ကျွန်ုပ်တို့ ခရစ်ယာန်ဖြစ်ရခြင်းကို ထိန်းသိမ်းကာကွယ်ထားခြင်း
ကျွန်ုပ်တို့ ခရစ်ယာန်ဖြစ်ရခြင်းကို ထိန်းသိမ်းကာကွယ်ထားခြင်း
‘ထာဝရဘုရားသခင် မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။’—ဟေရှာယ ၄၃:၁၀။
၁။ ယေဟောဝါသည် အဘယ်လူစားမျိုးကို မိမိထံ သွေးဆောင်သနည်း။
သင်သည် ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုသို့ ရောက်သည့်အခါ သင့်ဝန်းကျင်ကို အသေအချာ လေ့လာကြည့်လိုက်ပါ။ ဤဝတ်ပြုရာနေရာတွင် အဘယ်သူများကို သင်တွေ့ရသနည်း။ ကျမ်းစာဉာဏ်ပညာ ဆည်းပူးနေကြသည့် စိတ်အားထက်သန်သော လူငယ်များကို သင်တွေ့ရမည်။ (ဆာလံ ၁၄၈:၁၂၊ ၁၃) ထိုနည်းတူ၊ မိသားစုဘဝပြိုကွဲနေသော ဤလောကတွင် အသက်ရှင်နေထိုင်စဉ် ဘုရားသခင်၏စိတ်တော်နှင့်တွေ့ရန် ကြိုးစားနေကြသော အိမ်ထောင်ဦးစီးများကိုလည်း တွေ့ရပေမည်။ အိုမင်းခြင်းဝေဒနာများကြား ယေဟောဝါအား ဆက်ကပ်အပ်နှံမှုနှင့်အညီ တည်ကြည်မြဲမြံစွာ အသက်ရှင်နေထိုင်ကြသည့် ချစ်ရသောသက်ကြီးရွယ်အိုများကို တွေ့ရပေမည်။ (သု. ၁၆:၃၁) ဤသူတို့အားလုံး ယေဟောဝါကို အလွန်ချစ်ကြ၏။ ကိုယ်တော်ကလည်း သူတို့ကို မိမိနှင့်ဆက်ဆံရေးရှိစေရန် သွေးဆောင်ခဲ့ပြီ။ ဘုရားသခင့်သားတော်က “ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့မလာနိုင်” ဟုအခိုင်အမာဆိုခဲ့သည်။—ယောဟန် ၆:၃၇၊ ၄၄၊ ၆၅။
၂၊ ၃။ ခရစ်ယာန်ဖြစ်ရခြင်းခံယူချက် ပြင်းပြနေစေရန် အဘယ်ကြောင့် မလွယ်ကူသနည်း။
၂ ကျွန်ုပ်တို့သည် ယေဟောဝါ၏မျက်နှာသာရ၍ ကောင်းချီးခံစားနေရသူများဖြစ်ရခြင်းကို အားရကျေနပ်ကြသည်မဟုတ်လော။ သို့တိုင် ဤ “ခဲယဉ်းသောကာလ” တွင်ကျွန်ုပ်တို့၏ ခရစ်ယာန်ဖြစ်ရခြင်းခံယူချက်ကို ခိုင်မြဲနေစေရန် မလွယ်ကူလှပေ။ (၂ တိမောသေ ၃:၁) ယင်းသည် အထူးသဖြင့် ခရစ်ယာန်မိသားစုများတွင် ကြီးပြင်းလာကြသော လူငယ်များအတွက် မှန်ကန်၏။ ထိုသို့သောလူငယ်တစ်ဦးက ဤသို့ဝန်ခံခဲ့သည်– “ခရစ်ယာန်အစည်းအဝေးတွေကို ကျွန်တော် တက်နေပေမဲ့ ကျွန်တော့်မှာ တိကျပြတ်သားတဲ့ ဝိညာဉ်ရေးပန်းတိုင်တွေမရှိဘူး၊ ပွင့်ပွင့်လင်းလင်းပြောရရင် ယေဟောဝါအမှုတော် ထမ်းဆောင်ချင်စိတ်လည်းမရှိခဲ့ဘူး။”
၃ အချို့သူတို့သည် စိတ်ရင်းမှန်ဖြင့် ယေဟောဝါ၏အမှုတော်ဆောင်လိုကြသော်လည်း ရွယ်တူချင်းဖိအားပေးမှုကို အပြင်းအထန်ခံရခြင်း၊ လောကသြဇာနှင့် အပြစ်ပြုလိုစိတ်တို့၏ နှောင့်ယှက်မှုခံရခြင်းတို့ကြောင့် အာရုံပြောင်းသွားကြပေမည်။ ကျွန်ုပ်တို့ ဖိအားပေးခံရသည့်အခါ ခရစ်ယာန်ဖြစ်ရခြင်းကို တဖြည်းဖြည်း တန်ဖိုးမထားတော့ဘဲ ဖြစ်သွားနိုင်၏။ ဥပမာ၊ ယနေ့ လောကသားများစွာသည် ကျမ်းစာ၏ကိုယ်ကျင့်တရားစံနှုန်းများကို မျက်မှောက်ခေတ်အတွက် ခေတ်နောက်ကျပြီး လက်တွေ့မကျတော့ဟု ရှုမြင်ကြ၏။ (၁ ပေတရု ၄:၄) အချို့က ဘုရားသခင်လမ်းညွှန်သည့်အတိုင်း ကိုယ်တော်အား ဝတ်ပြုခြင်းသည် အရေးမပါတော့ဟု ယူဆကြသည်။ (ယောဟန် ၄:၂၄) ဧဖက်မြို့သားများထံ ပေါလုရေးလိုက်သောစာတွင် ဤလောက၏ “ဝိညာဉ်” သို့မဟုတ် ထင်ပေါ်သောသဘောထားအကြောင်း ဖော်ပြထားသည်။ (ဧဖက် ၂:၂) ထိုလောကဝိညာဉ်သည် ယေဟောဝါအား မသိကြသည့် လူ့ဘောင်အဖွဲ့အစည်း၏ စဉ်းစားတွေးခေါ်ပုံအတိုင်း ပြုမူရန် ဖိအားပေး၏။
