ဘုရားသခင့်ဉာဏ်ပညာအားဖြင့် သင်၏ကလေးများကို ကာကွယ်ပေးနိုင်ပုံ
ဘုရားသခင့်ဉာဏ်ပညာအားဖြင့် သင်၏ကလေးများကို ကာကွယ်ပေးနိုင်ပုံ
ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည် နေ့စဉ်နှင့်အမျှ စစ်ဖြစ်နေ၏။ ရောဂါပိုး၊ ကပ်ပါးပိုးနှင့် ဗိုင်းရပ်ပိုးများစွာတို့ကို တိုက်ထုတ်နေရသည်။ ကျေးဇူးတင်စရာမှာ၊ ကျွန်ုပ်တို့အများစုသည် ဤသို့ခုခံတိုက်ခိုက်ကာ ကူးစက်ရောဂါများ မရရှိစေရန် ကာကွယ်ပေးသည့် ကိုယ်ခံအားစနစ်ကို အမွေရရှိထားကြသည်။
ထိုနည်းတူ၊ ခရစ်ယာန်များသည် ကျမ်းစာနှင့်မညီသော စဉ်းစားတွေးခေါ်မှုနှင့် စံနှုန်း၊ ထို့နောက် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကျန်းမာမှုကို ထိခိုက်စေနိုင်သည့် ဖိအားများကို တိုက်လှန်ကြရမည်။ (၂ ကောရိန္သု ၁၁:၃) ကျွန်ုပ်တို့၏စိတ်နှလုံးအပေါ် တိုက်ခိုက်မှုကို နေ့စဉ်နှင့်အမျှ တွန်းလှန်နိုင်ရန် ဝိညာဉ်ရေးအကာအကွယ်များရှိဖို့ လိုလာသည်။
ကျွန်ုပ်တို့ကလေးများသည် လောကဝိညာဉ်ကို တားဆီးနိုင်သည့် ဝိညာဉ်ရေးအကာအကွယ်များပါလျက် မွေးဖွားမလာကြသောကြောင့် ဤသို့သောအကာအကွယ်များသည် အထူးသဖြင့် သူတို့အတွက် မရှိမဖြစ်လိုအပ်သည်။ (ဧဖက် ၂:၂) ကလေးများကြီးပြင်းလာသည်နှင့်အမျှ သူတို့ဘာသာ ကာကွယ်တတ်လာရန် မိဘများကူညီပေးဖို့ အရေးကြီးသည်။ အဆိုပါအကာအကွယ်များသည် မည်သည့်အရာပေါ် မူတည်သနည်း။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ယေဟောဝါကိုယ်တော်တိုင်သည် ဉာဏ်ပညာကို ပေးသနားတော်မူ၏။ . . . တည်ကြည်သူများ၏လမ်းခရီးကို ကိုယ်တော်စောင့်ကြပ်လိမ့်မည်။” (သု. ၂:၆၊ ၈၊ ကဘ) ဘေးသင့်စေနိုင်သော ပေါင်းသင်းမှု၊ ရွယ်တူချင်းဖိအား၊ သို့မဟုတ် အကျိုးမပြုသည့် ဖျော်ဖြေမှုတို့ကို မလွန်ဆန်နိုင်သည့် လူငယ်များ၏လမ်းခရီးကို ဘုရားသခင့်ဉာဏ်ပညာက စောင့်ကြပ်ပေးနိုင်သည်။ မိဘများသည် ယေဟောဝါ၏လမ်းညွှန်မှုကို မည်သို့လိုက်ကာ ဘုရားသခင့်ဉာဏ်ပညာကို မည်သို့သွင်းပေးနိုင်သနည်း။
တည်ဆောက်မှုဖြစ်စေသော ပေါင်းသင်းမှု ကြိုးစားပြု
