ဘဝတစ်လျှောက်လုံး ကြာရှည်သော ပညာရေး
ဘဝအတ္ထုပ္ပတ္တိ
ဘဝတစ်လျှောက်လုံး ကြာရှည်သော ပညာရေး
ဟယ်ရယ်လ် ဂလူးရက်စ် ပြောပြသည်
ကလေးဘဝက မြင်ကွင်းလေးတစ်ခုကို အနှစ် ၇၀ ကျော်တဲ့အထိ ကျွန်တော်မှတ်မိနေတုန်းပဲ။ အမေ့ရဲ့မီးဖိုဆောင်ထဲမှာထိုင်နေရင်း ကျွန်တော်ဟာ “သီဟိုဠ်လက်ဖက်ခြောက်” တံဆိပ်ကတ်ပြားကို ကြည့်နေတယ်။ အဲဒီတံဆိပ်မှာ သီဟိုဠ်ကျွန်း (အခု သီရိလင်္ကာနိုင်ငံ) ရဲ့စိမ်းလန်းတဲ့ လက်ဖက်ခင်းတွေမှာ အမျိုးသမီးတွေ လက်ဖက်ခူးနေတဲ့ပုံပါတယ်။ ဩစတြေးလျတောင်ပိုင်းက ကျွန်တော်တို့ရဲ့ခြောက်သွေ့တဲ့နေအိမ်နဲ့ အတော်ဝေးဝေးမှာရှိတဲ့ ဒီမြင်ကွင်းဟာ ကျွန်တော့်စိတ်အာရုံကို ဖမ်းစားခဲ့တယ်။ သီဟိုဠ်ကျွန်းဟာ သာယာလှပပြီး ပျော်စရာကောင်းတဲ့နိုင်ငံဖြစ်မှာပဲ! သာယာလှပတဲ့ အဲဒီကျွန်းပေါ်မှာ ခရစ်ယာန်သာသနာပြုတစ်ဦးအဖြစ် ၄၅ နှစ်ကြာနေထိုင်ရလိမ့်မယ်ဆိုတာ အဲဒီတုန်းက ကျွန်တော်မသိခဲ့ဘူး။
အခုခေတ်နဲ့ လုံးဝမတူတဲ့လောကထဲကို ၁၉၂၂၊ ဧပြီလမှာ ကျွန်တော်မွေးဖွားလာခဲ့တယ်။ ကျွန်တော်တို့မိသားစုဟာ ဩစတြေးလျတိုက်ကြီးရဲ့ အလယ်ဗဟိုနဲ့ ကုန်းခေါင်ရေဝေးအရပ်ရဲ့ တောင်ပိုင်းနယ်စပ်က ကင်းဘာဆိုတဲ့ ချောင်ကျကျတောမြို့အနီးမှာ လယ်လုပ်ခဲ့ကြတယ်။ မိုးခေါင်မှု၊ ပိုးမွှားဒဏ်၊ အိုက်စပ်စပ်အပူရှိန်တို့နဲ့ မပြတ်တိုက်ပွဲဝင်နေရတဲ့ အန္တရာယ်လွှမ်းတဲ့ဘဝမျိုးပါ။ ကျွန်တော့်အမေဟာ သံဖြူကာတဲသာသာရှိတဲ့ တောအိမ်လေးမှာ အဖေနဲ့ ကျွန်တော်တို့ကလေးခြောက်ယောက်ကို ကြည့်ရှုပြုစုဖို့ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရတယ်။
ဩစတြေးလျရဲ့ ကုန်းခေါင်ရေဝေးအရပ်ဟာ ကျွန်တော့်အတွက်ကတော့ လွတ်လပ်တဲ့ ပျော်စရာနယ်မြေတစ်ခုပါ။ အလေ့ကျပေါက်တဲ့ချုံပင်တွေကို အားကောင်းတဲ့နွားအုပ်တွေ မြေလှန်ပစ်နေတာ ဒါမှမဟုတ် တဝူးဝူးတိုက်ခတ်တဲ့ သဲမုန်တိုင်းတွေက ကျေးလက်ဒေသကို အထပ်ထပ်ဖုံးလွှမ်းသွားတာတွေကို ငယ်ငယ်က တအံ့တသြငေးကြည့်ခဲ့တာ သတိရသေးတယ်။ ဒါကြောင့် အိမ်ကနေ သုံးမိုင်လမ်းလျှောက်သွားရပြီး ဆရာတစ်ယောက်ပဲရှိတဲ့ ကျောင်းလေးကို စမတက်ခင်ကတည်းက ဘဝပေးပညာရေးကို ကျွန်တော်စရရှိခဲ့တယ်။
