ယနေ့ မည်သူတို့ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားနေစေကြသနည်း
ယနေ့ မည်သူတို့ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားနေစေကြသနည်း
‘ကျွန်တော်မျိုးတို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်ကို ခံထိုက်တော်မူ၏။’—ဗျာ. ၄:၁၁၊ ကဘ။
၁၊ ၂။ (က) အဘယ်ပုံနမူနာများက ဇီဝတုပမှုဗေဒဟုခေါ်သည့် ပညာရပ်နယ်ပယ်အကြောင်း ဖော်ပြသနည်း။ (ခ) အဘယ်မေးခွန်းပေါ်ပေါက်လာပြီး အဖြေကား အဘယ်နည်း။
ဆွစ်လူမျိုး အင်ဂျင်နီယာ ဂျော့ဂျ် ဒဲ့ မက်စ်ထရယ်လ်သည် ၁၉၄၀ ပြည့်လွန်နှစ်များ၏ နေ့တစ်နေ့တွင် သူ၏ခွေးကိုခေါ်၍ လမ်းလျှောက်ထွက်ခဲ့သည်။ အိမ်သို့ပြန်ရောက်သောအခါ သူ၏အဝတ်အစားများနှင့် ခွေး၏အမွေးများတွင် ကပ်စေးနှဲသီးများ ကပ်ပါလာသည်ကို သတိပြုမိ၏။ သိလိုစိတ်ပြင်းပြစွာဖြင့် ကပ်စေးနှဲသီးများကို အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးကြည့်လိုက်ရာ ကွင်းရှိသည့်အရာမှန်သမျှအား ချိတ်တွယ်သည့် အလွန်သေးငယ်သော ချိတ်ကလေးများကြောင့် စိတ်ဝင်စားသွားခဲ့သည်။ နောက်ဆုံးတွင် သူသည် ဗယ်လ်ခရိုခေါ် နိုင်လွန်ကပ်ခွာကို တီထွင်လိုက်လေသည်။ ဒဲ့ မက်စ်ထရယ်လ် တစ်ဦးတည်းသာ သဘာဝကို တုပဖန်တီးခဲ့သည်မဟုတ်ချေ။ အမေရိကန်ပြည်ထောင်စုမှ ရွိုက်ညီနောင်တို့သည် ပျံဝဲနေကြသည့် ငှက်ကြီးများကို လေ့လာပြီးနောက် လေယာဉ်တစ်စင်းကို ပုံစံပြုထုတ်လုပ်ခဲ့ကြသည်။ ပြင်သစ်လူမျိုး အင်ဂျင်နီယာ အလက်ဇန္ဒား-ဂူစတာဗ် အီဖယ်လ်သည်လည်း ကိုယ်ခန္ဓာအလေးချိန်ကို ထောက်မထားနိုင်သည့် လူ့ပေါင်တံရိုး၏ အခြေခံသဘောတရားများကို အသုံးပြု၍ သူ၏အမည်ပေးထားသော မျှော်စင်ကို ပါရီမြို့တွင် ပုံစံပြုဆောက်လုပ်ခဲ့၏။
၂ ယင်းတို့သည် ဇီဝတုပမှုဗေဒ (biomimetics) ဟုခေါ်သည့် သဘာဝလောကကြီးရှိ ဒီဇိုင်းပုံစံများကို အတုယူပြုလုပ်ရန် ကြိုးပမ်းကြသည့် သိပ္ပံပညာရပ်၏ ပုံနမူနာကောင်းများဖြစ်ကြသည်။ * သို့သော် မေးစရာတစ်ခုပေါ်လာပါသည်– လူ့တီထွင်မှုများစွာ အခြေပြုထားသည့် အလွန်သေးငယ်သော ကပ်စေးနှဲသီးများ၊ ငှက်ကြီးများ၊ လူ့ပေါင်တံရိုးနှင့် အံ့ဖွယ်ကောင်းသော အခြားမူရင်းမှန်သမျှကို ပုံစံပြုရှင်အား တီထွင်ပြုလုပ်သူများသည် ဘယ်နှစ်ကြိမ် ဂုဏ်တင်ခဲ့ကြပြီနည်း။ ဝမ်းနည်းစရာအဖြစ်မှန်မှာ ယနေ့လောကတွင် ဘုရားသခင်သည် မိမိရထိုက်သည့် ဂုဏ်တော် သို့မဟုတ် ဘုန်းတော်ကို မခံစားရခြင်းဖြစ်သည်။
၃၊ ၄။ “ဘုန်းတော်” ဟုအနက်ဖွင့်ထားသည့် ဟေဗြဲစကားလုံး၏အဓိပ္ပာယ်ကား အဘယ်နည်း၊ ယေဟောဝါနှင့်ပတ်သက်၍ အသုံးပြုသောအခါ အဘယ်အရာကို ရည်ညွှန်းသင့်သနည်း။
၃ တချို့က ‘ဘုရားသခင်ရဲ့ဘုန်းတော်ကို ဘာကြောင့်ထင်ရှားစေဖို့ လိုတာလဲ။ ဘုရားသခင်ဟာ ဘုန်းအသရေရှိနှင့်ပြီးသားမဟုတ်လား’ ဟု တွေးတောကြပေမည်။ ယေဟောဝါသည် စကြဝဠာတွင် ဘုန်းအသရေအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်မှန်သော်လည်း လူအားလုံးက ကိုယ်တော်၌ ဘုန်းအသရေရှိသည်ဟု မယူမှတ်ပေ။ သမ္မာကျမ်းစာ၌ “ဘုန်းတော်” ဟူ၍အနက်ဖွင့်ထားသော ဟေဗြဲစကားလုံးတွင် “လေးလံခြင်း” သဘောပါရှိသည်။ လူတစ်ဦးအား အထင်ကြီးစရာ သို့မဟုတ် အရေးပါပုံပေါက်စေသည့် မည်သည့်အရာကိုမဆို ရည်ညွှန်း၏။ ဘုရားသခင်နှင့်ပတ်သက်၍ အသုံးပြုသောအခါ လူသားတို့ ဘုရားသခင်အား ဂုဏ်တင်စေသည့်အရာကို ရည်ညွှန်းပေသည်။