ဆယ်ကျော်သက်အချင်းချင်း ပေါင်းသင်းလိုကြသည်ကို နားလည်နိုင်ပါသည်၊ သို့သော်လည်း အတွေ့အကြုံမရှိသူများနှင့်သာ တစ်ချိန်လုံးပေါင်းသင်းနေမည်ဆိုလျှင် ဘုရားသခင့်ဉာဏ်ပညာကို ရနိုင်မည်မဟုတ်ပေ။ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏” ဟုနယပုံပြင်ကျမ်းက သတိပေးသည်။ (သု. ၂၂:၁၅) သို့ဖြစ်၍ အချို့မိဘများသည် ပေါင်းသင်းမှုကိစ္စတွင် ဘုရားသခင့်ဉာဏ်ပညာကို ကျင့်သုံးနိုင်ရန် သူတို့၏ကလေးများအား မည်သို့ကူညီပေးခဲ့ကြပြီနည်း။
ဖခင်တစ်ဦးဖြစ်သူ ဒေါန် *က ဤသို့ပြောခဲ့၏– “ကျွန်တော့်သားတွေဟာ အများအားဖြင့် သူတို့နဲ့သက်တူရွယ်တူ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းသင်းတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အိမ်မှာ၊ ကျွန်တော်တို့ရဲ့ရှေ့မှာပဲ ပေါင်းသင်းကစားတာ ပိုများတယ်။ ကျွန်တော်တို့အိမ်ကို ဝင်ထွက်နိုင်အောင် ဖွင့်ပေးထားတာကြောင့် လူငယ်တွေ အမြဲမပြတ်ရှိနေတယ်၊ သူတို့ကို ကျွေးမွေးဧည့်ခံပြီး ကျွန်တော်တို့ တရင်းတနှီး ပေါင်းသင်းကြတယ်။ လုံခြုံစိတ်ချရတဲ့ ဝန်းကျင်တစ်ခုမှာ သားတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆူညံဆော့ကစားနေကြတာကိုတော့ သည်းညည်းခံရတာပေါ့ဗျာ။”
ဘရိုင်ယန်နှင့် မာရီးတို့တွင် လိမ္မာသောကလေးသုံးဦးရှိသော်လည်း သူတို့ကို လေ့ကျင့်ပေးခြင်းသည် အမြဲမလွယ်ကူဟု ပွင့်လင်းစွာဝန်ခံ၏။ သူတို့က ဤသို့ပြောပြသည်– “သမီးဂျေန် ပေါင်းသင်းဖို့ ၁၈၊ ၁၉ နှစ်ဝန်းကျင်အရွယ် လူငယ်တွေ ကျွန်တော်တို့အသင်းတော်မှာ သိပ်မရှိဘူး။ ဖော်ရွေပြီး ပျော်တတ်တဲ့လူငယ် ဇူဇန်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်တော့ သူ့ဆီမှာရှိတယ်။ ဒါပေမဲ့ ကလေးမရဲ့မိဘတွေက ကျွန်တော်တို့လောက် စည်းကမ်းမတင်းကြပ်ဘူး။ ဂျေန်ကို ခွင့်မပြုထားတဲ့ ညမိုးချုပ် အပြင်ထွက်လည်ဖို့၊ စကပ်တိုနံ့နံ့တွေဝတ်ဖို့၊ အဓိပ္ပာယ်နှစ်ခွ တေးသီချင်းနားထောင်ဖို့၊ မကြည့်အပ်တဲ့ရုပ်ရှင်တွေကြည့်ဖို့ ဇူဇန်ကို ခွင့်ပြုပေးထားတယ်။ ကျွန်တော်တို့ရဲ့အမြင်သဘောထားကို အတော်ကြာကြာအထိ ဂျေန်နားမလည်နိုင်ခဲ့ဘူး။ ကျွန်တော်တို့က အရာရာကို ချုပ်ချယ်လွန်းပြီး ဇူဇန့်မိဘတွေက ပိုပြီးနားလည်မှုရှိပုံရတယ်လို့ သမီးက ထင်ခဲ့တာ။ ကျွန်တော်တို့ရဲ့ ခိုင်မာပြတ်သားမှုဟာ ဂျေန်ကို အကာအကွယ်ဖြစ်စေတယ်ဆိုတာ ဇူဇန် ပြဿနာတက်တော့မှ သမီးသဘောပေါက်သွားတယ်။ မှန်တယ်လို့ ကျွန်တော်တို့ယုံကြည်ရာကို အလျှော့မပေးခဲ့လို့ သမီးအတွက် ကောင်းသွားတာမို့ ကျွန်တော်တို့ ဝမ်းသာပီတိဖြစ်မိကြတယ်။”
