လူငယ်တို့ သင့်နှလုံးကို သင့်မိဘများ ကူညီစောင့်ရှောက်ပါစေ
လူငယ်တို့ သင့်နှလုံးကို သင့်မိဘများ ကူညီစောင့်ရှောက်ပါစေ
သင်္ဘောမာလိန်မှူးတစ်ဦး ရင်ဆိုင်ရသည့်အခက်အခဲဆုံးအရာကား အဘယ်အရာဖြစ်မည်ဟု သင်ထင်သနည်း။ ကျယ်ပြောသောသမုဒ္ဒရာကြီးကို အန္တရာယ်ကင်းစွာ ကူးဖြတ်ရေးလော။ မဟုတ်ပါ။ များသောအားဖြင့် သင်္ဘောများသည် ပင်လယ်ပြင်တွင်မဟုတ်ဘဲ ကမ်းနားတွင် ပျက်လေ့ရှိသည်။ စင်စစ် သင်္ဘောတစ်စင်းကို ကမ်းကပ်ခြင်းသည် လေယာဉ်ပျံဆင်းသက်ခြင်းထက်ပင် ပို၍အန္တရာယ်ရှိနိုင်သည်။ အဘယ်ကြောင့်နည်း။
မာလိန်မှူးတစ်ဦးသည် မိမိ၏သင်္ဘောကို ကမ်းမကပ်မီ ဆိပ်ကမ်းတွင် ရှိကောင်းရှိနိုင်မည့် အန္တရာယ်မှန်သမျှကို ရှောင်ရသည်။ အခြားသင်္ဘောများနှင့်မတိုက်မိအောင် ပဲ့ကိုင်ရင်း ရေအောက်စီးကြောင်းကိုလည်း သတိပြုရန်လိုသည်။ ရေအောက်ရှိ သဲသောင်များ၊ ကျောက်များ သို့မဟုတ် အပျက်အစီးမှန်သမျှတို့ကိုလည်း ကွေ့ရှောင်ရမည်။ ယင်းသည် သူ၏ပထမဆုံးအကြိမ် ကမ်းကပ်ခြင်းဖြစ်မည်ဆိုလျှင် ပို၍ပင်ဆိုးပေမည်။
ဤအခက်အခဲများကို ကျော်လွှားနိုင်ရန် ပညာရှိမာလိန်မှူးတစ်ဦးသည် ဒေသန္တရရေအခြေအနေကို ကောင်းစွာသိထားသည့် ရေကြောင်းပြတစ်ဦး၏အကူအညီ ယူရပေမည်။ ထိုရေကြောင်းပြသည် မာလိန်မှူးဘေးတွင် ရပ်ပြီး ကောင်းစွာ လမ်းညွှန်ပေးလိမ့်မည်။ သူတို့သည် အန္တရာယ်များကို အတူတကွသုံးသပ်ပြီး သင်္ဘောကို ကျဉ်းမြောင်းသောလမ်းကြောင်းများမှ ဖြတ်ကူးစေ၍ ဆိပ်ကမ်းသို့ မောင်းနှင်သွားကြမည်။
ရေကြောင်းပြ၏အဖိုးတန်သောကျွမ်းကျင်မှုသည် ခက်ခဲသောဘဝရေစီးကြောင်းများတစ်လျှောက် လမ်းစဉ်တစ်ခုကိုရွေးချယ်သွားရမည့် ခရစ်ယာန်လူငယ်များ ရရှိနိုင်သည့် တန်ဖိုးဖြတ်မရသည့်အကူအညီကို သရုပ်ဖော်သည်။ ယင်းအကူအညီကား အဘယ်နည်း။ ဆယ်ကျော်သက်များသည် ထိုအကူအညီကို အဘယ်ကြောင့် လိုအပ်ကြသနည်း။
သင်္ဘောပုံပမာကို ဆက်လက်သုံးသပ်ကြည့်ကြစို့။ သင်သည် မြီးကောင်ပေါက်အရွယ်ဖြစ်မည်ဆိုလျှင် နောက်ဆုံးတွင် သင်၏အသက်တာကို သင်တာဝန်ယူရမည်ဖြစ်သောကြောင့် သင်သည် သင်္ဘောမာလိန်မှူးနှင့် အတော်အတန်ဆင်တူသည်။ ထို့ပြင် သင့်အသက်တာတွင် သင်ရင်ဆိုင်ရဦးမည့် အခက်ခဲဆုံးသောအခြေအနေအချို့ကို ဖြတ်ကျော်ရန် လမ်းညွှန်ပေးသော သင့်မိဘများသည် သင်္ဘောရေကြောင်းပြတစ်ဦးနှင့်တူသည်။ သို့ရာတွင် ဆယ်ကျော်သက်အရွယ်၌ သင့်မိဘများ၏အကြံဉာဏ်ကို သင်လက်ခံရခက်ပေမည်။ အဘယ်ကြောင့်နည်း။