၄ ယနေ့ ဘုရားသခင်အား ဂုဏ်တင်စေသည့်အရာကို သတိပြုမိသူ နည်း၏။ (ဆာလံ ၁၀:၄; ၁၄:၁) အမှန်ဆိုရလျှင်၊ လူ့အဖွဲ့အစည်းတွင် ထင်ရှားကျော်ကြားသူတို့သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ဘုန်းအသရေရှိသော စကြဝဠာဖန်ဆင်းရှင်အား မလေးမစားပြုမူကြရန် လူတို့ကို ဩဇာလွှမ်းမိုးလေ့ရှိသည်။ အဘယ်နည်းလမ်းများဖြင့် ထိုသို့လုပ်ဆောင်ခဲ့ကြပြီနည်း။
‘သူတို့သည် ဆင်ခြေမပေးနိုင်ကြ’
၅။ သိပ္ပံပညာရှင်အများသည် ဖန်ဆင်းခြင်းအံ့ဖွယ်ရာများကို မည်သို့ရှာကြံ အကြောင်းပြကြသနည်း။
၅ သိပ္ပံပညာရှင်များစွာက ဘုရားသခင်မရှိဟု အခိုင်အမာပြောဆိုကြသည်။ သို့ဆိုလျှင် လူသားများအပါအဝင် ဖန်ဆင်းခြင်း၏အံ့ဖွယ်ရာများကို သူတို့မည်သို့ရှင်းပြကြသနည်း။ ယင်းအံ့ဖွယ်ရာများသည် အမှတ်တမဲ့ဖြစ်ပျက်ခြင်းအပေါ် အခြေပြုသည့် မျက်မြင်မရစွမ်းအား၊ ဆင့်ကဲဖြစ်စဉ်ကြောင့်ဖြစ်သည်ဟု သူတို့ယူဆကြ၏။ ဥပမာ၊ ဆင့်ကဲဝါဒီ စတီဖန် ဂျေး ဂိုလ်ဒ်က ဤသို့ရေးသားခဲ့သည်– “ထူးဆန်းသောငါးအုပ်စုတစ်မျိုး၏ ကိုယ်ခန္ဓာတွင် ဆူးတောင် အင်္ဂါအစိတ်အပိုင်းတစ်ခု ပါရှိရာ ယင်းသည် ခြေထောက်များရှိသည့် ကုန်းသတ္တဝါများအသွင် ပြောင်းလဲနိုင်ခဲ့သောကြောင့် ကျွန်ုပ်တို့ ဤတွင် ရောက်ရှိနေကြခြင်းဖြစ်သည်။ . . . ‘ပိုအဆင့်မြင့်’ သောအဖြေကို ကျွန်ုပ်တို့ မျှော်လင့်တောင့်တကြပေမည်—သို့သော် အဖြေမရှိပါ။” အလားတူ၊ ရစ်ချက် အီး. လီကီနှင့် ရော်ဂျာလဝင်တို့ကလည်း ဤသို့ရေးသားခဲ့၏– “လူ့မျိုးစိတ်သည် ဇီဝဗေဒဆိုင်ရာ မမှားသင့်သော မဟာအမှားကြီးတစ်ခုသာ ဖြစ်ပေမည်။” သဘာဝအလှနှင့် ဒီဇိုင်းပုံစံတို့ကို အံ့သြချီးမွမ်းကြသူ သိပ္ပံပညာရှင်အချို့ပင်လျှင် ဘုရားသခင်အား ဂုဏ်မတင်ကြချေ။
၆။ ဘယ်အရာက ဖန်ဆင်းရှင်ဟူ၍ ဘုရားသခင်ရထိုက်သည့်အတိုင်း ဂုဏ်မတင်ကြရန် လူများစွာတို့ကို နားယောင်စေခဲ့ပြီနည်း။
၆ ပညာတတ်များက ဆင့်ကဲဖြစ်စဉ်သည် အဖြစ်မှန်ဟု အခိုင်အမာဆိုကြသည့်အခါ အသိဉာဏ်ခေါင်းပါးသူတို့သာ ယင်းကို လက်မခံနိုင်ကြဟု ဆိုရာရောက်သွားသည်။ ထိုအဆိုကို လူအများ မည်သို့တုံ့ပြန်ကြသနည်း။ လွန်ခဲ့သောနှစ်အနည်းငယ်က ဆင့်ကဲဖြစ်စဉ်အကြောင်း နောကျေအောင် နားလည်သူတစ်ဦးသည် အဆိုပါသီအိုရီကို လက်ခံထားသူတို့အား တွေ့ဆုံမေးမြန်းခဲ့၏။ “ဆင့်ကဲဖြစ်စဉ်ကို လက်ခံသူအများစုက ဉာဏ်ထက်သူတိုင်း ယင်းကို ယုံသည်ဟု ကြားရကြသောကြောင့် လက်ခံထားကြခြင်းဖြစ်သည်ကို ကျွန်ုပ်တွေ့ရှိခဲ့ရ၏” ဟုသူဆိုခဲ့သည်။ ပညာတတ်များက ဘုရားသခင်မရှိဟူသည့် အယူအဆများကို အတိအလင်းတင်ပြကြသည့်အခါ အခြားသူများလည်း နားယောင်သွားကာ ဖန်ဆင်းရှင်ဟူ၍ ဘုရားသခင်ရထိုက်သည့်အတိုင်း ဂုဏ်မတင်ကြတော့ချေ။—သု. ၁၄:၁၅၊ ၁၈။
၇။ ရောမ ၁:၂၀ အရ၊ မျက်မြင်ရဖန်ဆင်းရာအားဖြင့် အဘယ်အရာကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သနည်း၊ အဘယ်ကြောင့်နည်း။
၇ အထောက်အထားများရှိသောကြောင့် ဆင့်ကဲဖြစ်စဉ် မှန်သည်ဟု သိပ္ပံပညာရှင်များ ကောက်ချက်ချကြခြင်းလော။ လုံးဝမဟုတ်ပါ! ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း ကျွန်ုပ်တို့ပတ်ပတ်လည်တွင် အထောက်အထားများစွာရှိပါသည်။ ကိုယ်တော်နှင့်စပ်လျဉ်း၍ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့၏– “ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ ထို့ကြောင့် သူတို့ [မယုံကြည်သူများ] သည် ကိုယ်အပြစ်ကိုမဖုံး [“ဆင်ခြေမပေး၊” ကဘ] နိုင်ရာ။” (ရောမ ၁:၂၀) ဖန်ဆင်းရှင်ရှိကြောင်း ကိုယ်တော်၏လက်ရာတော်၌ အထင်အရှား တွေ့မြင်နိုင်ပေသည်။ လူသားစတင်တည်ရှိကတည်းက ဘုရားသခင်ရှိသည့် အထောက်အထားကို မျက်မြင်ရဖန်ဆင်းရာဖြင့် ‘သိမြင်’ နိုင်ခဲ့သည်ဟု ပေါလုပြောနေခြင်းဖြစ်လေသည်။ ဤအထောက်အထားကား အဘယ်တွင်ရှိသနည်း။
