သင်၏အသက်သည် မည်မျှအဖိုးထိုက်တန်သနည်း
သင်၏အသက်သည် မည်မျှအဖိုးထိုက်တန်သနည်း
ပထမကမ္ဘာစစ်အတွင်း ဥရောပ၌ မရေမတွက်နိုင်သော အသက်ပေါင်းများစွာ စတေးခံနေရစဉ် အန္တာတိကဒေသတွင် အသက်များကို ကယ်တင်ရန် အံ့သြဖွယ်ကောင်းအောင် ကြိုးစားနေကြသည်။ အင်္ဂလို-အိုင်ရစ်လူမျိုး နယ်မြေသစ်ရှာဖွေသူ အာနက်စ် ရှဲကဲလ်တုန်နှင့် အပေါင်းပါတို့သည် သူတို့၏အဲန်ဂျူးရဲန်စ်သင်္ဘောက ပင်လယ်ရေခဲစိုင်ကို တိုက်မိပြီး နစ်မြှုပ်သွားသည့်အခါ အကြီးအကျယ်ဘေးဆိုးနှင့် ကြုံတွေ့ ခဲ့ရရှာ၏။ ရှဲကဲလ်တုန်သည် တောင်အတ္တလန်တိတ်သမုဒ္ဒရာရှိ အဲလီဖဲ့န်ထ်ကျွန်းပေါ်ရှိ လုံခြုံရာအရပ်သို့ သူ၏လူများ အန္တရာယ်ကင်းစွာ ရောက်ရှိနိုင်ရန် စီစဉ်ခဲ့လေသည်။ သို့သော် သူတို့သည် အကြီးအကျယ်အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရဆဲပင်။
သူတို့ အသက်ဆက်ရှင်ရန် တစ်ခုတည်းသောမျှော်လင့်ချက်မှာ တောင်ဂျော်ဂျီယာကျွန်းပေါ်ရှိ ဝေလငါးဖမ်းသည့်စခန်းမှ အကူအညီရောက်ရှိလာခြင်းအပေါ် မူတည်ကြောင်း ရှဲကဲလ်တုန် နားလည်လိုက်သည်။ ထိုစခန်းသည်မိုင် ၇၀၀ တွင်ရှိပြီး သူ့တွင် အဲန်ဂျူးရဲန်စ်သင်္ဘောမှ ဆယ်ယူထားသည့် ၂၂ ပေရှိ အသက်ကယ်လှေတစ်စင်းသာရှိသည်။ သူတို့၏မျှော်လင့်ချက်အလားအလာမှာ မကောင်းချေ။
သို့သော် ၁၇ ရက်ကြာကြာ အလူးအလဲခံရပြီးနောက် ၁၉၁၆၊ မေ ၁၀ ရက်နေ့တွင် ရှဲကဲလ်တုန်နှင့် အုပ်စုငယ်သည် တောင်ဂျော်ဂျီယာသို့ ရောက်ရှိခဲ့ကြသည်၊ သို့သော် ပင်လယ်ပြင်၏အခြေအနေ အလွန်ဆိုးရွားသောကြောင့် သူတို့သည် ကျွန်း၏အခြားတစ်ဖက်သို့ ရောက်သွားလေသည်။ သူတို့၏ခရီးဆုံးသို့ရောက်ရှိရန် မြေပုံတွင်မပါသည့် နှင်းဖုံးလွှမ်းနေသောတောင်များကို အထပ်ထပ်ဖြတ်ကျော်ကာ မိုင် ၂၀ ခြေလျင်ခရီးကို သွားခဲ့ကြရသည်။ ရှဲကဲလ်တုန်နှင့် သူ၏အပေါင်းပါများသည် အခက်အခဲအမျိုးမျိုးကြား—သုညဒီဂရီအောက်တွင် တောင်တက်ပစ္စည်းများမပါဘဲ—သူတို့၏ခရီးလမ်းဆုံးသို့ ရောက်ရှိခဲ့ကြပြီး နောက်ဆုံးတွင် ရှဲကဲလ်တုန်သည် သောင်တင်နေသော သူ၏လူအားလုံးကို ကယ်ဆယ်နိုင်ခဲ့လေသည်။ ရှဲကဲလ်တုန်သည် အဘယ်ကြောင့် ဤမျှအစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ရသနည်း။ အတ္ထုပ္ပတ္တိရေးသူ ရိုလဲန် ဟာန်ဖိုဒ်က ဤသို့ရေးသား၏– “သူ၏ရည်ရွယ်ချက်မှာ သူ၏လူအားလုံးသည် ဘေးကင်းစွာ အသက်ရှင်ကျန်ရစ်ရန်ဖြစ်သည်။”
“တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ”
ရှဲကဲလ်တုန်၏လူတို့သည် “အေးစိမ့်ပြီး လူသူမရှိသည့် မိုင်နှစ်ဆယ်ကျယ်ဝန်းသော ကျောက်ဆောင်၊ ရေခဲကျွန်း” ပေါ်တွင် စုပြုံစောင့်နေကြစဉ် လုံးဝမျှော်လင့်ချက်ကင်းမဲ့နေသည့် သူတို့ကို ကယ်လိုက်သည့်အရာကား အဘယ်နည်း။ မိမိတို့၏ခေါင်းဆောင်သည် ကတိအတိုင်း ကယ်မည်ကို ယုံကြည်စိတ်ချခြင်းဖြစ်၏။
ယနေ့ လူသားများသည် အဲလီဖဲ့န်ထ်ကျွန်းပေါ်တွင် သောင်တင်နေကြသော ထိုသူတို့နှင့် အလွန်တူ၏။ လူများစွာသည် မယုံနိုင်အောင် ဆင်းရဲခက်ခဲသည့် ဘဝအခြေအနေများအောက်တွင် အသက်ရှင်ရုံလေးအတွက်ပင် ရုန်းကန်ကြိုးစားနေရရှာသည်။ သို့တိုင် ဘုရားသခင်သည် ဖိစီးနှိပ်စက်မှုနှင့် ဝမ်းနည်းကြေကွဲမှုတို့မှ “အမှုရောက်သော ဆင်းရဲသားတို့ကို ကယ်တင်တော်မူ” မည်ကို သူတို့ အပြည့်အဝယုံကြည်စိတ်ချနိုင်ကြသည်။ (ယောဘ ၃၆:၁၅) လူတိုင်း၏အသက်ကို ဘုရားသခင် တန်ဖိုးထားကြောင်း စိတ်ချပါ။ ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်က ‘အမှုရောက်သည်ကာလ၌ ငါ့ကို ဆုတောင်းကြလော့။ ငါသည် ကယ်လွှတ်မည်’ ဟုမိန့်ဆို၏။—ဆာလံ ၅၀:၁၅။
ဖန်ဆင်းရှင်သည် ကမ္ဘာမြေပေါ်မှ သန်းထောင်နှင့်ချီရှိသော လူသားတို့ထဲမှ တစ်ဦးသာဖြစ်သည့် သင့်အား တန်ဖိုးထားသည်ကို ယုံရခက်နေသလော။ သို့ဖြစ်လျှင် ကြီးမားကျယ်ပြောလှသော စကြဝဠာတွင် ကုဋေနှင့်ချီရှိသောဂလက်ဆီများအတွင်းရှိ ကုဋေနှင့်ချီရှိသောကြယ်များအကြောင်း ပရောဖက်ဟေရှာယ ရေးသားခဲ့ရာကို သတိပြုပါ။ ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။”—ဟေရှာယ ၄၀:၂၆။
၎င်း၏ဆိုလိုချက်ကို သင်နားလည်ပါသလော။ ကျွန်ုပ်တို့၏ နေအဖွဲ့အစည်းတစ်စိတ်တစ်ဒေသမျှသာ ပါဝင်တည်ရှိနေသည့် နဂါးငွေ့တန်းဂလက်ဆီ၌ အနည်းဆုံးကြယ်ပေါင်း ၁၀၀ ဘီလီယံပါရှိသည်။ အခြားဂလက်ဆီ မည်မျှရှိသေးသနည်း။ မည်သူမျှ တပ်အပ်မသိကြသော်လည်း တချို့က ၁၂၅ ဘီလီယံရှိသည်ဟု ခန့်မှန်းကြ၏။ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် များပြားလှသည့်ကြယ်များ ရှိနေကြမည်ဖြစ်သည်! သို့တိုင် စကြဝဠာဖန်ဆင်းရှင်သည် ကြယ်တစ်လုံးစီကို နာမည်ဖြင့် သိတော်မူ၏ဟု သမ္မာကျမ်းစာကဆို၏။
“သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏”
‘သို့သော် ကုဋေနှင့်ချီရှိသော ကြယ်များ သို့မဟုတ် လူများ၏အမည်တို့ကို သိရှိရုံဖြင့်သာ တစ်ဦးချင်းကို ဂရုစိုက်သည်ဟု ယူမှတ်၍မရ’ ဟူ၍ တစ်ဦးတစ်ယောက်က ဆိုပေမည်။ မှတ်ဉာဏ်အလုံအလောက်ရှိသော ကွန်ပျူတာတစ်လုံးသည် လူတို့၏အမည်များကို သန်းထောင်နှင့်ချီ၍ သိမ်းထားနိုင်သည်။ သို့တိုင် ကွန်ပျူတာသည် ထိုအထဲမှတစ်ဦးဦးကို ဂရုစိုက်သည်ဟု မည်သူမျှ ယူမှတ်မည်မဟုတ်ပါ။ သို့သော် ယေဟောဝါဘုရားသခင်သည် သန်းထောင်နှင့်ချီရှိသော လူတို့၏အမည်များကို သိရှိရုံသာမက တစ်ဦးချင်းစီကို ဂရုစိုက်တော်မူကြောင်း သမ္မာကျမ်းစာက ဖော်ပြ၏။ “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့” ဟုတမန်တော်ပေတရုက ရေးသားခဲ့သည်။—၁ ပေတရု ၅:၇။
ယေရှုခရစ်က ဤသို့မိန့်ဆိုခဲ့သည်– “စာငှက်နှစ်ကောင်ကို အဿရိတစ်ပြားဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘအခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။ သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။” (မဿဲ ၁၀:၂၉-၃၁) ဘုရားသခင်သည် စာငှက်များနှင့် လူတို့တွင် အဘယ်အရာဖြစ်နေသည်ကို သိနေသည်ဟူ၍သာ ယေရှုမမိန့်ဆိုကြောင်း သတိပြုပါ။ ကိုယ်တော်က “သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏” ဟုမိန့်ဆိုခဲ့သည်။ သင်သည် အဘယ်ကြောင့် သာ၍မြတ်သနည်း။ အကြောင်းမှာ သင်သည် ဘုရားသခင်၏မြင့်မြတ်သော အရည်အသွေးတော်များကို ရောင်ပြန်ဟပ်နိုင်သည့် ကိုယ်ကျင့်တရား၊ ဉာဏ်ရည်နှင့် ဝိညာဉ်ရေးအရည်အသွေးများကို ပျိုးထောင်ပြီး တင်ပြနိုင်စွမ်းဖြင့် “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံထားရ၏။—ကမ္ဘာဦး ၁:၂၆၊ ၂၇။
“အသိဉာဏ်ဖြင့်လုပ်ဆောင်မှုမှ ထွက်ပေါ်လာ”
ဖန်ဆင်းရှင်ရှိတော်မူသည်ကို မယုံကြည်သူများ၏ အထောက်အထားမရှိသော အဆိုများကြောင့် လမ်းလွဲမခံပါနှင့်။ သူတို့၏အဆိုအရ မျက်မြင်မရ သက်မဲ့သဘာဝစွမ်းအားစုများက သင့်ကို ဖြစ်ပေါ်စေသည်။ သင်သည် “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖြစ်ဖို့ဝေးစွ၊ ဤဂြိုဟ်ပေါ်ရှိ စာငှက်များအပါအဝင် တခြားတိရစ္ဆာန်အားလုံးနှင့် ဘာမျှမထူးမခြားနားဟုဆို၏။
