“မေ့လျော့ခံရသူများ” အောက်မေ့ခံရ
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ မှတ်တမ်း
“မေ့လျော့ခံရသူများ” အောက်မေ့ခံရ
အသက် ၁၅ နှစ်အရွယ် ယေဟောဝါသက်သေတစ်ဦးဖြစ်သူ ဟိုင်းဂါ့ဇ်သည် ၂၀၀၁ ခုနှစ် အစောပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့၌ “မေ့လျော့ခံရသူများ” ပြပွဲကို သွားကြည့်ရှုခဲ့သည်။ ၎င်းပြပွဲသည် နာဇီတို့၏ နှိပ်စက်ညှဉ်းပန်းမှုကိုခံခဲ့ရသည့် ယေဟောဝါသက်သေများအကြောင်းဖြစ်၏။ ပြန်ခါနီးတွင် ဟိုင်းဂါ့ဇ်က ဤသို့ဆိုသည်– “နာဇီအစိုးရလက်အောက်မှာ ယေဟောဝါသက်သေတွေဟာ လူမဆန်တဲ့ ပြုကျင့်မှုတွေခံခဲ့ရတဲ့အကြောင်း ကျွန်တော်ကြားဖူးပေမဲ့ အဲဒီတုန်းက ဓာတ်ပုံတွေနဲ့ မှတ်တမ်းမှတ်ရာအစစ်အမှန်တွေကို ကျွန်တော်တွေ့ ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။ ပြပွဲမှာ ပြသထားတဲ့အရာတွေ၊ မျက်မြင်သက်သေတွေရဲ့ အစီရင်ခံချက်တွေနဲ့ သမိုင်းပညာရှင်တွေ ပြောတဲ့စကားတွေကို ကျွန်တော်မမေ့နိုင်အောင် စွဲမှတ်သွားတယ်။”
၎င်းနောက်ပိုင်း ဟိုင်းဂါ့ဇ်သည် အထက်တန်းကျောင်းတွင် အတန်းသားများအတွက် အစီရင်ခံစာတစ်စောင်ရေးရန် တာဝန်ရသည့်အခါ “ယေဟောဝါသက်သေများ—နာဇီဝါဒဒဏ်ခံခဲ့ရသည့် မေ့လျော့ခံရသူများ” ခေါင်းစဉ်ကို သူရွေးခဲ့သည်။ သူ၏ဆရာသည် အဆိုပါခေါင်းစဉ်ကို လက်ခံသော်လည်း သူ၏အစီရင်ခံစာတွင် လောကစာပေမှ ကိုးကားဖော်ပြရမည်ဟု ဟိုင်းဂါ့ဇ်ကိုပြောသည်။ ဟိုင်းဂါ့ဇ်က ဝမ်းပန်းတသာ သဘောတူလိုက်သည်။ “ကျွန်တော်လေ့လာဖတ်ရှုခဲ့တဲ့ နာဇီခေတ်က ယေဟောဝါသက်သေတွေအကြောင်းပါတဲ့ စာအုပ်တချို့ကနေ အကျဉ်းချုံး ဖော်ပြရေးသားတဲ့အပြင် “မေ့လျော့ခံရသူများ” ပြပွဲနဲ့ပတ်သက်လို့ ကျွန်တော် စွဲမှတ်သွားတဲ့အရာတွေကိုလည်း ထည့်သွင်းဖော်ပြခဲ့တယ်။ ၄၃-မျက်နှာရှည်တဲ့ ကျွန်တော့်အစီရင်ခံစာထဲမှာ ရုပ်ပုံတွေရော ဓာတ်ပုံတွေပါ,ပါတယ်။”
၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဟိုင်းဂါ့ဇ်သည် သူ၏အစီရင်ခံစာကို ကျောင်းနေဖက်များ၊ ဆရာဆရာမများ၊ မိသားစုနှင့် မိတ်ဆွေများကို တင်ဆက်ပြသလိုက်သည်။ ၎င်းနောက် မေးဖြေဆွေးနွေးခန်းပြုလုပ်ခဲ့ရာ သူ၏ကျမ်းစာအခြေပြု ယုံကြည်ချက်များကို ရှင်းလင်းဖော်ပြခွင့်ရခဲ့သည်။ ပရိသတ်ထဲမှ မိန်းကလေးတစ်ဦးက ဤခေါင်းစဉ်ကို သူအဘယ်ကြောင့်ရွေးချယ်ခဲ့ရကြောင်း မေးမြန်းသောအခါ သမိုင်းစာအုပ်အတော်များများတွင် ယေဟောဝါသက်သေများအကြောင်း မပါကြောင်း၊ သက်သေခံများသည် ၎င်းတို့၏ခရစ်ယာန်ယုံကြည်ခြင်းကို ရဲစွမ်းသတ္တိရှိရှိ တင်ပြခဲ့ကြကြောင်းကို လူအများအား သိရှိစေလို၍ဖြစ်ကြောင်း ဟိုင်းဂါ့ဇ်က ရှင်းပြခဲ့သည်။ သူ့တင်ဆက်မှု၏ ရလဒ်ကား အဘယ်နည်း။
“ကျွန်တော့်ရဲ့ ကျောင်းနေဖက်တွေ တအံ့တသြဖြစ်သွားကြတယ်။ ယေဟောဝါသက်သေတွေဟာ အဖွဲ့လိုက် ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်ဆိုတာကို သူတို့လုံးဝမသိခဲ့ကြဘူး။ ဒါ့အပြင်၊ နာဇီချွေးတပ်စခန်းတွေမှာ ဖမ်းချုပ်ခံခဲ့ရတဲ့ သက်သေခံတွေဟာ ခရမ်းရောင်တြိဂံကို အထူးအမှတ်အသားအဖြစ် တပ်ဆင်ခဲ့ရတယ်ဆိုတာကိုလည်း အများစုက မသိခဲ့ကြဘူး” ဟု ဟိုင်းဂါ့ဇ်ကပြောပြသည်။
သူ၏တင်ဆက်မှုပြီးသည့်နောက် ဟိုင်းဂါ့ဇ်သည် သူ၏အတန်းဖော်များကို သက်သေခံတို့၏ ကျမ်းစာအခြေပြု ခံယူချက်များဖြစ်သည့် သွေးသွင်းခြင်း၊ အရက်ယမကာနှင့် ကိုယ်ကျင့်တရားတို့အကြောင်း ပြောပြခွင့်ပိုရရှိခဲ့သည်။ “ကျွန်တော့်ရဲ့ကျောင်းနေဖက်တစ်ယောက်မှ ကျွန်တော့်ကို မပြောင်လှောင်ကြဘူး” ဟု ဟိုင်းဂါ့ဇ်ကဆိုသည်။ ထို့အပြင်၊ သူ၏အစီရင်ခံစာကို ယခု ကျောင်းစာကြည့်တိုက်တွင် ထိန်းသိမ်းထားပေးသည်။ ယင်းကြောင့် ယေဟောဝါသက်သေများ၏ ရဲရင့်သောရပ်တည်ချက်ကို အမှန်တကယ် မေ့လျော့ကြတော့မည်မဟုတ်ပါ။