သခင့်ဆုတောင်းချက် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိ
သခင့်ဆုတောင်းချက် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိ
တောင်ပေါ်တရားတော်တွင် ယေရှုခရစ်သင်ပေးခဲ့သော သခင့်ဆုတောင်းချက်ကို သမ္မာကျမ်းစာ၏ မဿဲကျမ်းအခန်းကြီး ၆၊ အခန်းငယ် ၉ မှ ၁၃ တွင် တွေ့ရှိရသည်။ ၎င်းဆုတောင်းချက်ကိုမဖော်ပြမီ ယေရှုဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် ဆုတောင်းသောအခါ [ပြင်]ပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားဖြင့် မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။”—မဿဲ ၆:၇။
သို့ဖြစ်၍ သခင့်ဆုတောင်းချက်ကို လုံးကောက်ရွတ်ဆိုဖို့ ယေရှု မရည်ရွယ်ကြောင်း ထင်ရှား၏။ နောက်ပိုင်းတွင် အခြားပရိသတ်များအတွက် ၎င်းဆုတောင်းချက်ကို ကိုယ်တော်ပြန်ရွတ်ဆိုပြခဲ့သည်မှာ မှန်၏။ (လုကာ ၁၁:၂-၄) သို့သော် မဿဲနှင့် လုကာခရစ်ဝင်ကျမ်းမှတ်တမ်းများပါ ထိုဆုတောင်းချက်၏စကားအသုံးအနှုန်းများသည် အနည်းငယ်ကွာခြား၏။ ထို့အပြင် နောက်ပိုင်းတွင် ယေရှုနှင့် ကိုယ်တော့်တပည့်များ ဆုတောင်းကြသည့်အခါ ကိုယ်တော်၏စံပြဆုတောင်းချက်အတိုင်း တစ်သဝေမတိမ်း လိုက်မဆိုခဲ့ကြပါ။
သခင့်ဆုတောင်းချက်ကို သမ္မာကျမ်းစာတွင် အဘယ်ကြောင့် မှတ်တမ်းတင်ထားသနည်း။ ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် မည်သို့ ဘုရားသခင်လက်ခံနိုင်ဖွယ် ဖြစ်နိုင်ကြောင်း ဤဆုတောင်းနည်းအားဖြင့် ကျွန်ုပ်တို့ကို ယေရှုသိစေသည်။ ဤဆုတောင်းချက်တွင် ဘဝနှင့်ပတ်သက်သော အခြေခံကျသည့်မေးခွန်းအချို့၏ အဖြေများကိုလည်း တွေ့ရှိရသည်။ ထို့ကြောင့် သခင့်ဆုတောင်းချက်၏ အပိုင်းတစ်ပိုင်းစီကို သုံးသပ်ကြည့်ကြစို့။
ဘုရားသခင့်နာမတော်ကား အဘယ်နည်း
“ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း [“သန့်ရှင်းမြင့်မြတ်ခြင်း၊” ကဘ] ရှိပါစေသော။” (မဿဲ ၆:၉) ဤစံပြဆုတောင်းနည်း၏ အဖွင့်စကားများသည် ဘုရားသခင်အား “အကျွန်ုပ်တို့အဘ” ဟုခေါ်ဆိုခြင်းဖြင့် ကိုယ်တော့်ထံပါး ချဉ်းကပ်စေသည်။ ကလေးတစ်ဦးသည် မေတ္တာရှိ၍ နားလည်မှုပြတတ်သောမိဘထံ အလိုလိုချဉ်းကပ်သကဲ့သို့ ကျွန်ုပ်တို့၏ဆုတောင်းသံကို နားညောင်းတော်မူမည်ဟူသော ယုံကြည်စိတ်ချမှုဖြင့် ကောင်းကင်ခမည်းတော်ထံ ကျွန်ုပ်တို့ ချဉ်းကပ်နိုင်ကြပါသည်။ ‘ဆုတောင်းခြင်းကို နားထောင်တော်မူသောအရှင် ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်’ ဟု ဒါဝိဒ်မင်း သီဆိုခဲ့သည်။—ဆာလံ ၆၅:၂။