၄။ သိသာထင်ရှားသည့် ခရစ်ယာန်အမှတ်အသား မပျောက်စေရန် ယေရှု မည်သို့အလေးအနက်ဖော်ပြသနည်း။
၄ သို့သော် ယေဟောဝါ၏ဆက်ကပ်အပ်နှံထားသော ကျေးကျွန်များအနေနှင့် လူကြီးလူငယ်မရွေး ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏ ခရစ်ယာန်အမှတ်အသား ပျောက်ဆုံးသွားလျှင် အန္တရာယ်ရှိနိုင်ကြောင်း သိထားကြသည်။ ခရစ်ယာန်ဖြစ်ရခြင်းခံယူချက်ကို လျော်ကန်စွာဖော်ပြနိုင်ရန် ယေဟောဝါ၏စံနှုန်းများနှင့် ကျွန်ုပ်တို့ထံမှ ကိုယ်တော်တောင်းဆိုရာများကို ခြေမြစ်စွာ သိရှိဖို့လိုသည်။ အကြောင်းမှာ ကျွန်ုပ်တို့ကို ကိုယ်တော်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထား၏။ (ကမ္ဘာဦး ၁:၂၆; မိက္ခာ ၆:၈) သမ္မာကျမ်းစာက သိသာထင်ရှားသည့် ခရစ်ယာန်အမှတ်အသားကို အားလုံးမြင်နိုင်သောဝတ်ရုံနှင့် နှိုင်းယှဉ်ထား၏။ ကျွန်ုပ်တို့ခေတ်နှင့်စပ်လျဉ်း၍ ယေရှုက ဤသို့သတိပေးခဲ့သည်– “ကြည့်လော့! ငါသည် သူခိုးကဲ့သို့လာမည်။ အဝတ်အချည်းစည်းနှင့်သွားလာသဖြင့် မိမိ၏ရှက်ဖွယ်ရာအဖြစ်ကို လူတို့မကြည့်စေရန် နိုးနိုးကြားကြားနေကာ မိမိ၏ဝတ်ရုံများကို စောင့်သောသူသည် ပျော်ရွှင်၏။” * (ဗျာ. ၁၆:၁၅၊ ကဘ) ကျွန်ုပ်တို့၏ခရစ်ယာန်အရည်အသွေးများနှင့် ကျင့်ဝတ်စံနှုန်းများကို ချွတ်ပယ်လိုက်ပြီး စာတန့်လောက၏ ပုံသွင်းခြင်းကို ကျွန်ုပ်တို့ မခံလိုကြပါ။ ထိုသို့ဖြစ်ခဲ့သော် အဆိုပါ “ဝတ်ရုံများ” ပျောက်ဆုံးသွားပေမည်။ ဤသို့သောအခြေအနေသည် ဝမ်းနည်းကြေကွဲစရာ၊ ရှက်ဖွယ်ရာဖြစ်ပေလိမ့်မည်။
၅၊ ၆။ ဝိညာဉ်ရေးတည်မြဲမှုသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၅ ခရစ်ယာန်ဖြစ်ရခြင်းခံယူချက် ပြင်းပြခြင်းသည် လူတစ်ဦး၏ဘဝဦးတည်ချက်အပေါ် များစွာအကျိုးသက်ရောက်၏။ မည်သို့အားဖြင့်နည်း။ ယေဟောဝါအား ဝတ်ပြုသူတစ်ဦးသည် မိမိမည်သူမည်ဝါဖြစ်ကြောင်း ခံယူချက်ကို ပျောက်ဆုံးသွားစေမည်ဆိုလျှင် သူသည် တိကျထင်ရှားသော ဦးတည်ချက်များ၊ ပန်းတိုင်များမရှိတော့ဘဲ အာရုံထွေပြားသွားနိုင်သည်။ ဤသို့ခိုင်မာပြတ်သားမှုမရှိသော အခြေအနေအကြောင်း သမ္မာကျမ်းစာက အကြိမ်ကြိမ် သတိပေး၏။ တပည့်ဖြစ်သူ ယာကုပ်က ဤသို့သတိပေးခဲ့သည်– ‘တွေးတောခြင်းရှိသောသူသည်ကား၊ လေခတ်၍ လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍ ထာဝရဘုရားသခင်၏လက်တော်မှ တစ်စုံတစ်ခုကိုရမည်ဟု မထင်မမှတ်စေနှင့်။’—ယာကုပ် ၁:၆-၈; ဧဖက် ၄:၁၄; ဟေဗြဲ ၁၃:၉။
၆ ကျွန်ုပ်တို့ ခရစ်ယာန်ဖြစ်ရခြင်းကို မည်သို့ကာကွယ်နိုင်သနည်း။ အကြီးမြတ်ဆုံးအရှင်အား ဝတ်ပြုသူများဖြစ်ရခြင်း မဟာအခွင့်ထူးကြီးကို ကျွန်ုပ်တို့ မည်သို့တိုး၍တန်ဖိုးထားနိုင်ကြမည်နည်း။ အောက်ပါနည်းများကို ကျေးဇူးပြု၍ သုံးသပ်ကြည့်ပါ။
အသင် ခရစ်ယာန်ဖြစ်ရခြင်းကို ပြတ်သားစွာဖော်ပြ
၇။ ကျွန်ုပ်တို့ကို စစ်ဆေးတော်မူပါဟု ယေဟောဝါအား အသနားခံခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။