အဓိကပြဿနာမှာ နှလုံးကြောင့်ဖြစ်လေ့ရှိသည်။ သင့်ပုံဆောင်နှလုံးသည် တားမြစ်ထားရာကို လိုချင်စေပေမည် သို့မဟုတ် လွတ်လပ်မှုကို တားဆီးပုံပေါက်သည့်အရာမှန်သမျှကို မတရားဟု ထင်စေပေမည်။ “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ၏” ဟုကျမ်းစာက ဆိုသည်။ (ကမ္ဘာဦး ၈:၂၁) သင့်ရှေ့တွင် တကယ့်စိန်ခေါ်ချက်ရှိကြောင်း ယေဟောဝါက ရှင်းလင်းစွာဖော်ပြထားသည်။ “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။” (ယေရမိ ၁၇:၉) မကောင်းသောဆန္ဒများရှိစေသည့်အပြင် သင့်နှလုံးသည် သင့်ကိုလှည့်ဖြား၍ အတွေ့အကြုံပိုရှိသောမိဘများထက် သင်ပို၍သိနားလည်သည်ဟု ထင်မြင်စေသည်။ ခက်ခဲသောဆယ်ကျော်သက်အရွယ်ကို သင်ဖြတ်ကျော်သွားချိန်တွင် မိဘများ၏အကူအညီရယူဖို့ အကြောင်းကောင်းများစွာရှိသည်။
မိဘစကား အဘယ်ကြောင့် နားထောင်ရမည်နည်း
အရေးကြီးဆုံးမှာ မိသားစုကို အစပြုသူ ယေဟောဝါရှင်က သင့်မိဘများ၏ညွှန်ကြားချက်ကို နားထောင်သင့်သည်ဟု မိန့်မှာသည်။ (ဧဖက် ၃:၁၅) သင့်ကိုကြည့်ရှုရန် သင့်မိဘများအား ဘုရားသခင်က တာဝန်ပေးထားသောကြောင့် ကိုယ်တော်က ဤသို့ဆုံးမသည်– “သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။” (ဧဖက် ၆:၁-၃; ဆာလံ ၇၈:၅) ယခု သင်သည် ဆယ်ကျော်သက်အရွယ် ရှိနေမည်ဖြစ်သော်လည်း သင့်အားလမ်းညွှန်ပေးရန် သင့်မိဘများမှာ တာဝန်ရှိကြဆဲဖြစ်သည့်အပြင် သင်သည်လည်း နားထောင်ရမည့်တာဝန်ရှိသည်။ သားသမီးများသည် မိဘစကား နားထောင်ရမည်ဟု တမန်တော်ပေါလု ရေးသားသည့်အခါ မည်သည့်အသက်အရွယ်ရှိ သားသမီးများနှင့်မဆို သက်ဆိုင်သည့် ဂရိစကားလုံးတစ်လုံးကို အသုံးပြုခဲ့သည်။ ဥပမာ၊ မဿဲ ၂၃:၃၇ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ယေရုရှလင်မြို့သူမြို့သားအများစုမှာ အရွယ်ရောက်ပြီးသား လူကြီးများဖြစ်ကြ လင့်ကစား သူတို့ကို ‘သားသမီးတို့’ ဟု ယေရှုရည်ညွှန်းခေါ်ဆိုခဲ့သည်။
