လိုလိုလားလား ကိုယ်ကျိုးစွန့်ခြင်းဖြင့် ကျေနပ်ပျော်ရွှင်ရသောအသက်တာ
ဘဝအတ္ထုပ္ပတ္တိ
လိုလိုလားလား ကိုယ်ကျိုးစွန့်ခြင်းဖြင့် ကျေနပ်ပျော်ရွှင်ရသောအသက်တာ
မာရီးအာန် နှင့် ရိုဇာဇူမီဂါ ပြောပြသည်
“အကျွန်ုပ်သည် စေတနာစိတ်နှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်” ဟု ဆာလံ ၅၄:၆ ကဆိုသည်။ ပြင်သစ်နိုင်ငံတွင် နေထိုင်ကြသည့် မာရီးအာန် ဇူမီဂါနှင့် သူ့ဇနီး ရိုဇာတို့၏အသက်တာတွင် ထိုစကားသည် အဓိကအချက်ဖြစ်၏။ မကြာသေးမီက သူတို့သည် ယေဟောဝါ၏လုပ်ငန်းတော်တွင် ကြာမြင့်စွာ ကျေကျေနပ်နပ်ပါဝင်ခဲ့ရသော ဘဝအသက်တာမှ ပေါ်လွင်ချက်တချို့ကို ပြန်ပြောင်းပြောပြခဲ့သည်။
မာရီးအာန်– ကျွန်တော့်မိဘတွေဟာ ပိုလန်နိုင်ငံကနေ ပြောင်းရွှေ့လာကြတဲ့ အာရ်စီတွေဖြစ်တယ်။ အဖေဟာ စိတ်နှိမ့်ချတဲ့သူတစ်ယောက်ပါ။ သူကျောင်းတက်ခွင့် မရခဲ့ပေမဲ့ ပထမကမ္ဘာစစ်အတွင်း ကတုတ်ကျင်းတွေမှာ စစ်မှုထမ်းနေတုန်း စာရေးတတ်ဖတ်တတ်လာတယ်။ ဘုရားသခင်ကို အဖေကြောက်ရွံ့ပေမဲ့ ချာ့ခ်ျကြောင့် သူအကြိမ်ကြိမ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်။
အထူးသဖြင့် အဖြစ်အပျက်တစ်ခုကို သူမမေ့နိုင်ဘူး။ စစ်ဖြစ်နေချိန်တစ်ရက် အဖေ့ရဲ့ စစ်တပ်ယူနစ်ကို ခရစ်ယာန်ဘုန်းကြီးတစ်ပါး ရောက်လာတယ်။ အနီးအနားမှာ ဗုံးတစ်လုံး ရုတ်တရက်ပေါက်ကွဲတော့ အဲဒီခရစ်ယာန်ဘုန်းကြီးဟာ အလန့်တကြားနဲ့ သူ့ရဲ့မြင်းကို ခရစ်တော်ပုံပါတဲ့ လက်ဝါးကပ်တိုင်နဲ့ရိုက်ပြီး ထွက်ပြေးသွားတယ်။ ဘုရားသခင်ရဲ့ “ကိုယ်စားလှယ်” တစ်ယောက်ဟာ သူမြန်မြန်ထွက်ပြေးနိုင်ဖို့ “သန့်ရှင်းမြင့်မြတ်တဲ့” အဲ့ဒီပစ္စည်းကို အသုံးပြုဝံ့တဲ့အတွက် အဖေထိတ်လန့်သွားခဲ့တယ်။ အဲ့ဒီလိုတွေ့ကြုံမှုတွေနဲ့ ကြောက်စရာကောင်းတဲ့ စစ်မြင်ကွင်းတွေကို တွေ့ကြုံခဲ့ရပေမဲ့ ဘုရားသခင်အပေါ် အဖေ့ရဲ့ယုံကြည်ခြင်း လျော့နည်းမသွားခဲ့ဘူး။ စစ်မြေပြင်ကနေ ချောချောမောမော ပြန်ရောက်လာခဲ့တာ ဘုရားသခင်ကြောင့်လို့ သူခဏခဏပြောတယ်။
“ပိုလန်နိုင်ငံလေး”
၁၉၁၁ ခုနှစ်မှာ အနီးအနားရွာတစ်ရွာက မိန်းကလေးတစ်ယောက်နဲ့ အဖေအိမ်ထောင်ပြုလိုက်တယ်။ သူ့ရဲ့နာမည်က အန်းနာ စီဆိုစကီဖြစ်တယ်။ စစ်လည်းပြီးရော ၁၉၁၉ ခုနှစ်မှာ အဖေနဲ့အမေဟာ ကျောက်မီးသွေးတူးတဲ့အလုပ်လုပ်ဖို့ ပိုလန်နိုင်ငံကနေ ပြင်သစ်နိုင်ငံကို ပြောင်းရွှေ့သွားတယ်။ ၁၉၂၆ ခုနှစ် မတ်လမှာ ပြင်သစ်နိုင်ငံ အနောက်တောင်ဘက်၊ ကန်နယာ့ခ်လာ မီန်မြို့မှာ ကျွန်တော့်ကိုမွေးခဲ့တယ်။ အဲဒီနောက် ကျွန်တော့်မိဘတွေဟာ ပြင်သစ်နိုင်ငံ မြောက်ပိုင်း လန်စ်မြို့အနားက လော့စ်ဆာန်ဂိုအဲလ်ဆိုတဲ့ ပိုလန်ရပ်ကွက်တစ်ခုမှာ အခြေချနေထိုင်ခဲ့ကြတယ်။ အဲ့ဒီမှာဆိုရင် ပေါင်မုန့်ဖုတ်သမားက ပိုလန်လူမျိုး၊ သားသတ်သမားက ပိုလန်လူမျိုး၊ အသင်းတော်နယ်ပယ် ခရစ်ယာန်ဘုန်းကြီးကလည်း ပိုလန်လူမျိုးတွေဖြစ်ကြတယ်။ ဒါကြောင့် အဲဒီနယ်မြေကို ပိုလန်နိုင်ငံလေးလို့ခေါ်ကြတာ မဆန်းဘူးပေါ့။ ကျွန်တော့်မိဘတွေဟာ ရပ်ကွက်တိုးတက်ရေးအမှုတွေမှာ ပါဝင်ခဲ့ကြတယ်။ အဖေဟာ ပြပွဲတွေကို မကြာခဏ စီစဉ်ပေးတယ်၊ အဲဒီအထဲမှာ ပြဇာတ်တွေ၊ တေးဂီတပြပွဲတွေနဲ့ သီချင်းဆိုပွဲတွေပါတတ်တယ်။ ဒါ့အပြင် ခရစ်ယာန်ဘုန်းကြီးနဲ့ သူပုံမှန်ဆွေးနွေးနှီးနှောတတ်တယ်၊ ဘုန်းကြီးက “လျှို့ဝှက်နက်နဲရာတွေ အများကြီးရှိတယ်” လို့ အများအားဖြင့်ပြောတတ်တာကို သူဘဝင်မကျခဲ့ဘူး။”
