မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“မိတ်သင်္ဂဟ ကျွန်းများ”မှ ဘုရားသခင့် မိတ်ဆွေများ

“မိတ်သင်္ဂဟ ကျွန်းများ”မှ ဘုရားသခင့် မိတ်ဆွေများ

“မိတ်သင်္ဂဟ ကျွန်း​များ”မှ ဘုရားသခင့် မိတ်ဆွေများ

ရွက်သင်္ဘော​တစ်စီး​သည် ၁၉၃၂ ခုနှစ်​တွင် တွန်ဂါ​ကျွန်း​နိုင်ငံ​သို့ အဖိုးထိုက်​လှ​သည့် မျိုးစေ့​များ ယူဆောင်​လာ​ခဲ့​၏။ သင်္ဘော​မာ​လိ​န်မှူး​သည် ချားလ်ဇ် ဗဲ့​တဲ့​အား “သေလွန်သူ​များ အဘယ်​မှာ​နည်း” ဟူ​သည့်​စာအုပ်​ငယ်​ကို ပေး​ခဲ့​သည်။ အမှန်တရားကို သူ​တွေ့ ပြီ​ဟု ချားလ်ဇ်​ယုံကြည်​လိုက်​လေ​သည်။ နောက်ပိုင်း​တွင် အဆိုပါ​စာအုပ်​ငယ်​ကို မိမိ၏​မိခင်​ဘာသာ​စကား​ဖြင့် ဘာသာ​ပြန်ပေး​ပါ​ဟူသော ချားလ်ဇ်​၏​တောင်းဆိုမှု​ကို ယေဟောဝါသက်သေ​များ​၏ ဌာနချုပ်​က သဘောတူ​လိုက်​သည်။ ဘာသာပြန်​ပြီးသွား​သောအခါ ပုံနှိပ်​ထား​သည့်​စာအုပ်​ငယ် အုပ်ရေ ၁,၀၀၀ ကို သူ​ရရှိခဲ့​ပြီး ၎င်းတို့ကို စတင်​ဖြန့်ဝေ​လေ​တော့​သည်။ ဤ​ကား တွန်ဂါ​နိုင်ငံ​တွင် ယေဟောဝါ​၏​နိုင်ငံတော်​သတင်းတရား​နှင့်​ပတ်သက်​သည့် အမှန်တရား​မျိုးစေ့​များ စတင်​ပျံ့နှံ့​ခဲ့​ပုံ​ဖြစ်သည်။

တောင်​ပစိဖိတ်​မြေပုံ​ပေါ်​တွင် ဒက္ခိ​ဏ​ယ​ဉ်​စွန်း​တန်း​နှင့် အပြည်ပြည်ဆိုင်ရာ ရက်​သတ်​မျဉ်း​တို့​ဆုံ​ရာ အနောက်ဘက်​နား​တွင် တွန်ဂါ​ကျွန်း​နိုင်ငံ​ကို သင်​တွေ့ရှိ​နိုင်​ပါ​သည်။ ၎င်း​၏​အကြီးဆုံး​ကျွန်း​ဖြစ်သော တွန်ဂါ​တာ​ပူ​သည် န​ယူးဇီ​လ​န်​နိုင်ငံ၊ အော့​က​လ​န်​မြို့​၏ အရှေ့မြောက်ဘက် ၁,၂၅၀ မိုင်​အကွာ​ခန့်​တွင် တည်ရှိ​သည်။ တွန်ဂါ​ကျွန်း​နိုင်ငံ​ကို ကျွန်း​ပေါင်း ၁၇၁ ကျွန်း​ဖြင့် ဖွဲ့စည်းထား​ပြီး ကျွန်း ၄၅ ကျွန်း​တွင် လူနေ​၏။ ၁၈ ရာစု​က ကျော်ကြား​သော ဗြိတိသျှ​လူမျိုး နယ်မြေ​သစ်​စူးစမ်း​ရှာဖွေရေး​သ​မား ဂျိမ်းစ် ကွတ်​ခ်​သည် အဆိုပါ​ထီးတည်း​ကျွန်း​များ​ကို မိတ်သင်္ဂဟ ကျွန်း​များ​ဟု အမည်တပ်​ခဲ့​သည်။

လူဦးရေ ၁၀၆,၀၀၀ ခန့်​ရှိ တွန်ဂါ​ကျွန်း​နိုင်ငံ​ကို ကျွန်းစု​ကြီး​သုံးခု​ဖြင့် ပေါင်းစပ်​ထား​ရာ အဓိက​ကျွန်းစု​များ​မှာ တွန်ဂါ​တာ​ပူ၊ ဟာ​အား​ပေ​နှင့် ဗာဗာအူ​တို့​ဖြစ်​ကြသည်။ ယေဟောဝါသက်သေ​များ​၏ ဒေသခံ​အသင်းတော်​ငါး​ခု​အနက် သုံးခုမှာ လူနေ​အစ​ည်​ကား​ဆုံး​ဖြစ်သည့် တွန်ဂါ​တာ​ပူ​ကျွန်းစု​တွင်​ရှိပြီး တစ်ခု​မှာ ဟာ​အား​ပေ​တွင်​ဖြစ်​ပြီး ကျန်​တစ်ခု​မှာ ဗာဗာအူ​တွင်​ဖြစ်သည်။ ဘုရားသခင်​၏​မိတ်ဆွေများ​ဖြစ်လာ​ဖို့ လူ​တို့ကို​ကူညီ​ပေး​ရန် ယေဟောဝါသက်သေ​များ​တွင် မြို့တော်​နူ​ကူ​အာ​လို​ဖာ​အနီး​၌ ခရစ်ယာန်​သာသနာပြု​နေအိမ်​တစ်လုံး​နှင့် ဘာသာပြန်​ဌာန​တို့​ရှိကြသည်။—ဟေရှာယ ၄၁:၈