ရှေးခေတ်သစ္စာရှိအမျိုးသားများစွာသည် လူကြီးများဖြစ်လာကြပြီးနောက်ပင် မိဘစကားကို ဆက်နားထောင်ခဲ့ကြသည်။ ယာကုပ်သည် လူကြီးဖြစ်နေပြီဖြစ်သော်လည်း ယေဟောဝါအား မကိုးကွယ်သူ အမျိုးသမီးတစ်ဦးနှင့် လက်မထပ်ဖို့ ဖခင်၏အမိန့်ကို နာခံခဲ့သည်။ (ကမ္ဘာဦး ၂၈:၁၊ ၂) ဖြစ်နိုင်သည်မှာ ဘုရားသခင်မဲ့ ခါနာန်အမျိုးသမီးများကို အစ်ကိုဖြစ်သူ လက်ထပ်ခဲ့ခြင်းကြောင့် မိဘများ စိတ်ဆင်းရဲကြကြောင်း ယာကုပ် သတိပြုခဲ့မည်ဖြစ်သည်။—ကမ္ဘာဦး ၂၇:၄၆။
သင့်အား လမ်းညွှန်ပေးဖို့ ဘုရားသခင်ပေး တာဝန်ရရှိထားကြသည့်အပြင် သင့်ခရစ်ယာန်မိဘများသည် သင့်အားအကြံပေးသူများဖြစ်ရန် အရည်အချင်းအပြည့်မီဆုံးဖြစ်ကြမည်။ သို့ဖြစ်ရခြင်းမှာ သူတို့သည် သင့်ကိုကောင်းစွာသိထားကြပြီး နှစ်ပေါင်းများစွာ သင့်အား ကိုယ်ကျိုးမဲ့မေတ္တာ ပြခဲ့သောကြောင့်ဖြစ်သည်။ သင်္ဘော၏ ရေကြောင်းပြကဲ့သို့ပင် သူတို့သည် အတွေ့အကြုံရှိသူများ ဖြစ်ကြသည်။ သူတို့ကိုယ်တိုင်လည်း “လူပျိုတို့၏တပ်မက်ခြင်းကိလေသာစိတ်” ရှိခဲ့ဖူးသည်။ စစ်မှန်သောခရစ်ယာန်များအနေနှင့်လည်း ကျမ်းစာမူများကို လိုက်နာကျင့်သုံးခဲ့ခြင်းတန်ဖိုးကို ကိုယ်တိုင် သိနားလည်ခဲ့ကြသည်။—၂ တိမောသေ ၂:၂၂။
သင့်အနီးအနားတွင် ဤမျှအတွေ့အကြုံရင့်ကျက်သူရှိရာ သူတို့၏အကူအညီဖြင့် အခက်ခဲဆုံးအခြေအနေများကိုပင် အောင်မြင်စွာ သင်ကိုင်တွယ်သွားနိုင်ပါလိမ့်မည်။ ဥပမာ၊ လိင်ခြားသူနှင့် သင်၏ဆက်ဆံရေးကို သုံးသပ်ကြည့်ပါ။ ဤသိမ်မွေ့သောကိစ္စမျိုးတွင် သင်၏ခရစ်ယာန်မိဘများသည် သင့်အား မည်သို့လမ်းညွှန်ပေးနိုင်သနည်း။
လိင်ခြားသူကို စွဲလမ်းခြင်း
ရေအောက်ရှိ သဲသောင်များကို ဝေးဝေးမှရှောင်ရန် သင်္ဘောမာလိန်မှူးများအား ရေကြောင်းပြများက အကြံပေးတတ်သည်။ သဲသောင်များသည် ပျော့ပျောင်းသော်လည်း အလွန်စိုးရိမ်စရာရှိသည်၊ အကြောင်းမှာ ၎င်းတို့၏အနေအထားမှာ အမြဲပြောင်းတတ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင့်မိဘများသည် သင့်အား စိတ်လှုပ်ရှားစေမည့် ကျော့မိစေနိုင်စရာ အခြေအနေများမှ ခပ်ခွာခွာနေစေလိုပေမည်။ ဥပမာ၊ လိင်ခြားသူအပေါ် ခံစားချက်များသည် ပြင်းထန်နိုင်ပြီး အတိအကျဖော်ပြရန် ခက်ခဲမည်ဖြစ်ကြောင်း မိဘများသိထားကြသည်။ ယင်းခံစားချက်များပေါ်လာပြီဆိုလျှင် သင့်အား သောင်တင်သွားစေနိုင်သည်။
