သင့်ကိုယ်သင် အခြားသူများနှင့် နှိုင်းယှဉ်သလော
သင့်ကိုယ်သင် အခြားသူများနှင့် နှိုင်းယှဉ်သလော
မိမိထက် ပိုချောသူ၊ ပိုထင်ပေါ်သူ၊ ပိုသဘောပေါက်မြန်သူ သို့မဟုတ် ကျောင်းတွင် အဆင့်ပိုကောင်းပုံရသူတစ်ဦးကို မတွေ့ဆုံဖူးသူ မည်သူရှိမည်နည်း။ အခြားသူတို့မူ မိမိထက် ပိုကျန်းမာမည်၊ ပိုကျေနပ်ဖွယ်လုပ်ငန်းရှိမည်၊ ပိုအောင်မြင်နေမည် သို့မဟုတ် မိတ်ဆွေပိုများပေလိမ့်မည်။ သူတို့တွင် စည်းစိမ်ဥစ္စာပိုရှိမည်၊ ငွေပိုရှိမည်၊ သူတို့၏ကားမှာ ပိုသစ်လွင်မည်၊ သို့မဟုတ် သူတို့သည် ပို၍ပျော်ရွှင်ပုံပေါက်နေပေမည်။ ယင်းတို့နှင့်စပ်လျဉ်း၍ ကိုယ့်ကိုယ်ကို အခြားသူများနှင့် နှိုင်းယှဉ်မိသလော။ ဤသို့နှိုင်းယှဉ်ခြင်းသည် မလွဲမရှောင်နိုင်ရာလော။ ယင်းတို့ကို ခရစ်ယာန်တစ်ဦး အဘယ်ကြောင့်ရှောင်ကြဉ်ဖို့လိုသနည်း။ ကျွန်ုပ်တို့ကိုယ်ကို မည်သူနှင့်မျှမနှိုင်းဘဲ မည်သို့ကျေနပ်ရောင့်ရဲနိုင်မည်နည်း။
အဘယ်ကြောင့်နှင့် အဘယ်အခါတွင် နှိုင်းယှဉ်
မိမိကိုယ်ကို အခြားသူများနှင့်နှိုင်းရသည့် အကြောင်းတစ်ခုမှာ ကိုယ့်သိက္ခာကိုယ်ဆယ်ရန်၊ ကိုယ့်သိက္ခာကိုယ်မြှင့်တင်ရန်ဖြစ်၏။ လူတို့သည် မိမိနှင့်ဂုဏ်ရည်တူသူတမျှ အောင်မြင်နေကြောင်း သိရှိရသည့်အခါ ကျေနပ်အားရလေ့ရှိသည်။ နောက်ယူဆချက်တစ်ခုမှာ ထိုသို့နှိုင်းယှဉ်ခြင်းဖြင့် မိမိတို့၏သိမ်ငယ်စိတ်ကို လျော့ပါးစေပြီး ကိုယ့်အစွမ်းအစ၊ ကိုယ်တတ်နိုင်ရာများကို သဘောပေါက်နားလည်စေသည်ဟူ၍ဖြစ်၏။ အခြားသူတို့၏အောင်မြင်ပြီးမြောက်ရာများကို ကျွန်ုပ်တို့ တွေ့ရှိကြသည်။ သူတို့သည် ကိစ္စရပ်အတော်များများတွင် ကျွန်ုပ်တို့နှင့်တူပြီး သူတို့လုပ်ဆောင်နိုင်ခဲ့ရာအချို့ရှိလျှင် ကျွန်ုပ်တို့လည်း ထပ်တူလုပ်ဆောင်နိုင်ပါသည်ဟု ယူဆမိပေမည်။
