‘ဖြောင့်မတ်သောသူတို့၏တဲမူကား ကြီးပွားလိမ့်မည်’
‘ဖြောင့်မတ်သောသူတို့၏တဲမူကား ကြီးပွားလိမ့်မည်’
ဟာမဂေဒုန်မုန်တိုင်း ရုတ်တရက်ကျရောက်ပြီး စာတန့်စနစ်ဆိုးကို အဆုံးတိုင်စေသောအခါ “မတရားသောသူ၏အိမ်သည် ပြိုလဲလိမ့်မည်။” “ဖြောင့်မတ်သောသူ [တို့] ၏တဲ” ကော အသို့နည်း။ ဘုရားသခင်၏ကမ္ဘာသစ်တွင် ‘ကြီးပွားလိမ့်မည်။’—သု. ၁၄:၁၁။
သို့ရာတွင် ‘အဓမ္မလူတို့ကို ပြည်တော်မှ ပယ်ရှားပြီး လွန်ကျူးသောသူတို့ကို နုတ်ပစ်’ မည့်အချိန်အထိ အပြစ်မရှိသောသူတို့သည် အဓမ္မလူတို့နှင့်အတူ နေကြရလိမ့်မည်။ (သု. ၂:၂၁၊ ၂၂) ယင်းအခြေအနေမျိုးအောက်တွင် ဖြောင့်မတ်သူများ ကြီးပွားနိုင်ကြပါမည်လော။ ကျွန်ုပ်တို့သည် ဉာဏ်ပညာနှင့်အညီ ပြောဆိုပြုမူမည်ဆိုလျှင် ယခုပင် အတိုင်းအတာတစ်ခုအထိ ချမ်းသာကြွယ်ဝပြီး တည်ငြိမ်မှုရှိနိုင်မည်ဖြစ်ကြောင်း နယပုံပြင် အခန်းကြီး ၁၄ အခန်းငယ် ၁ မှ ၁၁ တွင် ဖော်ပြထားသည်။
အိမ်ထောင်ကို ဉာဏ်ပညာဖြင့် တည်ဆောက်သောအခါ
မိသားစု၏ကောင်းကျိုးချမ်းသာကို ဇနီးသည် များစွာသြဇာပြုနိုင်ကြောင်း ရှေးဣသရေလရှင်ဘုရင် ရှောလမုန်က ဤသို့ဆိုသည်– “ပညာရှိသောမိန်းမသည် မိမိအိမ်ကို တည်ဆောက်တတ်၏။ မိုက်သောမိန်းမမူကား ကိုယ်လက်နှင့် ဖြိုဖျက်တတ်၏။” (သု. ၁၄:၁) ဉာဏ်ပညာရှိသူ အမျိုးသမီးတစ်ဦးသည် မိမိ၏အိမ်ကို မည်သို့တည်ဆောက်နိုင်ပါမည်နည်း။ ပညာရှိအမျိုးသမီးတစ်ဦးသည် ဦးစီးမှုဆိုင်ရာ ဘုရားသခင့်အစီအစဉ်ကို ရိုသေလေးမြတ်တတ်၏။ (၁ ကောရိန္သု ၁၁:၃) စာတန့်လောကတွင် စိမ့်ဝင်ပျံ့နှံ့နေသည့် လွတ်လပ်လိုစိတ်၏ ဩဇာကို သူမခံရချေ။ (ဧဖက် ၂:၂) မိမိ၏ခင်ပွန်းကို သူလက်အောက်ခံပြီး အမွှမ်းတင်ပြောဆိုလေ့ရှိသောကြောင့် အခြားသူတို့က ခင်ပွန်းကို ပို၍ရိုသေလေးစားလေတော့သည်။ ပညာရှိအမျိုးသမီးတစ်ဦးသည် မိမိသားသမီးများ၏ ဝိညာဉ်ရေးနှင့် လက်တွေ့ကျပညာ သွန်သင်ပေးရေးတို့တွင် ကိုယ်တိုင်ပါဝင်လေ့ရှိသည်။ မိမိအိမ်ထောင်၏အကျိုးကို ကြိုးစားဆောင်ရွက်သည်ဖြစ်ရာ မိမိ၏နေအိမ်ကို မိသားစုပျော်မွေ့ဖွယ်၊ သက်သောင့်သက်သာရှိသည့်နေရာ ဖြစ်စေသည်။ သူ၌ ဉာဏ်အမြော်အမြင်ရှိသောကြောင့် အသုံးအစွဲကျစ်လျစ်ပြီး ကောင်းစွာ စီမံအုပ်ချုပ်လေသည်။ အမှန်တကယ်ပညာရှိသော အမျိုးသမီးသည် မိသားစု၏ ကြီးပွားတိုးတက်မှုနှင့် တည်ငြိမ်မှုကို ဖြစ်ပွားစေသည်။