ဒိန၏ပုံနမူနာက အန္တရာယ်နှင့်နီးကပ်စွာနေခြင်း၏ အန္တရာယ်ကို ဖော်ပြသည်။ ဒိနသည် စပ်စုလွန်း၍ ပျော်ပါးလိုစိတ်ရှိခဲ့ခြင်းကြောင့် အကျင့်လျော့ရဲကြောင်းထင်ရှားသည့် ခါနာန်အမျိုးသမီးများနှင့် ပေါင်းသင်းလိုခဲ့ပေမည်။ အစပိုင်းတွင် အန္တရာယ်မရှိသော အပျော်သက်သက်မျှဖြစ်ပုံရသော်လည်း မကြာမီပင် ဝမ်းနည်းကြေကွဲစရာဖြစ်သွားလေသည်၊ ထိုမြို့မှ “အသရေအရှိဆုံး” လူငယ်တစ်ဦးက သူ့ကို ဗလက္ကာရပြုကျင့်လိုက်သည်။—ကမ္ဘာဦး ၃၄:၁၊ ၂၊ ၁၉။
ကျွန်ုပ်တို့အသက်ရှင်နေသည့် လိင်ကိုအသားပေးသောအချိန်သည် ထိုသို့သောအန္တရာယ်မျိုး ပိုများစေ၏။ (ဟောရှေ ၅:၄) လူငယ်အများစုက လိင်ခြားသူနှင့် ပျော်ပါးရခြင်းသည် စိတ်လှုပ်ရှားစရာအကောင်းဆုံးဖြစ်ပုံ ဖမ်းကြပေမည်။ သင့်အတွက် ဆွဲဆောင်မှုရှိသူတစ်ဦးနှင့် နှစ်ဦးတည်းနေခြင်းကို စဉ်းစားမိရုံဖြင့် ရင်ခုန်လာပေမည်။ သို့သော် မေတ္တာပြည့်ဝသောမိဘများက ဘုရားသခင့်စံနှုန်းများကို မလေးစားသူ လူငယ်များနှင့် မပေါင်းသင်းရန် သင့်အား ကြိုးစားတားဆီးပေလိမ့်မည်။
စပ်စုလိုစိတ်သည် ဆယ်ကျော်သက်များအား အန္တရာယ်ကို မမြင်သည့်အထိ ဖြစ်စေနိုင်ကြောင်း လော်ရာက ဝန်ခံသည်။ “ကျွန်မအတန်းထဲက မိန်းကလေးတွေက ကောင်လေးချောချောလေးတွေနဲ့ တစ်ညလုံး တွဲကကြတဲ့အကြောင်း ပြောပြတဲ့အခါ သူတို့မမေ့နိုင်တဲ့အတွေ့အကြုံလို ဖြစ်အောင်ပြောတတ်ကြတယ်။ သူတို့ချဲ့ကားပြောနေမှန်း သိပေမဲ့ ကျွန်မမှာစပ်စုချင်စိတ်ပေါ်လာပြီး သူတို့လို မပျော်ပါးရပါလားလို့ ထင်မိတယ်။ ကျွန်မမိဘတွေက အဲဒီလိုနေရာမျိုးတွေကို သွားခွင့်မပေးတာ ကောင်းမှန်းသိပေမဲ့ ကျွန်မ စူးစမ်းချင်စိတ်တွေ ပေါ်လာမိတယ်။”
သင်္ဘောများတွင် ဘရိတ်မရှိသောကြောင့် ချက်ချင်းမရပ်နိုင်ပါ။ အချစ်စိတ်သည်လည်း အလားတူဖြစ်ကြောင်း မိဘများ သိထားကြသည်။ ထို့ကြောင့် နယပုံပြင်ကျမ်းက ကာမစိတ် မချုပ်တည်းနိုင်သူတစ်ဦးအား အသတ်ခံရမည့် နွားတစ်ကောင်နှင့် နှိုင်းယှဉ်ထား၏။ (သု. ၇:၂၁-၂၃) သင်သည် ထိုသို့ဖြစ်လိုမည်မဟုတ်၊ စိတ်ပိုင်းနှင့် ဝိညာဉ်ရေးပိုင်းအရ သင်္ဘောပျက်ခြင်းကို ခံလိုမည် မဟုတ်ပေ။ ဤကဏ္ဍပိုင်းတွင် သင်၏နှလုံး သင့်အားလှည့်ဖြားနေသည်ကို သင့်မိဘများသိကောင်းသိမည်ဖြစ်ပြီး လိုအပ်သလို သင့်အား ဆုံးမကြပေမည်။ သူတို့၏စကားကို နားထောင်ခြင်းအားဖြင့် အန္တရာယ်ကို ရှောင်ကွင်းနိုင်ဖို့ ဉာဏ်ပညာရှိပါမည်လော။—သု. ၁:၈; ၂၇:၁၂။