မတော်တဆ သို့မဟုတ် မျက်မြင်မရစွမ်းအားကြောင့် ဤနေရာတွင် အသက်ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟုဆိုလျှင် သင့်အတွက် ယုတ္တိရှိမည်လော။ မော်လီကျူးဇီဝဗေဒပညာရှင် မိုက်ကယ်လ် ဂျေ. ဘီဟီ၏အဆိုအရ အသက်ကို စီမံညွှန်ကြားပေးသည့် “အံ့ဖွယ်ကောင်းအောင် ရှုပ်ထွေးနေသော ဇီဝဓာတုဖြစ်စဉ်များ” က ထိုအယူသည် လုံးဝယုတ္တိမရှိကြောင်း ဖော်ပြနေသည်။ ဇီဝဓာတုဗေဒ၏အထောက်အထားက “ကမ္ဘာပေါ်ရှိ သက်ရှိသည် ၎င်း၏အခြေခံအကျဆုံးအဆင့်တွင်ပင် . . . အသိဉာဏ်ဖြင့်လုပ်ဆောင်မှုမှ ထွက်ပေါ်လာ၏” ဟုမလွှဲမရှောင်သာ ကောက်ချက်ချစေသည်ဟူ၍ သူကဆို၏။—ဒါဝင်၏သေတ္တာနက်—ဆင့်ကဲဖြစ်စဉ်အား ဇီဝဓာတု၏စိန်ခေါ်ချက်။
ကမ္ဘာပေါ်ရှိ အသက်အသီးသီးသည် အသိဉာဏ်ဖြင့်လုပ်ဆောင်မှုမှ ထွက်ပေါ်လာသည်ဟု သမ္မာကျမ်းစာက ဆို၏။ အဆိုပါအသိဉာဏ်ဖြင့် လုပ်ဆောင်မှုတိုင်း၏ ရင်းမြစ်မှာ စကြဝဠာဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ဖြစ်ကြောင်း ယင်းကဆို၏။—ဆာလံ ၃၆:၉; ဗျာ. ၄:၁၁။
နာကျင်မှုဝေဒနာတို့နှင့် ပြည့်နှက်နေသော ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့ ခံရပ်ရမည်ဟူသောအချက်ကြောင့် ကမ္ဘာမြေနှင့် ယင်းပေါ်မှ အသက်ရှိရှိသမျှ၏ ဖန်ဆင်းရှင်နှင့် ပုံစံပြုရှင်တစ်ပါးရှိသည်ဟူသော ယုံကြည်ခြင်းမှ သွေဖည်သွားခွင့်မပြုပါနှင့်။ အခြေခံကျသော အမှန်တရားနှစ်ခုကို စိတ်စွဲမှတ်ပါ။ တစ်ခုမှာ ကျွန်ုပ်တို့ဝန်းကျင်တွင် တည်ရှိနေသည့် အားနည်းချို့ယွင်းမှုကို ဘုရားသခင် ပုံစံပြုခဲ့ခြင်းမဟုတ်ပါ။ နောက်တစ်ခုမှာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်တွင် အကြောင်းကောင်းများရှိသောကြောင့် ယင်းကို ခေတ္တယာယီခွင့်ပြုထားရခြင်းဖြစ်သည်။ ဤမဂ္ဂဇင်းတွင် မကြာခဏ ဆွေးနွေးခဲ့သည့်အတိုင်း ယေဟောဝါဘုရားသခင်သည် မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ကနဦးလူသားများ ငြင်းပယ်ခဲ့သည့်အချိန်တွင် ပေါ်ပေါက်လာသည့် ကျင့်ဝတ်ဆိုင်ရာအရေးကိစ္စကို အပြီးအပိုင်ဖြေရှင်းရန် မကောင်းမှုကို အချိန်အကန့်အသတ်ဖြင့်သာ တည်ရှိခွင့်ပြုထား၏။ *—ကမ္ဘာဦး ၃:၁-၇; တရားဟောရာ ၃၂:၄၊ ၅; ဒေ. ၇:၂၉; ၂ ပေတရု ၃:၈၊ ၉။