ချားလ်ဇ် ဗဲ့​တဲ့​သည် ၁၉၆၄ ခုနှစ်​အထိ နှစ်ခြင်း​မခံ​သေး​သော်လည်း ၁၉၃၀ ပြည့်လွန်​နှစ်များ​မှ​စ၍ သူ့ကို ယေဟောဝါသက်သေ​တစ်ဦး​အဖြစ် အများ​က သိထားကြသည်။ သက်သေခံခြင်း​လုပ်ငန်း​တွင် အခြားသူ​တို့သည် သူနှင့်​အတူ ပါဝင်​လာ​ခဲ့​ကြ​ရာ ၁၉၆၆ ခုနှစ်​တွင် လူဦးရေ ၃၀ ဆံ့​သည့် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု​ကို ဆောက်လုပ်​နိုင်​ခဲ့​၏။ ၁၉၇၀ ပြည့်နှစ်​တွင် နူ​ကူ​အာ​လို​ဖာ​၌ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၂၀ ရှိ အသင်းတော်​တစ်ခု​ကို ဖွဲ့စည်း​နိုင်​ခဲ့​လေ​သည်။

ထို​အချိန်​ကတည်းက တွန်ဂါ​ကျွန်း​များ​တွင် “ထာဝရ​ဘုရား[သခင်]ကို ချီး​မြှောက်၍ တစ်ကျွန်း​တစ်နိုင်ငံ​အရပ်​တို့​၌ ဂုဏ်တော်​ကို​ထင်ရှား​စွာ ချီးမွမ်း​ကြ​စေ” ဟူသော ပရောဖက်​ဟေရှာယ​၏​စကား​များ ပြည့်စုံ​လာ​သည်ကို ရှင်းလင်းစွာ တွေ့မြင်​နိုင်​သည်။ (ဟေရှာယ ၄၂:၁၂) လူများစွာ​တို့ကို ယေဟောဝါ​နှင့်​ဆက်ဆံ​ရေး​ရှိစေရန် ကူညီ​ပေး​လျက်​ရှိရာ ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်းမှာ မပြတ်​တိုးတက်လာ​ခဲ့​၏။ ၂၀၀၃ ခုနှစ်​တွင် နူ​ကူ​အာ​လို​ဖာ​ခရိုင်​စည်းဝေးကြီး​၌ အများဆုံး​တက်ရောက်သူ ၄၀၇ ဦး​ရှိပြီး ၅ ဦး နှစ်ခြင်း​ခံ​ခဲ့​သည်။ ၂၀၀၄ ခုနှစ် သတိရအောက်မေ့ပွဲကို ၆၂၁ ဦး တက်ရောက်​ခဲ့​ခြင်း​က တိုးတက်လာ​ဦး​မည်​ကို ညွှန်ပြ​နေသည်။

ရိုးရှင်း​သော​အသက်တာဖြင့် နေထိုင်ခြင်း

သို့သော် မြို့တော်​နှင့်​အတန်​ငယ်​ဝေး​သော ဒေသ​တို့​တွင် ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ သိသိသာသာ လိုအပ်​နေဆဲ​ပင်။ ဥပမာ၊ ဟာ​အား​ပေ​ကျွန်းစု​၏ ကျွန်း ၁၆ ကျွန်း​ပေါ်​တွင် နေထိုင်ကြ​သူ ၈,၅၀၀ တို့သည် ကျမ်းစာ​အမှန်တရား​အကြောင်း ပိုမို​ကြားသိ​ဖို့​လို​နေသည်။ ဟာ​အား​ပေ​ကျွန်းစု​သည် အုန်း​တော​များ​ဖြင့်​ပြည့်နေ​သော ဖြူ​လွှလွှ သဲသောင်​ကမ်းခြေ​ရှည်​များ​ရှိရာ မြေ​နိမ့်​ကျွန်း​များ​ဖြစ်သည်။ ထို​တွင်​ရှိ သမုဒ္ဒရာ​ရေပြင်​မှာ ထူးထူးခြားခြား ကြည်လင်​နေပြီး အနက်​ပေ ၁၀၀ ကျော်​အထိ မြင်​ရလေ့​ရှိ၏။ သန္တာ​ကျောက်တန်း​များနှင့် မျိုးစိတ်ပေါင်း​တစ်​ရာ​ကျော်​ရှိ အပူပိုင်း​ဒေသ​ရောင်စုံ​ငါး​များ​အကြား ကူးခပ်​သွားလာခြင်း​က အတွေ့အကြုံ​ဆန်း​တစ်ခု​ပင်။ အများအားဖြင့် ရွာ​ငယ်​လေး​များ​ဖြစ်​ကြသည်။ အိမ်များ​မှာ ရိုးရိုးလေး​ဖြစ်သော်လည်း အပူပိုင်း​ဒေသ ဆိုင်ကလုန်း​မုန်တိုင်း​များ​ဒဏ်​ကို ခံနိုင်​အောင် တည်ဆောက်​ထား​ကြသည်။

