ကြောက်လန့်စရာကင်းသော ကမ္ဘာကို သင်တမ်းတသလော
ကြောက်လန့်စရာကင်းသော ကမ္ဘာကို သင်တမ်းတသလော
“‘အချိန်မရွေး၊ ပုံစံမရွေး အမှတ်တမဲ့ကျရောက်နိုင်သော မသေချာမရေရာသော . . . အန္တရာယ်’ ရှိသောကြောင့် ကျွန်ုပ်တို့သည် ‘အမြဲစိုးရိမ်တကြီးဖြစ်နေရသော အခြေအနေတွင် . . . ခိုကိုးရာမဲ့’ နေထိုင်နေကြရသည်။”
လွန်ခဲ့သောနှစ်က နယူးစ်ဝိခ်မဂ္ဂဇင်းတွင် ကိုးကားထားသော အဆိုပါစကားများက ကသောင်းကနင်းဖြစ်နေသော မျက်မှောက်လောကတွင် အသက်ရှင်နေရသူများစွာ၏ ခံစားချက်ကိုဖော်ပြပါသည်။ မဝေးတော့သည့်အနာဂတ်တွင် ထိုသို့သောစိတ်လှုပ်ရှားမှုများ တိုးများလာလိမ့်မည်ဟု ယေရှုခရစ်ဖော်ပြခဲ့သည်။ လူအမျိုးမျိုးတို့သည် ထိုသို့သောစိတ်ဝေဒနာများခံစားကြရပြီး လွတ်မြောက်ရာလမ်းမမြင်ဘဲ မြေကြီးပေါ်မှာ ဖြစ်လတ္တံ့သောဘေးများကိုမျှော်၍ ကြောက်လန့်သဖြင့် မေ့မျောသွားချိန်ရောက်လိမ့်မည်ဟု ကိုယ်တော်ကြိုပြောခဲ့သည်။ သို့သော် ကျွန်ုပ်တို့မူ ကြောက်လန့်စရာ၊ ခိုကိုးရာမဲ့ဖြစ်စရာမလိုပါ၊ အကြောင်းမှာ ယေရှုဤသို့ဆက်ပြောခဲ့သည်– “ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကိုရွေးနုတ်သောအချိန်ကာလ ရောက်လုနီးသည်ကိုထောက်သဖြင့်၊ မျှော်ကြည့်၍ခေါင်းကိုကြွကြလော့။”—လုကာ ၂၁:၂၅-၂၈။
အဆိုပါကယ်နုတ်ချိန်ပြီးနောက် မြေကြီးပေါ်ရှိ လူနေမှုအခြေအနေကို ယေဟောဝါဘုရားသခင် ဤသို့မိန့်မြွက်ခဲ့သည်– “ငါ၏လူတို့သည်လည်း ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သောချမ်းသာရာအရပ်တို့၌ နေရကြလိမ့်မည်။” (ဟေရှာယ ၃၂:၁၈) ပရောဖက်မိက္ခာမှတစ်ဆင့် ယေဟောဝါက “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ” ဟုမိန့်ဆိုခဲ့သည်။—မိက္ခာ ၄:၄။
ယင်းသည် မျက်မှောက်ခေတ် ဘဝအခြေအနေနှင့် ကွာခြားလိုက်လေခြင်း! မရေရာမသေချာသော အဘယ်အန္တရာယ်မျှ လူတို့ကိုခြိမ်းခြောက်လိမ့်မည်မဟုတ်။ အမြဲစိုးရိမ်တကြီးဖြစ်နေရသောအခြေအနေတွင် ခိုကိုးရာမဲ့ဖြစ်နေမည့်အစား အဆုံးမရှိ ငြိမ်သက်မှုနှင့် ပျော်ရွှင်မှုကို ခံစားကြရလိမ့်မည်။