လိင်ချင်းတူသူ၊ သက်တူရွယ်တူ၊ လူမှုအဆင့်အတန်းတူသူ၊ တစ်ဦးကိုတစ်ဦးသိကျွမ်းသူတို့ အချင်းချင်း နှိုင်းယှဉ်တတ်ကြသည်။ မိမိတို့နှင့် အလွန်ကွာဟလွန်းသူတစ်ဦးနှင့် ကိုယ့်ကိုယ်ကို နှိုင်းယှဉ်လေ့မရှိပေ။ တစ်နည်းဆိုရလျှင် သာမန်ဆယ်ကျော်သက်မိန်းမငယ်တစ်ဦးသည် မိမိကိုယ်ကို နာမည်ကျော်ဖက်ရှင်မယ်တစ်ဦးနှင့် နှိုင်းယှဉ်မည့်အစား ကျောင်းနေဖက်များနှင့် နှိုင်းယှဉ်လေ့ရှိသည်၊ ဖက်ရှင်မယ်တစ်ဦးမှာလည်း မိမိကိုယ်ကို ဆယ်ကျော်သက်တစ်ဦးနှင့် နှိုင်းယှဉ်မည်မဟုတ်။
အဘယ်ကဏ္ဍများတွင် နှိုင်းယှဉ်တတ်ကြသနည်း။ လူ့အသိုင်းအဝိုင်းတစ်ခုတွင် တန်ဖိုးထားတတ်ကြသည့် ပိုင်ဆိုင်ရာ သို့မဟုတ် ဂုဏ်ရည်တို့ဖြစ်သော ဉာဏ်ရည်ဉာဏ်စွမ်း၊ အလှ၊ စည်းစိမ်၊ အဝတ်အစားတို့သည် နှိုင်းယှဉ်စရာဖြစ်သည်။ သို့သော် မိမိတို့စိတ်ဝင်စားရာများကို မိမိတို့နှိုင်းယှဉ်တတ်ကြသည်။ ဥပမာ၊ တံဆိပ်ခေါင်းစုဆောင်းသည့်ဝါသနာမရှိသူသည် အသိမိတ်ဆွေတစ်ဦး စုဆောင်းထားသည့် တံဆိပ်ခေါင်းပမာဏကို မနာလိုဖြစ်စရာအကြောင်းမရှိပါ။
နှိုင်းယှဉ်မှုများသည် အားရကျေနပ်မှုမှသည် စိတ်ပျက်အားလျော့သည့်အထိ၊ အားကျမခံပြုလိုသောဆန္ဒမှသည် စိတ်မသက်မသာ သို့မဟုတ် ရန်လိုသည့်အထိ တုံ့ပြန်မှုများဖြစ်ပေါ်စေသည်။ ဤသို့သောခံစားချက်အချို့သည်
ဆိုးကျိုးဖြစ်စေပြီး ခရစ်ယာန်အရည်အသွေးများနှင့် ဆန့်ကျင်နေသည်။အပြိုင်အဆိုင် နှိုင်းယှဉ်မှုများ
နှိုင်းယှဉ်ကြရာတွင် “အနိုင်ရသူများ” ဖြစ်ရန် ကြိုးစားသူများစွာသည် အပြိုင်အဆိုင်စိတ်ဓာတ်ရှိကြသည်။ သူတို့သည် အခြားသူများထက် ပိုသာလွန်လိုကြပြီး ပိုသာလွန်သူမဖြစ်မချင်း မကျေနပ်နိုင်ကြချေ။ ထိုသို့သောသူများနှင့် ပေါင်းသင်းရခြင်းသည် မနှစ်မြို့စရာပင်။ သူတို့နှင့်မိတ်ဖွဲ့ရခြင်းသည် စိတ်ပင်ပန်းစရာဖြစ်ပြီး ဆက်ဆံရေးလည်း မပြေပြစ်ချေ။ သူတို့သည် နှိမ့်ချမှုမရှိရုံမက လူလူချင်းချစ်ရမည်ဟူသော ကျမ်းစာလမ်းညွှန်ချက်ကို ကျင့်သုံးလေ့မရှိသောကြောင့် သူတို့၏သဘောထားသည် သူတစ်ထူး၌ သိမ်ငယ်စိတ်၊ အရှက်ရစိတ်တို့ကို အလွယ်တကူ ပေါ်စေသည်။—မဿဲ ၁၈:၁-၅; ယောဟန် ၁၃:၃၄၊ ၃၅။