ရွယ်တူချင်းဖိအားကို ရင်ဆိုင်ရသည့်အခါလည်း သင့်မိဘများ၏အကူအညီ လိုသည်။ သင့်အား သူတို့ မည်သို့ကူညီပေးနိုင်သနည်း။
သင့်ရွယ်တူချင်းများ၏သြဇာ
ဆွဲအားကောင်းသော ဒီရေ သို့မဟုတ် ရေစီးကြောင်းသည် သင်္ဘောတစ်စင်းကို လမ်းလွဲသွားစေနိုင်၏။ ယင်းရေစီးအားကို တိုက်ဖျက်ရန် သင်္ဘောကို အခြားတစ်ဖက်သို့ ဦးတည်မောင်းနှင်ရ၏။ အလားတူပင် အခြားလူငယ်များ၏သြဇာကို သင်မတွန်းလှန်နိုင်လျှင် သင်၏ဝိညာဉ်ရေးလမ်းကြောင်းမှ သွေဖည်သွားနိုင်သည်။
ဒိန၏အတွေ့အကြုံအရ “လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” (သု. ၁၃:၂၀) “လူမိုက်” ဟူသော ကျမ်းစာအသုံးအနှုန်းအရ ထိုသူသည် ယေဟောဝါအား မသိကျွမ်းသူ သို့မဟုတ် ကိုယ်တော်၏လမ်းစဉ်အတိုင်း မလျှောက်လှမ်းလိုသူဖြစ်ကြောင်း သတိရပါ။
သို့ရာတွင် သင့်အတန်းဖော်များ၏ သဘောထားများ သို့မဟုတ် အကျင့်များကို ငြင်းပယ်ရခက်ပေမည်။ မာရီယာ ဟိုစေးက ဤသို့ရှင်းပြသည်– “ကျွန်မကို တခြားလူငယ်တွေ လက်သင့်ခံတာလိုချင်တယ်။ ကျွန်မက လူထူးမဖြစ်ချင်တဲ့အတွက် သူတို့ကို အတတ်နိုင်ဆုံး အတုယူလုပ်ကိုင်လာတယ်။” သင်ကြိုက်နှစ်သက်တတ်သောသီချင်း၊ သင့်အဝတ်အစား၊ သင်စကားပြောဆိုပုံတို့သည် သင်သတိမပြုမိဘဲ သင့်ရွယ်တူချင်းများ၏သြဇာအတိုင်း ဖြစ်နေသည်ကို သင်သတိမပြုမိဘဲနေမည်။ သင်သည် သက်တူရွယ်တူချင်းများနှင့် ပေါင်းသင်းရ၍ ပျော်ရွှင်မှုရှိမည်ဖြစ်သည်။ ယင်းသည် သဘာဝပင်၊ သို့သော် အကျိုးပျက်စေနိုင်သည့် ဩဇာလွှမ်းမိုးခံရစရာအကြောင်းရှိစေနိုင်သည်။—သု. ၁:၁၀-၁၆။
လွန်ခဲ့သောနှစ်အနည်းငယ်က ရင်ဆိုင်ခဲ့ရသည့် ခက်ခဲသောအခြေအနေကို ကယ်ရိုလိုင်း ဤသို့ပြန်ပြောပြသည်– “ကျွန်မ ပေါင်းသင်းခဲ့တဲ့ မိန်းကလေးအများစုဟာ ၁၃ နှစ်အရွယ်လောက်ကစပြီး ရည်းစားထားကြတယ်၊ နှစ်အတော်ကြာပဲ သူတို့လိုလိုက်လုပ်ဖို့ ကျွန်မကိုဖိအားပေးကြတယ်။ ဒါပေမဲ့ ကျွန်မရဲ့အမေက အဲဒီခက်ခဲတဲ့အချိန်မှာ ကျွန်မကို ပဲ့ကိုင်ထိန်းကျောင်းပေးခဲ့တယ်။ ကျွန်မစကားကို သူအကြာကြီးနားထောင်ပေးတယ်၊ ကျွန်မကို ကျိုးကြောင်းရှင်းပြပေးတယ်၊ ကျွန်မ နည်းနည်းကြီးလာတော့မှ အဲသလိုဆက်ဆံမှုမျိုးတွေရှိဖို့ကောင်းတာကို သဘောပေါက်လာခဲ့တယ်။”