၁၉၃၀ ပြည့်နှစ်,တစ်ရက်မှာ အမျိုးသမီးနှစ်ယောက် ကျွန်တော်တို့အိမ်ကို တံခါးလာခေါက်တယ်။ သူတို့ဟာ ယေဟောဝါသက်သေတွေဖြစ်တယ်၊ ဟိုတုန်းက သူတို့ကို ကျမ်းစာကျောင်းသားတွေလို့ခေါ်တယ်။ သူတို့ဆီကနေ သူဖတ်ချင်တာ နှစ်အတော်ကြာပြီဖြစ်တဲ့ ကျမ်းစာအုပ်တစ်အုပ်ကို အဖေရလိုက်တယ်။ အဲဒီအမျိုးသမီးတွေထားခဲ့တဲ့ ကျမ်းစာအခြေပြုစာပေတွေကိုလည်း အဖေရော အမေကပါ စိတ်ဝင်တစားဖတ်ကြတယ်။ အဲဒီစာပေတွေကနေ သူတို့ဖတ်သမျှကို ကျွန်တော့်မိဘတွေ အရမ်းသဘောကျကြတယ်။ သူတို့အလုပ်အရမ်းများတဲ့ကြားက ကျမ်းစာကျောင်းသားတွေရဲ့ အစည်းအဝေးတွေကို တက်ကြတယ်။ ခရစ်ယာန်ဘုန်းကြီးနဲ့ ဆွေးနွေးပြောဆိုတာတွေလည်း ပိုပြီး အငြင်းပွားစရာတွေဖြစ်လာတယ်၊ တစ်ရက်မှာ သူက ကျမ်းစာကျောင်းသားတွေနဲ့ ကျွန်တော့်မိဘတွေ ဆက်ပေါင်းသင်းနေမယ်ဆိုရင် ကျွန်တော့်အစ်မ စတက်ဖနီကို ဘာသာသင်တန်းကနေ ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်တယ်။ ဒါနဲ့ အဖေက ဒီလိုပြန်ပြောလိုက်တယ်– “ဒုက္ခမခံပါနဲ့။ အခုအချိန်ကစပြီး ကျွန်တော့်သမီးနဲ့ တခြားကလေးတွေကိုပါ ကျွန်တော်တို့နဲ့အတူ ကျမ်းစာကျောင်းသားတွေရဲ့ စည်းဝေးတွေကို ခေါ်သွားတော့မယ်။” ချာ့ခ်ျကနေ အဖေနုတ်ထွက်လိုက်ပြီး ၁၉၃၂ ခုနှစ် အစောပိုင်းမှာ ကျွန်တော့်မိဘတွေ နှစ်ခြင်းခံလိုက်ကြတယ်။ အဲဒီတုန်းက ပြင်သစ်နိုင်ငံမှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၈၀၀ လောက်ပဲရှိသေးတယ်။
ရိုဇာ– ကျွန်မမိဘတွေက ဟန်ဂေရီနိုင်ငံကပါ၊ မာရီးအာန်ရဲ့မိသားစုလိုပဲ ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်ဖို့ ပြင်သစ်နိုင်ငံမြောက်ဘက်မှာ အခြေချခဲ့ကြတယ်။ ကျွန်မကို ၁၉၂၅ ခုနှစ်မှာ မွေးတယ်။ ၁၉၃၇ ခုနှစ်မှာ ဩဂတ်စ် ဗွယ်ဂျဲင်ဆိုတဲ့ ကျွန်မတို့က ပါပါ ဩဂတ်စ်လို့ခေါ်ခဲ့တဲ့ ယေဟောဝါသက်သေတစ်ယောက်က ကျွန်မရဲ့မိဘတွေဆီကို ဟန်ဂေရီကင်းမျှော်စင် လာပို့ပေးတတ်တယ်။ အဲ့ဒီမဂ္ဂဇင်းတွေကို သူတို့စိတ်ဝင်စားကြပေမဲ့ တစ်ယောက်မှ ယေဟောဝါသက်သေဖြစ်မလာခဲ့ဘူး။
ကျွန်မ ငယ်သေးပေမဲ့ ကင်းမျှော်စင်ထဲက ကျွန်မဖတ်ရသမျှကို သဘောကျတယ်၊ ဒါနဲ့ ပါပါ ဩဂတ်စ်ရဲ့ချွေးမ စူဇဲန် ဗွယ်ဂျဲင်က ကျွန်မကို ဂရုတစိုက်လေ့ကျင့်ပေးတယ်။ ကျွန်မကို စည်းဝေးတွေခေါ်သွားဖို့လည်း ကျွန်မမိဘတွေက သူ့ကို ခွင့်ပြုခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ အလုပ်စလုပ်တော့ တနင်္ဂနွေနေ့မှာ ကျွန်မ အစည်းအဝေးတွေတက်တာကို ကျွန်မအဖေက မကြိုက်ဘူး။ သဘောကောင်းတဲ့သူဖြစ်ပေမဲ့ သူက “တစ်ပတ်လုံးလည်း အိမ်မှာမရှိဘူး၊ တနင်္ဂနွေနေ့ဆိုရင်လည်း အစည်းအဝေးတွေပဲ သွားတက်နေတယ်!” ဆိုပြီး မကျေမနပ်ပြောပါလေရော။ ကျွန်မကတော့ ဆက်သွားတာပဲ။ ဒီလိုနဲ့ တစ်ရက်ကျတော့ ကျွန်မအဖေက “ဒီလောက်တောင်ဖြစ်နေတာ အထုပ်အပိုးပြင်ပြီး အိမ်ကဆင်းသွားတော့!” တဲ့။ အဲဒါက ညနေပိုင်းအချိန်မှာပေါ့။ ကျွန်မက အသက် ၁၇ နှစ်ပဲရှိသေးတယ်၊ ဘယ်ကိုသွားရမှန်းလည်း ကျွန်မ,မသိဘူး။ ဒါနဲ့ စူဇဲန်အိမ်ကိုပဲသွားပြီး အားရပါးရငိုချလိုက်တော့တယ်။ သူ့အိမ်မှာ တစ်ပတ်လောက်နေပြီးတော့ ကျွန်မကို အိမ်ပြန်ခေါ်လာဖို့ အစ်မကို အဖေလွှတ်လိုက်တယ်။ ကျွန်မက အရမ်းရှက်တတ်တာ၊ ဒါပေမဲ့ ၁ ယောဟန် ၄:၁၈ [သမ္မာ] မှာ ပြောတဲ့စကားက ကျွန်မကို အခိုင်အမာရပ်တည်ဖို့ ကူညီပေးခဲ့တယ်။ “စုံလင်သောမေတ္တာသည် ကြောက်ရွံ့ခြင်းကို ပယ်ရှားတတ်၏” လို့ အဲဒီကျမ်းချက်ကဆိုတယ်။ ၁၉၄၂ ခုနှစ်မှာ ကျွန်မနှစ်ခြင်းခံလိုက်တယ်။
အဖိုးထိုက်သောဝိညာဉ်ရေးအမွေ