‘ငတ်မွတ်သောသူ အော်ဟစ်သောအခါ ထိုသူကို ချမ်းသာပေးတော်မူလိမ့်မည်’
အမှန်မှာ ယနေ့ လူများစွာသည် ဆင်းရဲဝေဒနာခံစားနေရလျက်ပင် အသက်သည် ထူးမြတ်သောဆုကျေးဇူးတစ်ခု ဖြစ်နေဆဲပင်။ အသက်ကို အတတ်နိုင်ဆုံး ကာကွယ်ကြသည်။ ဘုရားသခင် ကတိပြုထားသည့် အနာဂတ်အသက်တာသည် အဲလီဖဲ့န်ထ်ကျွန်းပေါ်တွင် ရှဲကဲလ်တုန်၏လူများကဲ့သို့ ခက်ခဲကြမ်းတမ်းပြီး ဆင်းရဲနာကျင်မှုများမှ လွတ်မြောက်ရုံ ကြိုးစားရုန်းကန်ခြင်းထက်မကပေ။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ ကိုယ်တော်ဖန်ဆင်းထားသော လူသားအတွက် မူလက ရည်ရွယ်ထားသည့် “မှန်သောအသက်ကို ဝင်စား” နိုင်ရန် ယခုတည်ရှိနေသည့် နာကျင်မှုဝေဒနာနှင့် အချည်းနှီးသောအမှုတို့မှ ကျွန်ုပ်တို့ကို လွတ်မြောက်စေဖို့ဖြစ်၏။—၁ တိမောသေ ၆:၁၉။
ကျွန်ုပ်တို့တစ်ဦးစီသည် ဘုရားသခင်၏မျက်မှောက်တွင် တန်ဖိုးရှိသောကြောင့် ယင်းတို့အားလုံးကို ကိုယ်တော်ပြုလုပ်ပေးတော်မူလိမ့်မည်။ ကျွန်ုပ်တို့၏ကနဦးမိဘများဖြစ်ကြသော အာဒံနှင့်ဧဝတို့မှ အမွေရရှိခဲ့သည့် အပြစ်၊ မစုံလင်မှုနှင့် သေခြင်းတို့မှ ကျွန်ုပ်တို့ကို လွတ်မြောက်စေရန် လိုအပ်သည့် ရွေးနုတ်ရာယဇ်အဖြစ် သားတော်ယေရှုခရစ်ကို ကိုယ်တော်စီစဉ်ပေးခဲ့သည်။ (မဿဲ ၂၀:၂၈) ယေရှုခရစ်က ဤသို့မိန့်ဆို၏– ‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကို ချစ်တော်မူ၏။’—ယောဟန် ၃:၁၆။
ယခု နာကျင်မှုဝေဒနာနှင့် ဖိစီးနှိပ်စက်မှုတို့ကြောင့် အသက်အန္တရာယ်ရှိနေသူများအတွက် ဘုရားသခင် အဘယ်အရာ ပြုလုပ်ပေးတော်မူမည်နည်း။ ဘုရားသခင်၏သားတော်နှင့်စပ်လျဉ်း၍ ကိုယ်တော်၏မှုတ်သွင်းခံစကားတော်က ဤသို့ဆို၏– “ငတ်မွတ်သောသူအော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှ ရွေးနုတ်” ပေးတော်မူလိမ့်မည်။ ကိုယ်တော်သည် အဘယ်ကြောင့် ဤသို့ပြုလုပ်ပေးသနည်း။ အကြောင်းမှာ “သူတို့အသွေး [သို့မဟုတ် သူတို့၏အသက်] ကိုနှမြောတော်မူလိမ့်မည်။”—ဆာလံ ၇၂:၁၂-၁၄။