၈။ (က) ဘုရားသခင်၏တန်ခိုးတော်နှင့် ဉာဏ်ပညာတော်ကို ရူပကောင်းကင်က မည်သို့သက်သေခံသနည်း။ (ခ) စကြဝဠာတွင် ပထမအကြောင်းတရားရှိရမည်ဟု အဘယ်အရာက ဖော်ပြသနည်း။
၈ ဘုရားသခင်တည်ရှိသည်ဟူသော အထောက်အထားကို ကြယ်အတိပြီးသော မိုးကောင်းကင်၌ ကျွန်ုပ်တို့တွေ့ရှိရ၏။ “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော” သည်ဟု ဆာလံ ၁၉:၁ ကဆိုသည်။ “မိုးကောင်းကင်” ၌ရှိသည့် နေ၊ လနှင့် ကြယ်များသည် ဘုရားသခင်၏တန်ခိုးတော်နှင့် ဉာဏ်ပညာတော်တို့ကို အထင်အရှား ဖော်ပြပေးသည်။ ကြယ်အလုံးအရင်းသည် အလွန်အံ့သြစရာပင်။ ဤကောင်းကင်တန်ဆာတို့သည် အာကာသဟင်းလင်းပြင်တစ်ခွင် ဦးတည်ချက်မဲ့မဟုတ်ဘဲ တိကျသည့် ရူပနိယာမများအတိုင်း ရွေ့လျားနေကြသည်။ * (ဟေရှာယ ၄၀:၂၆) ဤမျှအစီအစဉ်ကျနမှုသည် အလိုအလျောက်ဖြစ်လာသည်ဟု ပြောဆိုခြင်းက ဆင်ခြင်တုံတရားနှင့်ညီပါမည်လော။ ထူးခြားသည်မှာ သိပ္ပံပညာရှင်များစွာက စကြဝဠာသည် ရုတ်တရက်ပေါ်လာသည်ဟု ဆိုကြခြင်းဖြစ်သည်။ ယင်း၏ဆက်နွှယ်မှုများကို ရှင်းပြရာတွင် ပါမောက္ခတစ်ဦးက ဤသို့ရေးသားခဲ့၏– “ထာဝစဉ်တည်ရှိခဲ့သော စကြဝဠာသည် ဘုရားသခင်မဲ့ဝါဒီတစ်ဦး သို့မဟုတ် မသိဝါဒီတစ်ဦး၏ [အမြင်] နှင့် ပို၍ကိုက်ညီသည်။ အလားတူ၊ အစရှိသည့် စကြဝဠာသည် ပထမအကြောင်းတရားရှိဖို့ လိုအပ်ပုံရ၏; အဘယ်ကြောင့်ဆိုသော် လုံလောက်သောအကြောင်းတရားမရှိဘဲနှင့် ဤမျှအကျိုးသက်ရောက်မှု ရှိနိုင်ပါမည်လော။”
၉။ ယေဟောဝါ၏ဉာဏ်ပညာတော်သည် တိရစ္ဆာန်အမျိုးမျိုးတို့တွင် မည်သို့ထင်ရှားသနည်း။
၉ ထို့ပြင် ဘုရားသခင်ရှိသည်ဟူသော အထောက်အထားကို ကမ္ဘာမြေကြီးပေါ်တွင်လည်း ကျွန်ုပ်တို့တွေ့ မြင်ရ၏။ ဆာလံဆရာက ဤသို့ကြွေးကြော်ခဲ့သည်– ‘အိုယေဟောဝါ၊ ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ဉာဏ်ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့်ကြွယ်ဝပါ၏။’ (ဆာလံ ၁၀၄:၂၄) ဖန်ဆင်းရာသတ္တဝါများအပါအဝင် ယေဟောဝါ၏ ‘လက်ရာတော်များ’ က ကိုယ်တော်၌ ဉာဏ်ပညာတော်ရှိကြောင်း ဖော်ပြ၏။ အစပိုင်းတွင် ကျွန်ုပ်တို့သတိပြုမိကြသည့်အတိုင်း သက်ရှိသတ္တဝါများ၏ ဒီဇိုင်းပုံစံသည် အဆင့်မြင့်လွန်းသည့်အတွက် အတုယူပြုလုပ်ရန် သိပ္ပံပညာရှင်များ ကြိုးစားလေ့ရှိကြသည်။ အခြားပုံနမူနာတချို့ကို သုံးသပ်ကြည့်ပါ။ သုတေသီများသည် ပိုခိုင်မာသည့်ခမောက်များ ပြုလုပ်ရန်ရည်ရွယ်လျက် သမင်ဦးချိုများကို လေ့လာနေကြသည်၊ နားကြပ်များကို အဆင့်မြှင့်ပေးရန် အလွန်နားပါးသည့် ယင်ကောင်မျိုးစိတ်ကို လေ့လာစူးစမ်းလျက်ရှိကြသည်၊ ကိုယ်ယောင်ဖျောက်လေယာဉ်များကို အဆင့်မြှင့်ပေးဖို့ ဇီးကွက်များ၏ တောင်ပံမွေးများကို စမ်းသပ်လျက်ရှိကြသည်။ သို့သော် လူတို့သည် မည်သို့ပင်ကြိုးစားပါစေ သဘာဝလောကရှိ မူရင်းစံဒီဇိုင်းများအတိုင်း တစ်ထပ်တည်းကျအောင် မတုပနိုင်ကြချေ။ ဇီဝတုပမှုအတတ်—သဘာဝက လှုံ့ဆော်ပေးသည့် ဆန်းသစ်တီထွင်မှုစာအုပ်က ဤသို့ဆိုသည်ကို သတိပြုကြည့်ပါ– “သက်ရှိအရာတို့သည် လူသားတို့ လုပ်ဆောင်လိုသမျှကို ရုပ်ကြွင်းလောင်စာ ဖြုန်းတီးခြင်း၊ ကမ္ဘာဂြိုဟ်ကို ညစ်ညမ်းစေခြင်း၊ ၎င်းတို့၏အနာဂတ်ကို အန္တရာယ်တွင်း သက်ဆင်းစေခြင်းမျိုးတို့ မရှိစေဘဲ လုပ်ဆောင်ခဲ့ကြပြီးလေပြီ။” အလွန်ပင် ဉာဏ်ပညာ ကြီးမားလိုက်လေခြင်း!
၁၀။ မဟာပုံစံပြုရှင်တစ်ဦး တည်ရှိကြောင်းကို ငြင်းပယ်ခြင်းသည် အဘယ်ကြောင့် ဆင်ခြင်တုံတရားနှင့်မညီသနည်း။ ရှင်းပြပါ။
၁၀ အထက်မိုးကောင်းကင်သို့ မျှော်ကြည့်သည်ဖြစ်စေ၊ ဤကမ္ဘာမြေပေါ်ရှိ ဖန်ဆင်းရာတို့ကို ငေးမောကြည့်သည်ဖြစ်စေ ဖန်ဆင်းရှင်တစ်ပါးရှိသည်မှာ ရှင်းနေပါသည်။ (ယေရမိ ၁၀:၁၂) “ကျွန်တော်မျိုးတို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ . . . ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်ကို ခံထိုက်တော်မူ၏” ဟူ၍ ကောင်းကင်သတ္တဝါများ ကြွေးကြော်ကြသည့်စကားကို ကျွန်ုပ်တို့ အကြွင်းမဲ့ သဘောတူသင့်သည်။ (ဗျာ. ၄:၁၁၊ ကဘ) သို့တိုင်၊ သိပ္ပံပညာရှင်အများသည် မိမိတို့၏ပကတိမျက်စိနှင့်မြင်ရသည့် အရာဝတ္ထုများ၏ ဒီဇိုင်းပုံစံကို တအံ့တသြဖြစ်ကြသည့်တိုင် ဖန်ဆင်းရှင်တစ်ပါးရှိသည်ဟူသော သက်သေအထောက်အထားကိုကား ‘သူတို့၏ဉာဏ်မျက်စိ’ ဖြင့်မမြင်ကြချေ။ (ဧဖက် ၁:၁၈-၂၀) ထိုအခြေအနေကို ဤနည်းဖြင့် ပုံဖော်ပေးနိုင်ပါသည်– “သဘာဝအလှနှင့် ဒီဇိုင်းပုံစံတို့ကို အလွန်အမင်း အံ့သြနေလျက်နှင့် မဟာပုံစံပြုလုပ်ရှင်မရှိဟု ငြင်းဆိုခြင်းသည် အင်မတန်လက်ရာမြောက်သော ပန်းချီကားတစ်ချပ်ကို အလွန်နှစ်သက်သဘောကျနေပြီး တစ်ချိန်တည်းတွင် ပတ္တူစအလွတ်ကို ဤမျှပြောင်မြောက်သော ပန်းချီကားဖြစ်ရန် ဖန်တီးပေးလိုက်သည့် ပန်းချီဆရာမရှိဟု ငြင်းဆိုလိုက်ခြင်းနှင့်တူသည်။ ထို့ကြောင့် ဘုရားသခင်အား မယုံကြည်သူများကို ‘ဆင်ခြေမပေးနိုင်’ သူများဟု ခေါ်ခြင်းသည် အံ့ဩစရာမဟုတ်ပေ!
‘လမ်းပြသောလူကန်းတို့’ လူအများကို လှည့်စား
၁၁၊ ၁၂။ တင်ကူးသတ်မှတ်ခြင်းအယူသည် အဘယ်စိတ်မှန်းသက်သက်အပေါ် အခြေပြုသနည်း၊ ဤအယူဝါဒသည် ဘုရားသခင်၏ဘုန်းတော်ကို မထင်ရှားစေကြောင်း အဘယ်အရာက ဖော်ပြသနည်း။
၁၁ မိမိတို့၏ဝတ်ပြုရေးပုံစံသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသည်ဟု ဘာသာရေးသမားများစွာက စိတ်ရိုးမှန်နှင့်ယုံကြည်ကြ၏။ (ရောမ ၁၀:၂၊ ၃) အမှန်တကယ်တွင် လူ့ဘောင်အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဘာသာတရားသည် လူသန်းပေါင်းများစွာကို ဘုရားသခင်အား ဂုဏ်မတင်စေပါ။ မည်သို့အားဖြင့်နည်း။ နည်းနှစ်နည်းကို သုံးသပ်ကြည့်ကြစို့။
၁၂ ဦးဆုံး၊ ဘာသာတရားများသည် မှားယွင်းသောသွန်သင်ချက်များဖြင့် ဘုရားသခင်၏ဘုန်းတော်ကို မှေးမှိန်စေကြသည်။ တင်ကူးသတ်မှတ်ခြင်းအယူသွန်သင်ချက်ကို ဥပမာတစ်ခုအဖြစ် သုံးသပ်ကြည့်ပါ။ ဤအယူဝါဒသည် ဘုရားသခင်၌ အနာဂတ်ကိုကြိုသိနိုင်သည့် အစွမ်းတန်ခိုးရှိသောကြောင့် အရာရာတိုင်း၏ အကျိုးဆက်ကို ကိုယ်တော် တင်ကြိုသိရမည်ဟူသည့် အဆိုအပေါ်အခြေပြုသည်။ သို့နှင့် လူသားတိုင်း၏ ကောင်းကျိုးဆိုးကျိုးကို ကြာမြင့်စွာကတည်းက ဘုရားသခင် တင်ကြိုသတ်မှတ်ထားပြီးဖြစ်သည်ဟု တင်ကူးသတ်မှတ်ခြင်းအယူက ဆို၏။ ဤအယူအဆအရ၊ ယနေ့လောကရှိ ဆင်းရဲဝေဒနာများနှင့် ဆိုးယုတ်မှုမှန်သမျှသည် ဘုရားသခင်ကြောင့်ဖြစ်သည်ဟု ယူမှတ်စရာဖြစ်သွားလေသည်။ အမှန်မှာ “ဤလောကကိုအစိုးရသောမင်း” ဟု ကျမ်းစာကခေါ်ဆိုထားသည့် ဘုရားသခင်၏အဓိကရန်သူ စာတန်ကြောင့်ဖြစ်သည်ကို ဘုရားသခင်အပေါ် အပြစ်ပုံချသည့်အခါ ကိုယ်တော့်ဘုန်းတော်ကို မည်သို့မျှ ထင်ရှားစေရာမရောက်ပေ!—ယောဟန် ၁၄:၃၀; ၁ ယောဟန် ၅:၁၉။
၁၃။ ဘုရားသခင်သည် မိမိ၏အနာဂတ်ကြိုသိနိုင်စွမ်းအား မထိန်းချုပ်နိုင်ဟု ယူဆခြင်းက အဘယ်ကြောင့် မိုက်မဲရာကျသနည်း။ ရှင်းပြပါ။
၁၃ တင်ကူးသတ်မှတ်ခြင်းအယူသည် ဘုရားသခင်အား အပုပ်ချသည့် ကျမ်းစာနှင့်မညီသော သွန်သင်ချက်တစ်ရပ်သာဖြစ်၏။ ဘုရားသခင်တတ်နိုင်သည့်အရာနှင့် ကိုယ်တော်အမှန်လုပ်ဆောင်သည့်အရာဟေရှာယ ၄၆:၉၊ ၁၀) သို့သော်၊ ကိုယ်တော်သည် တင်ကြိုသိနိုင်စွမ်းကို မထိန်းချုပ်နိုင် သို့မဟုတ် ဖြစ်ပျက်လေသမျှ ကိုယ်တော်ကြောင့်ဖြစ်သည်ဟု တွေးထင်ခြင်းက ဆင်ခြင်တုံတရားနှင့်မညီပေ။ ဥပမာပေးရလျှင် သင်၌ ကြီးမားသောခွန်အားရှိသည်ဆိုပါစို့။ မြင်မြင်သမျှ လေးလံသည့်အရာဝတ္ထုတိုင်းကို သင် လိုက်၍မ,ချင်နေမည်လော။ ဤသို့ဖြစ်မည်မဟုတ်ပါ! အလားတူ၊ ဘုရားသခင်သည် မိမိတွင် အနာဂတ်ကို သိရှိနိုင်စွမ်းရှိသောကြောင့် အရာရာတိုင်းကို မဖြစ်မနေ လိုက်၍ကြိုသိစေမည်၊ ကြိုတင်စီမံမည် မဟုတ်ချေ။ ကိုယ်တော်သည် မိမိ၏တင်ကြိုသိမြင်နိုင်စွမ်းကို စိစစ်ရွေးချယ် ကျင့်သုံးတော်မူသည်။ * တင်ကူးသတ်မှတ်ခြင်းအယူအပါအဝင် မှားသောသွန်သင်ချက်များသည် ဘုရားသခင်၏ဘုန်းတော်ကို မထင်ရှားစေပါ။
တို့ကို ယင်းက ရှုပ်ထွေးစေသည်။ ဖြစ်ရပ်များကို ဘုရားသခင် ကြိုတင်သိနိုင်သည်ဟူသောအချက်ကို သမ္မာကျမ်းစာ၌ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ (၁၄။ ဖွဲ့စည်းတည်ထောင်ပြီးသား ဘာသာတရားသည် ဘုရားသခင်၏ဂုဏ်အသရေတော်ကို အဘယ်နည်းဖြင့် ရှုတ်ချခဲ့ပြီနည်း။
၁၄ ဖွဲ့စည်းတည်ထောင်ထားသည့် ဘာသာတရားက ဘုရားသခင်အား ဂုဏ်ပျက်စေသည့် ဒုတိယနည်းလမ်းမှာ ၎င်းအသင်းသားများ၏ အမူအကျင့်ဖြင့်ဖြစ်သည်။ ခရစ်ယာန်များသည် ယေရှု၏သွန်သင်ချက်များကို လိုက်လျှောက်ဖို့ဖြစ်၏။ ယေရှု၏သွန်သင်ချက်များတွင် “အချင်းချင်းချစ်ကြ” ရန်နှင့် “ဤလောကနှင့်မဆက်ဆံ” ကြရန် မိမိ၏နောက်လိုက်များကို မိန့်မှာခဲ့သည်။ (ယောဟန် ၁၅:၁၂; ၁၇:၁၄-၁၆) ခရစ်ယာန်ဘောင်ဓမ္မဆရာများကော အသို့နည်း။ အဆိုပါသွန်သင်ချက်များကို သူတို့ အမှန်တကယ် လိုက်လျှောက်ခဲ့ကြပြီလော။
၁၅။ (က) တိုင်းနိုင်ငံတို့၏ စစ်ပွဲများတွင် ဓမ္မဆရာများ မည်သို့ပါဝင်ပတ်သက်ခဲ့သနည်း။ (ခ) ဓမ္မဆရာများ၏ အမူအကျင့်သည် သန်းပေါင်းများစွာတို့အပေါ် မည်သို့ထိခိုက်စေခဲ့ပြီနည်း။
၁၅ စစ်နှင့်စပ်လျဉ်း၍ ဓမ္မဆရာများ၏မှတ်တမ်းကို သုံးသပ်ကြည့်ပါ။ သူတို့သည် တိုင်းနိုင်ငံတို့၏ စစ်ပွဲပေါင်းများစွာကို ထောက်ပံ့ကူညီ၊ ခွင့်ပြုထားရုံမက ဦးစီးဦးဆောင်ပင်ပြုခဲ့ကြပြီ။ စစ်သားများကို ကောင်းချီးပေးခဲ့ကြကာ ဤသို့သတ်ဖြတ်ခြင်းသည် မှန်သည်ဟု ဆိုခဲ့ကြလေပြီ။ ယင်းကြောင့် ‘ရန်သူဘက်မှ ဓမ္မဆရာများကလည်း မိမိကဲ့သို့ပင် လုပ်ဆောင်နေကြမည်ကို အနှီဓမ္မဆရာများ မတွေးမိကြသလော’ ဟု ကျွန်ုပ်တို့ မေးလိုက်ချင်ပေသည်။ (“မည်သူ့ဘက်တွင် ဘုရားသခင်ရှိသနည်း” လေးထောင့်ကွက်ကိုရှု။) သွေးချောင်းစီးစစ်ပွဲများတွင် ဘုရားသခင်၏ ကျောထောက်နောက်ခံမှုကို ရရှိထားသည်ဟု ဓမ္မဆရာများ ဆိုခြင်းက ဘုရားသခင်၏ဘုန်းတော်ကို မထင်ရှားစေပါ; ကျမ်းစာစံနှုန်းများသည် ခေတ်ကုန်သွားပြီဟူ၍ ပြောဆိုကာ အဘယ်လိင်ဆိုင်ရာအကျင့်ယိုယွင်းမှုကိုမဆို ခွင့်ပြုခြင်းဖြင့် သူတို့သည် ကိုယ်တော်၏ဘုန်းတော်ကို မထင်ရှားစေကြပါ။ ဤတွင် “မတရားသောအမှုကိုပြုသောသူတို့၊” ‘လမ်းပြသောလူကန်းတို့’ ဟု ယေရှုခေါ်ဆိုခဲ့သည့် ဘာသာရေးခေါင်းဆောင်များကို ကျွန်ုပ်တို့သတိရကြပေမည်! (မဿဲ ၇:၁၅-၂၃၊ သမ္မာ; ၁၅:၁၄၊ သမ္မာ) ဓမ္မဆရာများ၏ အမူအကျင့်က သန်းပေါင်းများစွာသောသူတို့၏ ဘုရားသခင်အပေါ်ထားရှိသည့် မေတ္တာကို အေးတိအေးစက် ဖြစ်စေခဲ့ပြီ။—မဿဲ ၂၄:၁၂။
မည်သူတို့ ဘုရားသခင်၏ဘုန်းတော်ကို အမှန်ထင်ရှားနေစေကြသနည်း
၁၆။ မည်သူတို့သည် ဘုရားသခင်၏ဘုန်းတော်ကို အမှန်ထင်ရှားနေကြသနည်းဟူသော မေးခွန်းကိုဖြေဆိုရန် အဘယ်ကြောင့် သမ္မာကျမ်းစာကို လှန်လှောကြည့်ရှုရမည်နည်း။