မာရီးအာန်– ၁၉၄၂ ခုနှစ်မှာ ကျွန်တော့်အစ်မ စတက်ဖနီ၊ မီလာနီနဲ့ ကျွန်တော့်အစ်ကို စတက်ဖာန်တို့နဲ့အတူ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ အိမ်မှာဆိုရင် ကျွန်တော်တို့မိသားစုဘဝဟာ ကျမ်းစာအပေါ်ပဲ အခြေပြုတယ်။ စားပွဲမှာ ကျွန်တော်တို့အားလုံး စုထိုင်ကြပြီဆိုရင် အဖေက ကျွန်တော်တို့ကို ပိုလန်ဘာသာစကားနဲ့ ကျမ်းစာဖတ်ပြတယ်။ ညနေပိုင်းတွေမှာဆိုရင် ကျွန်တော်တို့မိဘတွေရဲ့ ဟောပြောခြင်းလုပ်ငန်းတွေ့ကြုံမှုတွေကို နားထောင်လေ့ရှိတယ်။ ဝိညာဉ်ရေးအရ အားပေးမှုဖြစ်စေတဲ့ အဲဒီအချိန်အခါတွေက ယေဟောဝါကိုချစ်ဖို့နဲ့၊ ကိုယ်တော်ကို ပိုပြီးယုံကြည်ကိုးစားဖို့ ကျွန်တော်တို့ကို သင်ပေးခဲ့တယ်။ အဖေရဲ့ ကျန်းမာရေး ချို့တဲ့လာတဲ့အတွက် အလုပ်ကနားလိုက်ရပေမဲ့ ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးနဲ့ ကာယရေးကို သူဆက်ဂရုစိုက်ခဲ့တယ်။
အခု အဖေ့မှာ အားလပ်ချိန်ရှိလာတော့ အသင်းတော်ကလူငယ်တွေကို ပိုလန်ဘာသာစကားနဲ့ တစ်ပတ်တစ်ကြိမ် ကျမ်းစာသင်ပေးနိုင်ခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော် ပိုလန်စာဖတ်တတ်လာတာ။ လူငယ်လေးတွေကို တခြားနည်းလမ်းတွေနဲ့လည်း အဖေအားပေးခဲ့တယ်။ တစ်ကြိမ်မှာ ပြင်သစ်နိုင်ငံက ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ကြီးကြပ်နေတဲ့ ညီအစ်ကို ဂွတ်စ်တာဗ် ဆော့ဖာ ကျွန်တော်တို့အသင်းတော်ကို လာလည်ပတ်တဲ့အခါ အဖေက တေးသံစုံအဖွဲ့ ဖွဲ့ပြီး သီချင်းဆိုရုံမကဘူး ဘုရင်ဗေလရှာဇာရဲ့စားသောက်ပွဲနဲ့ နံရံပေါ်မှလက်ရေးအကြောင်းကို ဝတ်စုံပြည့်ကျမ်းစာပြဇာတ်တစ်ခုတင်ဆက်ဖို့ စီစဉ်လိုက်တယ်။ (ဒံယေလ ၅:၁-၃၁) ဒံယေလအဖြစ် လွီ ပီဟိုတာက သရုပ်ဆောင်တယ်၊ နောက်ပိုင်းမှာ သူဟာ နာဇီတွေကို ပြတ်ပြတ်သားသားဆန့်ကျင်ခဲ့တယ်။ * အဲလိုဝန်းကျင်မျိုးမှာ ကျွန်တော်တို့တစ်တွေ ကြီးပြင်းလာခဲ့ကြတာ။ ကျွန်တော်တို့ရဲ့မိဘတွေဟာ ဝိညာဉ်ရေးကိစ္စတွေမှာ အမြဲအလုပ်များနေကြတာကို တွေ့ခဲ့ကြရတယ်။ ကျွန်တော့်မိဘတွေက ကျွန်တော်တို့အတွက် အရမ်းတန်ဖိုးရှိတဲ့အမွေ ထားရစ်ခဲ့ပါလားဆိုပြီး ဒီကနေ့ ကျွန်တော်သဘောပေါက်လာတယ်။
၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ဖြစ်တော့ ပြင်သစ်နိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ခဲ့တယ်။ တစ်ခေါက်မှာ ကျွန်တော်တို့ရဲ့ရွာကို လာရှာဖွေကြတယ်။ အိမ်တွေကို ဂျာမန်စစ်သားတွေ ဝိုင်းထားကြတယ်။ ကျွန်တော်တို့ရဲ့အဝတ်ဗီရိုတစ်ခုအောက်မှာ ကြမ်းပြင်အတု အဖေလုပ်ထားတာရှိတယ်၊ ကျမ်းစာ,စာပေအမျိုးမျိုးကို အဲဒီကြမ်းပြင်အောက်မှာ အဖေဝှက်ထားတယ်။ ဒါပေမဲ့ ဖက်ဆစ်ဝါဒ သို့မဟုတ် လွတ်မြောက်မှုဆိုတဲ့ စာအုပ်ငယ် နည်းနည်းကို ကြောင်အိမ်အံဆွဲတစ်ခုထဲမှာ ထား,ထားတယ်။ ဒါနဲ့ အဖေက အဲဒီစာအုပ်တွေကိုယူပြီး စင်္ကြံမှာချိတ်ထားတဲ့ ဂျာကင်အင်္ကျီအိတ်ထဲ အမြန်ဝှက်ထားလိုက်တယ်။ စစ်သားနှစ်ယောက်နဲ့ ပြင်သစ်ရဲသားတစ်ယောက် ကျွန်တော်တို့အိမ်ကို ရှာဖွေတဲ့အချိန်မှာ ကျွန်တော်တို့ ရင်တမမဖြစ်နေကြတယ်။ စစ်သားတစ်ယောက်က စင်္ကြံမှာချိတ်ထားတဲ့ အဝတ်အစားတွေကို စရှာပြီး မကြာခင်မှာ ကျွန်တော်တို့ရှိနေတဲ့ မီးဖိုချောင်ထဲကို စာအုပ်ငယ်တွေကိုင်ပြီး ဝင်လာတယ်။ ကျွန်တော်တို့ကို သူစိုက်ကြည့်ပြီး စာအုပ်ငယ်တွေကို စားပွဲပေါ်တင်ထားလိုက်ပြီး တခြားနေရာမှာ ဆက်ရှာဖွေတယ်။ ဒါနဲ့ စာအုပ်ငယ်တွေကို ကျွန်တော် အမြန်ကောက်သိမ်းလိုက်ပြီး စစ်သားတွေရှာပြီးသွားတဲ့ အံဆွဲတစ်ခုထဲ ထည့်လိုက်တယ်။ အဲဒီစစ်သားက စာအုပ်ငယ်တွေအကြောင်း ဘာမှမမေးဘူး၊ အဲဒီစာအုပ်တွေကို သူလုံးဝမေ့သွားသလိုပဲ!
