မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက် အဖိုးတန်ရာလော၊ အပေါစားလော

အသက် အဖိုးတန်ရာလော၊ အပေါစားလော

အသက် အဖိုးတန်​ရာ​လော၊ အပေါ​စား​လော

“လူကို​ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ထား​ရာ လူ့​အသက်ကို​သတ်​ခြင်း​သည် ကမ္ဘာ​ပေါ်​တွင် အဖိုးအတန်ဆုံး၊ အမြင့်မြတ်ဆုံး​အရာ​ကို ဖျက်ဆီး​လိုက်ခြင်း​ဖြစ်၏။”—ဝီလျံ​ဘာက​လေး​၏ သာမန်​လူ​၏​ကျင့်ဝတ်​ဆိုင်ရာ​လမ်းညွှန်မှု။

‘ကမ္ဘာ​ပေါ်​တွင် အဖိုးအတန်ဆုံး​အရာ။’ သင်သည် အသက်ကို ထို​အတိုင်း​ရှုမြင်ပါ​သလော။ လူအများသည် ထို​စာရေး​ဆရာ​နှင့် သဘောထား​ချင်း​မတူ​ကြောင်း သူတို့၏​အပြုအမူက ဖော်ပြ​သည်။ လူသားချင်း​အကျိုးကို မငဲ့ကွက်​ဘဲ ကိုယ်ကျိုး​ပန်းတိုင်​များ​နောက် လိုက်ခဲ့​ကြသော အကြမ်းဖက်​သူများ​သည် အသက်​ပေါင်း​များစွာကို ရက်ရက်စက်စက် ခြွေယူ​ခဲ့​ကြသည်။—ဒေ. ၈:၉

တစ်ခါ​သုံးပြီး လွှင့်ပစ်

ပထမ​ကမ္ဘာ​စစ်သည် စံနမူနာ​တစ်ခု​ဖြစ်၏။ ကြောက်မက်​ဖွယ်​ထို​စစ်ပွဲ​အတွင်း ကြိမ်ဖန်​များစွာ “လူ့​ခန္ဓာကိုယ်​များ အကြောင်းမဲ့ အစ​တေး​ခံ​ခဲ့​ရ၏” ဟု​သမိုင်း​ပညာရှင် အေ.ဂျေ.ပီ.တေလာက ဆို​သည်။ . . . ဂုဏ်​မာန်​ဝ​င့်​နိုင်​ရေး​အတွက် . . . တန်ဖိုး​မဲ့​သဖွယ် သုံးပြီး​လွှင့်ပစ်လိုက်​ကြသည်။ ပြင်သစ်​နိုင်ငံ​မှ ဗှာ​ဒန်​စစ်ပွဲ​၌ အသေအပျောက် ဒဏ်ရာ​ရရှိ​သူ သန်း​တစ်ဝက်​ကျော်​ရှိ၏။ “[မဟာ​ဗျူဟာမြောက်​သည့် အဖိုးတန်​သော] ဆု​ရ​စ​ရာ၊ ဆုံးရှုံး​စ​ရာ မရှိခဲ့​ပေ; လူ​တို့ အသတ်​ခံရ​ဖို့၊ ဂုဏ်​မာန်​ဝ​င့်​နိုင်​ဖို့​သာ ရှိခဲ့​သည်” ဟု​တေလာက ရေးသား​သည်။—ပထမ​ကမ္ဘာ​စစ်။

အသက်​၏​တန်ဖိုး​ကို ဤ​ကဲ့သို့​အလေး​မထား​ခြင်း​သည် ကမ္ဘာ​အနှံ့​တွင် ရှိနေဆဲ​ပင်။ မကြာသေးမီ​အချိန်​က “လူဦးရေ​အကြီးအကျယ်​တိုးပွားမှု​ကြောင့် ကမ္ဘာ့​အလုပ်သမား​ဈေးကွက်​များ​မှာ ဆင်းရဲ​ပြီး ကာကွယ်​နိုင်စွမ်း​မရှိသော သန်းနှင့်ချီ​သူတို့နှင့် ပြည့်​သွား​စေ​ခဲ့​၏” ဟု​ကျမ်း​ပညာရှင် ကယ်​ဗင် ဘေ​လ်ဇ်​က ထောက်ပြ​သည်။ သို့​နှင့် သူတို့သည် “အသက်ကို အပေါ​စား​အဖြစ်​ထား​သည့်” နိုင်ထက်စီးနင်း စီးပွားရေး​စနစ်​တွင် မသေ​ရုံ​တစ်​မည် အသက်ရှင်​နိုင်​ရေး​အတွက် တစ်သက်လုံး ရုန်းကန်​လှုပ်ရှား​ကြ​ရလေ​သည်။ သူတို့​အပေါ် မတရား​ခေါင်းပုံဖြတ်​ကြ​သူများ​သည် သူတို့ကို ကျွန်​များ—“ငွေရှာ​ပေး​သည့် တစ်ခါ​သုံး​ပစ္စည်း​များ”—ကဲ့သို့ ဆက်ဆံ​ကြသည်​ဟု ဘေ​လ်ဇ်​က​ဆို​၏။—တစ်ခါ​သုံး​သူများ။