ဘုရားသခင့်နာမတော် သန့်ရှင်းမြင့်မြတ်စေဖို့ ဆုတောင်းကြရန် ယေရှု သွန်သင်ပေးခဲ့သည်။ သို့သော် ဘုရားသခင့်နာမတော်ကား အဘယ်နည်း။ ‘ဤအမှုကိုပြုသောဘုရားသခင်၊ ဤအမှုကို ဖန်ဆင်းစီရင်သောဘုရားသခင်၊ ယေဟောဝါအမည်ရှိသော ထာဝရဘုရားသခင်” ဟုသမ္မာကျမ်းစာကဆို၏။ (ယေရမိ ၃၃:၂) ယေဟောဝါ၏နာမတော်ကို သမ္မာကျမ်းစာတွင် သင်ဖတ်ဖူးသလော။
အမှန်မှာ ဘုရားသခင့်နာမတော်၊ ယေဟောဝါကို ရှေးဟောင်းကျမ်းစာ စာမူများတွင် အကြိမ်ပေါင်း ၇,၀၀၀ ကျော်တွေ့ရသည်။ သို့သော် ကျမ်းစာဘာသာပြန်သူအချို့က ၎င်းနာမတော်ကို သူတို့၏ဘာသာပြန်ကျမ်းများမှ ထုတ်ပစ်သည့်အထိ ပြုခဲ့ကြ၏။ ထို့ကြောင့် ကိုယ်တော်၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေဖို့ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အား ဆုတောင်းကြရခြင်းဖြစ်သည်။ (ယေဇကျေလ ၃၆:၂၃) ဤဆုတောင်းချက်နှင့်အညီ လုပ်ဆောင်ရန် နည်းတစ်နည်းမှာ ယေဟောဝါဟူသောနာမတော်ကို အသုံးပြုပြီး ဘုရားသခင်ထံဆုတောင်းခြင်းဖြစ်သည်။
ပထရစ်ရှာဟူသော အမျိုးသမီးတစ်ဦးသည် ကက်သလစ်ဘာသာဝင်တစ်ဦးအဖြစ် ကြီးပြင်းလာပြီး သခင့်ဆုတောင်းချက်နှင့် အတော်ပင်ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ယေဟောဝါသက်သေတစ်ဦးက ဘုရားသခင့်နာမတော်ကို သမ္မာကျမ်းစာမှ သူ့အားပြသောအခါ သူမည်သို့တုံ့ပြန်ခဲ့သနည်း။ သူက “ကျွန်မ မယုံနိုင်ခဲ့ဘူး!” ဟု အံ့အားသင့်စွာပြောသည်။ “ဒါကြောင့် ကျွန်မရဲ့ကိုယ်ပိုင် ဘာသာပြန်ကျမ်းကိုဖွင့်ကြည့်တော့ အဲဒီထဲမှာလည်း နာမတော်ပါနေတယ်။ အဲဒီနောက် သက်သေခံက မဿဲ ၆:၉၊ ၁၀ ကိုဖွင့်ဖတ်ခိုင်းပြီး ဘုရားသခင့်နာမတော်ဟာ သခင့်ဆုတောင်းချက်နဲ့ ဆက်စပ်နေတယ်လို့ ရှင်းပြတယ်။ ကျွန်မ အရမ်းကိုစိတ်လှုပ်ရှားသွားတာ၊ ဒါနဲ့ ကျမ်းစာသင်ပေးပါလို့ သူ့ကို တောင်းဆိုလိုက်တယ်။”
ဘုရားသခင့်အလိုတော် မြေကြီးပေါ်ပြည့်စုံရန်
“နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။” (မဿဲ ၆:၁၀) ယေရှု၏စံပြဆုတောင်းချက်ပါ ဤအပိုင်းသည် မည်သို့ပြည့်စုံမည်နည်း။ လူအများက ကောင်းကင်သည် အေးချမ်းငြိမ်သက်ရာဘုံဖြစ်၏ဟု ယူမှတ်ကြသည်။ သမ္မာကျမ်းစာက ကောင်းကင်သည် ယေဟောဝါ၏ ‘သန့်ရှင်းဘုန်းကြီးသော ကျက်သရေရှိစံရာတော်’ အဖြစ် ဖော်ပြသည်။ (ဟေရှာယ ၆၃:၁၅၊ သမ္မာ) ထို့ကြောင့် ဘုရားသခင့်အလိုတော်သည် “ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့” မြေကြီးပေါ်၌ပြည့်စုံစေရန် ကျွန်ုပ်တို့ဆုတောင်းကြရခြင်းဖြစ်၏! သို့သော် ယင်းသည် ဖြစ်ပျက်နိုင်လိမ့်မည်လော။
ယေဟောဝါ၏ပရောဖက်ဒံယေလက ဤသို့ကြိုပြောသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသော [မြေကြီးဆိုင်ရာ] နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၅) ဤကောင်းကင်နိုင်ငံတော် သို့မဟုတ် အစိုးရသည် ဖြောင့်မတ်သောအုပ်ချုပ်မှုအောက် ကမ္ဘာချီငြိမ်သက်ခြင်းရှိစေဖို့ မကြာမီ အရေးယူလုပ်ဆောင်ပါတော့မည်။—၂ ပေတရု ၃:၁၃။
ဘုရားသခင့်နိုင်ငံတော်လာဖို့နှင့် ကိုယ်တော်၏အလိုတော် မြေကြီးပေါ်ပြည့်စုံစေဖို့ ဆုတောင်းခြင်းသည် စိတ်ပျက်စရာအကြောင်းမရှိမည့် ယုံကြည်ခြင်းတင်ပြချက်တစ်ခုဖြစ်သည်။ ခရစ်ယာန်တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “ပလ္လင်တော်မှကြီးသောအသံကား ‘ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ သူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည်ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်းမရှိရ။ ရှေးဖြစ်ဖူးသောအရာများသည် ရွေ့သွားကြပြီ’ ဟုဆိုလေ၏။” ထို့နောက် ယောဟန်ဤသို့ထပ်ပြောသည်– “ပလ္လင်ပေါ်မှာထိုင်တော်မူသောအရှင်ကလည်း . . . ‘ရေးထားလော့။ အကြောင်းမူကား ဤစကားများသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏’ ဟုမိန့်တော်မူ၏။”—ဗျာ. ၂၁:၃-၅၊ သမ္မာ။
ကာယရေးလိုအပ်ချက်များနှင့်ပတ်သက်၍ ဆုတောင်းခြင်း
ကျွန်ုပ်တို့ဆုတောင်းသည့်အခါ အဓိကအလေးပေးသင့်သည်ကား ဘုရားသခင့်နာမတော်နှင့် အလိုတော်ဖြစ်သင့်ကြောင်း စံပြဆုတောင်းချက်တွင် ယေရှုဖော်ပြခဲ့သည်။ သို့သော် စံပြဆုတောင်းချက်၌ ကိုယ်ရေးကိုယ်တာအတွက် ယေဟောဝါထံ သင့်လျော်စွာ တောင်းလျှောက်နိုင်ကြောင်း ဆက်ဖော်ပြသည်။
ယင်းတို့ထဲမှ ဦးဆုံးမှာ “အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ” ဖြစ်၏။ (မဿဲ ၆:၁၁) ယင်းသည် စည်းစိမ်ဥစ္စာရှိဖို့ တောင်းလျှောက်နေခြင်းမဟုတ်ပါ။ ယေရှုက ‘တစ်ရက်စာကို နေ့ရက်အစဉ်အတိုင်း’ ပေးဖို့ ဆုတောင်းရန် သင်ပေးခဲ့သည်။ (လုကာ ၁၁:၃၊ သမ္မာ) သခင့်ဆုတောင်းချက်နှင့်အညီ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုချစ်မည်၊ ကိုယ်တော်အား နာခံမည်ဆိုလျှင် ကျွန်ုပ်တို့၏နေ့စဉ်လိုအပ်ရာကို ကိုယ်တော်ပေးသနားမည်ဟု ယုံကြည်စိတ်ချစွာ ဆုတောင်းနိုင်သည်။
ငွေရေးကြေးရေးပြဿနာများကို အစိုးရိမ်လွန်ခြင်းသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို လျစ်လျူရှုစေနိုင်၏၊ သို့ဖြင့် ဘုရားသခင်အပေါ် ကျွန်ုပ်တို့တာဝန်ပျက်ကွက်သွားပေမည်။ သို့သော် ဘုရားသခင်၏ဝတ်ပြုရေးကို ကျွန်ုပ်တို့ဘဝတွင် ရှေးဦးထားမည်ဆိုလျှင် စားဝတ်နေရေး အစရှိသည့် ကျွန်ုပ်တို့၏ကာယလိုအပ်ရာများကို အသနားခံရာတွင် ကိုယ်တော်နားညောင်းမည်ဟု ယုံကြည်စိတ်ချနိုင်ပါသည်။ ယေရှုက “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၆:၂၆-၃၃) ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများဖြစ်ကြ၍ ခွင့်လွှတ်ခံရဖို့လိုနေကြရာ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို ရှာဖို့ မလွယ်ကူပါ။ (ရောမ ၅:၁၂) သခင့်ဆုတောင်းချက်က ယင်းကိစ္စကိုလည်း ထည့်တောင်းဆိုစေသည်။
ခွင့်လွှတ်ခြင်းနှင့်ပတ်သက်သော ဆုတောင်းချက်များ
“သူတစ်ပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။” (မဿဲ ၆:၁၂; လုကာ ၁၁:၄) ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များကို အမှန်တကယ်ခွင့်လွှတ်ပါမည်လော။
ရှေးဣသရေလဘုရင် ဒါဝိဒ်သည် ကြီးလေးသောအပြစ်များကို ကျူးလွန်ခဲ့သော်လည်း နောင်တယူပြီး ယုံကြည်စိတ်ချစွာ ဤသို့ဆုတောင်းခဲ့သည်– ‘အိုယေဟောဝါ ကိုယ်တော်သည် ကောင်းသောသဘော၊ အပြစ်လွှတ်လိုသောသဘောနှင့်ပြည့်စုံ [“ခွင့်လွှတ်ရန်အသင့်ရှိ၊” ကဘ] ၍ ကိုယ်တော့်ထံ ဆုတောင်းသောသူအပေါင်းတို့အား ကရုဏာတော်ကြွယ်ဝပါ၏။’ (ဆာလံ ၈၆:၅) နှစ်သိမ့်မှု အမှန်ပေးသောစကားပင်! ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် နောင်တဖြင့် ဆုတောင်းသူတို့၏အပြစ်များကို ‘ခွင့်လွှတ်ရန်အသင့်ရှိ’ တော်မူ၏။ ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များကို လုံးလုံးလျားလျား ခွင့်လွှတ်နိုင်ပါသည်။