မိုက်သောအမျိုးသမီးမူကား ဦးစီးမှုဆိုင်ရာ ဘုရားသခင့် အစီအစဉ်ကို မလေးစားချေ။ မိမိလင်ယောက်ျားအကြောင်း မကောင်းပြောဆိုဖို့လည်း ဝန်မလေးချေ။ မခြိုးခြံမချွေတာတတ်သောကြောင့် ခဲခဲယဉ်းယဉ်းရှာဖွေထားသော အိမ်ထောင်၏အသုံးစရိတ်ကို သုံးဖြုန်းပစ်တတ်သည်။ အချိန်လည်း ဖြုန်း၏။ ထို့ကြောင့် သူ၏အိမ်သည် ဖရိုဖရဲဖြစ်ကာ သားသမီးများခမျာ ကာယရေးနှင့် ဝိညာဉ်ရေးဘက် ထိခိုက်ရရှာသည်။ မိုက်မဲသောသူသည် မိမိ၏အိမ်ထောင်ကို အမှန်ပင် ဖြိုဖျက်တတ်၏။
လူတစ်ဦးသည် ပညာရှိသူလော၊ မိုက်မဲသူလောဆိုသည်ကို မည်သို့ခွဲခြားသတ်မှတ်နိုင်မည်နည်း။ နယပုံပြင် ၁၄:၂ က ဤသို့ဆိုသည်– “ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ထာဝရဘုရား [ယေဟောဝါ] ကို ကြောက်ရွံ့တတ်၏။ ကောက်သောလမ်းသို့လိုက်သောသူမူကား မထီမဲ့မြင်ပြုတတ်၏။” ဖြောင့်မတ်သောသူသည် စစ်မှန်သောဘုရားသခင်ကို ကြောက်ရွံ့တတ်သည်၊ ယေဟောဝါ ‘ဘုရားသခင်ကို ကြောက်ရွံ့သောသဘောသည် ဉာဏ်ပညာ၏ အချုပ်အခြာဖြစ်၏။’ (ဆာလံ ၁၁၁:၁၀) ‘စစ်မှန်သော ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်’ ရမည့်တာဝန်ရှိကြောင်း အမှန်တကယ်ပညာရှိသူ သိရှိထား၏။ (ဒေ. ၁၂:၁၃) အခြားတစ်ဖက်တွင်မူ မိုက်မဲသူသည် ဘုရားသခင်၏ ဖြောင့်မတ်သောစံနှုန်းများနှင့်မညီသည့် လမ်းစဉ်ကို လိုက်လျှောက်တတ်သည်။ သူ၏လုပ်ပုံကိုင်ပုံများမှာ မရိုးသားချေ။ ထိုသို့သောသူသည် ဘုရားသခင်ကို မထီမဲ့မြင်ပြု၍ ‘ယေဟောဝါမရှိ’ ဟု ပြောဆိုလျက်နေ၏။—ဆာလံ ၁၄:၁။
နှုတ်ခမ်းများကို ဉာဏ်ပညာ လမ်းညွှန်သောအခါ
ယေဟောဝါအား ကြောက်ရွံ့ရိုသေသောသူနှင့် ကိုယ်တော့်ကို မထီမဲ့မြင်ပြုသူတို့၏ အပြောအဆိုနှင့်ပတ်သက်၍ အဘယ်အရာပြောဆိုနိုင်သနည်း။ ‘မိုက်သောသူ၏နှုတ်၌ မာနကြိမ်လုံးရှိ၏။ ပညာရှိသူတို့၏ နှုတ်ခမ်းမူကား ကိုယ်ကိုစောင့်ရှောက်တတ်၏’ ဟု ရှင်ဘုရင်က ဆို၏။ (သု. ၁၄:၃၊ သမ္မာ) အထက်အရပ်မှလာသော ဉာဏ်ပညာမရှိသည့် မိုက်မဲသူသည် အသင့်အတင့်မနေတတ်၊ အကျိုးသင့်အကြောင်းသင့်လည်း မစဉ်းစားတတ်ပေ။ သူ၏ခြေလှမ်းများကို လမ်းညွှန်ပေးသည့် ဉာဏ်ပညာသည် မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏။ ရန်လိုသည့်စကား၊ မောက်မာသည့်စကားများကိုသာ သူပြောဆိုတတ်သည်။ သူ၏နှုတ်မှထွက်သည့် မာနထောင်လွှားသောစကားများသည် မိမိကိုယ်တိုင်နှင့် အခြားသူများကို စိတ်ဆင်းရဲစေသည်။—ယာကုပ် ၃:၁၃-၁၈။
ပညာရှိ၏နှုတ်ခမ်းသည် သူ့ကို ကာကွယ်စောင့်ရှောက်ပေးကာ ကျေနပ်အားရစေသည်။ မည်သို့အားဖြင့်နည်း။ သမ္မာကျမ်းစာက ဤသို့ဆို၏– “သန်လျက်နှင့်ထိုးသကဲ့သို့ မစဉ်းစားဘဲ ပြောဆိုတတ်သောသူအချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုငြိမ်းစေတတ်၏။” (သု. ၁၂:၁၈၊ သမ္မာ) ပညာရှိ၏စကားသည် မစဉ်းစားမဆင်ခြင်ဘဲ ပြောဆိုသော၊ ထိခိုက်နာကြည်းစေသော စကားများမဟုတ်ပေ။ သူသည် မည်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။ (သု. ၁၅:၂၈) ဂရုတစိုက် စဉ်းစားချင့်ချိန်ပြောဆိုသည့် သူ၏စကားများသည် ကုစားပေးတတ်သည်၊ စိတ်ဓာတ်ကျနေသူတို့ကို အားပေးနှစ်သိမ့်တတ်၍ အနှိမ်ခံရသူတို့ကို စိတ်လန်းဆန်းစေသည်။ သူတစ်ပါးကို ဒေါသထွက်စေမည့်အစား သူ၏အပြောအဆိုသည် အသင့်အတင့်ရှိစေ၍ ငြိမ်သက်အေးဆေးမှုကို တိုးပွားစေသည်။
လူ့ကြိုးပမ်းမှုများကို ဉာဏ်ပညာ လမ်းညွှန်သည့်အခါ
လုပ်ငန်းတစ်ခုကို လက်ခံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ၎င်း၏ကောင်းကျိုး၊ ဆိုးကျိုးများကို အကဲဖြတ် ချင့်ချိန်ကြည့်ဖို့လိုကြောင်း စိတ်ဝင်စားစရာ နယပုံပြင်တစ်ခုကို ရှောလမုန် ဆက်ဖော်ပြသည်။ သူဤသို့ဆို၏– ‘နွားထီး [“ကျွဲနွားတိရစ္ဆာန်၊” ကဘ] မရှိသော တင်းကုပ် [“နွားစားခွက်၊” ကဘ] သည် စင်ကြယ်၏။ သို့သော်လည်း နွားခွန်အားကြောင့် အသီးအနှံများတတ်၏။’—သု. ၁၄:၄။
ဤနယပုံပြင်၏ အဓိပ္ပာယ်ကို ကိုးကားချက်တစ်ခုက ဤသို့ဖော်ပြသည်– “ဗလာကျင်းနေသည့် နွားတင်းကုပ် [နွားစားခွက်] က နွားရှဉ်း [ကျွဲနွားတိရစ္ဆာန်] မရှိကြောင်းကို ဖော်ညွှန်းလေရာ သန့်ရှင်းရေးလုပ်ခြင်း၊ တိရစ္ဆာန်များကို ကြည့်ရှုစောင့်ရှောက်ရခြင်းနှင့် အလုပ်မရှုပ်နေရခြင်း၊ အသုံးစရိတ်လည်းနည်းခြင်းကို ဖော်ပြသည်။ သို့သော် အခန်းငယ် ၄ခ အရ ဤ ‘အကျိုး’ သည် အချည်းနှီးဖြစ်သွား၏၊ နွားရှဉ်းကို အသုံးမပြုသောကြောင့် ရိတ်သိမ်းစရာနည်းမည်ကို ဆိုလိုသည်။” လယ်သမားတစ်ဦးသည် ပညာရှိရှိ ရွေးချယ်ဖို့လိုသည်။
