုတွေ ပြောင်းသွားတယ်၊ ဒါပေမဲ့ ကျွန်တော်တို့တော့ မပြောင်းဘူး၊ အရင်အတိုင်းပဲ။ ကျွန်တော်တို့ ခံနေရတဲ့ အခက်အခဲတွေရဲ့အကြောင်းရင်းကို ကျမ်းစာထဲမှာဖော်ပြထားလို့ ကျွန်တော်တို့ သိထားကြတယ်။
“ကျွန်တော်တို့ဟာ ဖိနှိပ်သူတွေလက်ထဲက အပြစ်မဲ့တဲ့ အနှိပ်စက်ခံသူတွေအဖြစ်မျှလောက်သာ ကိုယ့်ကိုယ်ကို မရှုမြင်ခဲ့ကြဘူး။ ဧဒင်ဥယျာဉ်မှာ ပေါ်ပေါက်ခဲ့တဲ့ အရေးကိစ္စဖြစ်တဲ့ ဘုရားသခင်ရဲ့ အုပ်ချုပ်ပိုင်ခွင့်နဲ့ဆိုင်တဲ့ အရေးကိစ္စကို ကျွန်တော်တို့ကောင်းကောင်းနားလည်ထားလို့ ခံရပ်နိုင်ခဲ့ကြတယ်။ . . . လူ့အကျိုးအတွက်လောက်သာမဟုတ်ဘဲ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင် အကျိုးနဲ့ပတ်သက်တဲ့ အရေးကိစ္စဘက်မှာ ကျွန်တော်တို့ မားမားမတ်မတ်ရပ်ခဲ့ကြတယ်။ ပတ်သက်နေတဲ့ အရေးကိစ္စတွေကို ကောင်းကောင်းနားလည်သဘောပေါက်ထားကြတယ်။ အဲ့ဒါကြောင့် အဆိုးရွားဆုံး အခြေအနေတွေမှာတောင် သမာဓိစောင့်သိဖို့ ခိုင်ခံ့မြဲမြံ နေနိုင်ခဲ့ကြတယ်။”
[ရုပ်ပုံ]
၁၉၇၀ ပြည့်နှစ်တွင် အဖမ်းခံခဲ့ရသူ ဗစ်တာ ပိုပိုဗိခ်ျ
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ယေရှုခံခဲ့ရသော ကဲ့ရဲ့ရှုတ်ချမှု နောက်ကွယ်တွင် မည်သူရှိသနည်း
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ယောဘ၊ မာရိနှင့် စတန်လီဂျုံးကဲ့သို့သော မျက်မှောက်ခေတ် ဘုရားသခင့်ကျေးကျွန် များသည် ယေဟောဝါ၏အကြွင်းမဲ့ ပိုင်သအုပ်စိုးမှုကို ထောက်ခံခဲ့ကြ