လူတို့ကို “ရှုံးနိမ့်သူများ” ဟုခံစားစေခြင်းက တစ်နည်းအားဖြင့် သူတို့ကို စိတ်ထိခိုက်စေသည်။ စာရေးဆရာတစ်ဦးအဆိုအရ “ကျွန်ုပ်တို့နှင့် အလားတူအခြေအနေမျိုးရှိသူတို့တွင် ကျွန်ုပ်တို့အလိုရှိရာများ ရှိနေမည်ဆိုလျှင် ကျွန်ုပ်တို့၏မအောင်မြင်မှုများသည် ပိုစိတ်ထိခိုက်စရာဖြစ်စေသည်။” သို့ဖြစ်၍ အပြိုင်အဆိုင်စိတ်ဓာတ်သည် တစ်စုံတစ်ဦး၏ပိုင်ဆိုင်ရာများ၊ ကြီးပွားတိုးတက်မှု၊ ရာထူး၊ နာမည်ကျော်ကြားမှု၊ အခွင့်အရေးသာခြင်းအစရှိသည်တို့ကို မနာလိုခြင်း၊ မခံချင်စိတ်ဖြစ်ခြင်း၊ မနှစ်သက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ယင်းက သံသရာဆိုးဖြစ်သော ပိုယှဉ်ပြိုင်လိုစိတ် ဖြစ်ပေါ်စေတော့သည်။ သမ္မာကျမ်းစာက ‘အပြိုင်အဆိုင်စိတ်ဓာတ် နှိုးဆွခြင်းကို’ ရှုတ်ချထား၏။—ဂလာတိ ၅:၂၆၊ ကဘ။
မနာလိုဖြစ်နေသူတို့သည် ပြိုင်ဘက်များ၏အောင်မြင်မှုများကို ရှုတ်ချပြောဆိုခြင်းဖြင့် ကိုယ့်သိက္ခာကိုယ်ဆယ်ဖို့ ကြိုးစားကြသည်။ ထိုသို့တုံ့ပြန်ခြင်းသည် အသေးအဖွဲဟုထင်ရသော်လည်း ယင်းတို့ကို သတိမမူ၊ မထိန်းချုပ်ပါက မလိုတမာစိတ်ဖြင့် အမှားပြုမိနိုင်သည်။ အခြေခံအကြောင်းမှာ မနာလိုမှုဖြစ်သော ကျမ်းစာမှတ်တမ်းနှစ်ခုကို သုံးသပ်ကြည့်ပါ။
ဖိလိတ္တိလူများကြားတွင် ဣဇာက်နေထိုင်စဉ် သူသည် “သိုးစု၊ နွားစုများ၊ ကျွန်များနှင့်ပြည့်စုံကြွယ်ဝ၏။ ထိုကြောင့် ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏။” သူတို့သည် ဣဇာက်အဘ အာဗြဟံ၏ရေတွင်းများကို ဖို့ပစ်ပြီး သူတို့၏မင်းကြီးက ဣဇာက်အား ထိုဒေသမှ ထွက်သွားခိုင်းသည်။ (ကမ္ဘာဦး ၂၆:၁-၃၊ ၁၂-၁၆) သူတို့၏မနာလိုမှုသည် မလိုမုန်းထားစိတ်၊ ဖျက်လိုဖျက်ဆီးပြုလိုစိတ်ဖြစ်သည်။ သူတို့အလယ်တွင် ဣဇာက်တိုးတက်ကြီးပွားနေသည်ကို မရှုဆိတ်နိုင်ကြချေ။