ကျွန်ုပ်တို့သည် အလုပ်ပြောင်းမည်၊ နေထိုင်ရာအိမ်ကို ရွေးချယ်မည်၊ ကားဝယ်မည်၊ အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဝယ်မည် အစရှိသည်တို့ကို ပြုလုပ်မည်ဆိုလျှင် ဤနယပုံပြင်၏မူအတိုင်း ပြုလုပ်ရန်လိုမည်မဟုတ်ပေလော။ ပညာရှိသူသည် ကောင်းကျိုး၊ ဆိုးကျိုးများကို ချင့်ချိန်ဝေဖန်ပြီးမှ အမှန်တကယ် ကြိုးစားထိုက်မထိုက်၊ စရိတ်စကအကုန်ခံထိုက်မထိုက် အကဲဖြတ်ပေမည်။
သက်သေတစ်ဦး ပညာရှိသောအခါ
“မှန်သောသက်သေသည် မုသာမသုံးတတ်။ မမှန်သောသက်သေမူကား မုသာကိုသုံးတတ်၏” ဟု ရှောလမုန်က ဆက်ပြောသည်။ (သု. ၁၄:၅၊ သမ္မာ) မမှန်သောသက်သေ၏ လိမ်ညာမှုများသည် များစွာ ထိခိုက်နစ်နာစေတတ်သည်။ အဓမ္မလူနှစ်ယောက်၏ မမှန်သောသက်သေခံချက်ကြောင့် ယေဇရေလမြို့သား နာဗုတ်သည် ကျောက်ခဲနှင့်ပစ်သတ်ခံခဲ့ရ၏။ (၃ ဓမ္မရာဇဝင် ၂၁:၇-၁၃) ယေရှုသည်လည်း မမှန်သောသက်သေများကြောင့် သေဆုံးခဲ့ရသည် မဟုတ်ပေလော။ (မဿဲ ၂၆:၅၉-၆၁) မိမိ၏ယုံကြည်ခြင်းအတွက် ဦးဆုံးအသတ်ခံလိုက်ရသည့် ယေရှု၏တပည့် သတေဖန်ကိုလည်း မမှန်သောသက်သေများ စွပ်စွဲပြောဆိုခဲ့ကြ၏။—တမန်တော် ၆:၁၀၊ ၁၁။
သု. ၆:၁၆-၁၉) ထိုသို့သောသူသည် လူ့အသက်ကိုသတ်သောသူ၊ မတရားမေထုန်ပြုသောသူ၊ ရုပ်ပုံကိုးကွယ်သောသူများနှင့်အတူ ဒုတိယသေခြင်းဖြစ်သော ကန့်နှင့်ရောနှောသည့် မီးအိုင်ထဲတွင် ဝေပုံကျပါလိမ့်မည်။—ဗျာ. ၂၁:၈။
လိမ်လည်သူတစ်ဦးသည် လောလောဆယ် အဆင်ပြေနေမည်ဖြစ်သော်လည်း သူ၏အနာဂတ်ကို စဉ်းစားကြည့်ပါ။ ယေဟောဝါသည် “မုသာစကားကိုပြော၍ မမှန်သောသက်သေ” ခံသူကို မုန်းတော်မူကြောင်း သမ္မာကျမ်းစာကဆိုသည်။ (မှန်သောသက်သေသည် တရားရုံးတော်တွင် ကျမ်းသစ္စာကျိန်ဆိုရသည့်အခါ မုသားသက်သေမထွက်ဆိုပါ။ သူ၏သက်သေထွက်ဆိုချက်တွင် လိမ်ညာမှုများ မပါချေ။ သို့သော် ယင်းကြောင့် သူသည် ယေဟောဝါ၏လူမျိုးတော်ကို တစ်နည်းနည်းဖြင့် အန္တရာယ်ပြုလိုသူတို့အား သတင်းအပြည့်အစုံပေးရန် တာဝန်ရှိသည်ဟု မဆိုလိုချေ။ ဘိုးဘေး အာဗြဟံနှင့် ဣဇာက်တို့သည် ယေဟောဝါအား