ဂျေန်ကဲ့သို့ လူငယ်များစွာသည် ပေါင်းသင်းမှုကိစ္စတွင် မိဘ၏လမ်းညွှန်မှုကို အားကိုးခြင်းသည် ဉာဏ်ပညာရှိကြောင်း သိရှိလာခဲ့ကြပြီ။ နယပုံပြင်က ဤသို့ဆိုသည်– “အသက်နှင့်ယှဉ်သောဆုံးမခြင်းစကားကို နားထောင်သောသူသည် ပညာရှိတို့နှင့် ပေါင်းဖော်ရသောအခွင့်ရှိ၏။” (သု. ၁၅:၃၁) ဘုရားသခင့်ဉာဏ်ပညာသည် လူငယ်များအား တည်ဆောက်မှုပေးသော သူငယ်ချင်းများနှင့် ရှာဖွေပေါင်းသင်းစေ၏။
လိုက်လျောညီထွေပြုလိုစိတ်ကို ကိုင်တွယ်ခြင်း
ပေါင်းသင်းမှုနှင့် ရွယ်တူချင်းဖိအားတို့သည် အလွန်ပင်နီးစပ်၏။ လိုက်လျောညီထွေပြုလိုစိတ်သည် ကျွန်ုပ်တို့ကလေးများ၏ အကာအကွယ်များကို နေ့စဉ် တိုက်ဖျက်လျက်ရှိ၏။ လူငယ်များသည် သက်တူရွယ်တူများ၏ လက်ခံမှုရရှိရန် ကြိုးစားလေ့ရှိသောကြောင့် လောကအမြင်များကို နှစ်သက်စရာဖြစ်စေဖို့ ရွယ်တူချင်းဖိအားက သူတို့ကို ပုံသွင်းသွားနိုင်သည်။—သု. ၂၉:၂၅။
‘လောကနှင့်လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏’ ဟူ၍ သမ္မာကျမ်းစာက သတိပေးသည်။ (၁ ယောဟန် ၂:၁၇) သို့ဖြစ်၍ မိဘများသည် သားသမီးများအပေါ် လောကအမြင်များ အကြီးအကျယ်လွှမ်းမိုးခွင့်မပြုသင့်ချေ။ ခရစ်ယာန်လမ်းစဉ်အတိုင်း စဉ်းစားတွေးခေါ်တတ်ရန် မိမိတို့၏သားသမီးများကို မည်သို့ကူညီပေးနိုင်သနည်း။
ရစ်ချက်က ဤသို့ပြောခဲ့သည်– “တခြားလူငယ်တွေဝတ်သလို ကျွန်တော့်သမီးလည်း ဝတ်ချင်တယ်။ ဒါကြောင့် တောင်းဆိုချက်တစ်ခုစီရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးရတယ်။ လက်ခံနိုင်တယ်လို့ ကျွန်တော်တို့ထင်ရတဲ့ ဖက်ရှင်တွေဖြစ်နေရင်တောင်မှ ‘ခေတ်ရှေ့ပြေးတဲ့သူလည်းမဟုတ်ဘူး၊ ခေတ်နောက်ကျတဲ့သူလည်းမဟုတ်တဲ့သူက ပညာရှိပဲ’ ဆိုတဲ့ ဟိုအရင်ကကြားဖူးတဲ့ ဆုံးမစကားကို ကျွန်တော်တို့ လိုက်လျှောက်ခဲ့ကြတယ်။”
ပေါ်လီန်အမည်ရှိ မိခင်တစ်ဦးသည် ရွယ်တူချင်းဖိအားကို နောက်တစ်နည်းဖြင့် တိုက်ဖျက်ခဲ့သည်။ သူဤသို့ပြောပြသည်– “ကျွန်မကလေးတွေ စိတ်ဝင်စားတာတွေကို ကျွန်မလည်း လိုက်ပြီးစိတ်ဝင်စားပေးတယ်၊ သူတို့အခန်းထဲသွားပြီး အမြဲတမ်း သူတို့နဲ့ စကားပြောတယ်။ ဒီလိုစကားအကြာကြီးပြောတဲ့အခါ သူတို့ရဲ့အတွေးအခေါ်ကို ပုံသွင်းပေးပြီး ကိစ္စရပ်တွေအပေါ် နောက်တစ်နည်းနဲ့လည်း ရှုမြင်သုံးသပ်ဖို့ ကူညီပေးနိုင်ခဲ့တယ်။”