ကျွန်တော့်မိဘတွေက တစ်ခါမှချာ့ခ်ျမတက်ပေမဲ့ ဘာသာတရားကိုင်းရှိုင်းသူတွေပါ၊ ချာ့ခ်ျမတက်ရတဲ့ အဓိကအကြောင်းက ကျွန်တော်တို့လယ်တောက မြို့နဲ့ အလှမ်းဝေးလို့ဖြစ်တယ်။ ဒါပေမဲ့ ၁၉၃၀ ပြည့်လွန်နှစ်များအစောပိုင်းမှာ အမေဟာ အယ်ဒလိတ်မြို့ ရေဒီယိုအသံလွှင့်ရုံက အပတ်စဉ်လွှင့်ပေးတဲ့ တရားသူကြီး ရပ်သဖော့ဒ်ရဲ့ ကျမ်းစာဟောပြောချက်တွေကို နားထောင်စပြုလာတယ်။ တရားသူကြီးရပ်သဖော့ဒ်ကို အယ်ဒလိတ်မြို့က တရားဟောဆရာတစ်ယောက်လို့ထင်ပြီး ကျွန်တော်သိပ်စိတ်မဝင်စားဘူး။ ဒါပေမဲ့ အမေဟာ ရပ်သဖော့ဒ်အသံလွှင့်တာကို အပတ်တိုင်း စိတ်ဝင်တစားစောင့်မျှော်တယ်၊ ပြီးတော့ ခေတ်ဟောင်းဓာတ်ခဲသုံး ရေဒီယိုလေးက မသဲမကွဲထွက်လာတဲ့ ရပ်သဖော့ဒ်ရဲ့အသံကို အာရုံစူးစိုက်နားထောင်တတ်တယ်။
ပူအိုက်ပြီး ဖုန်ထတဲ့မွန်းလွဲပိုင်းတစ်ခုမှာ ကျွန်တော်တို့အိမ်ရှေ့ကို ပစ်ကပ်ကားအိုတစ်စီး ထိုးရပ်လာပြီး ကောင်းကောင်းဝတ်စားထားတဲ့ အမျိုးသားနှစ်ယောက် ထွက်လာတယ်။ ယေဟောဝါသက်သေတွေပါ။ အမေဟာ သူတို့ရဲ့သတင်းတရားကို နားထောင်ခဲ့ပြီး အတော်အတန်များတဲ့စာအုပ်တွေအတွက် အလှူငွေထည့်ပြီး ချက်ချင်းဖတ်တော့တာပဲ။ အဲဒီစာအုပ်တွေက သူ့ကိုဘယ်လောက် ထိမိခဲ့သလဲဆိုရင် မကြာခင်မှာပဲ သူလေ့လာနေတဲ့အကြောင်းအရာတွေကို အိမ်နီးချင်းတွေကိုပြောပြနိုင်ဖို့ အဖေ့ကို လိုက်ပို့ခိုင်းတဲ့အထိဖြစ်လာခဲ့တယ်။
အပြုသဘောသြဇာလွှမ်းမှု၏ အကျိုးကျေးဇူး
အဲဒီလိုဖြစ်ပျက်ပြီးမကြာခင် ကုန်းခေါင်ရေဝေးအရပ်ရဲ့ ကြမ်းတမ်းဆိုးဝါးတဲ့အခြေအနေကြောင့် မိုင် ၃၀၀ အကွာမှာရှိတဲ့ အယ်ဒလိတ်မြို့ကို ကျွန်တော်တို့ ပြောင်းရွှေ့ခဲ့ရတယ်။ ကျွန်တော်တို့မိသားစုဟာ ယေဟောဝါသက်သေတွေရဲ့ အယ်ဒလိတ်အသင်းတော်နဲ့ စတင်ပူးပေါင်းပြီး ဝိညာဉ်ရေးမှာ တိုးတက်လာကြတယ်။ ပြောင်းရွှေ့တာနဲ့ ကျွန်တော့်ရဲ့ပညာရေးလည်း ပြီးဆုံးသွားခဲ့တယ်။ ခုနစ်တန်းအောင်တဲ့ ၁၃ နှစ်အရွယ်မှာ ကျောင်းပြီးသွားတယ်။ ကျွန်တော်က ခပ်အေးအေးသမားဖြစ်တော့ ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခဲ့ကြတဲ့ ရှေ့ဆောင် ဒါမှမဟုတ် အချိန်ပြည့်အမှုဆောင် ညီအစ်ကိုကောင်းတွေရဲ့ အကူအညီတွေသာမရခဲ့ရင် ဝိညာဉ်ရေးရာတွေကနေ အလွယ်တကူ လမ်းလွဲသွားခဲ့မှာဖြစ်တယ်။
အချိန်ကုန်လွန်လာတာနဲ့အမျှ စိတ်ထက်သန်တဲ့ အဲဒီညီအစ်ကိုတွေရဲ့သြဇာလွှမ်းမှုကြောင့် ကျွန်တော့်ရဲ့ မြုံနေတဲ့ဝိညာဉ်ရေးစိတ်ထားတွေ ထကြွလှုပ်ရှားလာခဲ့တယ်။ သူတို့နဲ့ပေါင်းရတာ ပျော်စရာကောင်းပြီး အလုပ်ကြိုးစားတဲ့ သူတို့ရဲ့စိတ်ဓာတ်ကို ကျွန်တော်အားကျတယ်။ ဒါကြောင့် ၁၉၄၀ ပြည့်နှစ်၊ အယ်ဒလိတ်မြို့မှာကျင်းပတဲ့ စည်းဝေးကြီးမှာ အချိန်ပြည့်လုပ်ငန်းတော်မှာပါဝင်ဖို့ အားပေးချက်ထွက်လာတဲ့အခါ မထင်မှတ်ဘဲ ကျွန်တော့်နာမည်ကို