ဝတ်မပြုသူတို့ကို အဖြစ်မှန်အားလုံး မဖော်ပြခဲ့ကြချေ။ (ကမ္ဘာဦး ၁၂:၁၀-၁၉; ၂၀:၁-၁၈; ၂၆:၁-၁၀) ယေရိခေါမြို့သူ ရာခပ်သည် မင်းလုလင်တို့ကို တလွဲလမ်းညွှန်လိုက်၏။ (ယောရှု ၂:၁-၇) ယေရှုခရစ်ကိုယ်တော်တိုင်လည်း မခြွင်းမချန်ပြောဆိုခြင်းကြောင့် အန္တရာယ်ကျရောက်နိုင်သဖြင့် အတိအလင်းမပြောဘဲ နေခဲ့ဖူးသည်။ (ယောဟန် ၇:၁-၁၀) ကိုယ်တော်က “သန့်ရှင်းသောအရာကို ခွေးတို့အား မပေးကြနှင့်၊ သင်တို့၏ ပုလဲများကိုလည်း ဝက်တို့ရှေ့မှာ မချမထားကြနှင့်” ဟု မိန့်တော်မူခဲ့၏။ အဘယ်ကြောင့်နည်း။ သို့ပြုလျှင် “ထိုအရာများကို ကျော်နင်း၍ သင်တို့ကို လှည့်လျက် ကိုက်ပက်ကြလိမ့်မည်” ဖြစ်သည်။—မဿဲ ၇:၆၊ သမ္မာ။
‘အသိပညာသည် ရလွယ်သည့်အရာဖြစ်’ ချိန်ဝယ်
ဉာဏ်ပညာသည် လူခပ်သိမ်း ပိုင်ဆိုင်ရာဖြစ်သလော။ နယပုံပြင် ၁၄:၆ က ဤသို့ဆိုသည်– ‘မထီမဲ့မြင်ပြုသောသူသည် ဉာဏ်ပညာကို ရှာ၍မတွေ့ရ။ သိနားလည်သောသူအတွက်မူကား အသိပညာသည် ရလွယ်သောအရာဖြစ်၏။’ မထီမဲ့မြင်ပြုသူသည် ဉာဏ်ပညာကိုရှာသော်လည်း စစ်မှန်သောဉာဏ်ပညာကို ရှာဖွေ၍မရပါ။ မထီမဲ့မြင်ပြုသူသည် ဘုရားသခင်နှင့်ဆိုင်သည့်အရာများကို မောက်မောက်မာမာ မထီလေးစားပြုသောကြောင့် ဉာဏ်ပညာရှိဖို့ အခြေခံလိုအပ်ချက်ဖြစ်သည့် စစ်မှန်သောဘုရားသခင်၏ တိကျမှန်ကန်သောအသိပညာကို မရနိုင်ချေ။ သူ၏မာန်မာနနှင့် မောက်မာမှုတို့က သူ့အား ဘုရားသခင်အကြောင်းသင်ယူ၍ ဉာဏ်ပညာမရစေနိုင်ပါ။ (သု. ၁၁:၂) ထို့ကြောင့် ဉာဏ်ပညာကို သူ အဘယ်ကြောင့် ဒုက္ခခံ ရှာဖွေနေဦးမည်နည်း။ နယပုံပြင်က မဖော်ပြသော်လည်း ဖြစ်နိုင်ခြေရှိသည်မှာ မိမိအား ပညာရှိဟု အခြားသူများကို ထင်မြင်စေလို၍ဖြစ်မည်။
သိနားလည်တတ်သူသည် ‘အသိပညာကို အလွယ်တကူရ၏။’ သိနားလည်မှုကို “စိတ်နှင့် မိမိရရ သဘောပေါက်ခြင်း– သဘောပေါက်နားလည်နိုင်စွမ်း၊” “ထူးခြားသည့်အရာများ၏ ယေဘုယျသက်ဆိုင်မှုများကို သိမြင်နားလည်နိုင်စွမ်း” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ အကြောင်းအရာတစ်ခု၏ ရှုထောင့်အမျိုးမျိုးကို ဆက်စပ်နိုင်ပြီး တစ်စိတ်တစ်ပိုင်းကိုသာမဟုတ်ဘဲ ကိစ္စရပ်တစ်ခုလုံးကို သိမြင်နိုင်စွမ်းရှိခြင်းဖြစ်သည်။ ဤအရည်အချင်းရှိသူအတွက် အသိပညာရရှိရန် မခဲယဉ်းပါဟု ဤနယပုံပြင်က ပြောဆိုနေခြင်းပင်ဖြစ်၏။