ရွယ်တူချင်းဖိအားသည် ပြီးဆုံးသွားနိုင်မည်မဟုတ်သောကြောင့် မိဘများသည် ‘လောက၏အကြံအစည်တို့’ ကိုမပြတ်တွန်းလှန်နိုင်ရဖွယ်ရှိပြီး သားသမီးများ၏အတွေးအခေါ်များကို “ဖမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်စေ” ရန်ကူညီပေးရ၏။ (၂ ကောရိန္သု ၁၀:၅) သို့သော် မိဘများရော၊ ကလေးများပါ ‘ဆုတောင်းခြင်းအမှုကို အမြဲပြု’ ခြင်းအားဖြင့် ဤအရေးကြီးတာဝန် ပြီးမြောက်စေရန် ခွန်အားရရှိပါလိမ့်မည်။—ရောမ ၁၂:၁၂; ဆာလံ ၆၅:၂။
ဆွဲအားကောင်းသော ဖျော်ဖြေမှု
မိဘများ ကိုင်တွယ်ဖြေရှင်းပေးရန် ခက်ခဲနိုင်သည့် တတိယသြဇာမှာ ဖျော်ဖြေမှုဖြစ်၏။ လူငယ်များသည် ပင်ကိုအရ ကစားခြင်းကို နှစ်သက်ကြသည်။ ကလေးကြီးတို့သည်လည်း ပျော်ရွှင်ဖွယ်ဖျော်ဖြေမှုများကို မရမကရှာဖွေကြသည်။ (၂ တိမောသေ ၂:၂၂) သို့သော် ဤအာသီသကို ပညာမဲ့လမ်းစဉ်ဖြင့် ဖြည့်ဆည်းမည်ဆိုလျှင် သူတို့၏ဝိညာဉ်ရေးအကာအကွယ်များကို အားပျော့သွားစေနိုင်သည်။ ဤအန္တရာယ်သည် အများအားဖြင့် နည်းနှစ်နည်းနှင့်လာနိုင်၏။
ပထမဦးစွာ၊ ဖျော်ဖြေမှုများစွာသည် ဤလောက၏ယုတ်ညံ့သော အကျင့်ယိုယွင်းမှုစံနှုန်းများကို အသားပေးထားသည်။ (ဧဖက် ၄:၁၇-၁၉) သို့တိုင် ယင်းကို အမြဲပင် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိရှိ တင်ဆက်ကြသည်။ ယင်းက ထောင်ချောက်များကိုမမြင်သော လူငယ်များအတွက် တကယ့်အန္တရာယ်ပင်။
ဒုတိယအနေနှင့်၊ ဖျော်ဖြေမှုတွင် အကုန်ခံသည့် အချိန်ပမာဏကြောင့်လည်း ပြဿနာတက်နိုင်သည်။ အချို့သူတို့၏ဘဝတွင် ပျော်ရွှင်ခြင်းသည် အရေးကြီးဆုံးအရာဖြစ်လာပြီး ယင်းအတွက် အချိန်နှင့် ခွန်အားကို များစွာအကုန်ခံလာကြ၏။ “ပျားရည်ကို စားကြူးလျှင် မကောင်း” ဟူ၍ နယပုံပြင်ကျမ်းက သတိပေး၏။ (သု. ၂၅:၂၇) ထိုနည်းတူ ဖျော်ဖြေမှုများလွန်းလျှင်လည်း ဝိညာဉ်အစာကို ခံတွင်းမတွေ့တော့ဘဲ စိတ်ပိုင်းဆိုင်ရာ ထိုင်းမှိုင်းသွားစေနိုင်၏။ (သု. ၂၁:၁၇; ၂၄:၃၀-၃၄) ဤလောကကို အပြည့်အဝပျော်မွေ့ခြင်းဖြင့် ဘုရားသခင်၏ကမ္ဘာသစ်တွင်ရရှိမည့် ထာဝရအသက်ဖြစ်သော “မှန်သောအသက်ကိုဝင်စား” ခွင့်ကို လူငယ်များ ဆုံးရှုံးသွားလိမ့်မည်။ (၁ တိမောသေ ၆:၁၂၊ ၁၉) မိဘများသည် ဤစိန်ခေါ်ချက်ကို မည်သို့ကျော်လွှားအောင်မြင်ခဲ့ကြသနည်း။