၇ ယေဟောဝါနှင့် သင်၏ဆက်ဆံရေးကို ခိုင်မြဲနေစေပါ။ ခရစ်ယာန်တစ်ဦး၏ တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုမှာ ဘုရားသခင်နှင့် ဆာလံ ၂၅:၁၄; သု. ၃:၃၂) ကျွန်ုပ်တို့ ခရစ်ယာန်ဖြစ်ရခြင်းကို စိတ်ဒွိဟဖြစ်လာလျှင် အဆိုပါဆက်ဆံရေး၏အရည်အသွေးနှင့် အတိမ်အနက်ကို အသေအချာဆန်းစစ်သင့်သည်။ ဆာလံဆရာသည် ဤသို့လျောက်ပတ်စွာ အသနားခံသည်– ‘အိုထာဝရဘုရားသခင်၊ အကျွန်ုပ်ကို စစ်ဆေးစုံစမ်း၍ နှလုံးကျောက်ကပ်ကို ဆေးကြောတော်မူပါ။’ (ဆာလံ ၂၆:၂) ဤသို့စစ်ဆေးခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ အကြောင်းမှာ ကျွန်ုပ်တို့ သိုသိပ်ထားသော ရည်ရွယ်ချက်များနှင့် အတွင်းအကျဆုံး အလိုဆန္ဒများကို ယုံကြည်စိတ်ချစွာ မိမိဘာသာ အကဲမဖြတ်နိုင်၍ဖြစ်သည်။ ယေဟောဝါသာလျှင် ကျွန်ုပ်တို့၏အတွင်းလူဖြစ်သော ကျွန်ုပ်တို့၏ရည်ရွယ်ချက်၊ စဉ်းစားတွေးခေါ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ထိုးထွင်းသိမြင်နိုင်၏။—ယေရမိ ၁၇:၉၊ ၁၀။
နှစ်ကိုယ်ကြားဆက်ဆံရေးဖြစ်သည်။ (၈။ (က) ယေဟောဝါ၏စမ်းသပ်မှုခံခြင်းက ကျွန်ုပ်တို့အတွက် အဘယ်အကျိုးရှိနိုင်သနည်း။ (ခ) သင်သည် ခရစ်ယာန်တစ်ဦးအနေနှင့် တိုးတက်မှုရှိရန် မည်သို့အကူအညီရရှိခဲ့ပြီနည်း။
၈ ကျွန်ုပ်တို့ကို စစ်ဆေးတော်မူပါဟု ယေဟောဝါအား တောင်းလျှောက်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို စမ်းသပ်စေလိုကြောင်း ဖော်ပြ၏။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှန်နှင့် နှလုံးအနေအထား ဖော်ပြသည့် အခြေအနေများကို ကိုယ်တော် ဖြစ်ပေါ်စေပေမည်။ (ဟေဗြဲ ၄:၁၂၊ ၁၃; ယာကုပ် ၁:၂၂-၂၅) ဤသို့သောစမ်းသပ်မှုများကို လက်ခံသင့်သည်၊ သို့ဖြင့် ယေဟောဝါအပေါ် ကျွန်ုပ်တို့၏သစ္စာစောင့်သိမှု၏ အတိမ်အနက်ကို ဖော်ပြခွင့်ရရှိကြသည်။ ကျွန်ုပ်တို့သည် “အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်” မှုရှိမရှိ ယင်းစမ်းသပ်မှုများက ဖော်ပြနိုင်သည်။ (ယာကုပ် ၁:၂-၄) ထိုသို့အစမ်းသပ်ခံနေစဉ် ဝိညာဉ်ရေးဘက်တွင် ကျွန်ုပ်တို့ တိုးတက်လာနိုင်၏။—ဧဖက် ၄:၂၂-၂၄။
၉။ ကျမ်းစာအမှန်တရားဖြစ်ကြောင်း မိမိကိုယ်တိုင်ကိုယ်ကျ ယုံကြည်သက်ဝင်လာရန် လေ့လာခြင်းသည် မပြုလည်းရသည်ဟူသည့် သဘောလော။ ရှင်းပြပါ။
၉ ကျမ်းစာအမှန်တရားဖြစ်ကြောင်း အသင်ကိုယ်တိုင်ကိုယ်ကျ ယုံကြည်သက်ဝင်လာရန် လေ့လာပါ။ ယေဟောဝါ၏ကျေးကျွန်များဖြစ်ကြောင်း ကျွန်ုပ်တို့၏ခံယူချက်သည် ကျမ်းစာအသိပညာအပေါ် အခိုင်အမာအခြေမပြုလျှင် အားနည်းသွားနိုင်သည်။ (ဖိလိပ္ပိ ၁:၉၊ ၁၀) လူကြီးလူငယ်မရွေး ခရစ်ယာန်တိုင်းသည် မိမိယုံကြည်သည့်အရာမှာ သမ္မာကျမ်းစာတွင်တွေ့ရသည့် အမှန်တရားဖြစ်ကြောင်း မိမိကိုယ်တိုင်ကိုယ်ကျ ယုံကြည်သက်ဝင်လာရန် လေ့လာရမည်။ ယုံကြည်သူချင်းများကို ပေါလု ဤသို့တိုက်တွန်းခဲ့သည်– “ခပ်သိမ်းသောအရာကို စုံစမ်း၍ ကောင်းသောအရာကို အမြဲကိုင်စွဲကြလော့။” (၁ သက်သာလောနိတ် ၅:၂၁) ဘုရားသခင်ကို ကြောက်ရွံ့သောမိသားစုများမှ ခရစ်ယာန်လူငယ်တို့သည် မိဘများ၏ယုံကြည်ခြင်းအပေါ် တည်မှီနေ၍သာမရနိုင်ကြောင်း