စစ်မှန်သောလုံခြုံမှု ခံစားရပါဦးမည်လော
စစ်မှန်သောလုံခြုံမှု ခံစားရပါဦးမည်လော
မိဘများနှင့်အတူ သားသမီးများ မြူးထူးပျော်ရွှင်စွာကစားနေသည့်မြင်ကွင်းကို မရှုစားလိုသူ မည်သူရှိသနည်း။ သားသမီးတို့သည် ဂရုစိုက်တတ်သည့်မိဘများနှင့်အတူ ရှိနေကြသောအခါ လုံခြုံမှုအပြည့်အဝရှိသည်ဟု ခံစားကြရသည်။ သို့တိုင် လူငယ်များစွာသည် ဤသို့သောပျော်ရွှင်ဖွယ်သမယများကို ခံစားရခဲလှ၏။ ထိုသို့ဖြစ်မည့်အစား ကလေးအချို့သည် ညအခါ အဘယ်နေရာတွင်အိပ်စက်ရမည်ကို နေ့တိုင်းပူပန်နေကြရသည်။ ဤအိုးမဲ့အိမ်မဲ့ကလေးများနှင့် လုံခြုံမှုကင်းမဲ့သည့် အခြားသူတို့အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း။
ဤသူတို့၏အနာဂတ်သည် မျှော်လင့်ချက်ကင်းမဲ့နေဟန်ရှိသော်လည်း သမ္မာကျမ်းစာက မျှော်လင့်ချက်ရှိစေသည်။ လူအပေါင်းသည် လုံလုံခြုံခြုံနေထိုင်ကြရတော့မည်ဖြစ်ကြောင်း ပရောဖက်ဟေရှာယကြိုဟောထားသည်။ သူဤသို့ရေးခဲ့၏– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။”—ဟေရှာယ ၆၅:၂၁၊ ၂၂။
သို့ရာတွင် ယင်းမျှော်လင့်ချက်သည် ခြေမြစ်ခိုင်လုံပါသလော။ အမှန်မှာ “မျှော်လင့်ချက်” ဟူသည့်စကားလုံးသည် သေချာပေါက်ဖြစ်ခြင်းကို အမြဲတမ်းမရည်ညွှန်းပေ။ သာဓကအနေနှင့် “နောက်ဆုံးတွင် မျှော်လင့်ချက်သည် ပျောက်ကွယ်သွား၏” ဟု ဘရာဇီးနိုင်ငံတွင် အဆိုရှိသည်။ ဆိုလိုသည်မှာ လူအများသည် မျှော်လင့်စရာအကြောင်း အခိုင်အလုံမရှိသည့်တိုင် မျှော်လင့်လျက်နေကြခြင်းဖြစ်သည်။ သို့ရာတွင် အသက်ရှင်တော်မူသော ဘုရားသခင်ပေးသည့် မျှော်လင့်ချက်မှာမူ ထိုသို့မဟုတ်ပေ။ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “[ဘုရားသခင်] ကို ယုံကြည်သောသူမည်သည်ကား စိတ်ပျက်ခြင်းမရှိ။” (ရောမ ၁၀:၁၁၊ ကဘ) ပြည့်စုံခဲ့ပြီးသော ကျမ်းစာပရောဖက်ပြုချက်များက ယေဟောဝါဘုရားသခင်ပေးခဲ့သည့် အခြားကတိတော်များအားလုံးလည်း အမှန်ပြည့်စုံလာမည်ဖြစ်ကြောင်း စိတ်ချစေ၏။ ထိုကတိတော်များ အမှန်တကယ်ပြည့်စုံလာသောအခါ ကလေးများ လမ်းပေါ်တွင်နေကြရသည့်အဖြစ်မှာ အတိတ်တွင် ကျန်ရစ်ခဲ့ပေလိမ့်မည်။
ယနေ့ပင် သမ္မာကျမ်းစာပါ လက်တွေ့ကျအကြံပြုချက်များက မျှော်လင့်ချက်ကင်းမဲ့နေသူတို့၏ဘဝကို တိုးတက်စေပြီး စစ်မှန်သောလုံခြုံမှုခံစားစေသည်။ မည်သို့ဖြစ်နိုင်မည်နည်း။ ဤမေးခွန်း၏အဖြေရရှိရန် သင့်ဒေသရှိယေဟောဝါသက်သေများ ကူညီပေးလိုကြပါသည်။