လူသားတို့သည် နာကျင်မှုနှင့် ဆင်းရဲဝေဒနာများကြောင့် “ညည်းတွား” နေရဘိသကဲ့သို့ အပြစ်နှင့်မစုံလင်မှု ဝန်ထုပ်ဝန်ပိုးအောက်တွင် ပင်ပန်းကြီးစွာ ရုန်းကန်နေရသည်မှာ နှစ်ရာစုနှင့်ချီနေပေပြီ။ ဘုရားသခင်သည် ဖြစ်ပေါ်လာမည့် မည်သည့်ထိခိုက်ပျက်စီးမှုကိုမဆို ကုစားပေးနိုင်သည်ကို သိထားသောကြောင့် ယင်းကို ခွင့်ပြုထားရခြင်းသာဖြစ်သည်။ (ရောမ ၈:၁၈-၂၂) ယခု များမကြာမီ ကိုယ်တော်သည် သားတော်ယေရှု အုပ်ချုပ်မည့် ဘုရားသခင့်နိုင်ငံတော်အားဖြင့် “အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်” မူလိမ့်မည်။—တမန်တော် ၃:၂၁; မဿဲ ၆:၉၊ ၁၀။
၎င်းတွင် တစ်ချိန်က ဆင်းရဲဝေဒနာခံစားရပြီး သေဆုံးခဲ့သူများ ရှင်ပြန်ထမြောက်ခြင်းပါဝင်သည်။ သူတို့သည် ဘုရားသခင်၏မှတ်ဉာဏ်တွင် အသေအချာရှိနေကြသည်။ (ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅) မကြာမီ သူတို့သည် နာကျင်မှုနှင့် ဆင်းရဲဝေဒနာတို့ ပပျောက်သွားမည့် ပရဒိသုမြေကြီးပေါ်တွင် စုံလင်ခြင်းထာဝရအသက်ဖြစ်သော “ကြွယ်ဝ” သည့်အသက်ကို ရရှိပါတော့မည်။ (ယောဟန် ၁၀:၁၀၊ သမ္မာ; ဗျာ. ၂၁:၃-၅) အသက်ရှင်နေထိုင်သူအားလုံးသည် ဘဝ၏အရသာကို အပြည့်အဝခံစားနိုင်ပြီး “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံရသူများကို မှတ်သားဖော်ပြသည့် အလွန်ကောင်းသော အရည်အသွေးများနှင့် စွမ်းရည်များကို ပျိုးထောင်နိုင်ပါလိမ့်မည်။
သင်သည် ယေဟောဝါ ကတိပြုထားသည့် အသက်ကို စံစားရန် အရန်သင့်ရှိနေမည်လော။ ၎င်းသည် သင့်အပေါ် မူတည်ပါသည်။ အဆိုပါကောင်းချီးများ ဖြစ်ပေါ်လာစေရန် ဘုရားသခင် ပြုလုပ်ပေးထားသည့် စီစဉ်ပေးမှုများကို အသင်ကိုယ်တိုင် ရယူဖို့ သင့်အား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ ဤမဂ္ဂဇင်း ထုတ်ဝေသူများသည် အသင် ထိုသို့ပြုလုပ်နိုင်ရန် အားရဝမ်းသာ ကူညီပေးကြပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 17 ဤအချက်၏အသေးစိတ်ဆွေးနွေးချက်အတွက် ယေဟောဝါသက်သေများ ထုတ်ဝေသော ထာဝရအသက် ရစေသော အသိပညာ စာအုပ်မှ အခန်း ၈ ‘ဆင်းရဲဝေဒနာကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း’ ကိုရှု။
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
ကယ်မည်ဟူသော ရှဲကဲလ်တုန်၏ကတိအတိုင်း ပြုလုပ်ပေးမည်ကိုသောင်တင်နေသော သူ၏လူများကယုံကြည်စိတ်ချခဲ့ကြ
[Credit Line]
© CORBIS
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
“သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏”