သင်စိတ်ချနိုင်သောအမွေအနှစ်
သင်စိတ်ချနိုင်သောအမွေအနှစ်
“အကယ်၍ သင်သည် ပိုင်ရှင်မဲ့အမွေပစ္စည်းတစ်ခုကို ရနိုင်စရာရှိသည်ဟု တစ်စုံတစ်ဦးထံမှ အကြောင်းကြားစာ ရရှိခဲ့လျှင် သတိပြုပါ။ သင်သည် အလိမ်ဝိဇ္ဇာတစ်ဦး၏ ပစ်မှတ်ဖြစ်နိုင်သည်။”
၎င်းမှာ အမေရိကန်ပြည်ထောင်စု ချောစာ စစ်ဆေးရေးလုပ်ငန်း၏ဝက်ဘ်ဆိုက်ပေါ်တွင် ကြော်ငြာထားသော သတိပေးချက်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ‘ကွယ်လွန်သွားသော သင့်ဆွေမျိုးတစ်ဦးက သင့်အတွက်အမွေချန်ရစ်ခဲ့သည်’ ဟုဆိုသော အကြောင်းကြားစာကို လူထောင်ပေါင်းများစွာ ရရှိခဲ့သောကြောင့်ဖြစ်သည်။ ယင်းကြောင့် ထိုအမွေဥစ္စာ တည်ရှိရာနေရာနှင့် တောင်းဆိုရယူနိုင်ပုံကို ရှင်းပြပေးမည့် ‘အမွေဥစ္စာသတင်း’ ရရှိရေးအတွက် ဝန်ဆောင်ခဒေါ်လာ ၃၀ သို့မဟုတ် ထို့ထက်မက ပေးပို့ခဲ့ကြသူများစွာရှိ၏။ ထိုသူတို့ အကြီးအကျယ်စိတ်ပျက်ခဲ့ကြရသည်။ စာပြန်ခဲ့ကြသူအားလုံး သတင်းတစ်မျိုးတည်းကိုရရှိခဲ့ကြပြီး တစ်စုံတစ်ခုကို အမွေရဖို့အခွင့်အလမ်းမှာ သုညသာဖြစ်သည်။
ဤအကြံအဖန်သမားများသည် အမွေရလိုသော လူ့ပင်ကိုဆန္ဒကို အမြတ်ထုတ်ကြသည်။ သို့သော် သမ္မာကျမ်းစာက “သူတော်ကောင်းသည် သားမြေးတို့အဖို့ အမွေဥစ္စာကိုချန်ထားတတ်၏” ဟုဆိုရာတွင် အမွေပေးသူကို ချီးမွမ်းထားသည်။ (သု. ၁၃:၂၂) အမှန်မှာ “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဤမြေကြီးကိုအမွေခံရကြလတ္တံ့” ဟူသော လူသိများပြီး လူကြိုက်များသည့်စကားကို တောင်ပေါ်တရားတော်တွင် မြွက်ဆိုခဲ့သူမှာ ယေရှုကိုယ်တော်တိုင်ပင်ဖြစ်သည်။—မဿဲ ၅:၅၊ သမ္မာ။
ယေရှု၏အဆိုပါစကားများသည် ရာစုနှစ်ပေါင်းများစွာက ရှေးခေတ်ဣသရေလရှင်ဘုရင်ဒါဝိဒ်၏ ဤမှုတ်သွင်းခံရေးသားချက်ကို ပြန်သတိရစေပါသည်– ‘စိတ်နှိမ့်ချသောသူတို့မူကား မြေကြီးကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။’—ဆာလံ ၃၇:၁၁။
“မြေကြီးကိုအမွေခံရ” ခြင်းသည် စိတ်လှုပ်ရှားစရာ အလားအလာပင်! သို့သော် ယင်းသည် လူတို့ထံမှ လိမ်ညာယူဖို့ရည်ရွယ်သော ကလိမ်ကကျစ် အကြံအဖန်နောက်တစ်မျိုးမျှမဟုတ်သည်ကို စိတ်ချနိုင်ပါသလော။ ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။ ဤကမ္ဘာမြေကြီးသည် ယေဟောဝါ၏အံ့သြဖွယ် ဖန်ဆင်းရာများတွင် တစ်ခုဖြစ်သောကြောင့် ၎င်း၏ဖန်ဆင်းရှင်နှင့် ပိုင်ရှင်အနေဖြင့် ယင်းကို ကိုယ်တော်ပေးလိုသူအား အမွေအဖြစ်ပေးပိုင်ခွင့်ရှိပါသည်။ ယေဟောဝါသည် ဘုရင်ဒါဝိဒ်အားဖြင့် ဤပရောဖက်ပြုချက်ကတိတော်ကို ကိုယ်တော်၏ချစ်သားတော် ယေရှုခရစ်အား ပေးခဲ့ပါသည်– “ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဖို့ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သောအခွင့်ကိုလည်း ငါပေးမည်။” (ဆာလံ ၂:၈) ထိုအကြောင်းကြောင့် တမန်တော်ပေါလုက ယေရှုသည် “အလုံးစုံတို့၏အမွေခံသခင်အရာ၌ [ဘုရားသခင်] ခန့်ထား” သူဖြစ်၏ဟုဆိုခဲ့သည်။ (ဟေဗြဲ ၁:၂) ထို့ကြောင့် စိတ်နှိမ့်ချသောသူတို့သည် “မြေကြီးကိုအမွေခံရကြလတ္တံ့” ဟုယေရှုမိန့်ဆိုသောအခါ ကိုယ်တော်သည် စိတ်ရင်းမှန်ဖြင့်ပြောတော်မူပြီး ကတိတော်ကို ပြည့်စုံစေရန် ကိုယ်တော်၌ အခွင့်အာဏာရှိကြောင်း အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်ပါသည်။—မဿဲ ၂၈:၁၈။
သို့ဖြစ်၍ အရေးပါသောမေးခွန်းမှာ ထိုကတိတော်သည် မည်သို့ပြည့်စုံလာမည်နည်းဟူ၍ဖြစ်၏။ ယနေ့ မည်သည့်နေရာကိုကြည့်ကြည့် ရန်လို၍ စိတ်နေမြင့်သူတို့သည် ကောင်းစားနေကြပြီး သူတို့အလိုရှိသမျှကို ရယူသိမ်းပိုက်နေကြပုံပင်။ စိတ်နှိမ့်ချသူများအတွက် အဘယ်အရာကျန်တော့မည်နည်း။ ထို့အပြင် မြေကြီးသည် ညစ်ညမ်းမှုအမျိုးမျိုးကြောင့် ဘေးသင့်လျက်ရှိပြီး ယင်း၏ သယံဇာတများကို လောဘကြီး၍ မျက်မွေးတစ်ဆုံးသာကြည့်တတ်သူများက အမြတ်ထုတ်နေကြသည်။ အမွေခံထိုက်သောမြေကြီးပင် ရှိပါဦးမည်လော။ ၎င်းတို့နှင့် အခြားအရေးပါသောမေးခွန်းများ၏ အဖြေကိုသိရှိရန် နောက်ဆောင်းပါးကို ဖတ်ရှုစေလိုပါသည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
သင်သည် တကယ့်အမွေအနှစ်တစ်ခုကို ရရှိဖို့ အကြောင်းရှိသလော