သို့သော် သတ်မှတ်ချက်တစ်ခုကို ယေရှုဖော်ပြခဲ့သည်– ကျွန်ုပ်တို့၏အပြစ်များကို ဘုရားသခင်အား ခွင့်လွှတ်စေလိုလျှင် သူတစ်ပါး၏အပြစ်များကို ကျွန်ုပ်တို့ ခွင့်လွှတ်ရမည်ဖြစ်သည်။ (မဿဲ ၆:၁၄၊ ၁၅) ဖြောင့်မတ်သူယောဘသည် အပေါင်းပါသုံးဦး၏နှိပ်စက်ခြင်းကို ခံခဲ့ရသော်လည်း ထိုသူတို့ကို ခွင့်လွှတ်ပြီး သူတို့အတွက်ပင် ဆုတောင်းပေးခဲ့သည်။ (ယောဘ ၄၂:၁၀) ကျွန်ုပ်တို့အား ပြစ်မှားသူတို့ကို ခွင့်လွှတ်မည်ဆိုလျှင် ဘုရားသခင်အလိုတော်နှင့်တွေ့ပါမည်၊ ထိုအခါ ကျွန်ုပ်တို့ကို ကိုယ်တော်သက်ညှာမှုပြပါလိမ့်မည်။
ကျွန်ုပ်တို့၏အသနားခံမှုများကို ဘုရားသခင် နားညောင်းရန်အသင့်ရှိခြင်းက ကိုယ်တော့်မျက်နှာသာတော်ရရန် လုပ်ဆောင်ဖို့ ကျွန်ုပ်တို့ကို လှုံ့ဆော်သင့်သည်။ မစုံလင်သူများဖြစ်သော်လည်း ကိုယ်တော့်မျက်နှာသာ ရနိုင်ပါသည်။ (မဿဲ ၂၆:၄၁) ဤတွင်လည်း ကျွန်ုပ်တို့ကို ယေဟောဝါကူညီပေးနိုင်ပါသည်၊ စံပြဆုတောင်းနည်းကို အရေးပါသောအသနားခံချက်တစ်ခုဖြင့် ယေရှုနိဂုံးချုပ်၍ ယင်းကိုပြခဲ့သည်။
ဖြောင့်မတ်သောလမ်းစဉ်လိုက်ရန် အကူအညီ
“အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာ [“ဆိုးယုတ်သောသူ၊” ကဘ] မှလည်း ကယ်နုတ်တော်မူပါ။” (မဿဲ ၆:၁၃) ယေဟောဝါသည် ကျွန်ုပ်တို့ကို အပြစ်သွေးဆောင်ရာသို့ လိုက်ပါသွားစေသည်မဟုတ်၊ အပြစ်ပြုမိစေသည်လည်း မဟုတ်ပါ။ ကိုယ်တော်၏နှုတ်မြွက်စကားတော်က “မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ” ဟုဆို၏။ (ယာကုပ် ၁:၁၃) ဘုရားသခင်သည် ကျွန်ုပ်တို့ကို စမ်းသပ်ခံစေသော်လည်း သွေးဆောင်သူကြီး၊ ‘ဆိုးယုတ်သောသူ’ စာတန်လက်မှ ကယ်လွှတ်နိုင်တော်မူ၏။
တမန်တော်ပေတရုက ခရစ်ယာန်ချင်းများကို ဤသို့တိုက်တွန်းခဲ့သည်– “[ကောင်းသော] သတိရှိကြလော့။ သတိနှင့်စောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော [စာတန်] သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။” (၁ ပေတရု ၅:၈) စာတန်သည် စုံလင်သောလူသား ယေရှုခရစ်ကိုပင် စုံစမ်းသွေးဆောင်ခဲ့သေးသည်! စာတန်၏ပန်းတိုင်ကား အဘယ်နည်း။ ယေဟောဝါဘုရားသခင်၏ စင်ကြယ်သောဝတ်ပြုရေးမှ ယေရှုခရစ်ကို သွေဖည်သွားစေဖို့ဖြစ်သည်။ (မဿဲ ၄:၁-၁၁) ဘုရားသခင်ကိုဝတ်ပြုဖို့ သင်ကြိုးစားအားထုတ်နေလျှင် သင့်ကိုလည်း ဝါးမျိုရန် စာတန်ပန်းတိုင်ထားပါသည်!