ရာစုနှစ်များစွာကြာပြီးနောက် ဒါဝိဒ်သည် စစ်မြေပြင်တွင် ကျော်ကြားလာသည်။ သူ့စွမ်းဆောင်မှုများကို ဣသရေလအမျိုးသမီးများ ပွဲခံ၍ “ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေစွတကား” ဟု သီချင်းဆိုကြ၏။ ရှောလုသည် အတိုင်းအတာတစ်ခုအထိ ချီးမွမ်းခံခဲ့ရသော်လည်း ထိုသို့နှိုင်းယှဉ်ခြင်းက မိမိအားနှိမ်သည်ဟုခံစားရပြီး မနာလိုငြူစူစိတ်ပွားလာသည်။ ထိုအခါမှစ၍ ဒါဝိဒ်အပေါ် အငြိုးသိုလေတော့သည်။ မကြာမီ ဒါဝိဒ်ကိုသတ်ရန် စတင်ကြိုးစားခဲ့သည်။ မနာလိုမှုမှ ဆိုးသွမ်းမှုကြီးထွက်ပေါ်နိုင်သည်တကား!—၁ ဓမ္မရာဇဝင် ၁၈:၆-၁၁။
ထို့ကြောင့် ကိုယ့်ကိုယ်ကို အခြားသူများနှင့်နှိုင်းယှဉ်လျှင် သူတို့၏စွမ်းဆောင်မှုများ၊ အခွင့်အရေးသာမှုများကြောင့် မနာလိုစိတ် သို့မဟုတ် အပြိုင်အဆိုင်စိတ်ဓာတ်ပေါ်လာပါက သတိပြုပါလေ! ယင်းတို့သည် အပျက်သဘောဆောင်ပြီး ဘုရားသခင့်စဉ်းစားပုံနှင့် ဆန့်ကျင်နေသည်။ သို့သော် အဆိုပါသဘောထားများကို တွန်းလှန်နိုင်ပုံအကြောင်း မဆန်းစစ်မီ ပြိုင်ဆိုင်မှုဖြစ်ပေါ်စေသည့်အရာတစ်ခုကို သုံးသပ်ကြည့်ကြစို့။
မိမိကိုယ်ကို အကဲဖြတ်ခြင်းနှင့် ရောင့်ရဲခြင်း
‘ငါဉာဏ်ထက်ရဲ့လား၊ ဆွဲဆောင်မှုရှိရဲ့လား၊ အရည်အချင်းရှိရဲ့လား၊ ကျန်းမာကြံ့ခိုင်ရဲ့လား၊ အာဏာရှိရဲ့လား၊ ချစ်စရာကောင်းရဲ့လား။ ဘယ်အတိုင်းအတာအထိလဲ။’ ကျွန်ုပ်တို့သည် မှန်ရှေ့ရပ်ကာ ထိုသို့မေးလေ့မရှိ။ သို့တိုင် စာရေးဆရာတစ်ဦးအဆိုအရ “ဖော်ထုတ်မပြောသော်လည်း အဆိုပါမေးခွန်းများသည် ကျွန်ုပ်တို့စိတ်ထဲဝင်လာ၍ ကျေနပ်ရောင့်ရဲမှု အနည်းနှင့်အများဖြစ်စေသည့် အဖြေများထွက်ပေါ်လာစေသည်။” မိမိစွမ်းဆောင်နိုင်ရာကို အသေအချာမသိသူသည် ပြိုင်ဆိုင်စိတ်မရှိ၊ မနာလိုစိတ်မရှိဘဲ ဤအရာများကို သုံးသပ်ပေမည်။ သူသည် မိမိကိုယ်ကို အကဲဖြတ်နေခြင်းသာဖြစ်သည်။ ယင်းသည် မမှားပါ။ သို့သော် ထိုသို့ပြုရန်နည်းမှန်မှာ မိမိကိုယ်ကို အခြားသူများနှင့် မနှိုင်းယှဉ်ခြင်းဖြစ်သည်။
အကြောင်းကြောင်းကြောင့် ကျွန်ုပ်တို့တွင် စွမ်းရည်အမျိုးမျိုးရှိကြသည်။ မိမိတို့ထက် ပိုတတ်စွမ်းပုံပေါက်သူ အမြဲရှိနေပေမည်။ ဂလာတိ ၆:၄။