၁၆ ဤလောကမှ ထင်ရှားကျော်ကြား၊ ဩဇာအာဏာရှိသူ အများစုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေဖို့ ပျက်ကွက်ခဲ့ကြသည်ဆိုလျှင် မည်သူတို့သည် ဘုန်းတော်ကို အမှန်တကယ်ထင်ရှားနေစေကြသနည်း။ ထိုမေးခွန်းကိုဖြေဆိုရန် သမ္မာကျမ်းစာကို လှန်လှောကြည့်ရှုရမည်ဖြစ်သည်။ ဘုရားသခင်သည် မိမိ၏ဘုန်းတော်အား မည်သို့ထင်ရှားစေရမည်ကို ပြောဆိုပိုင်ခွင့်ရှိပြီး သမ္မာကျမ်းစာတွင် စံနှုန်းများ ချမှတ်ပေးထား၏။ (ဟေရှာယ ၄၂:၈) ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသည့် နည်းသုံးနည်းကို သုံးသပ်ကြည့်ကြစို့၊ ယနေ့ မည်သူတို့သည် ကိုယ်တော်၏ဘုန်းတော်ကို အမှန်တကယ် ထင်ရှားနေစေကြသနည်းဟူသည့် မေးခွန်းကို နည်းတစ်နည်းစီက ဖြေဆိုပေးသွားပါလိမ့်မည်။
၁၇။ မိမိ၏နာမတော်အား ဘုန်းထင်ရှားစေခြင်းသည် မိမိအလိုတော်၏ အရေးပါသောသွင်ပြင်တစ်ရပ်ဖြစ်ကြောင်း ယေဟောဝါကိုယ်တော်တိုင် မည်သို့ညွှန်ပြခဲ့သနည်း၊ ယနေ့ မည်သူတို့သည် ဘုရားသခင့်နာမတော်ကို ကမ္ဘာအနှံ့ ချီးမွမ်းနေကြသနည်း။
ယောဟန် ၁၂:၂၈) ယေဟောဝါကိုယ်တော်တိုင် မိန့်ဆိုခဲ့မည်မှာ သေချာပါသည်။ ကိုယ်တော်၏နာမတော်ကို ထင်ရှားစေခြင်းသည် ကိုယ်တော်အတွက် အလွန်အရေးကြီးကြောင်း ရှင်းနေပါသည်။ သို့ဆိုလျှင် ယနေ့ မည်သူတို့သည် ယေဟောဝါ၏နာမတော်ကို မြေကြီးတစ်ခွင် ချီးမွမ်း၍ ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားနေစေကြသနည်း။ ယေဟောဝါသက်သေများဖြစ်ကြသည်၊ သူတို့သည် နိုင်ငံပေါင်း ၂၃၅ နိုင်ငံတွင် ထိုသို့လုပ်ဆောင်လျက်ရှိနေကြ၏။—ဆာလံ ၈၆:၁၁၊ ၁၂။
၁၇ ဦးဆုံး၊ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ကျွန်ုပ်တို့ထင်ရှားစေနိုင်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင့်အလိုတော်၏ အရေးပါသောကဏ္ဍတစ်ခုဖြစ်ကြောင်း ယေရှုအား ယေဟောဝါမိန့်ဆိုခဲ့ရာတွင် ထင်ရှားသည်။ ယေရှုမသေဆုံးမီ ရက်အနည်းငယ်က ကိုယ်တော်ဤသို့ဆုတောင်းခဲ့၏– “အိုအဘ၊ ကိုယ်တော်၏နာမတော်ကို ချီးမြှောက်တော်မူပါ။” ထိုအခါ “ငါချီးမြှောက်ခဲ့ပြီ၊ တစ်ဖန်ချီးမြှောက်ဦးမည်” ဟု အသံတော်က ဖြေကြားခဲ့၏။ (၁၈။ ဘုရားသခင်အား ‘အမှန်တရား’ ဖြင့် ဝတ်ပြုကိုးကွယ်နေသူတို့ကို ကျွန်ုပ်တို့မည်သို့ ခွဲခြားသိမြင်နိုင်သနည်း၊ အဘယ်အုပ်စုက ကျမ်းစာအမှန်တရားကို နှစ်တစ်ရာကျော် သွန်သင်ပေးနေသနည်း။
၁၈ ဒုတိယမှာ၊ ကိုယ်တော်နှင့်ပတ်သက်သည့် အမှန်တရားကို သွန်သင်ပေးခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေနိုင်သည်။ စစ်မှန်သော ဝတ်ပြုသူများသည် ‘[ဘုရားသခင်] ကို အမှန်တရားဖြင့် ဝတ်ပြု’ ကြမည်ဟု ယေရှုမိန့်ဆိုခဲ့၏။ (ယောဟန် ၄:၂၄) ဘုရားသခင်အား ‘အမှန်တရား’ ဖြင့် ဝတ်ပြုကိုးကွယ်နေကြသူတို့ကို မည်သို့ခွဲခြားသိမြင်နိုင်သနည်း။ သမ္မာကျမ်းစာအပေါ် အခြေမပြု၊ ဘုရားသခင်နှင့် ကိုယ်တော်၏အလိုတော်ကို ထင်ယောင်ထင်မှားဖြစ်စေသော အယူဝါဒများကို သူတို့ငြင်းပယ်ကြရမည်။ ယင်းအစား၊ သူတို့သည် အောက်ပါအမှန်တရားများပါဝင်သည့် သမ္မာကျမ်းစာ၏ စင်ကြယ်သော အမှန်တရားများကို သွန်သင်ပေးကြရမည်– ယေဟောဝါသည် အမြင့်ဆုံးသောဘုရားသခင်ဖြစ်တော်မူပြီး ဘုန်းအသရေတော်ကို ကိုယ်တော်တစ်ပါးတည်းသာ ရထိုက်တော်မူသည် (ဆာလံ ၈၃:၁၈); ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ပြီး ဘုရားသခင့်မေရှိယနိုင်ငံတော်၏ ခန့်အပ်ခံအုပ်စိုးရှင်ဖြစ်သည် (၁ ကောရိန္သု ၁၅:၂၇၊ ၂၈); ဘုရားသခင့်နိုင်ငံတော်သည် ယေဟောဝါ၏နာမတော်ကို သန့်ရှင်းစင်ကြယ်စေပြီး ကမ္ဘာမြေနှင့် လူသားတို့အတွက် ကိုယ်တော်၏ရည်ရွယ်ချက်ကို ပြည့်စုံစေမည်ဖြစ်သည် (မဿဲ ၆:၉၊ ၁၀); ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သည့် ဤသတင်းကောင်းကို ကမ္ဘာအနှံ့အပြား ဟောပြောရမည်ဖြစ်သည်။ (မဿဲ ၂၄:၁၄) ဤမျှအဖိုးထိုက်သည့် အမှန်တရားများကို ယေဟောဝါသက်သေများသာ နှစ်ပေါင်းတစ်ရာကျော်တိုင် သစ္စာရှိရှိ သွန်သင်ပေးခဲ့လေပြီ!