သိထားရမည်။ ရှောလမုန်၏ဖခင် ဒါဝိဒ်က “သင့်အဘ၏ဘုရားသခင်ကိုသိလော့။ စုံလင်သောနှလုံး . . . နှင့်ဝတ်ပြုလော့” ဟုသူ့ကိုတိုက်တွန်းခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၈:၉) ယေဟောဝါအပေါ် ယုံကြည်ခြင်းကို သူ၏ဖခင် မည်သို့တည်ဆောက်ခဲ့ကြောင်း လူငယ်ရှောလမုန် ကြည့်နေရုံမျှဖြင့် မလုံလောက်ပေ။ သူကိုယ်တိုင် ယေဟောဝါအား သိကျွမ်းလာရန်လိုသည်၊ ထိုသို့လည်းပြုလုပ်ခဲ့၏။ ဘုရားသခင်အား သူဤသို့တိုးလျှိုးတောင်းပန်ခဲ့သည်– “အကျွန်ုပ်သည် ဤလူတို့ရှေ့မှာ ထွက်ဝင်နိုင်မည်အကြောင်း ဉာဏ်ပညာကို ပေးသနားတော်မူပါ။”—၂ ရာဇဝင်ချုပ် ၁:၁၀။
၁၀။ စိတ်ရင်းမှန်ဖြင့် မေးခွန်းများမေးခြင်းသည် အဘယ်ကြောင့်မမှားသနည်း။
၁၀ ခိုင်ခံ့သောယုံကြည်ခြင်းသည် အသိပညာအပေါ်အခြေပြု၏။ ပေါလုက “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏” ဟုဖော်ပြသည်။ (ရောမ ၁၀:၁၇) အဘယ်အရာကို သူဆိုလိုသနည်း။ ဘုရားသခင့်စကားတော်ကို မှီဝဲခြင်းအားဖြင့် ယေဟောဝါ၊ ကိုယ်တော်၏ကတိတော်များနှင့် ကိုယ်တော်၏အဖွဲ့အစည်းတို့အပေါ် ယုံကြည်စိတ်ချမှု တိုးများလာမည်ဖြစ်ကြောင်း သူဆိုလိုခြင်းဖြစ်သည်။ သမ္မာကျမ်းစာအကြောင်း ရိုးသားဖြောင့်မတ်စွာ မေးမြန်းခြင်းဖြင့် အားရှိစရာအဖြေများ ရရှိစေနိုင်သည်။ ထို့ပြင် ရောမ ၁၂:၂ [သမ္မာ] တွင် ပေါလု၏ဤအကြံပြုချက်ကို တွေ့ရှိရသည်– “ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင့်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို ပိုင်းခြား၍သိနိုင်” ဖို့ကြိုးစားပါ။ မည်သို့ပြုနိုင်မည်နည်း။ “တိကျမှန်ကန်သောကျမ်းစာအသိပညာ” ကိုရရှိခြင်းအားဖြင့်ဖြစ်သည်။ (တိတု ၁:၁၊ ကဘ) ယေဟောဝါ၏ဝိညာဉ်တော်သည် ခက်ခဲနက်နဲသောအကြောင်းအရာများကိုပင် ကျွန်ုပ်တို့အား သိနားလည်စေနိုင်သည်။ (၁ ကောရိန္သု ၂:၁၁၊ ၁၂) တစ်စုံတစ်ရာကို နားလည်ဖို့ အခက်တွေ့နေလျှင် ဘုရားသခင်၏အကူအညီရရန် ဆုတောင်းသင့်၏။ (ဆာလံ ၁၁၉:၁၀၊ ၁၁၊ ၂၇) ယေဟောဝါသည် ကျွန်ုပ်တို့အား ကိုယ်တော်၏စကားတော်ကို နားလည်ပြီး ၎င်းကို ယုံကြည်ကာ လိုက်နာစေလို၏။ စိတ်ရင်းမှန်ဖြင့်မေးသော မေးခွန်းများကို ကိုယ်တော်လက်ခံတော်မူသည်။
ဘုရားသခင့်စိတ်တော်နှင့်တွေ့ရန် အခိုင်အမာဆုံးဖြတ်ပါ
၁၁။ (က) အဘယ်လူ့သဘာဝသည် ကျွန်ုပ်တို့ကို ကျော့မိစေနိုင်သနည်း။ (ခ) ရွယ်တူချင်းဖိအားကို တွန်းလှန်နိုင်ရန် ရဲစွမ်းသတ္တိ မည်သို့ရရှိနိုင်သနည်း။
၁၁ လူ့စိတ်မဟုတ်၊ ဘုရားသခင့်စိတ်တော်နှင့်တွေ့ရန် ကြိုးစားပါ။ အုပ်စုတစ်စုဝင်ဖြစ်ခြင်းဖြင့် မိမိတို့မည်သူမည်ဝါဖြစ်ကြောင်း အတိုင်းအတာတစ်ခုအထိ ဖော်ပြခြင်းသည် လူ့သဘာဝပင်။ လူတိုင်းမှာ မိတ်ဆွေများရှိဖို့လို၏၊ အသိအမှတ်ပြုလက်ခံကြလျှင် ကျွန်ုပ်တို့အား ပျော်ရွှင်စေ၏။ မြီးကောင်ပေါက်အရွယ်အပြင် နောက်ပိုင်းအချိန်တွင်ပင် ရွယ်တူချင်းဖိအားသည် အစွမ်းထက်ပြီး သူတစ်ပါးကို တုပစေလို၏၊ သူတစ်ပါး၏စိတ်နှင့်တွေ့လိုသည့်ဆန္ဒ အလွန်ပြင်းပြစေနိုင်၏။ သို့သော် မိတ်ဆွေများနှင့် ရွယ်တူချင်းတို့သည် ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးကို အမြဲလိုလားကြသည်မဟုတ်။ တစ်ခါတစ်ရံ သု. ၁:၁၁-၁၉) ခရစ်ယာန်တစ်ဦးသည် မနှစ်မြို့ဖွယ်ရွယ်တူချင်းဖိအားကို လိုက်လျောသည့်အခါ မိမိသည် မည်သူမည်ဝါဖြစ်ကြောင်း ကြိုးစားကွယ်ဝှက်လေ့ရှိသည်။ (ဆာလံ ၂၆:၄) တမန်တော်ပေါလုက “သင်၏ဝန်းကျင်ရှိ ဤလောက၏အမူအကျင့်ကို အတုမခိုးနှင့်” ဟုသတိပေးခဲ့သည်။ (ရောမ ၁၂:၂၊ ဂျေရုရှလင်သမ္မာကျမ်းစာ) လိုက်လျောညီထွေနေစေရန် ပြင်ပမှ မည်သည့်ဖိအားကိုမဆို တွန်းလှန်နိုင်ဖို့ ကျွန်ုပ်တို့လိုအပ်သည့် အတွင်းခွန်အားကို ယေဟောဝါ ပေးသနားတော်မူသည်။—ဟေဗြဲ ၁၃:၆။
သူတို့သည် မကောင်းမှုပြုရန် အဖော်ရလို၍သာဖြစ်သည်။ (၁၂။ ဘုရားသခင်အား ယုံကြည်ကိုးစားမှု စမ်းသပ်ခံရသည့်အခါ အဘယ်မူနှင့် အဘယ်ပုံနမူနာက ကျွန်ုပ်တို့၏ရပ်တည်ချက်ကို ကြံ့ကြံ့ခံရပ်စေနိုင်သနည်း။
၁၂ ပြင်ပဖိအားကြောင့် မိမိတို့ ခရစ်ယာန်ဖြစ်ရခြင်းခံယူချက် ပျောက်ခါနီးသည့်အခါ လူထု၏ခံယူချက်၊ လူအများ၏အကြိုက်ထက် ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏သစ္စာစောင့်သိမှုက ပို၍အရေးကြီးကြောင်း သတိရသင့်သည်။ ထွက်မြောက်ရာ ၂၃:၂ ပါ ဤစကားများသည် မလွဲမှားစေသောမူဖြစ်သည်– “လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။” ဣသရေလချင်းတို့မှအများစုသည် ကတိတော်များကို ပြည့်စုံစေနိုင်သော ယေဟောဝါ၏အစွမ်းကို သံသယဝင်သည့်အခါ ကာလက်သည် လူအများနောက်လိုက်ရန် အခိုင်အမာငြင်းပယ်ခဲ့သည်။ သူသည် ဘုရားသခင်၏ကတိတော်များ အမှန်ပင် ယုံကြည်အားထားထိုက်ကြောင်း သေချာစွာသိထားပြီး မားမားမတ်မတ်ရပ်တည်ခဲ့ရာ ကြွယ်ဝစွာကောင်းချီးခံစားခဲ့ရသည်။ (တောလည်ရာ ၁၃:၃၀; ယောရှု ၁၄:၆-၁၁) ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ကာကွယ်ရန် လူအများ၏အကြိုက်ကို ထိုနည်းထပ်တူ တွန်းလှန်လိုစိတ်ရှိသလော။
၁၃။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့၏ရပ်တည်မှုကို လူအများအား အသိပေးခြင်းသည် အဘယ်ကြောင့် ပညာရှိလမ်းစဉ်ဖြစ်သနည်း။
၁၃ သင်သည် ခရစ်ယာန်ဖြစ်သည်ကို လူအများအား သိစေပါ။ လက်ဦးမှုရယူခြင်းသည် ကာကွယ်မှုဖြစ်သည်ဟူသော အဆိုသည် ကျွန်ုပ်တို့ ခရစ်ယာန်ဖြစ်ရခြင်းကို ကာကွယ်ရာတွင် မှန်ကန်၏။ ဧဇရခေတ်က တည်ကြည်သောဣသရေလလူတို့သည် ယေဟောဝါ၏အလိုတော်ကို ကြိုးစားထမ်းဆောင်ရာတွင် ဆန့်ကျင်ခံရသည့်အခါ သူတို့က “ငါတို့သည် ကောင်းကင်နှင့် မြေကြီးအရှင် ဘုရားသခင်၏ကျွန်တော်ဖြစ်ကြ၏” ဟုဆိုသည်။ (ဧဇရ ၅:၁၁) ကျွန်ုပ်တို့သည် ရန်လိုသူများ၏ အတိုက်အခံ၊ ပြစ်တင်ဝေဖန်မှု ခံရသည့်အခါ ကြောက်ဒူးတုန်ပြီး မလှုပ်မရှားဖြစ်သွားနိုင်သည်။ လူယောက်တိုင်း၏ အကြိုက်ကိုလိုက်၍ လုပ်ဆောင်ပေးမှုပေါ်လစီကို ကျွန်ုပ်တို့ ကျင့်သုံးမည်ဆိုလျှင် အကျိုးသက်ရောက်မှု လျော့နည်းသွားနိုင်သည်။ ထို့ကြောင့် ထိတ်လန့်မသွားပါနှင့်။ သင်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း အထင်အရှားအသိပေးခြင်းက ကောင်း၏။ ခရစ်ယာန်တစ်ဦးအနေနှင့် သင်၏စံများ၊ ယုံကြည်ချက်များနှင့် အနေအထားကို