ပေးသွင်းမိလျက်သားဖြစ်သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်နှစ်ခြင်းတောင် မခံရသေးဘူး၊ သက်သေခံထွက်တဲ့အတွေ့အကြုံလည်း နည်းသေးတယ်။ ဒါပေမဲ့ ရက်အနည်းငယ်ကြာပြီးနောက် အယ်ဒလိတ်မြို့နဲ့ မိုင်ရာချီဝေးပြီး အနီးတစ်ဝိုက် ဗစ်တိုးရီးယားပြည်နယ်မှာရှိတဲ့ ဝေါနန်ဘူလ်မြို့က ရှေ့ဆောင်အုပ်စုလေးနဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။
ဒီလိုမတင်မကျနဲ့ စလုပ်ခဲ့ပေမဲ့ မကြာခင် လယ်ကွင်းဓမ္မအမှုကို ကျွန်တော်ချစ်မြတ်နိုးလာတယ်၊ ဒီချစ်မြတ်နိုးစိတ်က နှစ်တွေလွန်လာပေမဲ့ လျော့မသွားဘူးဆိုတာ ပြောပြရလို့ ဝမ်းသာမိတယ်။ တကယ်တော့ အဲဒါက ကျွန်တော့်ဘဝ အလှည့်အပြောင်းဖြစ်ခဲ့ပြီး ဝိညာဉ်ရေးမှာ စတင်တိုးတက်လာခဲ့တယ်။ ဝိညာဉ်ရေးရာတွေကို ချစ်မြတ်နိုးသူတွေနဲ့ နီးနီးကပ်ကပ်နေရတဲ့တန်ဖိုးကို ကျွန်တော်သိလာတယ်။ ကျွန်တော်တို့ရဲ့ပညာရေးအခြေအနေ ဘယ်လိုပဲရှိပါစေ သူတို့ရဲ့ကောင်းတဲ့သြဇာလွှမ်းမှုဟာ အကျိုးအပြုနိုင်ဆုံးဖြစ်တဲ့အပြင် သူတို့ဆီကရရှိတဲ့သင်ခန်းစာတွေက ဘဝတစ်လျှောက်လုံး ကျွန်တော်တို့ကို အကျိုးပြုနိုင်မှန်း သိရှိလာတယ်။
စမ်းသပ်မှုများကြောင့် ခွန်အားရ
ရှေ့ဆောင်လုပ်ငန်းမှာ ကျွန်တော်ပါဝင်ပြီး မကြာခင် ဩစတြေးလျနိုင်ငံက ယေဟောဝါသက်သေတွေရဲ့လုပ်ငန်း ပိတ်ပင်ခံခဲ့ရတယ်။ ဘာဆက်လုပ်ရမှန်းမသိတာနဲ့ ညီအစ်ကိုတွေဆီက လမ်းညွှန်ချက်တောင်းခံကြည့်တော့ လူတွေကို ကျမ်းစာအကြောင်း ပြောပြတာ ပိတ်ပင်မထားကြောင်း ထောက်ပြကြတယ်။ ဒါကြောင့် တခြားရှေ့ဆောင်တွေနဲ့အတူ တစ်အိမ်မှတစ်အိမ်သွားပြီး ရိုးရှင်းတဲ့ကျမ်းစာသတင်းတရားကို စပြောပြကြတယ်။ အဲဒါက ရှေ့တည့်တည့်မှာရှိနေတဲ့ စမ်းသပ်မှုတွေအတွက် ကျွန်တော့်ကို ခွန်အားရှိစေခဲ့တယ်။
လေးလကြာပြီးတဲ့နောက် ကျွန်တော့်အသက် ၁၈ နှစ်လည်းပြည့်ရော စစ်ထဲဝင်ဖို့ ဆင့်ခေါ်ခံရတယ်။ ဒါကြောင့် စစ်အရာရှိအတော်များများနဲ့ ရာဇဝတ်တရားသူကြီးတစ်ဦးရှေ့မှာ ကျွန်တော့်ရဲ့ယုံကြည်ခြင်းကို ကာကွယ်ပြောဆိုဖို့ အခွင့်အရေးရခဲ့တယ်။ အဲဒီအချိန်မှာ ညီအစ်ကိုအယောက် ၂၀ လောက်ဟာ ကြားနေမှုကြောင့် အယ်ဒလိတ်အကျဉ်းထောင်ထဲ ရောက်နေနှင့်ပြီ၊ မကြာခင် ကျွန်တော်လည်း သူတို့အဝင်ဖြစ်သွားတယ်။ ကျောက်ကျင်းတူးပြီး လမ်းတွေပြုပြင်ရတဲ့ အလုပ်ကြမ်းကို ကျွန်တော်တို့လုပ်ခဲ့ရတယ်။ ဒါကြောင့် ခံနိုင်ရည်နဲ့ ဇွဲစတဲ့ အရည်အသွေးတွေကို ကျွန်တော်တဖြည်းဖြည်းရလာတယ်။ နောက်ဆုံး ကျွန်တော်တို့ရဲ့ အမူအကျင့်ကောင်းနဲ့ အခိုင်အမာရပ်တည်မှုကြောင့် ထောင်စောင့်အတော်များများရဲ့ လေးစားမှုရခဲ့ကြတယ်။