၁၉၊ ၂၀။ (က) ခရစ်ယာန်တစ်ဦး၏ အမူအကျင့်ကောင်းက ဘုရားသခင်၏ဘုန်းတော်ကို အဘယ်ကြောင့် ထင်ရှားစေနိုင်မည်နည်း။ (ခ) ယနေ့ မည်သူတို့သည် အမူအကျင့်ကောင်းကို ဆက်တင်ပြနေခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားနေစေကြောင်း သတ်မှတ်ရန် အဘယ်မေးခွန်းများက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။
၁၉ တတိယမှာ၊ ကိုယ်တော်၏စံနှုန်းများနှင့်အညီ အသက်ရှင်နေထိုင်ခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေနိုင်ပါသည်။ တမန်တော်ပေတရုက ဤသို့ရေးသားခဲ့၏– ‘လူမျိုးများသည် သင်တို့ကို အဆိုးပြုကျင့်သူများဟူ၍ ကဲ့ရဲ့ပြစ်တင်ကြသည့်အမှုမှာ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌ သင်တို့၏ကောင်းသောအကျင့်များကို သူတို့သည် ကြည့်မြင်ထောက်ရှု၍ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေကြမည်အကြောင်း သူတို့ရှေ့ ၌ တင့်တယ်လျောက်ပတ်စွာကျင့်နေကြလော့။’ (၁ ပေတရု ၂:၁၂) ခရစ်ယာန်တစ်ဦး၏အမူအကျင့်သည် သူ၏ယုံကြည်ခြင်းကို ထင်ဟပ်ပြနေသည်။ ဤခရစ်ယာန် အမူအကျင့်ကောင်းနေခြင်းသည် သူ၏ယုံကြည်ခြင်းကြောင့်ပင်ဖြစ်သည်ဟု ဆက်စပ်မြင်သွားကြသည့်အခါ ဘုရားသခင့်ဘုန်းတော် ထင်ရှားသွားလေသည်။
၂၀ ယနေ့ မည်သူတို့သည် အမူအကျင့်ကောင်းကို ဆက်တင်ပြနေခြင်းအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားနေစေကြသနည်း။ အဘယ်ဘာသာရေးအဖွဲ့သည် အခွန်အတုတ်များပေးဆက်ပြီး ငြိမ်းချမ်း၍ ဥပဒေလိုက်နာသည့် နိုင်ငံသားများဖြစ်ကြောင်း အစိုးရများစွာ၏ ချီးမွမ်းမှုကို ခံခဲ့ရပြီနည်း။ (ရောမ ၁၃:၁၊ ၃၊ ၆၊ ၇) ယုံကြည်သူအချင်းချင်း လူမျိုးစွဲ၊ နိုင်ငံစွဲ၊ လူမျိုးစုစွဲမရှိ၊ စည်းလုံးမှုတွင် ကမ္ဘာကျော်သူတို့ကား အဘယ်သူတို့နည်း။ (ဆာလံ ၁၃၃:၁; တမန်တော် ၁၀:၃၄၊ ၃၅) တရားဥပဒေ၊ မိသားစုစံနှုန်းနှင့် ကျမ်းစာကျင့်ဝတ်တို့ကို တန်ဖိုးထားလေးမြတ်စေသည့် ကျမ်းစာပညာရေးလုပ်ငန်းအတွက် အဘယ်အုပ်စုသည် ကမ္ဘာချီ အသိအမှတ်ပြုခံရပြီနည်း။ အထက်ပါနှင့် အခြားကဏ္ဍများတွင် အမူအကျင့်ကောင်းတင်ပြသည့် အုပ်စုတစ်စုတည်းသာရှိ၏၊ ၎င်းအုပ်စုသည် ယေဟောဝါသက်သေများဖြစ်ကြသည်!