သမီးသုံးဦး၏မိခင်ဖြစ်သူ မာရီ ကာမဲန် ဤသို့ပြောပြ၏– “သမီးတို့ကို အကျိုးရှိတဲ့အပန်းဖြေမှုနဲ့ ပျော်နေစေချင်တယ်။ ဒါကြောင့် မိသားစုလိုက် ပုံမှန် အပန်းဖြေထွက်ကြတယ်၊ အသင်းတော်က သမီးရဲ့သူငယ်ချင်းတွေနဲ့လည်း အချိန်ကုန်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့က အပန်းဖြေမှုကို သူ့နေရာနဲ့သူထားတယ်။ အပန်းဖြေမှုကို ထမင်းစားပြီး အချိုပွဲလို သဘောထားတယ်—အရသာရှိတယ်၊ ဒါပေမဲ့ အာဟာရအပြည့်ဝဆုံးအရာတော့ မဟုတ်ဘူးပေါ့။ သူတို့ဟာ အိမ်မှာ၊ ကျောင်းမှာ၊ အသင်းတော်မှာ အလုပ်လုပ်တဲ့သူတွေဖြစ်လာကြတယ်။”
ဒေါန်နှင့်ရုသ်တို့သည် ဖျော်ဖြေမှုကို သတ်သတ်မှတ်မှတ် အချိန်ပေးလုပ်ဆောင်ခဲ့ကြသည်။ သူတို့ ဤသို့ပြောပြသည်– “စနေနေ့ကို ‘မိသားစုနေ့’ ဆိုပြီး သတ်သတ်ဖယ်ထားတယ်။ အဲ့ဒီနေ့မနက်ပိုင်းမှာ ကျွန်မတို့ အမှုဆောင်ထွက်ကြတယ်၊ နေ့လယ်ပိုင်းမှာ ရေကူးကြတယ်၊ ညနေပိုင်းမှာ အထူးစားသောက်ပွဲရှိတယ်။”
အဆိုပါမိဘများ၏မှတ်ချက်များက အကျိုးပြုဖျော်ဖြေခြင်းနှင့် ယင်းကို ခရစ်ယာန်အသက်တာ၌ သူ့နေရာနှင့်သူထားရှိခြင်းတို့တွင် မျှတသောတန်ဖိုးကို ဖော်ပြ၏။—ဒေ. ၃:၄; ဖိလိပ္ပိ ၄:၅။
ယေဟောဝါကို ယုံကြည်ကိုးစားလော့
ဝိညာဉ်ရေးအကာအကွယ်များကို နှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်ရ၏။ ကောင်းကင်ခမည်းတော်အား ယုံကြည်ကိုးစားရန် ကလေးများကို လှုံ့ဆော်ပေးပြီး ဘုရားသခင့်ဉာဏ်ပညာရရှိစေနိုင်သည့် အံ့ဖွယ်ဆေးမရှိချေ။ ယင်းအစား၊ မိဘတို့သည် “ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းခြင်းတို့နှင့်အညီ သူတို့ကို ဆက်၍ပြုစုပျိုးထောင်ပေးကြ” ရမည်။ (ဧဖက် ၆:၄၊ ကဘ) မပြတ်လုပ်ဆောင်ပေးရသော “စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းခြင်း” ဟူသည် ဘုရားသခင်ရှုမြင်သကဲ့သို့ အရာရာကို ရှုမြင်တတ်ရန် ကလေးများကို ကူညီပေးခြင်းဖြစ်သည်။ မိဘများသည် ၎င်းကို မည်သို့ဖြစ်မြောက်စေနိုင်သနည်း။