လေးစားစွာ အခိုင်အမာပြောပြနိုင်သည်။ ကိုယ်ကျင့်တရားနှင့်ပတ်သက်ပြီး ယေဟောဝါ၏မြင့်မားသော စံနှုန်းများကို ကိုင်စွဲထားရန် ဆုံးဖြတ်ထားကြောင်း အသိပေးပါ။ သင်၏ခရစ်ယာန်သမာဓိကို မဖျက်နိုင်ကြောင်း ရှင်းလင်းပြတ်သားစွာ ဖော်ပြပါ။ သင်၏ကိုယ်ကျင့်တရားစံနှုန်းများကို ဂုဏ်ယူဝင့်ကြွားစွာ ဖော်ပြပါ။ (ဆာလံ ၆၄:၁၀) သင်သည် တည်ကြည်သောခရစ်ယာန်တစ်ဦးအဖြစ် ပေါ်လွင်ထင်ရှားနေလျှင် ယင်းက သင့်ကို အားပေးမှုဖြစ်ပြီး ကာကွယ်ပေးနိုင်သည့်အပြင် ယေဟောဝါနှင့် ကိုယ်တော်၏လူမျိုးတော်အကြောင်း အချို့သူတို့အား စူးစမ်းစေပေမည်။
၁၄။ သင်သည် ပြောင်လှောင်ဆန့်ကျင်မှုကြောင့် စိတ်ပျက်အားလျော့သင့်သလော။ ရှင်းပြပါ။
၁၄ မှန်ပါသည်၊ လူအချို့ သင့်ကို ပြောင်လှောင်၊ ဆန့်ကျင်ပေမည်။ (ယုဒ ၁၈) သင်၏စံနှုန်းများအကြောင်း ကြိုးစားရှင်းပြခြင်းကို အခြားသူများ လက်မခံလျှင် စိတ်မပျက်ပါနှင့်။ (ယေဇကျေလ ၃:၇၊ ၈) သင်သည် မည်မျှပင် စိတ်အားထက်သန်ပါစေ၊ ယုံကြည်လက်ခံလိုစိတ်မရှိသူများကို ဘယ်သောအခါမျှ လက်ခံလာစေနိုင်မည်မဟုတ်ပါ။ ဖာရောကို သတိရပါ။ အဘယ်ကပ်ဘေး၊ အဘယ်အံ့ဖွယ်အမှုမျှမက သားဦးသေဆုံးခြင်းပင် ဖာရောအား ယေဟောဝါကိုယ်စား မောရှေပြောဆိုနေကြောင်းကို လက်ခံအောင် မပြုလုပ်နိုင်ခဲ့ချေ။ သို့ဖြစ်၍ လူကိုကြောက်စိတ်ကြောင့် မလှုပ်မယှက်မဖြစ်ပါနှင့်။ ဘုရားသခင်အား ယုံကြည်ကိုးစားခြင်းသည် ကြောက်စိတ်ကင်းစေ၏။—သု. ၃:၅၊ ၆; ၂၉:၂၅။
အတိတ်ကိုကြည့်၊ အနာဂတ်ကို တည်ဆောက်
၁၅၊ ၁၆။ (က) ကျွန်ုပ်တို့၏ဝိညာဉ်ရေးအမွေအနှစ်ကား အဘယ်နည်း။ (ခ) ဘုရားသခင့်စကားတော်အလင်းဖြင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေးအမွေအနှစ်ကို စဉ်းစားဆင်ခြင်ခြင်းမှ မည်သို့အကျိုးရယူနိုင်သနည်း။
၁၅ သင်၏ဝိညာဉ်ရေး အမွေအနှစ်ကို တန်ဖိုးထားပါ။ ခရစ်ယာန်များသည် ဘုရားသခင့်စကားတော်အလင်းဖြင့် သူတို့၏ကြွယ်ဝသော ဝိညာဉ်ရေးအမွေအနှစ်ကို စဉ်းစားဆင်ခြင်ခြင်းမှ အကျိုးခံစားကြရမည်။ ဤအမွေအနှစ်တွင် ယေဟောဝါစကားတော်၏ အမှန်တရား၊ ထာဝရအသက်မျှော်လင့်ချက်နှင့် သတင်းကောင်း ကြွေးကြော်သူများအဖြစ် ဘုရားသခင်၏ကိုယ်စားလှယ်များဖြစ်ခွင့်တို့ပါဝင်၏။ သင်သည် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းဖြင့် အသက်ကယ်ဆယ်ရေးလုပ်ငန်းကို အပ်နှင်းခံရသည့် အခွင့်ထူးသောလူစု၊ ကိုယ်တော်၏သက်သေများကြားတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်နေကြောင်း တွေ့မြင်ပါသလော။ ‘သင်တို့သည် ငါ၏သက်သေ’ ဖြစ်သည်ဟု အခိုင်အမာမိန့်ဆိုသောအရှင်မှာ ယေဟောဝါဖြစ်ကြောင်း သတိရပါ။—ဟေရှာယ ၄၃:၁၀။