လအနည်းငယ်ကြာပြီးနောက် ကျွန်တော် ထောင်ကလွတ်တဲ့အခါ အစာကောင်းကောင်းပြန်စားရပြီး ရှေ့ဆောင်ပြန်လုပ်ခဲ့တယ်။ ဒါပေမဲ့ ရှေ့ဆောင်လုပ်ဖော် ရှားပါးတာကြောင့် ဩစတြေးလျတောင်ပိုင်းက ဝေးခေါင်တဲ့ လယ်ယာစိုက်ပျိုးရေးဒေသမှာ တစ်ယောက်တည်း အမှုဆောင်နိုင်မနိုင် မေးကြတယ်။ ကျွန်တော်သဘောတူလိုက်တယ်၊ ပြီးတော့ သက်သေခံထွက်တဲ့ပစ္စည်းတွေနဲ့ စက်ဘီးတစ်စီးပဲယူပြီး ယော့ခ်ကျွန်းဆွယ်ကို သင်္ဘောစီးပြီးသွားခဲ့တယ်။ ဟိုကိုရောက်တော့ ကျွန်တော့်ကို သားတစ်ယောက်လိုသဘောထားပြီး ကြင်နာတတ်တဲ့အမျိုးသမီးတစ်ယောက်ရှိတဲ့ တည်းခိုခန်းလေးတစ်ခုကို စိတ်ဝင်စားမှုရှိတဲ့မိသားစုတစ်စုက လမ်းညွှန်ပေးခဲ့တယ်။ နေ့အချိန်ဆိုရင် ကျွန်းဆွယ်တစ်လျှောက် ကျဲပြန့်နေတဲ့မြို့လေးတွေမှာ ဟောပြောဖို့ ဖုန်ထူတဲ့လမ်းတွေပေါ် စက်ဘီးနင်းသွားရတယ်။ ဝေးခေါင်တဲ့ဒေသတွေရောက်ဖို့ တစ်ခါတလေ ဟိုတယ်လေးတွေ ဒါမှမဟုတ် တည်းခိုခန်းတွေမှာ ကျွန်တော်ညအိပ်ခဲ့တယ်။ ဒီနည်းအားဖြင့် မိုင်ပေါင်းများစွာ စက်ဘီးနင်းခဲ့ရပြီး တွေ့ကြုံမှုကောင်းတွေ အများကြီးရခဲ့တယ်။ တစ်ယောက်ထဲ အမှုဆောင်ထွက်နေရတာက ကျွန်တော့်အတွက် သိပ်အကြောင်းမဟုတ်ပါဘူး၊ ယေဟောဝါရဲ့စောင့်ရှောက်မှုခံစားရတဲ့အတွက် ကိုယ်တော်နဲ့ ကျွန်တော်ပိုရင်းနှီးလာတယ်။
အရည်အချင်းမပြည့်မီဟူသောခံစားချက်ကို ရင်ဆိုင်ဖြေရှင်းခြင်း
၁၉၄၆ ခုနှစ်မှာ (အခု တိုက်နယ်ကြီးကြပ်မှူးလို့ခေါ်တဲ့) ညီအစ်ကိုများ၏အမှုထမ်းတစ်ဦးအဖြစ် နယ်လှည့်လုပ်ငန်းမှာပါဝင်ဖို့ ဖိတ်ခေါ်တဲ့စာတစ်စောင်ကို ကျွန်တော်ရရှိခဲ့တယ်။ ပေးထားတဲ့တိုက်နယ်အတွင်းမှာရှိတဲ့ အသင်းတော်တွေကို လည်ပတ်ရမှာဖြစ်တယ်။ ဒီတာဝန်ကိုလက်ခံဖို့ တော်တော်လေး အခက်တွေ့ခဲ့တာ ကျွန်တော်ဝန်ခံရမယ်။ တစ်ရက်ကျတော့ ညီအစ်ကိုတစ်ယောက်က “ဟယ်ရယ်လ်ဟာ စင်ပေါ်မှာ အဟောအပြောသိပ်မကောင်းပေမဲ့ ဟောပြောခြင်းလုပ်ငန်းမှာ တော်တယ်” လို့ပြောတာ ကျွန်တော်အမှတ်တမဲ့ ကြားလိုက်မိတယ်။ ဒီမှတ်ချက်က ကျွန်တော့်ကို တော်တော်အားရှိစေခဲ့တယ်။ စကားပြောခြင်းနဲ့ စီစဉ်ဖွဲ့စည်းမှုအတတ်ပညာမှာ ကျွန်တော်အားနည်းတာ ကောင်းကောင်းသိပါတယ်၊ ဒါပေမဲ့ ခရစ်ယာန်တွေရဲ့အဓိကအလုပ်က ဟောပြောခြင်းလုပ်ငန်းပဲလို့ ကျွန်တော်ယူဆတယ်။