ပေါင်​သီး​ပင်​နှင့် သရက်​ပင်​တို့သည် အရိပ်​လည်း​ရ၊ အစာ​လည်း​ရသည်။ တစ်နေ့တာ​၏​အချိန်​အများစု​သည် အစားအစာ​ရှာဖွေ၊ ပြင်ဆင်ခြင်း​ဖြင့် ကုန်လွန်​သွား​ရသည်။ ကျွန်း​သူ​ကျွန်းသား​များသည် ဝက်​သား​အပြင် ပင်လယ်​မှ​ရသော​အရာ​တို့ကို​လည်း ဖောဖောသီသီ စားသုံး​ကြ​၏။ မိသားစု​ပိုင် မြေကွက်​များ​တွင် သစ်​ဥ​သစ်​ဖု​များနှင့် ဟင်းသီးဟင်းရွက်​များ စိုက်​ပျိုး​ထား​ကြ​၏။ ရှောက်မျိုးဝင်​အပင်များ​သည် အလေ့​ကျ​ပေါက်​တတ်၏၊ အုန်း​ပင်​များနှင့် ငှက်​ပျော​ပင်​များ​မှာ အမြောက်အမြား​ပင်။ ဘ​ယ​ဆေးပင်​ငယ်​များ၊ အရွက်​များ၊ အခေါက်​များ၊ အမြစ်များ​နှင့်​ဆိုင်​သည့် ဒေသန္တရ ဗဟုသုတ​ကို ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်း​ပေး​သွား​ကြသည်။

ဟာ​အား​ပေ​၏ နှစ်ခြိုက်​ဖွယ်​အကောင်းဆုံး​အရာ​မှာ အေးချမ်း​သည့်​ဝန်းကျင်​နှင့် အလိုက်သင့်​နေထိုင်​တတ်​သည့် ဖော်ရွေ​ခင်မင်​တတ်​သူများ​ဖြစ်​ကြသည်။ ဤ​ကျွန်း​တွင် ရိုးရှင်း​ခြင်း​က ဘဝ​ပုံစံ​တစ်ခု​ဖြစ်၏။ အမျိုးသမီး​အများစု​သည် လက်မှုပညာ​များ​ဖြစ်သည့် တောင်း​ရက်​ခြင်း၊ တာ​ပါ​အထည်​ကြမ်း​များနှင့် ဖျာ​များ​ရက်လုပ်ခြင်း​တို့ကို ကျင်လည်​တတ်မြောက်​ကြ​၏။ အလုပ်လုပ်​နေစဉ် တွန်ဂါ​အမျိုးသမီးများ​သည် အရိပ်​ရ​အပင်​အောက်တွင် ထိုင်​စကားပြော​ကြ၊ သီချင်းဆို​ကြ၊ ရယ်မော​ကြ​ပြီး အနီးအနား​တွင်​မူ ကလေး​များ​က ကစား​သူက​စား၊ အိပ်​သူက​အိပ်​နေ​ကြလေ့​ရှိသည်။ ဒီရေ​ကျ​ချိန်​တွင် များသောအားဖြင့် အမျိုးသမီးများ​သည် ကျောက်ဆောင်​များ​ရှိ အခွံမာ​ရေ​သတ္တဝါများ၊ စား​လို့​ရသည့် အခြား​ပင်လယ်​သတ္တဝါများ​နှင့် အလွန်​အရသာ​ရှိသည့် အသုပ်​လုပ်​စား​ရသော ကြွပ်ဆတ်ဆတ် ကျောက်ပွင့်​များ​ကို ရှာဖွေ​တတ်ကြ​သည်။

အမျိုးသား​အများစုမှာ​မူ ခြံစိုက်၊ ငါးဖမ်း၊ ပန်း​ပု​ထု၊ လှေ​ဆောက်၊ ငါးဖမ်း​ပိုက်​များ​ဖာ​ခြင်း​တို့​ဖြင့် အချိန်ကုန်​ကြသည်။ အမျိုးသား၊ အမျိုးသမီးနှင့် ကလေး​များသည် အခြား​ကျွန်း​များ​ပေါ်​ရှိ ဆွေမျိုး​များ​ထံ​လည်ပတ်​ရန်၊ ဆေး​ကုသ​ရန်၊ မိမိတို့၏ ခြံထွက်​သီးနှံများ​ကို​ရော​င်း​ရန် ပေါင်း​မိုး​ငါးဖမ်း​လှေ​ကလေး​များ​ဖြင့် ခရီး​သွားလာ​ကြ​၏။

