ဝတ်ပြုရေးသည် လူသားတို့အား စည်းလုံးစေနိုင်ကြောင်းကို လူအများ မယုံရခြင်းအကြောင်း
ဝတ်ပြုရေးသည် လူသားတို့အား စည်းလုံးစေနိုင်ကြောင်းကို လူအများ မယုံရခြင်းအကြောင်း
“ကိုယ့်အိမ်နီးချင်းကို ချစ်လော့။” (မဿဲ ၂၂:၃၉၊ ကဘ) အမူအကျင့်ဆိုင်ရာ ဤအခြေခံစည်းမျဉ်းကို ဘာသာတရားများစွာက အတည်ပြုထောက်ခံသည်။ ဤဝတ်ပြုရေးသည် ကိုယ့်အိမ်နီးချင်းကိုချစ်ဖို့ မိမိတို့အသင်းသားများအား ထိရောက်စွာ သွန်သင်ပေးခဲ့ပါမူ ၎င်းတို့၏သိုးတော်စုများသည် တစ်စိတ်တစ်ဝမ်းတည်း ပေါင်းစည်းကြပေလိမ့်မည်။ သို့သော် ထိုသို့စည်းလုံးကြသည်ကို သင်မြင်တွေ့ဖူးသလော။ ဝတ်ပြုရေးများသည် စည်းလုံးစေသော တွန်းအားဖြစ်သလော။ ဂျာမနီနိုင်ငံတွင် မကြာသေးမီကပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုက “ဝတ်ပြုရေးများသည် လူတို့ကို စည်းလုံးစေသလော၊ သို့မဟုတ် ကွဲပြားစေဖို့ အကြောင်းပိုများသလော” ဟုမေးမြန်းခဲ့သည်။ ဖြေဆိုသူများတွင် စည်းလုံးစေသည်ဟုယူမှတ်သူ ၂၂ ရာခိုင်နှုန်းရှိသော်လည်း ကွဲပြားစေသည်ဟုယူမှတ်သူ ၅၂ ရာခိုင်နှုန်းရှိ၏။ သင့်နိုင်ငံရှိလူများလည်း အလားတူယူမှတ်ကောင်း ယူမှတ်နိုင်သည်။
ဝတ်ပြုရေးသည် လူသားတို့အား စည်းလုံးစေနိုင်ကြောင်းကို အဘယ်ကြောင့် လူတို့ အယုံအကြည်နည်းကြသနည်း။ သူတို့သိရှိထားသည့် သမိုင်းကြောင်းကြောင့် ဖြစ်နိုင်သည်။ ဝတ်ပြုရေးသည် လူတို့ကို တပေါင်းတစည်းဖြစ်စေမည့်အစား ကြိမ်ဖန်များစွာ တကွဲတပြားဖြစ်စေခဲ့ပြီ။ ဖြစ်ရပ်အချို့တွင် ဝတ်ပြုရေးအရေခြုံပြီး ကြောက်မက်ဖွယ်အကောင်းဆုံး ရက်စက်ယုတ်မာမှုများ ကျူးလွန်ခဲ့ကြပြီ။ လွန်ခဲ့သောအနှစ် ၁၀၀ အတွင်းမှ သာဓကအချို့ကို သုံးသပ်ကြည့်ပါ။
ဝတ်ပြုရေးအရှိန်အဝါဖြင့်
ဒုတိယကမ္ဘာစစ်အတွင်း ဘော်လ်ကန်နိုင်ငံများရှိ . . . ခရိုအက်များနှင့် ဩသဒေါက်စ်ဆာ့ဘ်တို့ ပဋိပက္ခဖြစ်ခဲ့ကြသည်။ အုပ်စုနှစ်စုစလုံးက မိမိတို့သည် ကိုယ့်အိမ်နီးချင်းကိုချစ်ဖို့ သွန်သင်ပေးခဲ့သော ယေရှု၏နောက်လိုက်များဖြစ်သည်ဟုဆို၏။ သို့သော် သုတေသီတစ်ဦး၏အဆိုအရ သူတို့၏ပဋိပက္ခသည် “သမိုင်းတွင် ထိတ်လန့်ဖွယ်အကောင်းဆုံး အရပ်သားသိမ်းရုံးသတ်ဖြတ်မှုတစ်ခု” ဖြစ်စေခဲ့သည်။ အမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၅၀၀,၀၀၀ ကျော်သေဆုံးခဲ့ရာ ကမ္ဘာကို တုန်လှုပ်ချောက်ချားစေခဲ့သည်။