၁၉၄၇ ခုနှစ်မှာ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနချုပ်က ညီအစ်ကိုနေသန် နောရ်နဲ့ မီလ်တန် ဟဲန်ရှယ်လ်တို့ရဲ့လည်ပတ်မှုက တော်တော်စိတ်လှုပ်ရှားစရာကောင်းတယ်။ ၁၉၃၈ ခုနှစ်က ညီအစ်ကိုရပ်သဖော့ဒ် လာရောက်ခဲ့ပြီးကတည်းက ဒါဟာ ပထမဦးဆုံးအကြိမ်လည်ပတ်မှုပဲ။ ဒီလည်ပတ်မှုနဲ့အတူ ဆစ်ဒနီမြို့မှာ စည်းဝေးကြီးတစ်ခု ကျင်းပခဲ့တယ်။ တခြားရှေ့ဆောင်လူငယ်အများလိုပဲ ကျွန်တော်လည်း ယူ.အက်စ်.အေ. နယူးယောက်၊ တောင်လန်စင်းမှာ ဖွင့်လှစ်ခါစဖြစ်တဲ့ ကင်းမျှော်စင်သမ္မာကျမ်းစာ ဂိလဒ်သင်တန်းကျောင်းက ခရစ်ယာန်သာသနာပြုသင်တန်းကို စိတ်ဝင်စားခဲ့တယ်။ တက်ရောက်ကြသူ ကျွန်တော်တို့တစ်တွေဟာ အဲဒီကျောင်းကိုစာရင်းသွင်းဖို့ ပညာအရည်အချင်း တော်တော်ရှိဖို့လိုမလို သိချင်ကြတယ်။ ဒါပေမဲ့ ကင်းမျှော်စင်မဂ္ဂဇင်းဆောင်းပါးတစ်ခုကို ဖတ်ရှုပြီး အဓိကအချက်တွေကို ကျွန်တော်တို့ မှတ်မိနိုင်မယ်ဆိုရင် ဂိလဒ်ကျောင်း အောင်နိုင်မှာပါလို့ ညီအစ်ကိုနောရ်က ရှင်းပြတယ်။
ပညာအရည်အချင်းနည်းသူဖြစ်လို့ ကျွန်တော်တက်နိုင်မှာမဟုတ်ဘူးလို့ ယူဆခဲ့တယ်။ လအနည်းငယ်ကြာပြီးနောက် ဂိလဒ်သင်တန်းတက်ဖို့ လျှောက်လွှာတင်ပါဆိုလို့ ကျွန်တော်အံ့သြသွားတယ်။ အဲဒီနောက် ကျောင်းသားတစ်ယောက်အဖြစ် လက်ခံကြပြီး ၁၉၅၀ ပြည့်နှစ်မှာကျင်းပတဲ့ ၁၆ ကြိမ်မြောက်သင်တန်းကို ကျွန်တော်တက်ခဲ့ရတယ်။ ဒီကျောင်းတက်ရခြင်းဟာ ကျွန်တော့်ရဲ့ယုံကြည်စိတ်ချမှုကို အကြီးအကျယ်တိုးများစေတဲ့ တွေ့ကြုံမှုကောင်းတစ်ခုပါပဲ။ အဲဒါက ပညာထူးချွန်အောင်မြင်ခြင်းဟာ အောင်မြင်မှုအတွက် အဓိကအချက်မဟုတ်ဘူးဆိုတာ ကျွန်တော့်ကိုသိစေခဲ့တယ်။ အဲဒီအစား အဓိကလိုအပ်တာက လုံ့လရှိခြင်းနဲ့ နာခံခြင်းပဲဖြစ်တယ်။ အတတ်နိုင်ဆုံးကြိုးစားကြဖို့ ပို့ချသူတွေက အားပေးခဲ့ကြတယ်။ သူတို့ရဲ့အကြံပြုချက်ကိုလိုက်နာတဲ့အတွက် တဖြည်းဖြည်း ကျွန်တော်တိုးတက်လာပြီး သင်ကြားပို့ချမှုကို အတော်လေးလိုက်နိုင်ခဲ့ပါတယ်။
ခြောက်သွေ့သောတိုက်မှ ရတနာကျွန်းသို့
ကျောင်းဆင်းပွဲပြီးတဲ့နောက် ဩစတြေးလျက တခြားညီအစ်ကိုနှစ်ယောက်နဲ့ ကျွန်တော်ဟာ သီဟိုဠ်ကျွန်း (အခု သီရိလင်္ကာနိုင်ငံ) ကိုသွားဖို့ တာဝန်ကျတယ်။ ၁၉၅၁၊ စက်တင်ဘာလမှာ မြို့တော်ကိုလန်ဘိုကို ကျွန်တော်တို့ရောက်တယ်။ ပူအိုက်စွတ်စိုမှုနဲ့အတူ မြင်ကွင်းအသစ်တွေ၊ မရင်းနှီးတဲ့အသံတွေနဲ့ ရနံ့တွေက ကျွန်တော်တို့အာရုံထဲ ရုတ်တရက်ဝင်ရောက်လာတယ်။ သင်္ဘောပေါ်ကဆင်းတာနဲ့ ဟိုကိုရောက်နှင့်နေတဲ့ ခရစ်ယာန်သာသနာပြုတစ်ယောက်က လာမယ့်တနင်္ဂနွေနေ့မှာ မြို့တော်ရင်ပြင်မှာဟောပြောမယ့် လူထုဟောပြောချက်ကိုကြေညာတဲ့ လက်ကမ်းဝေစာတစ်ခုနဲ့ ကျွန်တော့်ကိုကြိုဆိုခဲ့တယ်။ ဝေစာပေါ်က ဟောပြောသူနေရာမှာ ကျွန်တော့်နာမည်ဖြစ်နေလို့ အံ့အားသင့်ခဲ့ရတယ်! ကျွန်တော့်ရဲ့စိုးရိမ်ပူပန်မှုကို ခင်ဗျားတို့ မြင်ယောင်ကြည့်နိုင်တယ်။ ဒါပေမဲ့ ဩစတြေးလျမှာ ရှေ့ဆောင်လုပ်ခဲ့တဲ့နှစ်တွေက ဘယ်တာဝန်ကိုမဆို လက်ခံယူဖို့ သင်ပေးခဲ့တယ်။ ဒါကြောင့် ယေဟောဝါရဲ့ထောက်မမှုနဲ့ အောင်မြင်စွာ လူထုဟောပြောချက်ပေးခဲ့တယ်။ အဲဒီအချိန်က ကိုလန်ဘိုမြို့က ခရစ်ယာန်သာသနာပြုနေအိမ်မှာ ရောက်နှင့်နေတဲ့ တစ်ကိုယ်ရေညီအစ်ကိုလေးယောက်နဲ့အတူ ကျွန်တော်တို့သုံးယောက်ဟာ လယ်ကွင်းဓမ္မအမှုမှာပါဝင်ဖို့ ခက်ခဲတဲ့စင်ဟာလီဘာသာစကားကို အပြန်အလှန်စပြောကြတော့တယ်။ အများအားဖြင့် ကျွန်တော်တို့တစ်ယောက်စီ ခွဲအမှုဆောင်ကြတယ်၊ ဒေသခံလူတွေက လေးလေးစားစား၊ ဧည့်ဝတ်ပျူငှာကြလို့ ဝမ်းသာခဲ့ကြတယ်။ သိပ်မကြာခင် အစည်းအဝေးတက်ရောက်သူ အရေအတွက်လည်း စပြီးတိုးတက်လာတယ်။
အချိန်ကုန်လွန်လာတာနဲ့အမျှ စစ်ဘဲလ်လို့ခေါ်တဲ့ ဆွဲဆောင်မှုရှိတဲ့ ရှေ့ဆောင်ညီအစ်မတစ်ယောက်အကြောင်းကို ကျွန်တော်အလေးအနက်ထား စဉ်းစားမိတယ်၊ ဂိလဒ်ကျောင်းကို သင်္ဘောနဲ့အသွားမှာ ကျွန်တော်ဆုံတွေ့ခဲ့သူပါ။ သူက နယူးယောက် အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကို သွားတက်တာလေ။ နောက်ပိုင်း ၂၁ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းကို သူတက်ရောက်ခဲ့ပြီး ၁၉၅၃ မှာ ဟောင်ကောင်သွားဖို့ တာဝန်ရခဲ့တယ်။ သူနဲ့စာရေးဆက်သွယ်ခဲ့တာ သီဟိုဠ်ကျွန်းမှာ ကျွန်တော်နဲ့ပူးပေါင်းဖို့ စစ်ဘဲလ်ရောက်လာချိန် ၁၉၅၅ ခုနှစ်အထိပဲ၊ အဲဒီကျွန်းမှာ ကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်။
သီရိလင်္ကာနိုင်ငံ မြောက်ဘက်ယွန်းယွန်းက ဂျာဖနာဆိုတဲ့မြို့မှာ ခရစ်ယာန်သာသနာပြုမောင်နှံအဖြစ် ဦးဆုံးတာဝန်ကျတယ်။ ၁၉၅၀ ပြည့်လွန်နှစ်များအလယ်ပိုင်းမှာ နိုင်ငံရေးပဋိပက္ခတွေကြောင့် စင်ဟာလီနဲ့ တမီလ်လူမျိုးစုတွေ နှစ်ခြမ်းကွဲသွားပြီး နောက်ပိုင်းဆယ်စုနှစ်တစ်လျှောက် လက်နက်ကိုင်တိုက်ခိုက်ဖို့အကြောင်းပေါ်လာခဲ့တယ်။ ဒီလိုခက်ခဲတဲ့နှစ်တွေတစ်လျှောက် စင်ဟာလီနဲ့ တမီလ်သက်သေခံတွေဟာ လနဲ့ချီပြီး အချင်းချင်းကာကွယ်ပေးကြတာကို မြင်ရခြင်းဟာ တကယ်အားရှိစရာပဲ! အဲဒီစမ်းသပ်မှုတွေက ညီအစ်ကိုတွေရဲ့ယုံကြည်ခြင်းကို သန့်စင်စေပြီး ခိုင်ခံ့စေခဲ့တယ်။