“လေကို​ကျက်စား​သော​အမှု”

မိမိတို့ ရှင်​သည်​ဖြစ်စေ၊ သေ​သည်​ဖြစ်စေ ဂရုစိုက်​မည့်​သူ​မရှိ​သည်​အထိ လုံးဝ​အသုံးမကျ၊ မျှော်လင့်ချက်​မရှိ​ဟု သန်းနှင့်ချီ​သော​သူတို့ ခံစား​နေရ​သည့် နောက်ထပ်​အကြောင်းရင်း​များစွာ ရှိသေး​သည်။ စစ်​နှင့်​မတရားမှု​တို့​အပြင် လူသား​တစ်ရပ်လုံး​ကို ဘေးသင့်​စေသည့် မိုးခေါင်ခြင်း၊ အစာ​ခေါင်းပါး​ခြင်း၊ ရောဂါ​ဝေဒနာ၊ ချစ်ရသူ​ဆုံးပါးခြင်း​နှင့် မရေမတွက်​နိုင်သော အခြား​အရာများ​ကြောင့် ဘဝ​သည် အသက်ရှင်​ရကျိုးနပ်​၏​လော​ဟု အတွေး​ဝင်​စ​ရာ​ဖြစ်စေ​ခဲ့​သည်။—ဒေ. ၁:၈၊ ၁၄

အမှန်​ဆို​ရ​သော် လူတိုင်း အလွန်အမင်း​ဆင်းရဲ​ချို့တဲ့၊ ကိုယ်​စိတ်​နှစ်​ဖြာ​ဝေဒနာ​ခံစားရ​သည်မဟုတ်။ သို့သော် အဆိုး​ဝါး​ဆုံး​ဖိစီးမှု​နှင့် လွတ်ကင်း​သူများ​ပင် ဤသို့​မေးခဲ့​သည့် ရှေး​ဣသရေလ​ရှင်ဘုရင် ရှောလမုန်​၏​စကား​များ​ကို သံယောင်လိုက်​တတ်ကြ​သည်– “လူသည် နေ​အောက်မှာ ကြိုးစား​အားထုတ်​သော​အမှု၊ အလွန်​စိတ်​စွဲလမ်း​သော​အမှု​အလုံးစုံ​တို့​၌ အဘယ်​အကျိုးရှိ​သနည်း။” လူတို့သည် ကိစ္စရပ်​များ​ကို သုံးသပ်​ပြီး​နောက် သူတို့​ပြုလုပ်​ခဲ့​ရာ​များစွာ​သည် ‘အချည်းနှီး​အမှု၊ လေကို​ကျက်စား​သော​အမှု’ ဖြစ်သွား​ကြောင်း သဘောပေါက်​လာ​ကြ​၏။—ဒေ. ၂:၂၂၊ ၂၆

လူတို့သည် သူတို့၏​ဘဝကို ပြန်ပြောင်း​ကြည့်​ကာ “ဘဝ​ဟူသည် ဤ​ရွေ့ ဤမျှ​သာ​လော” ဟု​မေးခွန်းထုတ်​ကြ​၏။ မှန်ပါသည်၊ ရှေး​ဘိုးဘေး​အာဗြဟံ​ကဲ့သို့ အမှန်တကယ် ‘ကျေနပ်ဖွယ်​နေ့ရက်​များ’ ဖြင့်​စံစား​ကာ အသက်တာ​ကုန်ဆုံး​သွား​သူ မည်မျှ​ရှိ​သနည်း။ (ကမ္ဘာဦး ၂၅:၈က​ဘ အောက်ခြေမှတ်ချက်) အများစုမှာ အချည်းနှီးသာ​ဖြစ်သည်ဟု စွဲမြဲ​စွာ ခံစား​နေရ​သည်။ သို့​တိုင် အသက်သည် အချည်းနှီး​ဖြစ်စရာ​မလိုပါ။ ဘုရားသခင်​သည် လူ့​အသက်​တိုင်း​ကို တန်ဖိုး​ထားပြီး ကျွန်ုပ်​တို့​တစ်ဦးစီ​ကို အပြည့်အဝ​ကျေနပ်ဖွယ်​ကောင်း​သည့် အသက်တာဖြင့် အသက်ရှင်​စေ​လို​၏။ ဤ​အသက်တာ​မျိုး မည်သို့​ရမည်​နည်း။ ဤ​အကြောင်း​နှင့်​ပတ်သက်​၍ နောက်​ဆောင်းပါး​က မည်သို့​ဆို​ထား​ကြောင်း​သုံးသပ်ကြည့်​ပါ​လေ။