အချိန်ပြည့်လုပ်ငန်း ဝင်လုပ်ကိုင်ခြင်း
၁၉၄၈ ခုနှစ်မှာ အချိန်ပြည့်ရှေ့ဆောင်အနေနဲ့ ယေဟောဝါရဲ့အမှုတော်ကိုထမ်းဆောင်ဖို့ ကျွန်တော်စိတ်ဆုံးဖြတ်လိုက်တယ်။ ရက်အနည်းငယ်အကြာမှာ ပြင်သစ်နိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကနေ စာတစ်စောင်ရောက်လာတယ်။ စာထဲမှာ ကျွန်တော့်ကို ဘယ်လ်ဂျီယံနိုင်ငံနားက ဆီဒါန်အသင်းတော်မှာ ရှေ့ဆောင်လုပ်ဖို့ တာဝန်ပေးထားတယ်။ ယေဟောဝါရဲ့အမှုတော်ကို ကျွန်တော်အဲဒီနည်းနဲ့ထမ်းဆောင်တာကို ကျွန်တော့်မိဘတွေ ဝမ်းသာကြတယ်။ ဒါပေမဲ့ ရှေ့ဆောင်လုပ်တယ်ဆိုတာဟာ ပေါ့ပေါ့တန်တန်အလုပ်မဟုတ်ဘူးလို့ အဖေကထောက်ပြတယ်။ ကြိုးကြိုးစားစားလုပ်ရမယ့်အလုပ်တဲ့။ ဒါပေမဲ့ သူ့အိမ်တံခါးကို ကျွန်တော့်အတွက် အမြဲဖွင့်ထားပေးမယ်၊ အခက်အခဲရှိရင် သူ့ဆီ လာအကူအညီတောင်းနိုင်တယ်တဲ့။ ကျွန်တော့်မိဘတွေဟာ ငွေများများမရှိပေမဲ့ ကျွန်တော့်ကို စက်ဘီးအသစ်တစ်စီး ဝယ်ပေးတယ်။ ကျွန်တော့်မှာ အဲဒီစက်ဘီးရဲ့ပြေစာ အခုထိရှိနေတုန်းပဲ၊ အဲဒီပြေစာကို ကျွန်တော်မြင်တိုင်းမျက်ရည်ဝဲလာတယ်။ ၁၉၆၁ ခုနှစ်မှာ အဖေနဲ့အမေ သေဆုံးသွားပေမဲ့ အဖေ့ရဲ့ပညာရှိစကားတွေကို ကျွန်တော်ကြားယောင်နေတုန်းပဲ; ဘုရားသခင့်အမှုတော်ဆောင်တဲ့ နှစ်တွေတစ်လျှောက်လုံး အဖေ့စကားက ကျွန်တော့်ကို အားပေးတည်ဆောက်ခဲ့တာ။
ဆီဒါန်အသင်းတော်က အေလီဇ် မော့တ် ဆိုတဲ့ အသက် ၇၅ နှစ်အရွယ် ခရစ်ယာန်ညီအစ်မတစ်ယောက်လည်း ကျွန်တော့်ကို အကြီးအကျယ်အားပေးခဲ့တယ်။ နွေရာသီမှာ အစွန်အဖျားရွာတွေကို ကျွန်တော် စက်ဘီးစီးသွားပြီး ဟောပြောခဲ့တယ်၊ အေလီဇ်က ရထားနဲ့လိုက်လာပြီး ကျွန်တော်နဲ့အတူ အမှုဆောင်တယ်။ ဒါပေမဲ့၊ တစ်ရက်ကျတော့ မီးရထားစက်ဆရာတွေ သပိတ်မှောက်ကြတဲ့အတွက် အေလီဇ်ခမျာ ရထားနဲ့ အိမ်ပြန်လို့မရတော့ဘူး။ ဒါနဲ့ ကျွန်တော်စဉ်းစားမိတာက ကျွန်တော့်စက်ဘီးရဲ့ ပစ္စည်းတင်တဲ့နေရာပေါ်မှာ သူ့ကိုတင်ပြီး အိမ်ပြန်ပို့ပေးဖို့ပဲရှိတော့တယ်၊ သက်သောင့်သက်သာတော့ ရှိမှာမဟုတ်ဘူး။ နောက်နေ့မနက်မှာ ကျွန်တော်ဖုံတစ်ခုယူလာပြီး အေလီဇ်ကို သူ့အိမ်ကနေ စက်ဘီးနဲ့တင်ခေါ်သွားတယ်။ အဲ့ဒီနေ့ကစပြီး သူမီးရထားမစီးတော့ဘူး၊ နေ့လယ်စာစားချိန်မှာ အဲ့ဒီရထားခနဲ့ ကော်ဖီပူပူလေး ဝယ်သောက်ကြတယ်။ ကျွန်တော့်စက်ဘီးဟာ လူတင်ဖို့ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ။
တာဝန်များ တိုးများလာ
၁၉၅၀ ပြည့်နှစ်မှာ ပြင်သစ်နိုင်ငံ မြောက်ပိုင်းတစ်ခုလုံးအတွက် တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ဖို့ တာဝန်ရခဲ့တယ်။ အသက် ၂၃ နှစ်ပဲရှိသေးတဲ့အတွက် စစချင်းမှာ ကျွန်တော် အရမ်းစိုးရိမ်ခဲ့တာ။ ဌာနခွဲရုံးက မှားနေပြီလို့ ကျွန်တော်ထင်မိတယ်! ဒါနဲ့ ကျွန်တော့်ခေါင်းထဲ ဒီလိုမေးခွန်းတွေပေါ်လာတယ်– ‘ဝိညာဉ်ရေးနဲ့ ကာယရေးနှစ်တန်စလုံးမှာ အရည်အချင်းရှိရဲ့လား။ ပတ်တိုင်း အိမ်ပြောင်းတည်းနိုင်ပါ့မလား။’ ဒါ့အပြင်၊ အသက် ခြောက်နှစ်အရွယ်ကတည်းက ကျွန်တော့်မျက်လုံးတစ်လုံးက အပြင်ဘက်ကို စွေနေတယ်။ ကျွန်တော့်ကို တခြားသူတွေ ဘယ်လိုထင်မလဲဆိုပြီး အမြဲ စိတ်မလုံမလဲဖြစ်ခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ဂိလဒ်သာသနာပြုကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ စတီဖန် ဘီဟူနစ်ခ်က ကျွန်တော့်ကို