စာတန်၏ထိန်းချုပ်မှုအောက်ရှိ ဤလောကအားဖြင့် သူသည် ဘုရားသခင်မနှစ်သက်သောအကျင့်များကိုကျင့်ရန် ကျွန်ုပ်တို့အား သွေးဆောင်ပေမည်။ (၁ ယောဟန် ၅:၁၉) ထို့ကြောင့် ကျွန်ုပ်တို့သည် အထူးသဖြင့် အမြဲသွေးဆောင်ခံနေရလျှင် ဘုရားသခင်ထံမှ အကူအညီရရန် မှန်မှန်တောင်းဆိုဖို့ အရေးကြီးသည်။ ယေဟောဝါ၏မှုတ်သွင်းခံ နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာအတိုင်း ကိုယ်တော်အား ဝတ်ပြုကြမည်ဆိုလျှင် စာတန်ကိုတွန်းလှန်နိုင်ရန် ကူညီပေးခြင်းအားဖြင့် ကျွန်ုပ်တို့ကို ကိုယ်တော်ကယ်နုတ်တော်မူလိမ့်မည်။ သမ္မာကျမ်းစာက “ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့မခံနိုင်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ” ဟုဆို၏။—၁ ကောရိန္သု ၁၀:၁၃။
ဘုရားသခင်အားယုံကြည်ခြင်း မရှိမဖြစ်
ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီကို စိတ်ဝင်စားတော်မူကြောင်း သိရခြင်းသည် နှလုံးနွေးထွေးစရာပင်! ကျွန်ုပ်တို့ ဆုတောင်းတတ်ရန် သားတော်ယေရှုခရစ်ကိုပင် ဆုတောင်းနည်း သင်ပေးစေခဲ့သည်။ ယင်းက ယေဟောဝါဘုရားသခင်၏ စိတ်တော်နှင့်တွေ့လိုစိတ် အမှန်ရှိစေပါသည်။ မည်သို့ပြုနိုင်သနည်း။
သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကို ကြိုးစား၍ရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။” (ဟေဗြဲ ၁၁:၆၊ သမ္မာ) ထိုသို့သောယုံကြည်ခြင်းမျိုးကို မည်သို့ရနိုင်သနည်း။ “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏” ဟုသမ္မာကျမ်းစာဆို၏။ (ရောမ ၁၀:၁၇) ယေဟောဝါသက်သေများသည် စစ်မှန်သောယုံကြည်ခြင်းဖြင့် ဘုရားသခင်ကိုဝတ်ပြုလိုသူအားလုံးနှင့် ကျမ်းစာအကြောင်းပြောဆိုလိုကြသည်။
ဤသို့ သခင့်ဆုတောင်းချက်ကို ဆွေးနွေးလိုက်ကြခြင်းသည် ယင်း၏အဓိပ္ပာယ်ကို ပိုမိုသိနားလည်စေမည်ဟု မျှော်လင့်ပါသည်။ ယေဟောဝါအကြောင်းနှင့် “ကိုယ်တော်ကိုကြိုးစား၍ရှာသောသူ” တို့အား ကိုယ်တော်အကျိုးပေးသည့်အကြောင်း အသိပညာကို ထပ်ဆင့်ဆည်းပူးခြင်းအားဖြင့် ဘုရားသခင်အပေါ် ယုံကြည်ခြင်း ပိုမိုခိုင်ခံ့မြဲမြံလာမည်။ သင်သည် ကောင်းကင်ခမည်းတော်နှင့် ထာဝစဉ် တရင်းတနှီးရှိနိုင်ဖို့ ကိုယ်တော်နှင့် ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်း ပိုမိုသိရှိလာပါစေ။—ယောဟန် ၁၇:၃။
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
“ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ။ သူတစ်ပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါ။”—မဿဲ ၆:၉-၁၃။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေဟောဝါသည် မိမိအား ချစ်မြတ်နိုးသူတို့၏လိုအပ်ရာများကို ပေးသနား
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့ စာတန်ကိုတွန်းလှန်နိုင်ဖို့လည်း ဘုရားသခင်ကူညီပေး
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့အား ပြစ်မှားသူတို့ကို ယောဘကဲ့သို့ ခွင့်လွှတ်ကြမည်ဆိုလျှင် ကျွန်ုပ်တို့ကို ဘုရားသခင်သက်ညှာမှုပြပါမည်