သို့ဖြစ်၍ သူတို့ကို မနာလိုဖြစ်မည့်အစား မိမိတို့ဆောင်ရွက်ရာတို့ကို ကောင်းမြတ်မှန်ကန်သည့်လမ်းပြဖြစ်သော ဘုရားသခင်၏ဖြောင့်မတ်သောစံနှုန်းများနှင့် ညီမညီတိုင်းတာသင့်သည်။ ကျွန်ုပ်တို့တစ်ဦးစီကို ယေဟောဝါ စိတ်ဝင်စားတော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အခြားမည်သူနှင့်မျှ မနှိုင်းယှဉ်ပေ။ တမန်တော်ပေါလုက ဤသို့အကြံပေး၏– “လူတိုင်းကိုယ်ပြုသောအမှုကို စစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွားဝမ်းမြောက်စရာအကြောင်း ရှိလိမ့်မည်။”—မနာလိုမှုကို တွန်းလှန်ခြင်း
လူသားအားလုံးသည် မစုံလင်ကြသောကြောင့် မနာလိုမှုကိုတွန်းလှန်ရန် အားသွန်ခွန်စိုက် အမြဲကြိုးစားနေရပေမည်။ သမ္မာကျမ်းစာက “ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ်ထက်ချီးမြှောက်ကြ” ဟုဆိုကြောင်းသိထားခြင်းက တစ်ကဏ္ဍ၊ ယင်းသို့လုပ်ဆောင်ခြင်းက နောက်တစ်ကဏ္ဍဖြစ်သည်။ ပေါလုသည် မိမိ၌အပြစ်ပြုလိုစိတ်ရှိကြောင်း အသိအမှတ်ပြုသည်။ သူသည် ယင်းကိုတိုက်လှန်ရန် “ကိုယ်ကို ထိုး၍နှိပ်စက်” ခဲ့ရ၏။ (ရောမ ၁၂:၁၀; ၁ ကောရိန္သု ၉:၂၇) ကျွန်ုပ်တို့မှာမူ အပြိုင်အဆိုင်စိတ်ဓာတ်ကို တိုက်လှန်ပြီး အပြုသဘောထားများနှင့် အစားထိုးဖို့လိုပေမည်။ “ကိုယ်ကိုထင်သင့်သည်အတိုင်းထက် လွန်၍မထင်” မိရန် ယေဟောဝါထံ ကျွန်ုပ်တို့ ဆုတောင်းအသနားခံဖို့လိုသည်။—ရောမ ၁၂:၃။
ကျမ်းစာလေ့လာခြင်းနှင့် ဆင်ခြင်တွေးတောခြင်းတို့သည်လည်း အကူအညီဖြစ်သည်။ ဥပမာ၊ ဘုရားသခင့်ကတိထားရာ အနာဂတ်ပရဒိသုအကြောင်း တွေးတောကြည့်ပါ။ ထိုအခါ လူအားလုံးသည် ငြိမ်သက်မှုရှိပြီး ကျန်းမာကြမည်၊ အစားအစာအလျှံပယ်ရှိ၍ အိမ်ကောင်းများတွင် နေထိုင်ပြီး ကျေနပ်ရောင့်ရဲဖွယ်လုပ်ငန်းများ ရှိကြလိမ့်မည်။ (ဆာလံ ၄၆:၈၊ ၉; ၇၂:၇၊ ၈၊ ၁၆; ဟေရှာယ ၆၅:၂၁-၂၃) ထိုတွင် မည်သူသည် ပြိုင်ဆိုင်လိုစိတ် ရှိဦးမည်နည်း။ ဝေးလေစွ။ ယင်းသို့ပြုရန် အကြောင်းမရှိတော့ပေ။ ထိုအချိန်တွင် ဘဝအခြေအနေမည်သို့ဖြစ်မည်ကို ယေဟောဝါရှင် အသေးစိတ်ဖော်ပြမထားသော်လည်း