အကြီးအကျယ်ကူညီပေးလို့ ကျေးဇူးတင်စရာပဲ။ ညီအစ်ကို ဘီဟူနစ်ခ်ဟာ သူ့ရဲ့ ဟောပြောခြင်းလုပ်ငန်းကြောင့် ပိုလန်နိုင်ငံကနေ နှင်ထုတ်ခံခဲ့ရပြီး ပြင်သစ်နိုင်ငံမှာ ပြန်တာဝန်ကျတာဖြစ်တယ်။ သူရဲ့သတ္တိကို ကျွန်တော် တကယ်ပဲချီးကျူးတယ်။ ယေဟောဝါနဲ့ အမှန်တရားကို သူအရမ်းတန်ဖိုးထားလေးစားတာ။ သူဟာ ကျွန်တော့်ကို မညှာတာဘူးလို့ တချို့ကထင်ကြပေမဲ့ သူ့ဆီကနေ ကျွန်တော် အများကြီး သင်ယူလာခဲ့ရတယ်။ သူ့ရဲ့ရဲရင့်မှုက ကျွန်တော့်ကို ပိုပြီးယုံကြည်စိတ်ချစေခဲ့တယ်။
တိုက်နယ်လုပ်ငန်းက ကျွန်တော့်ကို ထူးခြားတဲ့ လယ်ကွင်းလုပ်ငန်းတွေ့ကြုံမှုတွေ ရရှိစေတယ်။ ၁၉၅၃ ခုနှစ်မှာ ပါရီမြို့တောင်ဘက်မှာနေထိုင်တဲ့ ကင်းမျှော်စင်နှစ်စဉ်ကြေးယူသူ မစ္စတာ ပါအိုလီဆီ သွားလည်ပတ်ခွင့်ရခဲ့တယ်။ ကျွန်တော်တို့ တွေ့ဆုံကြတဲ့အခါ သူဟာ စစ်ထွက်အငြိမ်းစားဖြစ်ပြီး ကင်းမျှော်စင်ကို အလွန်နှစ်သက်ကြောင်း သိရှိရတယ်။ ခရစ်တော်ရဲ့သေခြင်း သတိရအောက်မေ့ပွဲအကြောင်း ဆောင်းပါးတစ်ပုဒ်ကို သူဖတ်ပြီးနောက် အဲ့ဒီညနေမှာ သူ့ဘာသာသူ သတိရအောက်မေ့ပွဲကျင်းပပြီး ဆာလံကျမ်းကို ဖတ်ခဲ့ကြောင်း ပြောပြတယ်။ ကျွန်တော်တို့ နေ့ခင်းပိုင်း အတော်ကြာကြာ ပြောဆိုဆွေးနွေးဖြစ်ခဲ့ကြတယ်။ သူ့ဆီကမထွက်ခွာခင် ရေနှစ်ခြင်းအကြောင်းလည်း အတိုချုပ်ပြောဖြစ်တယ်။ အဲဒီနောက် ၁၉၅၄ နှစ်ဦးပိုင်းမှာ ကျင်းပမယ့် တိုက်နယ်စည်းဝေးပွဲဖိတ်စာကို သူ့ဆီ ပို့ပေးလိုက်တယ်။ သူလာတက်တယ်၊ အဲဒီစည်းဝေးပွဲမှာ နှစ်ခြင်းခံတဲ့သူ ၂၆ ယောက်မှာ ညီအစ်ကို ပါအိုလီလည်းပါတယ်။ အဲလိုတွေ့ ကြုံမှုမျိုးတွေဟာ ကျွန်တော့်အတွက် အားရရွှင်လန်းစရာ ဖြစ်နေဆဲပဲ။
ရိုဇာ– ၁၉၄၈ ခုနှစ် အောက်တိုဘာလမှာ ကျွန်မရှေ့ဆောင်စလုပ်တယ်။ ဘယ်လ်ဂျီယံနိုင်ငံအနီး အနောရ်မြို့မှာ အမှုဆောင်ခဲ့ပြီးနောက် ပါရီမြို့မှာ နောက်ရှေ့ဆောင်တစ်ယောက်ဖြစ်တဲ့ အိုင်ရီးန် ကိုလန်စကီ (ယခု လရွိုင်း) နဲ့အတူ တာဝန်ကျခဲ့တယ်။ မြို့လယ်ခေါင်မှာရှိတဲ့ စိန့်ဇာမဲန်ဒီပရီအရပ်က အခန်းကျဉ်းကျဉ်းလေးတစ်ခုမှာ ကျွန်မတို့နေထိုင်ခဲ့ကြတယ်။ ကျွန်မက တောသူမလေးဆိုတော့ ပါရီမြို့သူမြို့သားတွေကို အတော်ရှိန်ခဲ့တယ်။ သူတို့အားလုံးဟာ ခေတ်မီပြီး အရမ်းထက်မြက်ကြတယ်လို့ ကျွန်မထင်ခဲ့တာ။ ဒါပေမဲ့ သူတို့ကိုဟောပြောပြီးနောက်မှာ သူတို့ဟာ တခြားလူတွေနဲ့ ဘာမှမထူးပါဘူးဆိုတာ ကျွန်မသိလာတယ်။ မကြာခဏဆိုသလို တံခါးစောင့်တွေက ကျွန်မတို့ကိုမောင်းထုတ်တယ်၊ ကျမ်းစာသင်အံမှုရဖို့လည်း အတော်ခက်တယ်။ ဒါပေမဲ့လည်း အဲလိုကြားက ကျွန်မတို့ရဲ့သတင်းတရားကို လက်ခံသူတချို့တော့ရှိပါတယ်။
၁၉၅၁ ခုနှစ်က တိုက်နယ်စည်းဝေးပွဲတစ်ခုမှာ ရှေ့ဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး အိုင်ရီးန်နဲ့ကျွန်မကို လူတွေ့မေးမြန်းခဲ့ကြတယ်။ လူတွေ့မေးမြန်းသူက ဘယ်သူလို့ထင်သလဲ။ မာရီးအာန် ဇူမီဂါလို့ခေါ်တဲ့ လူပျိုငယ် တိုက်နယ်ကြီးကြပ်မှူးပေါ့။ အဲဒီမတိုင်ခင်က ကျွန်မတို့ တစ်ခေါက်တွေ့ဆုံဖူးတယ်၊ ဒါပေမဲ့ ဒီစည်းဝေးလည်းပြီးရော ကျွန်မတို့ စာအဆက်အသွယ်လုပ်ကြတယ်။ မာရီးအာန်နဲ့ ကျွန်မတို့မှာ တူညီတဲ့အချက်တွေ အများကြီးရှိတယ်၊ ကျွန်မတို့နှစ်ယောက်စလုံး တစ်နှစ်တည်းမှာပဲ နှစ်ခြင်းခံပြီး တစ်နှစ်တည်းမှာပဲ ရှေ့ဆောင်စလုပ်ခဲ့တာတွေ အပါအဝင်ပေါ့။ ဒါပေမဲ့၊ အရေးအကြီးဆုံးက ကျွန်မတို့နှစ်ယောက်စလုံး အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ဆက်ပါဝင်ချင်ကြတာပဲ။ ဒါကြောင့် ဆုတောင်းသုံးသပ်ပြီးတဲ့နောက် ၁၉၅၆၊ ဇူလိုင် ၃၁ ရက်နေ့မှာ ကျွန်မတို့ လက်ထပ်လိုက်ကြတယ်။ အိမ်ထောင်လည်းပြုလိုက်ရော ကျွန်မအတွက် လုံးလုံးအသစ်ဖြစ်တဲ့ဘဝ စတော့တာပဲ။ ဇနီးတစ်ယောက်ဖြစ်ဖို့ရော တိုက်နယ်လုပ်ငန်းမှာ မာရီးအာန်နဲ့အတူ လိုက်ပါသွားပြီး ပတ်တိုင်း အိပ်ရာပြောင်းဖို့ရော အကျင့်လုပ်ခဲ့ရတယ်။ အစပိုင်းမှာတော့ မလွယ်ဘူး၊ ဒါပေမဲ့ ပျော်ရွှင်မှုတွေ အများကြီးရဖို့ရှိပါတယ်။
အားရကျေနပ်သောအသက်တာ
မာရီးအာန်– နှစ်တွေတစ်လျှောက် စည်းဝေးကြီးအတော်များများကို ပြင်ဆင်ပေးတဲ့နေရာမှာ ပါဝင်ကူညီခွင့် ရရှိခဲ့တယ်။ အထူးသဖြင့် ၁၉၆၆ ခုနှစ် ဘော်ဒိုးမြို့မှာ ကျင်းပခဲ့တဲ့ စည်းဝေးကြီးကို မှတ်မိပါသေးတယ်။ အဲဒီတုန်းက ပေါ်တူဂီနိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ပိတ်ပင်ထားတာ။ ဒါကြောင့် ပြင်သစ်နိုင်ငံကိုလာနိုင်တဲ့ ပေါ်တူဂီသက်သေခံတွေအတွက် စည်းဝေးပွဲ အစီအစဉ်ကို ပေါ်တူဂီဘာသာစကားနဲ့လည်း တင်ဆက်ပေးခဲ့ရတယ်။ ပေါ်တူဂီနိုင်ငံကနေ ကျွန်တော်တို့ရဲ့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေ ရာနဲ့ချီရောက်လာကြတယ်၊ ဒါပေမဲ့ သူတို့တည်းခိုစရာ နေရာချပေးဖို့ အခက်အခဲတွေ့ခဲ့တယ်။ ဘော်ဒိုးမြို့က သက်သေခံတွေရဲ့အိမ်မှာ နေရာအလုံအလောက်မရှိတဲ့အတွက် ဘုံအိပ်ဆောင်အဖြစ် အသုံးပြုဖို့ ရုပ်ရှင်ရုံအလွတ်တစ်ရုံကို ကျွန်တော်တို့ငှားလိုက်ကြတယ်။ ထိုင်ခုံအားလုံးကို ဖယ်ထုတ်လိုက်ပြီး အဲ့ဒီအခန်းကြီးကို ညီအစ်ကိုတွေအိပ်တဲ့အဆောင်နဲ့ ညီအစ်မတွေအိပ်တဲ့အဆောင်အဖြစ် အဆောင်နှစ်ဆောင်ကန့်ဖို့ စင်ပေါ်က ကန့်လန့်ကာတစ်ခုကို အသုံးပြုလိုက်တယ်။ ဒါ့အပြင် ရေချိုးခန်းတွေ၊ မျက်နှာသစ်ဇလုံတွေ တပ်ဆင်ပေးခဲ့တယ်၊ ပြီးတော့ ကွန်ကရစ်ကြမ်းပြင်ပေါ် မြက်ခြောက်တွေခင်းပြီး ရွက်ဖျင်တွေနဲ့ ဖုံးပေးထားလိုက်တယ်။ ဒီလိုစီစဉ်ပေးတာကို အားလုံးကျေနပ်ကြပါတယ်။
စည်းဝေးအစီအစဉ်ပြီးတိုင်း အဲ့ဒီဘုံအိပ်ဆောင်က ညီအစ်ကိုညီအစ်မတွေဆီ ကျွန်တော်တို့သွားလည်ကြတယ်။ တကယ်ပျော်စရာကောင်းတာပဲ။ နှစ်နဲ့ချီတဲ့ အတိုက်အခံကြားမှာ သူတို့ရခဲ့တဲ့ တွေ့ ကြုံမှုတွေက ကျွန်တော်တို့အတွက် တကယ်အားပေးမှုဖြစ်တယ်! စည်းဝေးပွဲပြီးတော့ သူတို့ပြန်သွားကြတဲ့အခါ ကျွန်တော်တို့အားလုံး မျက်ရည်ကျမိတယ်။
အဲ့ဒီအချိန်မတိုင်ခင် လွန်ခဲ့တဲ့နှစ်နှစ် ၁၉၆၄ ခုနှစ်မှာ ခရိုင်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခွင့်ရခဲ့တယ်။ ဒီတစ်ကြိမ်လည်း ငါအရည်အချင်းရှိမှရှိရဲ့လားလို့ ဇဝေဇဝါဖြစ်မိတယ်။ ဒါပေမဲ့ အဲ့ဒီတာဝန်ကိုယူဖို့ တောင်းဆိုတဲ့တာဝန်ခံတွေက ကျွန်တော့်မှာ တာဝန်ကို ကိုင်တွယ်နိုင်စွမ်းရှိတယ်လို့ ထင်ကြတာဖြစ်မယ်ဆိုပြီး တစ်ကိုယ်တည်း ရေရွတ်မိတယ်။ တခြားနယ်လှည့်ကြီးကြပ်မှူးတွေနဲ့ နီးနီးကပ်ကပ် အမှုဆောင်ရတာ တကယ်အားရစရာပဲ။ သူတို့ဆီကနေ အများကြီးတတ်လာတယ်။ ယေဟောဝါရဲ့အမြင်မှာ အရေးပါတဲ့ စိတ်ရှည်ခြင်းနဲ့ ဇွဲရှိခြင်းအရည်အသွေးတွေ သူတို့အများစုမှာရှိလို့ တကယ့်ပုံနမူနာကောင်းတွေပဲ။ ကျွန်တော်တို့သာ စိတ်ရှည်ရှည် စောင့်နေတတ်မယ်ဆိုရင် ကျွန်တော်တို့ကို ဘယ်နေရာမှာရှာရမလဲဆိုတာ ယေဟောဝါသိတယ်လို့ ကျွန်တော်နားလည်လာတယ်။
၁၉၈၂ ခုနှစ်မှာ ဌာနခွဲရုံးက ကျွန်တော်တို့ကို ပါရီမြို့ဆင်ခြေဖုံးမှာရှိတဲ့ ဘူလုံ ဘီလန်ကော့တ်ဒေသက ပိုလန်ကြေညာသူ ၁၂ ယောက်ရှိတဲ့အုပ်စုငယ်လေးကို ကြည့်ရှုစောင့်ရှောက်ပေးဖို့လည်းတောင်းဆိုခဲ့တယ်။ အဲဒီတာဝန်ကိုရမယ်လို့ ကျွန်တော်လုံးလုံးမထင်ခဲ့ဘူး။ သီအိုကရက်တစ်အသုံးအနှုန်းတွေကို ပိုလန်ဘာသာစကားနဲ့ ကျွန်တော်သိထားပေမဲ့ ဝါကျမဖွဲ့တတ်ဘူး။ ဒါပေမဲ့လည်း အဲဒီကညီအစ်ကိုတွေရဲ့ ကြင်နာမှုနဲ့ တလိုတလားစိတ်က ကျွန်တော့်အတွက် အများကြီးအကူအညီဖြစ်ခဲ့တယ်။ ကနေ့ဆိုရင် အဲဒီအသင်းတော်မှာ ရှေ့ဆောင် ၆၀ နီးပါးနဲ့ ကြေညာသူ ၁၇၀ လောက်ရှိနေပါပြီ။ နောက်ပိုင်းမှာ ရိုဇာနဲ့ကျွန်တော်တို့ဟာ ဩစတြီးယား၊ ဒိန်းမတ်နဲ့ ဂျာမနီနိုင်ငံက ပိုလန်အုပ်စုတွေနဲ့ အသင်းတော်တွေဆီကိုလည်း သွားလည်ပတ်ခဲ့ကြရသေးတယ်။
ပြောင်းလဲလာသော အခြေအနေများ
အသင်းတော်တစ်ခုပြီးတစ်ခုကို လည်ပတ်ရတာက ကျွန်တော်တို့ရဲ့ ဘဝဖြစ်တယ်၊ ဒါပေမဲ့ ကျွန်တော့်ကျန်းမာရေးချို့တဲ့လာလို့ ၂၀၀၁ ခုနှစ်မှာ နယ်လှည့်လုပ်ငန်းကို ရပ်နားလိုက်ရတယ်။ ကျွန်တော့်အစ်မ ရုသ်နေထိုင်တဲ့ ပီသီဗီယဲစ်မြို့မှာနေထိုင်ဖို့ တိုက်ခန်းတစ်ခန်းရတယ်။ ဌာနခွဲရုံးက ကျွန်တော်တို့ရဲ့ အခြေအနေအလိုက် နာရီထည့်သွင်းနိုင်တဲ့ အထူးရှေ့ဆောင်တာဝန်ကို ကြင်နာစွာ ခန့်အပ်ခဲ့တယ်။
ရိုဇာ– ကျွန်မတို့တိုက်နယ်လုပ်ငန်းနားပြီးတဲ့ ပထမနှစ်ဟာ ကျွန်မအတွက် အတော်ခက်ခဲတာ။ အကြီးအကျယ်ပြောင်းလဲသွားလို့ ငါ ဘာမှအသုံးမကျတော့ဘူးလို့ ခံစားမိတယ်။ ဒါနဲ့ ‘နင့်ရဲ့အချိန်နဲ့ ရှိသမျှခွန်အားတွေကို ရှေ့ဆောင်အဖြစ် ကောင်းကောင်းအသုံးပြုနိုင်သေးတာပဲ’ လို့ ကိုယ့်ကိုယ်ကို အားပေးရတယ်။ ကနေ့ဆိုရင် ကျွန်မတို့ရဲ့အသင်းတော်မှာရှိတဲ့ တခြားရှေ့ဆောင်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အမှုဆောင်နေနိုင်ပါပြီ။
ကျွန်တော်တို့ကို ယေဟောဝါ အမြဲဂရုစိုက်ခဲ့
မာရီးအာန်– ရိုဇာဟာ ၄၈ နှစ်လုံးလုံး ကျွန်တော့်ရဲ့ အဖော်ဖြစ်ခဲ့တဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်မိတယ်။ နယ်လှည့်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့နှစ်တွေတစ်လျှောက် သူဟာ ကျွန်တော့်အတွက် အကြီးအကျယ် အထောက်အမဖြစ်ခဲ့တယ်။ ‘အခြေချပြီး ကိုယ့်အိမ်နဲ့ကိုယ်နေချင်လိုက်တာ’ လို့ သူပြောတာ တစ်ခါမှ မကြားဖူးဘူး။
ရိုဇာ– တစ်ခါတလေ တချို့က ‘နင့်ဘဝဟာ သာမန်ဘဝမဟုတ်ဘူး။ တခြားသူတွေနဲ့ပဲ နင်အမြဲနေ,နေရတာ’ လို့ ပြောတတ်ကြတယ်။ ဒါပေမဲ့ “သာမန်ဘဝ” ဆိုတာ အမှန်တကယ်ဆိုရင် ဘာလဲ။ အများအားဖြင့် ဝိညာဉ်ရေးရာလုပ်ဆောင်မှုတွေကို မလိုက်စားစေတဲ့ ပစ္စည်းပစ္စယတွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ ဝိုင်းရံနေတာမျိုးဖြစ်တယ်။ ကျွန်မတို့ တကယ်လိုအပ်တာကတော့ သက်သောင့်သက်သာရှိတဲ့ ခုတင်တစ်လုံး၊ စားပွဲတစ်လုံးနဲ့ တခြားအခြေခံပစ္စည်းအနည်းငယ်ပါပဲ။ ရှေ့ဆောင်တွေအနေနဲ့ ကျွန်မတို့မှာ ပစ္စည်းသိပ်မရှိကြပေမဲ့ ယေဟောဝါရဲ့အလိုတော်ကို ဆောင်ရွက်ဖို့ ကျွန်မတို့လိုအပ်သမျှ ရှိကြပါတယ်။ တစ်ခါတလေ ဆာလံ ၃၄:၁၀ [သမ္မာ] ကိုဒီလိုရွတ်ပြတယ်– “[ယေဟောဝါ] ကိုရှာသောသူတို့၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ လိုမည်မဟုတ်။” ကျွန်မတို့ကို ယေဟောဝါ အမြဲဂရုစိုက်ခဲ့တယ်။