သင်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားနေစေပါသလော
၂၁။ ယေဟောဝါ၏ဘုန်းတော်ကို ကျွန်ုပ်တို့ကိုယ်တိုင်ကိုယ်ကျ ထင်ရှားစေနေမနေကို အဘယ်ကြောင့် သုံးသပ်ကြည့်သင့်သနည်း။
၂၁ ကျွန်ုပ်တို့တစ်ဦးစီ ‘ယေဟောဝါ၏ဘုန်းတော်ကို ကျွန်ုပ်ထင်ရှားနေစေပါသလော’ ဟူ၍ မိမိကိုယ်ကိုမေးသင့်သည်။ ဆာလံ ၁၄၈ အရ ဖန်ဆင်းရာအများစုသည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေကြသည်။ ကောင်းကင်တမန်များ၊ ရူပကောင်းကင်၊ ကမ္ဘာမြေကြီးနှင့် ၎င်းအပေါ်ရှိတိရစ္ဆာန်တို့သည် ယေဟောဝါအား ချီးမွမ်းကြ၏။ (အခန်းငယ် ၁-၁၀) ယနေ့ လူအများသည် ဘုရားသခင်အား မချီးမွမ်းသည့်အတွက် အလွန်ဝမ်းနည်းစရာပင်! ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေသည့်နည်းဖြင့် အသက်ရှင်နေထိုင်ခြင်းအားဖြင့် အသင်သည် ယေဟောဝါအားချီးမွမ်းနေသည့် ကျန်ဖန်ဆင်းရာတို့တွင် ပါဝင်နေသည်။ (အခန်းငယ် ၁၁-၁၃) သင့်ဘဝကို ဤထက် သာ၍ကောင်းသောနည်းလမ်းဖြင့် အသုံးပြုနိုင်စရာမရှိချေ။
၂၂။ ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေခြင်းအားဖြင့် သင်သည် အဘယ်နည်းများဖြင့် ကောင်းချီးခံစားရသနည်း၊ သင်၏သန္နိဋ္ဌာန်ကား အဘယ်အရာဖြစ်သင့်သနည်း။
၂၂ ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေခြင်းအားဖြင့် သင်သည် နည်းအမျိုးမျိုးဖြင့် ကောင်းချီးခံစားရသည်။ သင်သည် ခရစ်တော်၏ ရွေးဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြသည်နှင့်အမျှ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ သင်၏ကောင်းကင်ခမည်းတော်နှင့် သင့်တင့်ငြိမ်သက်၍ အကျိုးဖြစ်ထွန်းသောဆက်ဆံရေးရရှိလာနိုင်သည်။ (ရောမ ၅:၁၀) ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေဖို့ အကြောင်းရင်းများကို သင်ရှာဖွေသည်နှင့်အမျှ အပြုသဘောပိုရှိလာကာ ပို၍ကျေးဇူးတင်တတ်လာပေမည်။ (ယေရမိ ၃၁:၁၂) ထိုအခါ အခြားသူတို့ကို ပျော်ရွှင်ရောင့်ရဲသောအသက်တာဖြင့် အသက်ရှင်နေထိုင်ရန် ကူညီပေးနိုင်သည့်အပြင် အသင်ကိုယ်တိုင်လည်း ပျော်ရွှင်မှုပိုရှိလာမည်။ (တမန်တော် ၂၀:၃၅) ဘုရားသခင်၏ဘုန်းတော်ကို ယခုနှင့် ထာဝစဉ်ထင်ရှားစေရန် အခိုင်အမာ သန္နိဋ္ဌာန်ချထားသူတို့တွင် အသင်လည်း ပါဝင်နိုင်ပါစေ!
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 “biomimetics” (ဇီဝတုပမှုဗေဒ) ဟူသော အသုံးအနှုန်းသည် “အသက်” ဟုအဓိပ္ပာယ်ရသည့် ဂရိစကားလုံး ဘိုင်အိုစ်နှင့် “တုပခြင်း” ဟုအဓိပ္ပာယ်ရသည့် မီမိစစ် မှလာသည်။
^ အပိုဒ်၊ 8 ဘုရားသခင်၏ဉာဏ်ပညာတော်နှင့် တန်ခိုးတော်ကို ရူပမိုးကောင်းကင်က မည်သို့ရောင်ပြန်ဟပ်ကြောင်း ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသည့် ယေဟောဝါထံချဉ်းကပ်လော့စာအုပ်၏ အခန်းကြီး ၅ နှင့် ၁၇ တို့ကိုရှု။
^ အပိုဒ်၊ 13 ယေဟောဝါသက်သေများထုတ်ဝေသည့် သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်၊ အတွဲ ၁ [လိပ်]၊ စာမျက်နှာ ၈၅၃ ကိုရှု။
သင်မှတ်မိသလော
• သိပ္ပံပညာဆိုင်ရာနယ်ပယ်တစ်ခုလုံးသည် လူတို့အား ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေရန် မကူညီခဲ့ဟု ကျွန်ုပ်တို့ အဘယ်ကြောင့်ဆိုနိုင်သနည်း။
• ဖွဲ့စည်းတည်ထောင်ထားသည့် ဘာသာတရားသည် လူတို့အား ဘုရားသခင်၏ဘုန်းတော်ကို မထင်ရှားစေရန် အဘယ်နည်းနှစ်နည်းဖြင့် ဆီးတားခဲ့သနည်း။
• အဘယ်နည်းများဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ကျွန်ုပ်တို့ ထင်ရှားစေနိုင်ကြသနည်း။
• ယေဟောဝါ၏ဘုန်းတော်ကို သင်ကိုယ်တိုင် ထင်ရှားစေနေမနေကို အဘယ်ကြောင့် သုံးသပ်ကြည့်သင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]
“မည်သူ့ဘက်တွင် ဘုရားသခင်ရှိသနည်း”
ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်လေတပ်သားတစ်ဦးဖြစ် ခဲ့ပြီး နောက်ပိုင်းတွင် ယေဟောဝါသက်သေတစ်ဦးဖြစ်လာ သည့် အမျိုးသားတစ်ဦးက ဤသို့ပြန်ပြောပြသည်–
“စစ်ဖြစ်နေတဲ့ အဲဒီနှစ်တွေအတွင်း ကက်သလစ်၊ လူသရင်၊ အီပစ္စကိုပယ်လ်စသည့် ဘာသာရေး ဂိုဏ်းဂဏအားလုံးနီးပါးက ဓမ္မဆရာတွေဟာ သေစေနိုင်တဲ့လက်နက်တွေကို ကြဲချဖို့ လေယာဉ်မပျံသန်းခင် လေယာဉ်နဲ့ အမှုထမ်းတွေကို ကောင်းချီးပေးနေတာ မြင်ရတော့ ကျွန်တော်စိတ်အနှောင့်အယှက်ဖြစ်မိတယ်။ ‘ဘယ်သူ့ဘက်မှာ ဘုရားသခင်ရှိမလဲ’ ဆိုပြီး မကြာခဏတွေးမိတယ်။’
“ဂျာမန်စစ်သားတွေဟာ ဂေါ့တ် မစ်တ် အွန်စ် (ဘုရား သခင်သည် ငါတို့နှင့်အတူရှိ၏) ဆိုတဲ့ စကားလုံးပါတဲ့ ခါးပတ်ကို ပတ်ထားတတ်ကြတယ်။ ဒါပေမဲ့ ‘ဘာသာတူပြီး ဘုရားသခင်တစ်ပါးတည်းကိုပဲ ဆုတောင်းနေကြတဲ့ အခြားတစ်ဖက်က စစ်သားတွေနဲ့ကော ဘုရားသခင် ဘာကြောင့်အတူမရှိရမှာလဲ’ ဆိုတာ ကျွန်တော်သိချင်တယ်။”
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ကမ္ဘာတစ်ခွင်တွင် ယေဟောဝါသက်သေများသည် ဘုရားသခင်၏ဘုန်းတော်ကို အမှန်ပင် ထင်ရှားနေစေကြ