ကယ်ရိုလိုင်း၏မိခင်နည်းတူ သင့်မိဘများသည်လည်း ရွယ်တူချင်းဖိအားကို သတိထားဖို့၊ တချို့သောအမှုများကို မပြုလုပ်ဖို့၊ သို့မဟုတ် တချို့သူများနှင့် မပေါင်းသင်းဖို့ ဆုံးမပေးဖို့လိုသည်ဟု ယူဆကြပေမည်။ ထိုကိစ္စများနှင့်ပတ်သက်ပြီး မိဘများနှင့် အကြိမ်ကြိမ် အငြင်းအခုံဖြစ်ခဲ့ကြောင်းကို နာသန်သတိရသည်။ “ကျွန်တော့်သူငယ်ချင်းတွေက သူတို့နဲ့အလည်သွားဖို့ လာခေါ်ကြတယ်၊ ဒါပေမဲ့ အုပ်စုဖွဲ့ပြီး ဒါမှမဟုတ် အထိန်းအကွပ်မရှိတဲ့ပါတီပွဲတွေ သွားတာကို ကျွန်တော့်မိဘတွေက တားဆီးတယ်။ အဲဒီအချိန်တုန်းက တခြားမိဘတွေကြတော့ ဘာကြောင့် ခွင့်ပြုနိုင်တယ်ဆိုတာကို ကျွန်တော်နားမလည်နိုင်ခဲ့ဘူး။”
သို့ရာတွင် နောက်ပိုင်းတွင် နာသန်သဘောပေါက်သွားသည်။ “‘လူငယ်ရဲ့နှလုံးထဲမှာ မိုက်တဲ့သဘော ထုပ်ထားတာ’ ကိုကျွန်တော်သိလာတယ်။ အဲဒီမိုက်တဲ့သဘောဟာ လူငယ်တွေ အုပ်စုဖွဲ့တဲ့အခါ အလွယ်တကူ ပေါ်လာနိုင်တာကိုသိလာတယ်။ တစ်ယောက်က မကောင်းတာ တစ်ခုခု စလုပ်လိုက်တာနဲ့ နောက်တစ်ယောက်က နောက်တစ်ဆင့်တက်ပြီး ဆိုးပြလေရော၊ တတိယတစ်ယောက်က အဲ့ဒီထက်မက ပိုဆိုးပြတော့တာပဲ။ နောက်ဆုံး အခြားသူအားလုံးလည်း အဲ့ဒါကိုဝင်လုပ်မိကြရော။ ယေဟောဝါကို ကိုးကွယ်တဲ့ လူငယ်တွေတောင် ဒီလိုထောင်ချောက်မျိုးထဲ ကျရောက်သွားနိုင်တယ်။”—သု. ၂၂:၁၅။
နာသန်ရော မာရီယာဟိုစေးပါ သူတို့၏မိဘများက ရွယ်တူချင်းများ လုပ်ဆောင်ရာများကို နားယောင်ပြီးလိုက်လုပ်ဖို့ ခွင့်မပြုသည့်အခါ နှလုံးအလိုမလိုက်မိရန် ရုန်းကန်ခဲ့ကြရသည်။ သို့သော် သူတို့ စကားနားထောင်ခဲ့ကြသည့်အတွက် ဝမ်းမနည်းကြပါ။ နယပုံပြင်တွင် ဤသို့ဆိုသည်– “သင်၏နားကိုညွှတ်၍ ပညာရှိစကားကိုနားထောင်လော့။ ငါ့ပညာအတတ်ကိုလည်း စိတ်နှလုံး၌စွဲလမ်းလော့။”—သု. ၂၂:၁၇။
ဂုဏ်တင်ထိုက်