လူတိုင်း မိမိတို့ကြိုက်နှစ်သက်ရာ ဝါသနာများ၊ အတတ်ပညာများ လိုက်စားနိုင်ကြမည်ဟု လျော်ကန်စွာယူမှတ်နိုင်မည်။ တစ်ဦးတစ်ယောက်က နက္ခတ္တဗေဒကိုလေ့လာပေမည်၊ အခြားတစ်ဦးမူ လှပသောအထည်အလိပ်များကို ဒီဇိုင်းရေးဆွဲပေမည်။ တစ်ဦးကိုတစ်ဦး မနာလိုစရာအကြောင်း အဘယ်မှာရှိဦးမည်နည်း။ ကျွန်ုပ်တို့အဖော်အဖက်များ၏ လုပ်ဆောင်မှုများသည် ကျွန်ုပ်တို့ကို စိတ်အားတက်ကြွစေကာ နာကြည်းစေမည်မဟုတ်ချေ။ အဆိုပါစိတ်ထားများသည် အတိတ်တွင် ကျန်ရစ်ခဲ့ပေမည်။
ထိုဘဝအသက်တာမျိုးကို ကျွန်ုပ်တို့လိုလားမည်ဆိုလျှင် ယင်းသဘောထားကို ယခုပင် မွေးမြူရန် မကြိုးစားသင့်ပေလော။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးပရဒိသုတွင် ပျော်မွေ့နှင့်နေကြပြီး ပတ်ဝန်းကျင်ရှိ အခက်အခဲပြဿနာများစွာမှ ကင်းဝေးနေကြပြီ။ ဘုရားသခင့်ကမ္ဘာသစ်တွင် အပြိုင်အဆိုင်စိတ်ဓာတ် ရှိမည်မဟုတ်သောကြောင့် ထိုစိတ်ထားကို ယခုပင် ဖျောက်ဖျက်ပစ်ရမည်။
ထို့ကြောင့် မိမိကိုယ်ကို အခြားသူများနှင့်နှိုင်းယှဉ်ခြင်းသည် မှားသလော။ သို့မဟုတ် ထိုသို့ပြုရန် သင့်လျော်သည့်အခါ ရှိသလော။
တော်မှန်သည့်နှိုင်းယှဉ်မှုများ
နှိုင်းယှဉ်မှုများစွာသည် နာကြည်းခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ဖြစ်စေခဲ့သော်လည်း အမြဲတမ်း ထိုသို့ဖြစ်စရာမလိုပါ။ ယင်းနှင့်ဆက်စပ်၍ တမန်တော်ပေါလု၏ ဤအကြံပြုချက်ကို သတိပြုပါ– “ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်” ဖို့ဖြစ်၏။ (ဟေဗြဲ ၆:၁၁၊ ၁၂) ယေဟောဝါ၏ ရှေးသစ္စာရှိကျေးကျွန်များ၏ အရည်အသွေးများကို ပြုစုပျိုးထောင်ရန် ကြိုးစားခြင်းက အကျိုးဖြစ်ထွန်းနိုင်သည်။ ယင်းသို့ပြုရာတွင် နှိုင်းယှဉ်မှုအချို့ ရှိနိုင်သည်။ သို့တိုင် ယင်းနှိုင်းယှဉ်မှုများက ကျွန်ုပ်တို့တုပနိုင်သောပုံသက်သေများနှင့် တိုးတက်ရန်လိုသည့်ကဏ္ဍများကို သိရှိရန် ကူညီပေးနိုင်သည်။