တချို့က “ကိုယ်ပိုင်အိမ်မရှိ၊ ပင်စင်လစာမရဘဲနဲ့ အသက်ကြီးလာရင် ဘယ်လိုနေကြမလဲ” လို့ မေးကြတယ်။ အဲဒီအခါ ကျွန်မကမာရီးအာန်– တကယ်တော့ ယေဟောဝါဟာ ကျွန်တော်တို့လိုတာထက် အများကြီးပိုပေးထားတယ်။ ဥပမာ၊ ၁၉၅၈ ခုနှစ်တုန်းက နယူးယောက်မြို့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးမှာ ကျွန်တော်တို့ရဲ့တိုက်နယ်ကို ကိုယ်စားပြုသူအဖြစ် ကျွန်တော့်ကိုရွေးတယ်။ ဒါပေမဲ့ ရိုဇာအတွက် လက်မှတ်ဝယ်ဖို့ ကျွန်တော်တို့မှာ ငွေမရှိဘူး။ တစ်ညနေမှာ ကျွန်တော်တို့ကို ညီအစ်ကိုတစ်ယောက်က “နယူးယောက်” လို့ရေးထားတဲ့ စာအိတ်တစ်အိတ် ပေးသွားတယ်။ စာအိတ်ထဲ ထည့်ပေးထားတဲ့ လက်ဆောင်ကြောင့် ကျွန်တော်နဲ့အတူ ရိုဇာခရီးသွားလို့ရသွားတယ်!
ယေဟောဝါရဲ့အမှုတော်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ရလို့ ရိုဇာနဲ့ကျွန်တော် လုံးဝနောင်တမရဘူး။ ဆုံးရှုံးတာ ဘာတစ်ခုမှမရှိတဲ့အပြင် လိုအပ်တာမှန်သမျှ—အချိန်ပြည့်လုပ်ငန်းတော်မှာ ကျေနပ်ပျော်ရွှင်တဲ့အသက်တာ—ကို ရရှိခဲ့တယ်။ ယေဟောဝါဟာ အရမ်းကိုကောင်းမြတ်လှတဲ့ ဘုရားသခင်ဖြစ်ပါတယ်။ ကိုယ်တော့်ကို လုံးလုံးလျားလျားယုံကြည်ကိုးစားတတ်လာပြီး ကိုယ်တော်ကိုချစ်တဲ့ ကျွန်တော်တို့ရဲ့မေတ္တာကလည်း ပိုပြီးနက်ရှိုင်းလာတယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတချို့ဆိုရင် သူတို့ရဲ့တည်ကြည်မှုအတွက် အသက်ကိုပေးဆက်ခဲ့ကြရတယ်။ ဒါပေမဲ့ လူတစ်ယောက်ဟာ နှစ်ပေါင်းများစွာအတွင်း ကိုယ့်ရဲ့အသက်တာကို ဖြည်းဖြည်းချင်း ပေးဆက်သွားနိုင်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ရိုဇာနဲ့ ကျွန်တော်တို့ဟာ အဲဒါကို အခုထက်ထိ ကြိုးစားလုပ်ဆောင်နေကြဆဲပါ၊ အနာဂတ်မှာလည်း ဒီအတိုင်းပဲ ဆက်လုပ်ဆောင်သွားကြဖို့ ဆုံးဖြတ်ထားကြပါတယ်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 14 လွီ ပီဟိုတာ၏ ဘဝအတ္ထုပ္ပတ္တိဖြစ်သော “ ‘မရဏခရီးစဉ်မှ ကျွန်တော်အသက်ရှင်ကျန်ရစ်ခဲ့’ ” ကို ၁၉၈၀၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] တွင် ဖော်ပြထားသည်။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
၁၉၃၀ ပြည့်နှစ်လောက်က ဖရန်ဆွာနှင့် အန်းနာ ဇူမီဂါနှင့် သူတို့၏သားသမီးများ၊ စတက်ဖနီ၊ စတက်ဖာန်၊ မီလာနီနှင့် မာရီးအာန်။ ခွေးခြေခုံပေါ် မာရီးအာန်ရပ်နေ
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
အပေါ်– ၁၉၅၀ ပြည့်နှစ်မှာ ပြင်သစ်နိုင်ငံ မြောက်ပိုင်း၊ အာမဲန်တီးယားဇ်ဒေသရှိ ဈေးဆိုင်တန်းတစ်ခုတွင် ကျမ်းစာ,စာပေများ ဝေငှနေခြင်း
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ဝဲဘက်– ၁၉၅၀ ပြည့်နှစ်က စတီဖန် ဘီဟူနစ်ခ်နှင့် မာရီးအာန်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၅၁ ခုနှစ်တွင် ရှေ့ဆောင်အဖော် အိုင်ရီးန် (ဝဲဘက်မှ စတုတ္ထ) နဲ့ ရိုဇာ (ဝဲအစွန်) တို့ စည်းဝေးပွဲတစ်ခုကို ကြော်ငြာနေကြ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
လက်မထပ်မီနေ့က မာရီးအာန်နှင့် ရိုဇာ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
တိုယ်နယ်လည်ပတ်ချိန်များတွင် အများအားဖြင့် စက်ဘီးဖြင့် ပို့ဆောင်ပေးလေ့ရှိကြ