၁၉၄၇ ခုနှစ်တွင် ကမ္ဘာ့လူဦးရေငါးပုံတစ်ပုံခန့်ဖြစ်သော၊ . . . ဝတ်ပြုရေးဝင်များဖြစ်သည့် လူဦးရေ သန်းပေါင်း ၄၀၀ ခန့်သည် အိန္ဒိယတိုက်ငယ်၌ နေထိုင်ကြသည်။ အိန္ဒိယကို နှစ်နိုင်ငံခွဲလိုက်သောအခါ ပါကစ္စတန်အစ္စလာမ်မစ်သမ္မတနိုင်ငံပေါ်ပေါက်လာသည်။ ထိုအချိန်တွင် နှစ်နိုင်ငံစလုံးမှ သိန်းနှင့်ချီသောစစ်ပြေးများသည် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းခံရကြပြီး ဘာသာရေးကြောင့်ဖြစ်သော သိမ်းရုံးသတ်ဖြတ်မှုများတွင် ပစ်သတ်ခံရကြသည်။
အထက်ပါထိတ်လန့်ဖွယ် သာဓကများနှင့် မလုံလောက်သေးသည့်အလား ရာစုနှစ်အကူးအပြောင်းက အကြမ်းဖက်မှုအန္တရာယ်ကို ရှေ့တန်းသို့ရောက်စေခဲ့သည်။ ယနေ့ အကြမ်းဖက်မှုသည် တစ်ကမ္ဘာလုံးကို သတိအနေအထားရှိစေပြီး ထိုအကြမ်းဖက်အုပ်စုအများမှာ ဝတ်ပြုရေးအသီးသီးရှိသူများဖြစ်သည်ဟုဆိုကြ၏။ ဝတ်ပြုရေးအား စည်းလုံးရန် အားပေးလှုံ့ဆော်သောအရာအဖြစ် မမြင်ကြတော့ချေ။ ထိုသို့ဖြစ်မည့်အစား ယင်းသည် အများအားဖြင့် အကြမ်းဖက်မှု၊ သဘောထားကွဲလွဲမှုတို့နှင့် ဆက်စပ်လျက်ရှိသည်။ ယင်းကြောင့် ဂျာမန်သတင်းမဂ္ဂဇင်းဖိုးကပ်စ်က ကမ္ဘာ့အဓိကဝတ်ပြုရေးများဖြစ်သော—. . . ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ကွန်ဖူးရှပ်စ်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျူးဘာသာ၊ တာအိုဘာသာတို့ကို ယမ်းမှုန့်နှင့် နှိုင်းယှဉ်ခဲ့ခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။
အတွင်းပဋိပက္ခများ
ဝတ်ပြုရေးအချို့က အချင်းချင်းစစ်တိုက်နေကြစဉ် အခြားဝတ်ပြုရေးများမူ အတွင်းပဋိပက္ခများဖြစ်လျက်ရှိသည်။ သာဓကအနေနှင့် မကြာသေးမီနှစ်များအတွင်း ခရစ်ယာန်ဘောင်ချာ့ခ်ျများသည် အယူဝါဒပိုင်းနှင့်ဆိုင်သော မဆုံးနိုင်သည့်အငြင်းပွားမှုတို့ကြောင့် ကွဲပြားနေကြသည်။ ဓမ္မဆရာများကော လူဝတ်ကြောင်များပါ ဤသို့မေးကြသည်– သန္ဓေတားနည်းကို ခွင့်ပြုသလော။ ကိုယ်ဝန်ဖျက်ချခြင်းကိုကော။ အမျိုးသမီးများအား ခရစ်ယာန်ဘုန်းကြီးများအဖြစ် ခန့်အပ်သင့်သလော။ လိင်တူဆက်ဆံခြင်းကို မည်သို့ရှုမြင်သင့်သနည်း။ ဘာသာတရားသည် စစ်ကို ထောက်ခံအားပေးသင့်သလော။ ဤသို့စိတ်ဝမ်းကွဲပြားနေခြင်းကိုထောက်၍ လူအများက ‘ဘာသာတရားတစ်ခုသည် မိမိ၏အသင်းသားများကိုပင် မစည်းလုံးစေနိုင်လျှင် လူ့ဘောင်ကို မည်သို့စည်းလုံးစေနိုင်မည်နည်း’ ဟုတွေးဆကြသည်။
ရှင်းနေသည်မှာ ဝတ်ပြုရေးအများသည် စည်းလုံးစေသော တွန်းအားဖြစ်ဖို့ ပျက်ကွက်ခဲ့ပြီ။ သို့သော် ဝတ်ပြုရေးအားလုံး စိတ်ဝမ်းကွဲပြားနေသလော။ ၎င်းတို့နှင့်မတူ—လူတို့အား စည်းလုံးစေနိုင်သော ဝတ်ပြုရေးတစ်ခု ရှိပါသလော။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံရှိ ဝတ်ပြုရေးအုပ်စုများအကြား ပဋိပက္ခဖြစ်ပွားစဉ် ရဲများ ဒဏ်ရာရခဲ့ကြ
[Credit Line]
Photo by Keystone/Getty Images