ယင်းနှင့်စပ်လျဉ်း၍ အသင်ကိုယ်တိုင် ကျမ်းစာအမှန်တရားဆိုင်ရာ အသိပညာရရှိလာပုံကို စဉ်းစားသုံးသပ်ကြည့်ပါ။ သင်သည် သမ္မာကျမ်းစာကို စတင်လေ့လာသည့်အခါ ဘုရားသခင်အကြောင်း၊ ကိုယ်တော်၏ကတိတော်များ၊ ကိုယ်တော့်သားတော်အကြောင်းဖြစ်သော အခြေခံသွန်သင်ချက်များကို ဦးဆုံးသင်ယူခဲ့ပေမည်။ ယင်းတို့သည် သီးခြားအကြောင်းအရာများအဖြစ် အတန်ကြာရှိခဲ့ပေမည်။ သို့သော် သင်ဆက်၍လေ့လာသည့်အခါ အဆိုပါအပိုင်းအစများသည် ဆက်စပ်မှုရှိလာပြီး အချက်အလက်အသီးသီးသည် လူသားတို့နှင့် ကမ္ဘာမြေကြီးအတွက် ယေဟောဝါ၏ ရည်ရွယ်တော်မူချက်နှင့် မည်သို့ဆက်စပ်ကြောင်း သင် ရှင်းရှင်းလင်းလင်း သိမြင်လာသည်။ ထိုအခါ ကျမ်းစာအမှန်တရားသည် ဆင်ခြင်တုံတရားနှင့်ညီပြီး အပြန်အလှန်ဆက်စပ်မှုရှိလာသည်။ သည့်နောက် အသေးစိတ်အချက်အလက်အသစ်များကို သင်ယူပြီး
မှတ်မိစေရန် ပိုလွယ်ကူလာပြီ၊ အကြောင်းမှာ ရုပ်လုံးပေါ်လာစေရန် ယင်းတို့ကို မည်သို့ဆက်စပ်ပေးရကြောင်း သင်သဘောပေါက်လာသောကြောင့်ဖြစ်၏။ထိုပညာရှိဘုရင်ကြီးက မည်သို့သောသူထံ၌ အသိပညာရရှိမည်မဟုတ်ကြောင်း သတိပေး၏။ “မိုက်သောသူထံမှ ထွက်သွားလော့။ သူ၏နှုတ်ခမ်းသည် အသိပညာကို မမြွက်မဆိုတတ်” ဟု သူဆိုသည်။ (သု. ၁၄:၇၊ သမ္မာ) မိုက်သောသူ၌ စစ်မှန်သည့် အသိပညာမရှိချေ။ အသိပညာမြွက်ဆိုတတ်သည့် နှုတ်ခမ်းကို သူမပိုင်ဆိုင်ပါ။ ထို့ကြောင့် သူ့ထံမှ ရှောင်ထွက်သွားရန် အကြံပေးထားသည်၊ သူနှင့်ဝေးဝေးနေခြင်းက ပညာရှိရာကျ၏။ “လူမိုက်တို့နှင့်ပေါင်းဖော်သောသူ” မည်သူမဆို “ပျက်စီးလိမ့်မည်။”—သု. ၁၃:၂၀၊ သမ္မာ။
‘ပညာသတိရှိသောသူ၏ ဉာဏ်ပညာကား ကိုယ်သွားရာလမ်းကို ပိုင်းခြားသိမြင်ခြင်းတည်း။ မိုက်သောသူ၏ မိုက်မဲခြင်းမူကား လှည့်စားခြင်းတည်း’ ဟု ရှောလမုန်ဆက်ဆို၏။ (သု. ၁၄:၈) ပညာရှိသူသည် သူ၏လုပ်ရပ်များကို ဆင်ခြင်တတ်၏။ သူ၏အခွင့်အလမ်းများကို ဆင်ခြင်သုံးသပ်ပြီး ၎င်းတို့၏ကောင်းကျိုးဆိုးကျိုးကို ချင့်ချိန်နှိုင်းဆတတ်၏။ မိမိ၏လမ်းစဉ်ကို ပညာရှိရှိ ရွေးချယ်တတ်၏။ မိုက်သောသူမူကား အသို့နည်း။ မိုက်မဲသောလမ်းစဉ်ကို သူရွေးချယ်ကာ မိမိလုပ်ဆောင်ရာကို မိမိသိသည်၊ အကောင်းဆုံးကို ရွေးချယ်ပြုမူနေသည်ဟု ယူမှတ်တတ်၏။ သူ၏မိုက်မဲမှုသည် သူ့ကို လှည့်စားလေသည်။