ယောနသန်ကို သုံးသပ်ကြည့်ပါ။ တစ်နည်းဆိုရလျှင် သူ၌ မနာလိုစရာအကြောင်းရှိသည်။ ဣသရေလဘုရင်ရှောလု၏ ၁ ဓမ္မရာဇဝင် ၁၉:၁-၄) ဒါဝိဒ်အား ပြိုင်ဘက်ဟုရှုမြင်သူ ဖခင်နှင့်မတူဘဲ ယောနသန်သည် ကိစ္စရပ်များကို ယေဟောဝါလမ်းညွှန်နေကြောင်း အသိအမှတ်ပြုပြီး ကိုယ်တော်၏အလိုတော်ကို လက်အောက်ခံခဲ့သည်၊ “ငါ့ကိုမဟုတ်ဘဲ ဒါဝိဒ်ကို ဘာ့ကြောင့်ရွေးချယ်ရသလဲ” ဟုပြောကာ မိမိကိုယ်ကို ဒါဝိဒ်နှင့်မနှိုင်းယှဉ်ခဲ့ချေ။
အကြီးဆုံးသားတော်အနေနှင့် ယောနသန်သည် ဘုရင်ဖြစ်လာဖို့ တစ်ချိန်က မျှော်လင့်ခဲ့ပေမည်၊ သို့သော် သူ့ထက်အသက် ၃၀ ခန့်ငယ်သူ လူငယ်ဒါဝိဒ်ကို ယေဟောဝါ ရွေးချယ်ခဲ့သည်။ ယောနသန်သည် ရန်ငြိုးဖွဲ့မည့်အစား ယေဟောဝါ၏ခန့်အပ်ခံဘုရင်အဖြစ် ဒါဝိဒ်ကို ကိုယ်ကျိုးမဖက် မိတ်ဖွဲ့ပြီး ထောက်မကူညီပေးခြင်းဖြင့် ထင်ရှားကျော်ကြားခဲ့သည်။ ယောနသန်သည် အမှန်တကယ်ပင် ဝိညာဉ်ရေးကောင်းသူတစ်ဦးဖြစ်၏။ (ခရစ်ယာန်ချင်းများကြားတွင် အခြားသူများက ကျွန်ုပ်တို့ထက်သာလွန်ရန် သို့မဟုတ် ကျွန်ုပ်တို့နေရာကိုလုယူရန် ကြိုးစားနေသည်ဟု စိုးရိမ်စိတ်မရှိသင့်ပေ။ ယှဉ်ပြိုင်မှုသည် မသင့်လျော်ပါ။ ရင့်ကျက်သောခရစ်ယာန်များ၏ လက္ခဏာမှာ ပူးပေါင်းဆောင်ရွက်ခြင်း၊ စည်းလုံးခြင်း၊ မေတ္တာရှိခြင်းတို့ဖြစ်သည်၊ ပြိုင်ဆိုင်ခြင်းမဟုတ်ပါ။ “မေတ္တာသည် မနာလိုမှု၏ရန်သူကြီးဖြစ်သည်၊ တစ်စုံတစ်ဦးကို ကျွန်ုပ်တို့ချစ်လျှင် သူ့ကောင်းကျိုးကိုလိုလားပြီး သူအောင်မြင်ပျော်ရွှင်သည့်အခါ ဝမ်းမြောက်ကြသည်” ဟု လူမှုရေးပညာရှင် ဖရန်စစ္စကို အယ်ဘာရိုနီက ပြောခဲ့သည်။ ထို့ကြောင့် ခရစ်ယာန်အသင်းတော်တွင် တစ်စုံတစ်ဦးက အခွင့်အရေးတစ်ခုခုရသည့်အခါ ကျေနပ်ခြင်းသည် မေတ္တာရှိရာရောက်၏။ ယောနသန်သည် ထိုအတိုင်း ဖြစ်ခဲ့သည်။ ယေဟောဝါ၏အဖွဲ့အစည်းတွင် တည်ကြည်စွာ တာဝန်ထမ်းဆောင်နေသူတို့ကို ကျွန်ုပ်တို့ထောက်မမည်ဆိုပါက ယောနသန်နည်းတူ ကောင်းချီးခံစားရပါလိမ့်မည်။
ခရစ်ယာန်ချင်းတို့၏ ပုံသက်သေကောင်းကိုလေးစားရန် သင့်တော်ပေသည်။ မိမိကိုယ်ကို သူတို့နှင့် သဘောထားမှန်မှန် နှိုင်းယှဉ်မည်ဆိုလျှင် သူတို့၏ယုံကြည်ခြင်းကို ကောင်းစွာတုပရန် လှုံ့ဆော်ခံရမည်။ (ဟေဗြဲ ၁၃:၇) သို့သော် ကျွန်ုပ်တို့သတိမထားပါက အတုယူစိတ်မှ ပြိုင်ဆိုင်စိတ်ဖြစ်သွားနိုင်သည်။ ကျွန်ုပ်တို့ အားကျနေသူတစ်ဦးကို အကျောမခံလိုစိတ်ဖြစ်နေပြီး သူ့ကိုရှုတ်ချရန်၊ အပြစ်တင်ဝေဖန်ရန် ကြိုးစားမည်ဆိုလျှင် အတုယူလိုစိတ်မှ မနာလိုစိတ်ဝင်သွားလိမ့်မည်။
မစုံလင်သောအဘယ်သူမျှ ခြောက်ပစ်ကင်းသဲလဲစင် မဖြစ်နိုင်ပေ။ ထို့ကြောင့် သမ္မာကျမ်းစာက “ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့” ဟုဆိုရခြင်းဖြစ်၏။ ထို့ပြင် “ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကို လျှောက်လိုက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ” ဟုဆိုသည်။ (ဧဖက် ၅:၁၊ ၂; ၁ ပေတရု ၂:၂၁) ယေဟောဝါနှင့် ယေရှု၏ဂုဏ်ရည်တော်များဖြစ်သော မေတ္တာ၊ နွေးထွေးမှု၊ စာနာထောက်ထားမှု၊ စိတ်နှိမ့်ချမှုတို့ကို ကျွန်ုပ်တို့ ကြိုးစားတုပသင့်သည်။ ကျွန်ုပ်တို့သည် ၎င်းတို့၏အရည်အချင်းများ၊ ရည်ရွယ်ချက်များ၊ လုပ်ဆောင်ပုံလုပ်ဆောင်နည်းများနှင့် ကိုယ့်ကိုယ်ကိုနှိုင်းယှဉ်ရန် အချိန်ယူသင့်ပေသည်။ ထိုသို့သောနှိုင်းယှဉ်မှုက ကျွန်ုပ်တို့၏ဘဝကို စိုပြည်ချမ်းမြေ့စေနိုင်ပြီး စိတ်ချရသောလမ်းညွှန်မှု၊ တည်တံ့မြဲမြံမှုနှင့် လုံခြုံမှုတို့ရှိစေရုံမက ရင့်ကျက်သောခရစ်ယာန်အမျိုးသား၊ အမျိုးသမီးများအဖြစ်သို့ ရောက်ရှိစေပေမည်။ (ဧဖက် ၄:၁၃) ကျွန်ုပ်တို့သည် သူတို့၏ပြည့်ဝစုံလင်သောပုံသက်သေကို အတုယူရန် အတတ်နိုင်ဆုံးအာရုံစိုက်ကြမည်ဆိုလျှင် လူလူချင်းနှင့် နှိုင်းယှဉ်လိုစိတ် အမှန်လျော့နည်းသွားပေမည်။
[စာမျက်နှာ ၂၈၊ ၂၉ ပါ ရုပ်ပုံ]
ဒါဝိဒ်အပေါ် ဘုရင်ရှောလု မနာလိုစိတ်တိုးပွားခဲ့
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ယောနသန်သည် မိမိထက်ငယ်ရွယ်သူ ဒါဝိဒ်အား ပြိုင်ဘက်တစ်ဦးအဖြစ် တစ်ခါမျှ မရှုမြင်ခဲ့