သတင်းကောင်း​အတွက် ဝေးလွန်း​သည့်​နေရာ​မရှိ

ခရစ်ယာန်​သာသနာပြု​မောင်နှံ​နှင့် ရှေ့ဆောင်​ဓမ္မ​အမှုဆောင်​နှစ်ဦး​သည် ၂၀၀၂ ခုနှစ် သတိရအောက်မေ့ပွဲ​မတိုင်မီ ချမ်းမြေ့​ဖွယ်​ကောင်း​သည့် ဤ​ကျွန်းစု​သို့ ရောက်လာ​ခဲ့​ကြ​၏။ ယခင်​က ရံဖန်ရံခါ အဆက်အသွယ်​ရှိ​ထားခဲ့​၍ ဟာ​အား​ပေ​ကျွန်းသား​တို့​တွင် ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည့် စာပေ​များ ရရှိ​ထား​ကာ သက်သေခံ​များနှင့် ကျမ်းစာ​ပင် လေ့လာ​ခဲ့​ကြသည်။

အလည်အပတ်​ရောက်ရှိ​လာ​သည့် ကျမ်းစာ​သွန်သင်သူ​လေးဦး​တွင် ကျမ်းစာ,စာပေ​ဝေငှ​ရန်၊ အိမ်တွင်း​ကျမ်းစာ​သင်အံမှုများ​စတင်​ရန်​နှင့် စိတ်ဝင်စားသူ​များ​ကို သခင့်​ညစာ​စားပွဲ​သို့ ဖိတ်ခေါ်​ရန်​ဟူသော ရည်မှန်းချက်​သုံးရပ်​ရှိသည်။ ယင်း​ရည်မှန်းချက်​အားလုံး ပြည့်ဝ​ခဲ့​လေ​သည်။ ယေရှု၏​သေခြင်း​အောက်မေ့ရာပွဲ တက်ရောက်​ရန် ဖိတ်ခေါ်ချက်​ကို လူပေါင်း​ကိုးဆ​ယ့်​ခု​နစ်​ဦး လက်ခံ​တက်ရောက်​ခဲ့​ကြ​၏။ ၎င်း​တို့​အထဲ​မှ အချို့​သည် မိုး​သက်​လေပြင်း​ကျရောက်​နေသည့်​ကြား​မှ အမိုး​မပါ​သော​လှေများ​ဖြင့် ခရီးနှင်​လာ​ခဲ့​ကြသည်။ ရာသီဥတု​ဆိုးရွား​သောကြောင့် များစွာသော​သူတို့သည် သတိရအောက်မေ့ပွဲ​ကျင်းပ​သည့်​အရပ်၌​ပင် ညအိပ်​ခဲ့​ရ​ကြ​ပြီး နောက်​တစ်နေ့​ရောက်​မှ မိမိတို့​နေအိမ်​သို့ ပြန်​ကြ​လေ​သည်။

သတိရအောက်မေ့ပွဲ ဟောပြောချက်​ပေး​သူ၏ အခြေအနေ​မှာ စိန်ခေါ်ချက်​ဖြစ်​ပေ​သည်။ “တစ်​ညနေ​ထဲမှာ​ပဲ သတိရအောက်မေ့ပွဲ ဟောပြောချက်​နှစ်ခု​ကို ဘာသာ​ခြား​စကား​နဲ့ ပေး​ခဲ့​ရတဲ့​အတွက် ဘယ်လောက်​တုန်လှုပ်​မိ​သလဲ​ဆိုတာ ကျွန်တော် ပြော​မပြ​တတ်​တော့​ဘူး။ ကျွန်တော် ဘယ်လောက် စိုးရိမ်​နေမယ်​ဆိုတာ​ကို စဉ်းစား​ကြည့်​နိုင်တယ်။ ဆုတောင်းခြင်း​ဟာ တော်​တော့်​ကို အထောက်အကူ​ရတယ်! ကျွန်တော် ပြောတတ်​တယ်လို့​တောင် မထင်​ခဲ့​တဲ့ စကားလုံး​တွေ​နဲ့ ဝါကျ​တည်ဆောက်​ပုံ​တွေ​ကို ပြန်သတိရ​လာတယ်” ဟု ဟောပြောချက်​ပေး​ခဲ့​သည့် ခရစ်ယာန်​သာသနာပြု​က ပြန်ပြောင်း​ပြောပြ​သည်။

ဟာ​အား​ပေ​ကျွန်း​များ​တွင်​ရှိ စိတ်ဝင်စားမှု​ကို ဧဝံဂေလိ​ဟောပြောသူများ ပျိုးထောင်​ပေး​မှု​ကြောင့် အိမ်ထောင်သည် မောင်နှံ​နှစ်စုံ နှစ်ခြင်း​ခံ​ခဲ့​ကြ​၏။ အထက်ပါ​မောင်နှံစုံ​တစ်စုံ​မှ ခင်ပွန်း​ဖြစ်သူ​သည် ဒေသခံ​ချာ့ခ်ျ​တွင် ဓမ္မ​ဆရာ​ဖြစ်​ဖို့ လေ့ကျင့်မှု​ခံယူ​နေစဉ် သက်သေခံ​များ​၏​စာပေ​ကို စိတ်ဝင်စား​ခဲ့​ခြင်း​ဖြစ်သည်။

ဤ​အမျိုးသား​နှင့် သူ၏​ဇနီးသည် ဆင်းရဲ​သော်လည်း ချာ့ခ်ျ​တွင် နှစ်စဉ်​ရန်ပုံငွေ​တိုးမြှင့်​ရေး ဝတ်ပြု​ဆုတောင်းပွဲ​ကျင်းပ​နေစဉ်​အတွင်း သူတို့၏​အမည်​ကို ကြေညာ​သည့်​အခါ အလှူငွေများ​များ ထည့်​ဝင်လေ့​ရှိ၏။ ယခင်​က အလည်​လာ​ဖူး​သည့် သက်သေခံ​တစ်ဦး​က အဆိုပါ​လင်သား​ဖြစ်သူ​အား သူ၏​ကျမ်းစာ​အုပ်​ကို​ဖွင့်​၍ တိမောသေ ပထမ​စောင် ၅:၈ [သမ္မာ] ကို ဖတ်​စေ​သည်။ “မိမိလူ​တို့ကို အထူးသဖြင့်​ဆို​သော် အိမ်သူအိမ်သား​တို့ကို မပြု​စု​သော​သူ​မည်​သည်​ကား ယုံကြည်ခြင်း​တရားကို ငြင်းပယ်​၏။ မယုံကြည်​သော​သူ​ထက် သာ၍​ယုတ်မာ​၏” ဟူ၍ တမန်​တော်​ပေါလု ရေးသား​ထား​သည်။ ဤ​ကျမ်းစာမူ​က အဆိုပါ​လင်ယောက်ျား​၏ နှလုံးကို လှုံ့ဆော်ပေး​လိုက်​သည်။ ချာ့ခ်ျ​၏ မတန်တဆ​တောင်းဆိုချက်​များ​ကို ဖြည့်ဆည်း​ပေး​နေရ​၍ မိသားစု​၏ အခြေခံ​လိုအပ်ရာ​များ​ကို ထောက်ပံ့​ပေး​နိုင်​ခြင်း​မရှိ​သည်ကို သူသိ​မြင်လာ​ခဲ့​၏။ နောက်​တစ်နှစ် နှစ်စဉ်​ရန်ပုံငွေ​စုဆောင်း​သည့် ဝတ်ပြု​ဆုတောင်းပွဲ​ရောက်လာသော​အခါ သူ၌ ငွေ​ပါ​လာ​ခဲ့​သော်လည်း တိမောသေ ပထမ​စောင် ၅:၈ ကို သူ​မမေ့နိုင်​ချေ။ သူ၏​အမည် ကြေညာ​သောအခါ ဓမ္မ​ဆရာ​အား မိသားစု​လိုအပ်ချက်​က ပို​အရေးကြီးကြောင်း သတ္တိရှိရှိ သူ​ပြောဆို​လိုက်​လေ​သည်။ သို့​နှင့် ချာ့ခ်ျ​လူကြီး​များ​က အဆိုပါ​ဇနီး​မောင်နှံ​အား လူ​သူ​ရှေ့တွင် နှိမ်​၍ ပြစ်တင်​ပြောဆို​ခဲ့​ကြ​၏။

ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​လေ့လာ​ပြီး​နောက် အဆိုပါ​အမျိုးသား​နှင့် သူ၏​ဇနီးသည် သတင်းကောင်း​ကြေညာ​သူများ ဖြစ်လာ​ကြ​လေ​သည်။ “ကျမ်းစာ​အမှန်တရားက ကျွန်တော့်​ကို ပြောင်းလဲ​ပေး​ခဲ့​တယ်။ ကျွန်တော့်​မိသားစု​အပေါ် မ​ရက်စက်​တော့​ဘူး၊ မ​ကြမ်းကြုတ်​တော့​ဘူး။ အရက်​အလွန်အကျွံ မ​သောက်​တော့​ဘူး။ အမှန်တရားက ကျွန်တော့်​ဘဝကို ပြောင်းလဲ​ပေး​ခဲ့​တယ်​ဆိုတာ ကျွန်တော့်​ရွာ​ကလူ​တွေ တွေ့မြင်​နိုင်​ပါ​တယ်။ ကျွန်တော့်​လို​ပဲ သူတို့လည်း အမှန်တရားကို ချစ်​မြတ်နိုး​လာ​ကြ​မယ်​လို့ မျှော်လင့်​ပါ​တယ်” ဟု ခင်ပွန်း​သည်​က ဆို​သည်။

ရှာဖွေရေး​သုံး ကွက်စ်ထ်

၂၀၀၂ ခုနှစ် သတိရအောက်မေ့ပွဲ​ပြီး​နောက် လအနည်းငယ်​အကြာတွင် ရွက်လွှင့်​လာ​သည့် အခြား​ရွက်သင်္ဘော​တစ်စင်း​သည် ထီးတည်း​တည်ရှိ​နေသော ဟာ​အား​ပေ​သို့ အဖိုးထိုက်​ကုန်ပစ္စည်း​တချို့ ယူဆောင်​လာ​ခဲ့​သည်။ န​ယူးဇီ​လ​န်​နိုင်ငံ​မှ ပေ ၆၀ ရှိ ဤ​ရွက်လှေ​ကွက်စ်ထ်​သည် တွန်ဂါ​ကျွန်း​များ​တစ်လျှောက် လူး​လာ​ဆန်​ခတ် သွားလာ​နေသည်။ ရွက်လှေ​ပေါ်​တွင် ဂယ်ရီ၊ ဟ​တ်​တီ​နှင့် သမီး​ဖြစ်သူ ကေ​တီ​တို့​ပါ​လာ​ကြသည်။ သူတို့နှင့်​အတူ တွန်ဂါ ညီအစ်ကို​ညီအစ်မ​ကိုး​ဦး​နှင့် ခရစ်ယာန်​သာသနာပြု​နှစ်ဦး​လည်း ရွက်လှေ​နှစ်စင်း​ဖြင့်​လိုက်ပါ​လာ​ကြ​၏။ ဒေသခံ​သက်သေခံ​များသည် ရွက်လှေ​ကို ပဲ့​ထိန်း​နိုင်​ရန်၊ တစ်ခါတစ်ရံ အကျွမ်းတဝင်​မရှိသည့် ကျောက်ဆောင်​များ​ကို ဖြတ်သွား​နိုင်​ရန် ကူညီ​ပေး​ကြသည်။ ယင်း​ရွက်လှေ​များသည် အပျော်ခရီး​ထွက်​လာ​ကြ​ခြင်း မဟုတ်​ချေ။ လှေပေါ်​ရှိ​သူများ​မှာ ကျမ်းစာ​အမှန်တရား သွန်သင်ပေး​ရန် လိုက်ပါ​လာ​ကြ​ခြင်း​ဖြစ်သည်။ သူတို့သည် အပြောကျယ်​သည့် သမုဒ္ဒရာ​ရေပြင်​ပေါ်​ရှိ​ကျွန်း ၁၄ ကျွန်း​ပေါ်​သို့ သွားရောက်​လည်ပတ်​ခဲ့​ကြ​၏။ အချို့​သော​ကျွန်း​များ​တွင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို တစ်ခါမျှ မဟောပြော​ခဲ့​ဖူး​သေး​ချေ။

လူတို့သည် မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ ဤ​အဏ္ဏဝါ​ခရီးသည်​ဟောပြောသူ​တို့သည် များသောအားဖြင့် သိလိုစိတ်​ပြင်းပြ​ကာ လှိုက်လှိုက်လှဲလှဲ​ရှိပြီး ထုံးစံ​အတိုင်း ဧည့်ဝတ်​ကျေပွန်​တတ်သော ကျွန်း​သူ​ကျွန်းသား​တို့၏ ကြိုဆို​မှု​ကို ခံ​ခဲ့​ရသည်။ လာရောက်​ရခြင်း​၏​ရည်ရွယ်ချက်ကို ကျွန်း​သူ​ကျွန်းသား​များ သဘောပေါက်​သွား​ကြသောအခါ အလွန်​ကျေးဇူး​တင်​ခဲ့​ကြသည်။ ကျွန်းသား​များသည် ဘုရားသခင့်​နှုတ်မြွက် စကားတော်​ကို လေးမြတ်​ကြ​ပြီး သူတို့၌ ဝိညာဉ်​ရေး လို​နေသည်​ကို သတိပြုမိ​သူများ​ဖြစ်​ကြောင်း အလည်အပတ်​ရောက်ရှိ​လာ​သည့် သက်သေခံ​များ ရှင်းလင်းစွာ​သိရှိ​လိုက်ရ​၏။—မဿဲ ၅:၃

ဧည့်သည်​များသည် ကျမ်းစာ​အကြောင်း​နှင့်​ဆိုင်​သည့် မေးခွန်း​မြောက်မြားစွာ​ကို မေးမြန်း​သူတို့​ပတ်လည်​ဝိုင်း​လျက် အပူပိုင်း​ဒေသ​ပေါက်​ပင်​များ​အောက်တွင် အကြိမ်ပေါင်း​များစွာ ထိုင်၍​ဆွေးနွေး​တတ်ကြ​၏။ နေဝင်​သွား​သည့်​အခါ အိမ်ထဲ​တွင် ကျမ်းစာ​အကြောင်း ဆက်​ဆွေးနွေး​ခဲ့​ကြ​၏။ ကျွန်း​တစ်ကျွန်း​ပေါ်​ရှိ လူအများ​က ထွက်ခွာ​သွားတော့​မည့် သက်သေခံ​များ​အား “မသွားကြ​ပါ​နဲ့! ခင်ဗျား​တို့​သွား​ရင် ကျွန်တော်​တို့​ရဲ့​မေးခွန်းတွေကို ဘယ်သူ​ဖြေပေး​မှာ​လဲ” ဟု တောင်းဆို​ခဲ့​ကြသည်။ “အမှန်တရားကို ဆာငတ်​နေကြ​တဲ့ ဒီလောက်​များတဲ့ သိုး​လို​လူတွေဆီက​နေ ထွက်ခွာ​ဖို့​လုပ်​တိုင်း အမြဲ​ခက်တယ်။ အမှန်တရား​မျိုးစေ့တွေ အများကြီး အပင်ပေါက်​နေပြီ​လေ” ဟု သက်သေခံ​တစ်ဦး​က ပြောပြ​သည်။ ကျွန်း​တစ်ကျွန်း​တွင် ကွက်စ်ထ် ဆိုက်​သောအခါ လူတိုင်း ဝမ်းနည်းမှု​အထိမ်းအမှတ်​အဝတ်အစား ဝတ်ဆင်​ထား​ကြသည်​ကို သက်သေခံ​များ တွေ့​လိုက်ရ​၏။ မြို့​အုပ်​၏​ဇနီး ဆုံး​ပြီး​ခါ​စ​ဖြစ်၍​တည်း။ သမ္မာကျမ်းစာ​မှ နှစ်သိမ့်မှု​ပေး​သော သတင်းတရားကို ယူဆောင်​လာ​ကြ​သည့်​အတွက် ညီအစ်ကို​များ​အား မြို့​အုပ်​ကိုယ်တိုင် ကျေးဇူး​တင်​ခဲ့​သည်။

အချို့​သော​ကျွန်း​များ​သို့ အလွယ်တကူ​သွား​၍​မရ​ပေ။ “ကျွန်း​တစ်ကျွန်း​ဆိုရင် ဆိုက်ကပ်​ဖို့ အဆင်မပြေ​ဘူး၊ သမုဒ္ဒရာ​ရေပြင်​ကနေ ပေပေါင်း​များစွာ ထိုး​ထွက်​နေတဲ့ ချောက်​ကမ်းပါး​စော​က်​တွေ​ချည်း​ပဲ။ ကျွန်မ​တို့​ရဲ့ ရော်​ဘာ​လှေ​ငယ်​လေး​နဲ့​ပဲ ချဉ်းကပ်​လို့​ရတယ်။ အရင်ဆုံး ကျွန်မ​တို့​ရဲ့​အိတ်တွေ​ကို ကမ်း​နဖူး​ပေါ်​က ဝိုင်းဝန်း​ကူညီ​ပေး​နေတဲ့​သူတွေဆီ ပစ်​တင်​ပေး​လိုက်တယ်။ အဲဒီနောက် ကျောက်စွန်း​အထိ ရော်​ဘာ​လှေ​ငြိ​မ့်​တက်​သွားတာ​နဲ့ သမုဒ္ဒရာ​လှိုင်းလုံး​ကြီး အိ​ကျ​မသွား​ခင် ကျွန်မ​တို့ ကျောက်စွန်း​ပေါ် ခုန်ဆင်း​လိုက်ကြတယ်။”

သို့သော် လှေပေါ်​ပါ​လာ​သူအား​လုံး သတ္တိ​ပြောင်​သူများ​ကား မဟုတ်​ချေ။ နှစ်ပတ်​ကြာ ရွက်လွှင့်​ပြီး​နောက် တွန်ဂါ​တာ​ပူ​ကျွန်း​မကြီး​သို့ အပြန်လမ်း​ခရီး​အကြောင်းကို မာလိန်မှူးက ဤသို့​စာရေး​ပြောပြ​သည်– “ကျွန်တော်​တို့​မှာ ရှေ့ဆက်​ရွက်လွှင့်​ဖို့ ၁၈ နာရီ​ရှိသေး​ပေမဲ့ လှိုင်း​မူး​တဲ့​သူတွေ​ကြောင့် တောက်လျှောက်​ရွက်​တိုက်​သွား​လို့ မဖြစ်​နိုင်​တော့​ဘူး။ အိမ်ကို​ပြန်ရောက်​မှာ​မို့ ကျွန်တော်​တို့​ဝမ်းသာ​ကြ​ပေမဲ့ အခု​မှ ဘုရားသခင့်​နိုင်ငံတော်​သတင်းတရား ကြားသိ​ရတဲ့​သူတွေကို ထားရစ်​ခဲ့​ရတဲ့​အတွက် တော်​တော့်​ကို စိတ်မကောင်း​ဖြစ်​မိတယ်။ သူတို့ကို ယေဟောဝါ​ရဲ့ ကာကွယ်​စောင့်ရှောက်မှု​အောက်မှာ​ပဲ ထားခဲ့​လိုက်တယ်၊ ကိုယ်တော်​ရဲ့​သန့်ရှင်းသော​ဝိညာဉ်​တော်​နဲ့ ကောင်းကင်တမန်​တွေ​က သူတို့ရဲ့​ဝိညာဉ်​ရေး​ကို တိုးတက်​ကြီးပွား​စေမှာ​ပါ။”

အလားအလာ​အပြည့်​ရှိသည့် ကျွန်း​များ

ကွက်စ်ထ် ထွက်ခွာ​သွားပြီး​နောက် ခြောက်​လ​ခန့်အကြာ​တွင် အထူး​ရှေ့ဆောင် ဧဝံဂေလိ​ဟောပြောသူ​နှစ်ဦး​ဖြစ်​ကြ​သည့် စတီဗင်​နှင့် မာ​လာ​ကီ​တို့သည် ဟာ​အား​ပေ​ကျွန်းစု​တွင် ဟောပြောဖို့ တာဝန်ကျ​သည်။ ထို​တွင် သူတို့သည် မကြာသေးမီ​က နှစ်ခြင်း​ခံ​ခဲ့​သော အိမ်ထောင်သည် စုံတွဲ​နှစ်တွဲ​နှင့်အတူ ကျမ်းစာ လိုက်​သင်ပေးခဲ့​ကြသည်။ အယူဝါဒ​ပိုင်း​နှင့်​ဆိုင်​သည့် အကြောင်းအရာများ​ကို စိတ်ဝင်တစား ဆွေးနွေး​ရ​သဖြင့် ကြေညာသူ​များသည် သမ္မာကျမ်းစာ​ကို ကောင်းကောင်း အသုံးပြု​ရလေ​သည်။