ဆက်ဆံရေးများကို ဉာဏ်ပညာ လမ်းညွှန်ပေးသည့်အခါ
ဉာဏ်ပညာ၏လမ်းညွှန်မှုကို ခံယူသူသည် အခြားသူတို့နှင့် ငြိမ်းချမ်းစွာဆက်ဆံတတ်၏။ ‘မိုက်သောသူတို့သည် အပြစ်ကို ပြက်ရယ်ပြုကြ၏။ ဖြောင့်မတ်သောသူတို့မူကား တစ်ယောက်နှင့်တစ်ယောက် သဘောချင်းတိုက်ဆိုင်ကြ၏’ ဟု ဣသရေလရှင်ဘုရင်က ဆိုသည်။ (သု. ၁၄:၉) လူမိုက်တစ်ဦးအဖို့ အပြစ်ရှိသည်ဟူသောခံစားချက်သည် ရယ်စရာပင်ဖြစ်သည်။ သူသည် “မာနထောင်လွှားလွန်းသဖြင့် ကျေရာကျေကြောင်း အဘယ်အရာကိုမျှ မပြုလို၊” ပြန်၍သင့်တင့်အောင် မရှာကြံသဖြင့် အိမ်၌လည်းကောင်း၊ အခြားနေရာ၌လည်းကောင်း ဆက်ဆံရေးပျက်ပြားစေခဲ့၏။ (အင်္ဂလိပ်ကျမ်းစာသစ်) ဖြောင့်မတ်သောသူသည် အခြားသူတို့၏ ချွတ်ယွင်းချက်များကို ထည့်သွင်းစဉ်းစားပေးလိုစိတ်ရှိသည်။ သူသည် တောင်းပန်ဖို့အသင့်ရှိပြီး မိမိမှားနေပါက ကျေရာကျေကြောင်းပြုတတ်သည်။ ငြိမ်သက်ခြင်းကို သူမီအောင်လိုက်သောကြောင့် ပျော်ရွှင်ပြီး အခြားသူများနှင့် ဆက်ဆံရေးကောင်း၏။—ဟေဗြဲ ၁၂:၁၄။
လူမှုဆက်ဆံရေးအပေါ် ကန့်သတ်ထားသည့်အကြောင်းတစ်ခုကို ရှောလမုန် ဆက်လက်ဖော်ပြခဲ့သည်။ သူက ဤသို့ဆို၏– ‘စိတ်နှလုံးသည် မိမိခါးသီးမှုကို သိ၏။ စိတ်နှလုံးရွှင်လန်းခြင်းအကြောင်းကိုလည်း သူစိမ်းဝင်စွက်ဖက်မည်မဟုတ်။’ (သု. ၁၄:၁၀) ကျွန်ုပ်တို့၏ ဝမ်းနည်းစရာ၊ ရွှင်လန်းစရာ အတွင်းရေးအကြောင်းများကို အခြားသူများအား အမြဲဖော်ပြပြောဆိုနိုင်ပါသလော၊ ကျွန်ုပ်တို့တွေ့ ကြုံခံစားနေရရာများကို ခရေစေ့တွင်းကျ ပြောပြနိုင်ပါသလော။ သူတစ်ထူး မည်သို့ခံစားနေရသည်ကို အမြဲတမ်း အပြည့်အဝသိနားလည်နိုင်ပါသလော။ ဤမေးခွန်းနှစ်ခုစလုံး၏ အဖြေမှာ မဟုတ်ဟူ၍ဖြစ်သည်။
ဥပမာအနေနှင့် သတ်သေချင်စိတ်ကို သုံးသပ်ကြည့်ပါ။ သတ်သေချင်စိတ်ရှိသူတစ်ဦးသည် အဆိုပါခံစားချက်ကို မိသားစုမှတစ်ဦးတစ်ယောက်၊ သို့မဟုတ် မိတ်ဆွေတစ်ဦးအား ဖော်ထုတ်ပြောပြလိုစိတ်မရှိချေ။ အခြားသူများကလည်း မိမိတို့၏ မိတ်သင်္ဂဟတွင် ထိုသို့သောခံစားချက်များ၏ အရိပ်လက္ခဏာများကို