၁၆ ဤမေးခွန်းများဖြင့် သင့်ကိုယ်သင် မေးနိုင်သည်– ‘ဤဝိညာဉ်ရေးအမွေအနှစ်သည် ကျွန်ုပ်အတွက် မည်မျှတန်ဖိုးရှိသနည်း။ ကျွန်ုပ်၏ဘဝတွင် ဘုရားသခင့်အလိုတော် ဆောင်ရွက်ခြင်းကို ဦးစားပေးသည်အထိ တန်ဖိုးထားပါသလော။ ၎င်းအမွေအနှစ်ကို ဆုံးရှုံးသွားစေနိုင်သော မည်သည့်သွေးဆောင်မှုကိုမဆို ငြင်းဆန်နိုင်သည်အထိ ယင်းကို တန်ဖိုးထားလေးမြတ်ပါသလော။’ ကျွန်ုပ်တို့၏ဝိညာဉ်ရေးအမွေအနှစ်သည် ယေဟောဝါ၏အဖွဲ့အစည်းအတွင်း၌သာ ရရှိနိုင်သည့် ဝိညာဉ်ရေးလုံခြုံမှုကို အလွန်တန်ဖိုးထားစေနိုင်၏။ (ဆာလံ ၉၁:၁၊ ၂) ယေဟောဝါ၏ မျက်မှောက်ခေတ်အဖွဲ့အစည်းသမိုင်းမှ မှတ်သားဖွယ်အဖြစ်အပျက်များကို ပြန်ဆန်းစစ်ခြင်းဖြင့် ကမ္ဘာမြေပေါ်မှ ယေဟောဝါ၏လူမျိုးတော်ကို အဘယ်သူကမျှ၊ အဘယ်အရာကမျှ ပပျောက်စေနိုင်မည်မဟုတ်ကြောင်း စိတ်စွဲမှတ်သွားနိုင်သည်။—ဟေရှာယ ၅၄:၁၇; ယေရမိ ၁:၁၉။
၁၇။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးအမွေအနှစ်ကို မှီခိုအားထားရုံမျှမက အဘယ်အရာလိုအပ်သေးသနည်း။
၁၇ ကျွန်ုပ်တို့၏ဝိညာဉ်ရေးအမွေအနှစ်ကိုသာ မှီခိုအားထား၍မရနိုင်ချေ။ ကျွန်ုပ်တို့တစ်ဦးစီသည် ဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးကို တိုးတက်စေရမည်။ ပေါလုသည် ဖိလိပ္ပိမြို့ရှိ ခရစ်ယာန်များ၏ယုံကြည်ခြင်းကို ကြိုးစားတည်ဆောက်ပြီးနောက် သူတို့ထံ ဤသို့စာရေးခဲ့သည်– “သို့ဖြစ်၍ ငါ့ချစ်သူတို့၊ သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်း အစဉ်နားထောင်သည်နှင့်အညီ၊ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ကိုယ်ကိုကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစားအားထုတ်ကြလော့။” (ဖိလိပ္ပိ ၂:၁၂) ကျွန်ုပ်တို့ ကယ်တင်ခြင်းရရန် အခြားသူတစ်ဦးကို မှီခိုအားထား၍မရပါ။
၁၈။ ခရစ်ယာန်လုပ်ငန်းများသည် ခရစ်ယာန်ဖြစ်ရခြင်းခံယူချက် မည်သို့ပို၍ပီပြင်စေနိုင်သနည်း။
၁၈ ခရစ်ယာန်လုပ်ငန်းများတွင် အာရုံနစ်ထားပါ။ “တစ်ဦးတစ်ယောက်သည် မည်သူမည်ဝါဖြစ်ကြောင်း သူ၏အလုပ်က ပုံဖော်သည်” ဟုဆို၏။ ယနေ့ တည်ထောင်ပြီးသော ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောရသည့် အရေးကြီးလုပ်ငန်းကို ခရစ်ယာန်များအား အပ်နှင်းထားသည်။ ပေါလုက “ငါသည် တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်ဖြစ်သည်နှင့်အညီ၊ ထိုတမန်တော်၏အရာကို ချီးမွမ်း” မည်ဟု ကြေညာခဲ့သည်။ (ရောမ ၁၁:၁၃၊ ၁၄) ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းသည် ကျွန်ုပ်တို့ကို ဤလောကမှ သီးခြားဖြစ်စေပြီး ယင်းလုပ်ငန်းတွင်ပါဝင်ခြင်းက ကျွန်ုပ်တို့ ခရစ်ယာန်ဖြစ်ရခြင်းကို ပို၍ပီပြင်စေသည်။ ခရစ်ယာန်အစည်းအဝေးများ၊ ဝတ်ပြုရေးနေရာဆောက်လုပ်ခြင်း အစီအစဉ်များ၊ အကူအညီလိုအပ်သူများကို ကူညီပေးရန်ကြိုးစားမှုများ အစရှိသော အခြားသီအိုကရက်တစ်လုပ်ငန်းများတွင် အာရုံနှစ်ထားခြင်းကလည်း ခရစ်ယာန်ဖြစ်ရခြင်းခံယူချက်ကို သာ၍နက်ရှိုင်းစေသည်။—ဂလာတိ ၆:၉၊ ၁၀; ဟေဗြဲ ၁၀:၂၃၊ ၂၄။
ပီပြင်သော အမှတ်အသား၊ လက်ဆုပ်လက်ကိုင်ပြနိုင်သော ကောင်းချီးများ
၁၉၊ ၂၀။ (က) ခရစ်ယာန်တစ်ဦးဖြစ်ရခြင်းကြောင့် အသင်ကိုယ်တိုင် အဘယ်အကျိုးကျေးဇူးများ ရရှိခဲ့သနည်း။ (ခ) ကျွန်ုပ်တို့ အမှန်တကယ် မည်သူမည်ဝါဖြစ်ကြောင်း အဘယ်အရာက ပိုင်းဖြတ်ပေးသနည်း။