၂၀၀၃၊ ဒီဇင်ဘာ ၁ ရက်​နေ့၌ တွန်ဂါ​ကျွန်း​နိုင်ငံ​တွင် ပ​ဉ္စ​မ​မြောက်​အသင်းတော်ကို ဟာ​အား​ပေ​ကျွန်း​တွင် တည်ထောင်​လိုက်​သည်။ စည်းဝေး​တက်ရောက်​သူများ​တွင် အများစုမှာ ကလေး​သူငယ်​များ​ဖြစ်​ကြ​၏။ သူတို့​လေး​များသည် အစည်းအဝေး​များ​တွင် အာရုံစိုက်​တတ်လာ​ကြသည်။ သူတို့သည် ငြိမ်ငြိမ်​ဆိမ်ဆိမ် ထိုင်​ကြ​ပြီး ပရိသတ်​ပါဝင်​ဖြေဆို​မှု​အပိုင်း​များ​တွင် ထက်ထက်သန်သန် ပါဝင်​ကြသည်။ “ကျွန်ုပ်​၏ ကျမ်းစာ​ပုံပြင်​စာအုပ်​ကို သူတို့​ကောင်းကောင်း​သိရှိ​ထားခြင်း​က မိဘတွေဟာ သူတို့က​လေး​တွေ့​ရဲ့​နှလုံး​ထဲ ကျမ်းစာ​အမှန်တရား သွတ်သွင်း​ပေး​ရမယ့်​တာဝန်​ကို အလေးအနက်​ထား​ကြတယ်​ဆိုတာ ထင်ရှား​တယ်” ဟု တိုက်နယ်​ကြီးကြပ်မှူး​က မှတ်ချက်ချ​သွား​သည်။ ထို​ကျွန်း​များ​တွင် ယေဟောဝါ​၏​မိတ်ဆွေများ ပိုမို​များပြား​လာ​သည့်​တိုင် တိုး၍​ရိတ်သိမ်း​ဖို့ အလားအလာ​အပြည့်​ရှိ​နေသည်​မှာ ထင်ရှား​သည်။

လွန်ခဲ့သော အနှစ် ၇၀ ကျော်​က ချားလ်ဇ် ဗဲ့​တဲ့​သည် သေလွန်သူ​များ အဘယ်​မှာ​နည်း​ဟူသော စာအုပ်​ငယ်​ကို မိခင်​ဘာသာ​စကား​ဖြစ်သည့် တွန်​ဂ​န်​စကား​ဖြင့် ဘာသာ​ပြန်ဆို​ခဲ့​သောအခါ ဘုရားသခင့်​နိုင်ငံတော်​မျိုးစေ့​သည် မိမိလူ​မျိုး​၏​နှလုံး​တွင် မည်မျှ​အမြစ်စွဲ​မည်​ကို​ကား သူ​မသိ​ရှိခဲ့​ချေ။ ကျွန်ုပ်​တို့၏​ကမ္ဘာ့​အစွန်အဖျား​ဒေသ​တွင် သေးငယ်သော​အစပြု​မှု​မှ သတင်းကောင်းကို အစဉ်​တိုးချဲ့​ကြွေးကြော်​ခဲ့​သည်ကို ယေဟောဝါ ဆက်လက်​ကောင်းချီး​ပေး​တော်​မူ​ခဲ့ပြီ။ ယနေ့ တွန်ဂါ​ကျွန်း​နိုင်ငံ​သည် ယေဟောဝါ​ဘက်​လှည့်လာ​နေသည့် ပင်လယ်​သမုဒ္ဒရာ​၏ ထီးတည်း​ရှိ ကျွန်း​များ​အနက် တစ်ကျွန်း​ဖြစ်နေ​ပြီ​ဟု ဆို​ရ​မလို​ပင်။ (ဆာလံ ၉၇:၁; ဟေရှာယ ၅၁:၅) “မိတ်သင်္ဂဟ ကျွန်း​များ” သည် ယခု​အခါ များပြား​လှ​သည့် ယေဟောဝါ​၏​မိတ်ဆွေများ နေအိမ်​ဖြစ်နေ​လေ​ပြီ။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

၁၉၈၃ ခုနှစ်​က ချားလ်ဇ် ဗဲ့​တဲ့

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

တာ​ပါ​အထည်​ကြမ်း ရက်လုပ်​နေခြင်း

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

တွန်ဂါ​ကျွန်း​နိုင်ငံ​တွင် သတင်းကောင်း​ပျံ့နှံ့​ရေး​သုံး “ကွက်စ်ထ်” ရွက်လှေ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

နူ​ကူ​အာ​လို​ဖာ ဘာသာပြန်​အဖွဲ့

[Picture Credit Lines on page 9]

Making tapa cloth: © Jack Fields/CORBIS; background of pages 8 and 9, and fishing: © Fred J. Eckert