တိမ်းစောင်းနေသော သင်္ဘောကို ပဲ့ကိုင်ရခက်သည်၊ အတိမ်းစောင်းလွန်သွားလျှင် မှောက်သွားနိုင်သည်။ ကျွန်ုပ်တို့၏မစုံလင်မှုကြောင့် ကျွန်ုပ်တို့အားလုံးသည် အတ္တဆန်သည့်၊ တားမြစ်ရာကိုလုပ်လိုသည့် သဘောသို့ တိမ်းစောင်းတတ်ကြ၏။ ဤသို့သောဉာဉ်ဆိုးများရှိလင့်ကစား လူငယ်များသည် မိဘများ၏လမ်းညွှန်မှုကို ဂရုတစိုက်လိုက်လျှောက်ကြမည်ဆိုလျှင် အောင်မြင်နိုင်ပါသည်။
ဥပမာ၊ အသက်သို့ပို့ဆောင်သည့်လမ်းကျဉ်းနှင့် ပျက်စီးခြင်းသို့ရောက်စေသည့် လမ်းကျယ်တို့ကြားတွင် အလယ်လမ်းတစ်လမ်းရှိသေးသည်ဟူသော အယူအဆကို ငြင်းပယ်ရန် သင့်မိဘများက ကူညီပေးနိုင်သည်။ (မဿဲ ၇:၁၃၊ ၁၄) မှားယွင်းမှုကို အပြည့်အဝမဟုတ်ဘဲ အနည်းအကျဉ်းလိုက်စားနိုင်သည်ဟုယူဆခြင်းသည် မျိုမချဘဲ “အရသာ” ခံနိုင်သည်ဟု ယူဆခြင်းကဲ့သို့ပင် လက်တွေ့မကျချေ။ ထိုသို့သောလမ်းစဉ်ကို လိုက်လျှောက်ရန်ကြိုးစားသူတို့သည် ‘အယူအဆနှစ်မျိုးစပ်ကြားတွင် ယုံမှားသောစိတ်နှင့်ရပ်နေ’ ကြကာ ယေဟောဝါအား အတိုင်းအတာတစ်ခုအထိ ဝတ်ပြုကိုးကွယ်စဉ် ဤလောကနှင့် လောကရှိအရာများကို ချစ်နေကြသူများသည် ဝိညာဉ်ရေးအရ အလွယ်တကူ တိမ်းစောင်းသွားနိုင်ကြသည်။ (၃ ဓမ္မရာဇဝင် ၁၈:၂၁; ၁ ယောဟန် ၂:၁၅) ထိုသို့ အဘယ်ကြောင့်ဖြစ်ရသနည်း။ ကျွန်ုပ်တို့၏ အပြစ်ရှိသောဉာဉ်ဆိုးများကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့၏မစုံလင်သောဆန္ဒများ၏အလိုသို့လိုက်လျှင် ယင်းတို့သည် မိမိကို ပိုမိုလွှမ်းမိုးလာပေလိမ့်မည်။ ကျွန်ုပ်တို့၏ ‘စဉ်းလဲသောနှလုံး’ သည် တစ်လုတ်စာလောက် မြည်းစမ်းရရုံဖြင့် တင်းတိမ်တော့မည် မဟုတ်ချေ။ ပိုမိုလိုချင်လာလိမ့်မည်။ (ယေရမိ ၁၇:၉) ဝိညာဉ်ရေးတွင် ကျွန်ုပ်တို့အစပြု ရွေ့လျော့သွားပြီဆိုလျှင် ဤလောကသည် ကျွန်ုပ်တို့ကို ပိုမိုသြဇာလွှမ်းမိုးလာပါလိမ့်မည်။ (ဟေဗြဲ ၂:၁) သင်သည် ဝိညာဉ်ရေးတွင် တိမ်းစောင်းနေကြောင်း ကိုယ့်ကိုယ်ကိုသတိမပြုမိသော်လည်း သင့်မိဘများက သတိပြုမိပေမည်။ မှန်ပါသည်၊ သူတို့သည် ကွန်ပျူတာပရိုဂရမ်တစ်ခုကို သင့်လောက် တတ်မြန်မည်မဟုတ်သော်လည်း စဉ်းလဲသောနှလုံးအကြောင်းကိုမူ သင့်ထက် သူတို့ပိုသိထားကြသည်။ သူတို့သည် အသက်ရစေနိုင်သည့် ‘လမ်းပေါ် သင့်စိတ်နှလုံးကို ပို့ဆောင်’ ပေးလိုကြသည်။—သု. ၂၃:၁၉။