သီရိလင်္ကာနိုင်ငံတွင် ဟောပြောသွန်သင်ခြင်း
. . . အသိုင်းအဝိုင်းမှာ နေသားကျဖို့အတွက် စိတ်ရှည်ပြီး ဇွဲကောင်းဖို့လိုတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ယဉ်ကျေးမှုတွေ၊ ချစ်စရာကောင်းတဲ့အရည်အသွေးတွေကို ကျွန်တော်တို့ နားလည်လေးစားလာမိတယ်။ နိုင်ငံခြားသားတွေကို ဘတ်စကားတွေပေါ် မြင်တွေ့ရခဲတာကြောင့် အဲဒီကားတွေစီးရင် ကျွန်တော်တို့ကို အထူးအဆန်းလိုကြည့်တတ်ကြတယ်။ စစ်ဘဲလ်က ဒီလိုအကြည့်ခံရရင် အားရပါးရပြုံးပြလိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီစပ်စပ်စုစုမျက်နှာတွေက လှလှပပ ပြန်ပြုံးပြတာတွေ့ရတော့ ပျော်စရာကောင်းလိုက်တာ။
တစ်ခါကျတော့ လမ်းဆုံတစ်ခုမှာ ကျွန်တော်တို့ရပ်နေကြတယ်။ တာဝန်ကျတဲ့အစောင့်က ကျွန်တော်တို့ကို ဘယ်ကလဲ၊ ဘယ်သွားမလဲ မေးပြီးတဲ့နောက် ကိုယ်ရေးကိုယ်တာနဲ့ဆိုင်တဲ့ မေးခွန်းတွေ မေးလာတယ်။
“ဒီအမျိုးသမီးက ဘယ်သူလဲ။”
“ကျွန်တော့်ဇနီးပါ” လို့ကျွန်တော်ဖြေတယ်။
“အိမ်ထောင်ကျတာ ဘယ်လောက်ကြာပြီလဲ။”
“ရှစ်နှစ်ပါ။”
“သားသမီးရှိသလား။”
“မရှိပါဘူး။”
“အလိုလေး! ဆရာဝန်နဲ့တွေ့ပြီးပြီလား။”
ဒီလိုစပ်စုပြောဆိုပုံဟာ အစပိုင်းမှာ ကျွန်တော်တို့ကို အံ့အားသင့်စေခဲ့ပေမဲ့ အချိန်ကြာလာတော့ ဒါဟာ ဒေသခံလူတွေ သူတစ်ပါးကို စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားမှုတင်ပြနည်းတစ်ခုပဲလို့ သဘောထားလိုက်တယ်။ တကယ်တော့ အဲဒါက သူတို့ရဲ့ချစ်စရာအကောင်းဆုံး စရိုက်တွေထဲက တစ်ခုပါ။ လူတောထဲမှာ ခဏလေး ရပ်ရုံရပ်နေကြည့်လိုက်ပါ၊ မကြာခင် သင့်ထံကို လူတစ်ဦးချဉ်းကပ်လာပြီး ဘာများအကူအညီပေးရမလဲဆိုပြီး ဖော်ရွေစွာမေးပါလိမ့်မယ်။
အပြောင်းအလဲများနှင့်ပြန်ပြောင်းသတိရစရာများ
နှစ်တွေတစ်လျှောက် သီရိလင်္ကာနိုင်ငံမှာ ခရစ်ယာန်သာသနာပြုလုပ်ငန်းအပြင် တခြားတာဝန်တွေမှာလည်း ကျွန်တော်တို့ပျော်မွေ့ခဲ့ကြတယ်။ တိုက်နယ်နဲ့ ခရိုင်လုပ်ငန်းမှာ ပြီးတော့ ဌာနခွဲကော်မတီဝင်တစ်ဦးအဖြစ် ကျွန်တော်တာဝန်တွေရခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာ ကျွန်တော့်အသက် ၇၅ ကျော်စပြုပြီ။ ပြန်ပြောင်းသုံးသပ်ရင် သီရိလင်္ကာနိုင်ငံမှာ ၄၅ နှစ်ကျော် ခရစ်ယာန်သာသနာပြုလုပ်ခဲ့ရတဲ့ ပျော်ရွှင်မှု ကျွန်တော့်မှာရှိတယ်။ ကိုလန်ဘိုမြို့မှာ ကျွန်တော်ပထမအကြိမ် အစည်းအဝေးတက်တုန်းက လူ ၂၀ လောက်ပဲရှိတာ။ အခုဆိုရင် ၃,၅၀၀ ကျော်အထိ တိုးတက်သွားခဲ့ပြီ! စစ်ဘဲလ်နဲ့ ကျွန်တော်ဟာ အဲဒီချစ်စရာကောင်းသူ အတော်များများကို ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးရာသားသမီး၊ မြေးမြစ်တွေအဖြစ်ရှုမြင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်ဝန်းမှာ လုပ်စရာလုပ်ငန်းတွေ အများကြီးရှိနေဆဲပဲ—ကျွန်တော်တို့ထက် ငယ်ရွယ်နုပျိုသူတွေရဲ့ ခွန်အားနဲ့ စွမ်းရည်တွေလိုအပ်တဲ့လုပ်ငန်းမျိုးပါ။ ဒါကိုစိတ်ထဲထားပြီး ဩစတြေးလျနိုင်ငံကိုပြန်ဖို့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ဖိတ်ခေါ်ချက်ကို ကျွန်တော်တို့လက်ခံခဲ့တယ်။ ဒီလိုထွက်ခွာခြင်းက အရည်အချင်းရှိတဲ့ လူငယ်မောင်နှံစုံတွေ သီရိလင်္ကာနိုင်ငံကိုသွားပြီး ခရစ်ယာန်သာသနာပြုများအဖြစ် ကျွန်တော်တို့ရဲ့နေရာကိုယူဖို့ဖြစ်စေခဲ့တယ်။
အခု ကျွန်တော့်အသက် ၈၃ နှစ်ထဲဝင်လာပြီ၊ ကျွန်တော်ကျင်လည်ခဲ့ရာဒေသ အယ်ဒလိတ်မြို့မှာ အထူးရှေ့ဆောင် ဆက်လုပ်နိုင်တဲ့အထိ ကျန်းမာရေးကောင်းနေသေးတဲ့အတွက် စစ်ဘဲလ်ကော ကျွန်တော်ပါ ဝမ်းသာမိတယ်။ ကျွန်တော်တို့ရဲ့ဓမ္မအမှုက စိတ်ပိုင်းအရ နိုးနိုးကြားကြားရှိစေပြီး အလိုက်အထိုက်နေတတ်စေတယ်။ လုံးဝခြားနားတဲ့ ဒီနိုင်ငံရဲ့ဘဝပုံစံမှာ ပြန်လည်နေသားကျစေဖို့လည်း ထောက်ကူပေးပါတယ်။
ကျွန်တော်တို့ရဲ့ ကာယရေးလိုအပ်ချက်အားလုံးကို ယေဟောဝါ ကြည့်ရှုစောင့်ရှောက်ပေးဆဲပါ၊ အသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေကလည်း ကျွန်တော်တို့ကို တော်တော်ချစ်ကြ၊ အကူအညီပေးကြပါတယ်။ မကြာသေးခင်က တာဝန်အသစ်တစ်ခုကို ကျွန်တော်ရရှိခဲ့တယ်။ အသင်းတော်အတွင်းရေးမှူးအဖြစ် ကျွန်တော်အမှုထမ်းရမယ်။ ဒါကြောင့် ယေဟောဝါကို တည်ကြည်စွာအမှုထမ်းဖို့ ကြိုးစားနေစဉ်မှာ ဆက်လက်လေ့ကျင့်သင်ကြားခံနေရကြောင်း ကျွန်တော်တွေ့ရှိရတယ်။ ကုန်လွန်ခဲ့တဲ့နှစ်တွေကို ပြန်ပြောင်းသုံးသပ်ကြည့်တဲ့အခါ တောခေါင်ခေါင်အရပ်က ဘာမဟုတ်တဲ့ လူရိုး၊ လူအေးလူငယ်တစ်ယောက်ဟာ ဘဝတစ်လျှောက်လုံး ကြာရှည်စွာသင်ယူရတဲ့ ဒီလိုထူးကဲတဲ့ ပညာရေးမျိုးရရှိနိုင်ခဲ့တာကို ကျွန်တော်အံ့သြလို့မဆုံးပါဘူး။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၅၅ ခုနှစ်၊ ကျွန်တော်တို့လက်ထပ်သည့်နေ့တွင်
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
၁၉၅၇၊ လယ်ကွင်းလုပ်ငန်းတွင်ဒေသခံညီအစ်ကို ရာဂျန်း ကဒါကမာနှင့်အတူ
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ယနေ့ စစ်ဘဲလ်နှင့်အတူ