အောင်မြင်မှု၏အဓိကသော့ချက်မှာ အိမ်တွင်းကျမ်းစာသင်အံမှု မှန်မှန်ပြုလုပ်ခြင်းဖြစ်၏။ သင်အံမှုသည် ‘ဘုရားသခင်၏ပညတ်တော်၌ အံ့ဖွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း ကလေးများ၏မျက်စိတို့ကို ဖွင့်ပေးတော်မူ၏။’ (ဆာလံ ၁၁၉:၁၈) သယေဂိုးသည် အိမ်တွင်းသင်အံမှုကို အလေးအနက်လုပ်ဆောင်ခဲ့ရာ သူ၏သားသမီးများသည် ယေဟောဝါနှင့် သာ၍နီးကပ်စေနိုင်ခဲ့သည်။ သူဤသို့ပြောပြသည်– “သင်အံမှုအတွက် အသေးစိတ်ကြိုတင်ပြင်ဆင်တယ်။ ကျမ်းစာ,စာပေတွေကို သုတေသနပြုပြီး ကျမ်းစာဇာတ်ကောင်တွေကို သူတို့အတွက် အသက်ဝင်လာအောင် ကျွန်တော် လုပ်ပေးတယ်။ သူတို့လေးတွေနဲ့ တည်ကြည်တဲ့သူတွေရဲ့ ဘဝအသက်တာကို ဆက်စပ်ကြည့်ကြဖို့ ကလေးတွေကို ကျွန်တော်အားပေးတယ်။ အဲ့ဒါက ယေဟောဝါ အလိုတော်ရှိတဲ့အရာကို ကလေးတွေ အထင်းသားမြင်လာစေတယ်။”
ကလေးများသည် သာမန်အချိန်များတွင်လည်း သင်ယူကြသည်။ “အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ” ယေဟောဝါ၏သတိပေးချက်များကို ပြောရမည်ဟု မိဘများအား မောရှေတိုက်တွန်းခဲ့သည်။ (တရားဟောရာ ၆:၇) ဖခင်တစ်ဦးက ဤသို့ရှင်းပြခဲ့သည်– “ကျွန်တော့်သားဟာ သူ့ရဲ့ ခံစားချက်တွေ ဖွင့်ချဖို့ အချိန်လိုတယ်။ ကျွန်တော်တို့ လမ်းလျှောက်ထွက်တဲ့အခါ၊ အတူတူအလုပ်လုပ်တဲ့အခါကျမှ သားက ရင်ဖွင့်တော့တယ်။ အဲ့ဒီအချိန်တွေမှာ ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် အကျိုးရှိတဲ့စကားတွေပြောဖြစ်ခဲ့ကြတယ်။”
မိဘများ၏ဆုတောင်းချက်များကလည်း သူတို့ကလေးများကို အလွန်စွဲမှတ်သွားစေ၏။ ဘုရားသခင်၏အကူအညီနှင့် ခွင့်လွှတ်မှုရရှိရန် ကိုယ်တော်ထံ နှိမ့်ချစွာချဉ်းကပ်သည့် မိဘများ၏ဆုတောင်းချက်များကို ကြားရသည့်အခါ ‘ဘုရားသခင်ရှိတော်မူသည်ကို ယုံကြည်’ ရန်ကလေးများကို လှုံ့ဆော်ပေးသည်။ (ဟေဗြဲ ၁၁:၆) အောင်မြင်မှုရရှိသော မိဘများစွာသည် မိမိတို့သားသမီးများအတွက် စိုးရိမ်နေရသည့် ကျောင်းကိစ္စများနှင့် တခြားအရေးကိစ္စများပါသည့် ဆုတောင်းချက်များအပါအဝင် မိသားစုဆုတောင်းချက်များ၏အရေးကြီးမှုကို အလေးပေးဖော်ပြကြသည်။ ဖခင်တစ်ဦးက မိမိ၏ဇနီးသည် သားသမီးများ ကျောင်းမသွားမီ သူတို့နှင့်အတူ အမြဲဆုတောင်းလေ့ရှိသည်ဟု ပြောပြ၏။—ဆာလံ ၆၂:၈; ၁၁၂:၇။
“ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့”
မိဘအားလုံးသည် မှားတတ်ကြရာ အချို့ကိစ္စရပ်များကို သူတို့ကိုင်တွယ်ခဲ့သည့် နည်းလမ်းအတွက် ယူကျုံးမရဖြစ်ကြပေမည်။ မည်သို့ပင်ဖြစ်ပါစေ၊ “အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို” ကြိုးစားကျင့်ကြရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို တိုက်တွန်းသည်။—ဂလာတိ ၆:၉။
တစ်ခါတစ်ရံ မိဘများသည် သားသမီးများကို နားမလည်နိုင်သည့်အခါတွင် လက်မြှောက်အရှုံးပေးလိုစိတ်ပေါ်လာပေမည်။ လူငယ်မျိုးဆက်သစ်သည် တစ်မူထူးပြီး ထိန်းရသိမ်းရခက်သည်ဟု ကောက်ချက်ချဖို့ လွယ်ပေမည်။ သို့သော် ယနေ့ ကလေးများတွင်ရှိသည့် အားနည်းချက်များသည် ယခင်လူမျိုးဆက်များတွင်လည်း ရှိသည်၊ အပြစ်ကျူးလွန်ရန် ဖိအားပေးမှုသည် တိုးများလာသော်လည်း အလားတူသွေးဆောင်မှုများကိုပင် ရင်ဆိုင်ရသည်။ ထို့ကြောင့် ဖခင်တစ်ဦးသည် သားကို ပဲ့ပြင်ပေးပြီးနောက် “သားအရွယ်တုန်းက အဖေလည်း သားလိုပဲ လုပ်ချင်တာ” ဟုနူးညံ့ကြင်နာစွာ ဆုံးမခဲ့သည်။ မိဘတို့သည် ကွန်ပျူတာအကြောင်း ကောင်းစွာသိချင်မှသိမည်ဖြစ်သော်လည်း မစုံလင်သောသွေးသားအားနည်းချက်ကိုမူ ကောင်းစွာသိရှိထားကြသည်။—မဿဲ ၂၆:၄၁; ၂ ကောရိန္သု ၂:၁၁။
ကလေးအချို့သည် မိဘ၏လမ်းညွှန်မှုကို စိတ်မဝင်စားကြသည့်ပြင် ပဲ့ပြင်ဆုံးမမှုကိုပင် ဖီဆန်တတ်ကြသည်။ သို့သော် ဤတွင်တစ်ဖန် ခံနိုင်ရည် မရှိမဖြစ်လိုအပ်သည်။ ကလေးများစွာသည် အစပိုင်းတွင် စိတ်မပါ့တပါဖြစ်နေမည် သို့မဟုတ် ဖီဆန်မည်ဖြစ်သော်လည်း နောက်ဆုံးတွင် တုံ့ပြန်တတ်ကြသည်။ (သု. ၂၂:၆; ၂၃:၂၂-၂၅) ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးတွင် အမှုဆောင်လျက်ရှိသော ခရစ်ယာန်လူငယ် မက်သရူးက ဤသို့ပြောပြ၏– “ကျွန်တော် ဆယ်ကျော်သက်အရွယ်တုန်းက မိဘတွေရဲ့ ကန့်သတ်ချုပ်ချယ်မှုကို တစ်ဖက်စောင်းနင်းဖြစ်တယ်လို့ ထင်ခဲ့တာ။ ဒါ့ထက် ကျွန်တော်သူငယ်ချင်းတွေရဲ့ မိဘတွေကတောင် တစ်စုံတစ်ရာကို ခွင့်ပြုနိုင်ရင် ကျွန်တော့်မိဘတွေကျတော့ ဘာလို့ခွင့်မပြုနိုင်ရမှာလဲလို့ ဆင်ခြေတက်ခဲ့မိတယ်။ တစ်ခါတလေ ကျွန်တော်နှစ်သက်တဲ့ လှေလှော်ခွင့်မပေးတဲ့ အပြစ်ဒဏ်မျိုးပေးတဲ့အခါ ကျွန်တော် တကယ်ဒေါသဖြစ်မိခဲ့တယ်။ ဒါပေမဲ့ ပြန်တွေးကြည့်လိုက်ရင် မိဘတွေရဲ့ ပဲ့ပြင်ဆုံးမမှုဟာ အကျိုးရှိခဲ့တဲ့အပြင် မရှိမဖြစ်လိုအပ်တယ်ဆိုတာ ကျွန်တော်သဘောပေါက်လာတယ်။ မိဘတွေက ကျွန်တော်လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့လမ်းညွှန်မှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်မိတယ်။”
တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ကလေးများသည် ဝိညာဉ်ရေးမကောင်းသောဝန်းကျင်တွင် ရှိနေကြသော်လည်း ခရစ်ယာန်ကောင်းများအဖြစ် ကြီးပြင်းလာနိုင်သည်မှာ သံသယဖြစ်စရာမရှိပေ။ သမ္မာကျမ်းစာကတိတော်များအရ ဘုရားသခင့်ဉာဏ်ပညာက ဝိညာဉ်ရေးတွင် သူတို့ကို ကာကွယ်ပေးနိုင်သည်။ ‘ဉာဏ်ပညာသည် သင်၏နှလုံးထဲသို့ဝင်၍ သင်သည် သိကြားခြင်း၌ မွေ့လျော်သောအခါ ကောင်းသောသတိသည် သင့်ကိုထိန်းသိမ်း၍ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့် ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။’—ကလေးကို ကိုးလအထိ ကိုယ်ဝန်ဆောင်ရခြင်းသည် လွယ်ကူသည့်အလုပ်မဟုတ်ချေ။ နောင်အနှစ် ၂၀ အထိ ပျော်ရွှင်မှုနှင့်အတူ နာကြည်းမှုပါ ရောပြွန်းခံစားရနိုင်သည်။ သို့ရာတွင် ခရစ်ယာန်မိဘများသည် မိမိတို့၏သားသမီးများကို ချစ်ကြသောကြောင့် ဘုရားသခင့်ဉာဏ်ပညာဖြင့် သူတို့ကို အတတ်နိုင်ဆုံး ကြိုးစားကာကွယ်ပေးကြသည်။ သက်ကြီးရွယ်အိုတမန်တော်ယောဟန်သည် သူ၏ဝိညာဉ်ရေးသားသမီးများနှင့်ပတ်သက်ပြီး ဤသို့ခံစားရသကဲ့သို့ မိဘများသည်လည်း ခံစားကြရသည်– ‘ငါ၏သားသမီးတို့သည် အမှန်တရား၌ ကျင်လည်သည်ကို ငါကြား၍ ဝမ်းမြောက်ခြင်းထက် သာ၍ဝမ်းမြောက်ခြင်းမရှိ။’—၃ ယောဟန် ၄။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ဤဆောင်းပါးရှိ အမည်အချို့ကို ပြောင်းထားသည်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
“ကျွန်တော်တို့အိမ်ကို ဝင်ထွက်နိုင်အောင် ဖွင့်ပေးထားတာကြောင့် လူငယ်တွေ အမြဲမပြတ်ရှိနေတယ်”
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
သင့်ကလေးများ၏ စိတ်ဝင်စားရာများကို စိတ်ဝင်စားမှုရှိပါ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
“သင်အံမှုအတွက် အသေးစိတ်ကြိုတင်ပြင်ဆင်တယ်”