မှန်ပါသည်၊ သင့်မိဘများသည် တေးဂီတ၊ ဖျော်ဖြေမှုနှင့် ဝတ်စားဖြီးလိမ်းပုံစသည့် ခက်ခဲသောကဏ္ဍများတွင် သင့်အား လမ်းညွှန်ပေးကြသည့်အခါ အရာရာကို အပြစ်ဆိုဖွယ်မရှိ သူတို့စီရင်ပေးတတ်မည်ဟု မမျှော်လင့်ပါနှင့်။ သင့်မိဘများတွင် ရှောလမုန်၏ဉာဏ်ပညာ၊ ယောဘ၏စိတ်ရှည်သည်းခံမှုမျိုး ရှိချင်မှရှိမည်။ သင်္ဘောပဲ့ကိုင်တစ်ဦးကဲ့သို့ သတိထားလွန်း၍ တစ်ခါတစ်ရံ မှားတတ်ကြပေမည်။ သို့တိုင် သင်သည် ‘အဘ၏နည်းဥပဒေသကို နားထောင်၍ အမိ၏တရားကိုလည်း မပယ်’ လျှင် သူတို့၏လမ်းညွှန်မှုသည် တန်ဖိုးဖြတ်မရဖြစ်ပေလိမ့်မည်။—သု. ၁:၈၊ ၉။
တခြားလူငယ်များက သူတို့၏မိဘများကို အထင်အမြင်သေးစွာ ရှုတ်ချပြောဆိုကြပေလိမ့်မည်။ သို့တိုင် သင့်မိဘများသည် သမ္မာကျမ်းစာကို ကြိုးစားလိုက်လျှောက်နေကြမည်ဆိုလျှင် အချိန်အခါမရွေး အခက်အခဲအမျိုးမျိုး ရင်ဆိုင်ရချိန်တွင် သင့်အနီးအနားတွင် သင့်မိဘများရှိနေကြပါလိမ့်မည်။ အတွေ့အကြုံရှိသည့် ရေကြောင်းပြ၏အကြံဉာဏ်ကိုလိုက်ရသည့် သင်္ဘောမာလိန်မှူးကဲ့သို့ပင် ပညာရှိလမ်းစဉ်တွင်လျှောက်လှမ်းရန် သင့်မိဘများ၏လမ်းညွှန်ပေးမှု၊ ဦးဆောင်ပေးမှု လိုအပ်ပါသည်။ ရရှိမည့်အကျိုးရလဒ်များကို တွက်ချက်၍မကုန်နိုင်ချေ။
“ပညာသည် သင်၏နှလုံးထဲသို့ဝင်၍ သင်သည် သိကြားခြင်း၌မွေ့လျော်သောအခါ၊ [ကောင်းသော]သတိသည် သင့်ကိုထိန်းသိမ်း၍ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊ ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက်သောစကားကိုပြောတတ်သောသူ၊ ဖြောင့်မတ်သောလမ်းကိုစွန့်၍ မိုက်မဲသောလမ်းသို့လိုက်သောသူ . . . တို့၏လက်မှ . . . ကယ်တင်လိမ့်မည်။ . . . ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။”—သု. ၂:၁၀-၁၇၊ ၂၁။
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
အခြားလူငယ်များ၏သြဇာသည် သင့်ကို ဝိညာဉ်ရေး လမ်းလွဲသွားစေနိုင်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဒိန၏အတွေ့အကြုံကို သတိရပါ
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
သင်္ဘောမာလိန်မှူးတစ်ဦးသည် အတွေ့အကြုံရှိသော ရေကြောင်းပြတစ်ဦး၏ အကြံပေးချက်ကို ရှာယူသကဲ့သို့ လူငယ်များသည် ၎င်းတို့မိဘများ၏ လမ်းညွှန်မှုကို ရှာယူသင့်
[Picture Credit Line on page 24]
Photo: www.comstock.com