၁၉ ကျွန်ုပ်တို့သည် ခရစ်ယာန်စစ်များဖြစ်ကြရာ ကျွန်ုပ်တို့ရရှိသည့် အကျိုးကျေးဇူးများကို အချိန်အနည်းငယ်ယူ၍ စဉ်းစားသုံးသပ်ကြည့်ပါ။ ကျွန်ုပ်တို့တစ်ဦးချင်းစီသည် ယေဟောဝါ၏အသိအမှတ်ပြုခြင်းခံရသည့် အခွင့်ထူးကို ရရှိထားကြသည်။ ပရောဖက်မာလခိက ဤသို့ဆိုခဲ့သည်– ‘ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် တစ်ယောက်ကို တစ်ယောက်နှုတ်ဆက်၍ ပြောဆိုကြ၏။ ထာဝရဘုရားသခင်သည်လည်း နားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားသခင်ကို ကြောက်ရွံ့၍ နာမတော်ကို အောက်မေ့သောသူတို့အဖို့ ရှေ့တော်တွင် စာရင်း၌မှတ်သားလျက်ရှိ၏။’ (မာလခိ ၃:၁၆) ဘုရားသခင်၏မိတ်ဆွေများအဖြစ် ကျွန်ုပ်တို့ကို ကိုယ်တော်ရှုမြင်သည်။ (ယာကုပ် ၂:၂၃) တိကျသောရည်ရွယ်ချက်၊ လေးနက်သည့်အဓိပ္ပာယ်နှင့် အကျိုးပြုပန်းတိုင်များရှိခြင်းက ကျွန်ုပ်တို့၏ဘဝကို တင့်တယ်စေသည်။ ထို့ပြင် ထာဝရအနာဂတ်မျှော်လင့်ချက်ကိုလည်း ကျွန်ုပ်တို့ရရှိထားကြသည်။—ဆာလံ ၃၇:၉။
၂၀ တခြားသူများ၏ထင်မြင်ယူဆချက်မဟုတ်ဘဲ ဘုရားသခင်၏အကဲဖြတ်မှုက သင်သည် အမှန်တကယ် မည်သူမည်ဝါဖြစ်ကြောင်း၊ တန်ဖိုးရှိသူဖြစ်ကြောင်း ထင်ရှားသည်ကို သတိရပါ။ အခြားသူများသည် မပြည့်မီသော လူ့စံနှုန်းများဖြင့် ကျွန်ုပ်တို့ကို တန်ဖိုးဖြတ်ကြပေမည်။ သို့သော် ဘုရားသခင်၏ချစ်ခြင်းနှင့် ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုတို့က ကျွန်ုပ်တို့ကို အမှန်တကယ် တန်ဖိုးရှိစေသည်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပိုင်ဆိုင်ရာဖြစ်ကြ၏။ (မဿဲ ၁၀:၂၉-၃၁) တစ်ဖန်၊ ကျွန်ုပ်တို့ကလည်း ဘုရားသခင်အား ချစ်သည့်အတွက် မိမိတို့ မည်သူမည်ဝါဖြစ်ရခြင်း ခံယူချက်ကို အလွန်ပြင်းပြစေပြီး ကျွန်ုပ်တို့၏ဘဝတွင် တိကျပြတ်သားသော ညွှန်ကြားချက်ရရှိစေသည်။ “ဘုရားသခင်ကိုချစ်သောသူမည်သည်ကား၊ ဘုရားသခင်သိစေတော်မူသောသူဖြစ်၏။”—၁ ကောရိန္သု ၈:၃။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 အဆိုပါစကားများသည် ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်တောင်၏ ကြီးကြပ်ရေးမှူးတာဝန်များကို ရည်ညွှန်းနေပေမည်။ သူသည် ညဉ့်ကင်းလှည့်ချိန်အတွင်း လေဝိအစောင့်များ ကင်းစောင့်နေမနေ ဝတ်ပြုရာအိမ်တော်အနှံ့ လိုက်လံစစ်ဆေးရ၏။ အိပ်ပျော်နေသော အစောင့်ကိုတွေ့ပါက တုတ်နှင့်ရိုက်၍ အရှက်ခွဲကာ အပြစ်ဒဏ်ပေးသည့်အနေနှင့် သူ၏ဝတ်ရုံတို့ကို မီးရှို့ပစ်လိုက်ပေမည်။
သင်မှတ်မိသလော
• ခရစ်ယာန်များသည် မိမိတို့၏ဝိညာဉ်ရေးအမှတ်အသားကိုကာကွယ်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။
• ကျွန်ုပ်တို့ ခရစ်ယာန်ဖြစ်ရခြင်းကို မည်သို့ခိုင်လုံစွာဖော်ပြနိုင်သနည်း။
• မည်သူ၏အလိုနှင့်တွေ့ရမည်ဟူသောအကြောင်း ပေါ်လာသည့်အခါ အဘယ်အချက်များက ဆုံးဖြတ်ချက်အမှန်ချစေနိုင်သနည်း။
• ခရစ်ယာန်များအနေနှင့် မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်း ခံယူချက်ပြင်းပြခြင်းက ကျွန်ုပ်တို့၏အနာဂတ်ကို မည်သို့ပုံပေါ်စေနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံများ]
ခရစ်ယာန်လုပ်ငန်းများတွင် အာရုံနှစ်ထားခြင်းက ကျွန်ုပ်တို့ခရစ်ယာန်ဖြစ်ရခြင်းကို ပို၍ပီပြင်စေနိုင်