အမြဲသတိမပြုမိတတ်ချေ။ အဆိုပါအရိပ်လက္ခဏာများကို ကျွန်ုပ်တို့မသိမြင်လိုက်သည့်အတွက်၊ အကူအညီမပေးမိခဲ့သည့်အတွက် မိမိမှာအပြစ်ရှိသည်ဟု ယူမှတ်စရာမလိုပါ။ စာနာတတ်သောမိတ်ဆွေတစ်ဦးက စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုပေးသည့်အခါ စိတ်သက်သာမှုရသည်မှန်သော်လည်း လူတို့ပေးနိုင်သော သက်သာမှုမှာ အကန့်အသတ်သာဖြစ်ကြောင်း ဤနယပုံပြင်က သွန်သင်ပေးသည်။ အချို့သောအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းသည့်အခါ ယေဟောဝါတစ်ပါးတည်းကိုသာ ကျွန်ုပ်တို့မှီခိုအားထားနိုင်ကြသည်။
“ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာကြွယ်ဝ”
သု. ၁၄:၁၁၊ သမ္မာ) ဤအစီအစဉ်စနစ်တွင် မတရားသောသူသည် ကြီးပွားတိုးတက်ပြီး အိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်နိုင်မည်ဖြစ်သော်လည်း သူမရှိတော့သည့်အခါ အဘယ်အကျိုးရှိပါမည်နည်း။ (ဆာလံ ၃၇:၁၀) အခြားတစ်ဖက်တွင်မူ ဖြောင့်မတ်သောသူ နေထိုင်ရာနေရာသည် တော်ရုံသင့်ရုံသာဖြစ်ပေမည်။ သို့သော် “ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝ” သည်ဟု ဆာလံ ၁၁၂:၃ ကဆို၏။ ယင်းတို့ကား အဘယ်နည်း။
“မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သောသူ၏တဲမူကား ပွင့်လန်း [“ကြီးပွား”၊ ကဘ] တတ်၏” ဟု ဣသရေလရှင်ဘုရင်ကဆို၏။ (ကျွန်ုပ်တို့၏အပြောအဆို၊ အပြုအမူများသည် ဉာဏ်ပညာ၏ လမ်းညွှန်မှုအတိုင်းဖြစ်မည်ဆိုလျှင် ဉာဏ်ပညာနှင့်ဆိုင်သည့် “စည်းစိမ်နှင့် ဂုဏ်အသရေ” ကျွန်ုပ်တို့၌ရှိသည်။ (သု. ၈:၁၈) ယင်းတို့တွင် ဘုရားသခင်နှင့်လည်းကောင်း၊ လူလူချင်းနှင့်လည်းကောင်း ငြိမ်းချမ်းသောဆက်ဆံရေးရှိခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းနှင့် တည်ငြိမ်မှုအတော်အသင့်ရှိခြင်းတို့ ပါဝင်သည်။ မှန်ပါသည်၊ “ဖြောင့်မတ်သောသူတို့၏တဲ” သည် ယခုပင် ကြီးပွားတိုးတက်နိုင်ပါသည်။
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ပညာရှိသောမိန်းမသည် မိမိ၏အိမ်ကို တည်ဆောက်တတ်၏
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
“ပညာရှိတို့၏လျှာမူကား အနာကိုငြိမ်းစေတတ်၏”