ယေရှုခရစ်သည် သင့်အပေါ်အဘယ်သြဇာညောင်းသနည်း
ယေရှုခရစ်သည် သင့်အပေါ်အဘယ်သြဇာညောင်းသနည်း
ရှေ့ဆောင်းပါးတွင် ကျွန်ုပ်တို့သုံးသပ်ခဲ့ရာများကို ထောက်ရှုသော် ယေရှု၏သွန်သင်ချက်များသည် ကမ္ဘာချီသြဇာညောင်းခဲ့ကြောင်း သံသယရှိနိုင်မည်လော။ သို့သော် အရေးကြီးသည့်မေးခွန်းမှာ “ယေရှု၏သွန်သင်ချက်များသည် ကျွန်ုပ်အပေါ် အဘယ်သြဇာညောင်းသနည်း” ဟူ၍ဖြစ်၏။
ယေရှု၏သွန်သင်ချက်များတွင် အကြောင်းအရာမျိုးစုံပါဝင်သည်။ ယင်းတို့မှရသော အဖိုးတန်သင်ခန်းစာများသည် သင့်ဘဝကဏ္ဍအသီးသီးအပေါ် အကျိုးသက်ရောက်နိုင်သည်။ ဘဝတွင်ဦးစားထားရာများကို သတ်မှတ်ခြင်း၊ ဘုရားသခင်နှင့် မိတ်ဆွေဖွဲ့ခြင်း၊ အခြားသူတို့နှင့် ဆက်ဆံရေးကောင်းရှိခြင်း၊ ပြဿနာများကို ဖြေရှင်းခြင်း၊ အကြမ်းဖက်လုပ်ရပ်များကို ရှောင်ခြင်းတို့နှင့်ပတ်သက်သည့် ယေရှု၏သွန်သင်ချက်များကို အာရုံစိုက်ကြစို့။
ဘဝတွင် ဦးစားထားရာများ သတ်မှတ်ပါ
ယနေ့ အပြေးအလွှားလုပ်ကိုင်စားသောက်ရသော ဤခေတ်တွင် ဝိညာဉ်ရေးရာများကို စဉ်းစားတွေးတောမှု မပြုနိုင်သည့်အထိ ကျွန်ုပ်တို့ အချိန်ကုန်၊ လူပန်းဖြစ်နေကြရသည်။ ဂျယ်ရီဟု ကျွန်ုပ်တို့အမည်ပေးမည့် အသက် ၂၀ ကျော် အမျိုးသားတစ်ဦး၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ဂျယ်ရီသည် ဝိညာဉ်ရေးအကြောင်းပြောဆိုရသည်ကိုနှစ်သက်ပြီး သိရှိလာသည့်အရာများကို အလွန်တန်ဖိုးထားသော်လည်း ဤသို့ညည်းညူခဲ့၏– “ဒါတွေအမြဲလုပ်နေဖို့ အချိန်မရှိဘူး။ တစ်ပတ်မှာခြောက်ရက် အလုပ်လုပ်ရတယ်။ တနင်္ဂနွေနေ့တစ်ရက်ပဲ နားခွင့်ရတယ်။ အဲဒီနေ့မှာ ကျွန်တော်လုပ်ရမယ့် အလုပ်တွေပြီးတဲ့နောက် အရမ်းမောနေပြီ။” သင်လည်း အလားတူအခြေအနေမျိုးတွင်ရှိနေပါက ယေရှုသင်ပေးခဲ့သည့် တောင်ပေါ်တရားတော်မှ အကျိုးရယူနိုင်သည်။
နားဆင်နေသည့်လူအုပ်ကို ယေရှု ဤသို့ပြောခဲ့၏– “အဘယ်သို့စားသောက်ရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည်မဟုတ်လော။ မိုးကောင်းကင်၌ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကိုကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။ . . . ထို့ကြောင့် အဘယ်သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့။” (မဿဲ ၆:၂၅-၃၃) ယင်းမှ အဘယ်အရာ သင်ယူသိရှိရသနည်း။
ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့မိသားစုဝင်များ၏ကာယရေးလိုအပ်ရာများကို လျစ်လျူရှုသင့်သည်ဟု ယေရှု အကြံပေးနေခြင်းမဟုတ်ပါ။ “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရားကို ငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏” ဟု သမ္မာကျမ်းစာကဆိုသည်။ (၁ တိမောသေ ၅:၈) ဤတွင် ဦးစားထားရာများကို သတ်မှတ်ပြီး ဝိညာဉ်ရေးရာတို့ကို ဦးစားပေးလုပ်ဆောင်မည်ဆိုလျှင် အခြားလိုအပ်ရာများကို ဘုရားသခင်ဖြည့်စွက်ပေးမည်ဟု ယေရှု ကတိပြုနေခြင်းဖြစ်သည်။ ဤတွင်ပါသောသင်ခန်းစာမှာ ဦးစားထားရာများကို မည်သို့သတ်မှတ်သင့်ကြောင်းဖြစ်၏။ ဤအကြံပေးချက်ကိုလိုက်နာခြင်းက ပျော်ရွှင်စေ၏၊ အကြောင်းမှာ “ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ၏။”—မဿဲ ၅:၃၊ ကဘ။
ဘုရားသခင်နှင့် မိတ်ဆွေဖွဲ့ပါ
ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးရှိဖို့လိုကြောင်း အသိအမှတ်ပြုကြသည်။ တစ်စုံတစ်ဦးနှင့် မည်သို့ ဆက်ဆံရေးကောင်းစေနိုင်မည်နည်း။ ထိုသူနှင့် ပိုပြီးရင်းနှီးကျွမ်းဝင်လာအောင် ကြိုးစားမည်မဟုတ်လော။ သူ၏ရှုမြင်ပုံ၊ သဘောထား၊ အရည်အချင်း၊ ပြီးမြောက်အောင်မြင်မှုများ၊ ကြိုက်နှစ်သက်ရာများနှင့် မကြိုက်နှစ်သက်ရာတို့ကို သိလာရန် အချိန်ပေးရမည်။ ဘုရားသခင်နှင့် မိတ်ဆွေဖွဲ့ရာတွင်လည်း ထိုနည်းထပ်တူဖြစ်၏။ ကိုယ်တော့်အကြောင်း တိကျမှန်ကန်သောအသိပညာရှိဖို့လိုသည်။ မိမိတပည့်များအတွက် ဘုရားသခင်ထံဆုတောင်းရာတွင် ယေရှု ဤသို့မိန့်ဆိုခဲ့၏– “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ဘုရားသခင်နှင့် မိတ်ဆွေဖွဲ့ရာတွင် ကိုယ်တော်အကြောင်း သိကျွမ်းလာဖို့လိုသည်။ ထိုအသိပညာရရှိနိုင်သည့် တစ်ခုတည်းသောရင်းမြစ်မှာ ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာဖြစ်၏။ (၂ တိမောသေ ၃:၁၆) သမ္မာကျမ်းစာကိုလေ့လာရန် အချိန်သတ်မှတ်ထားရမည်။
သို့သော် အသိပညာရှိရုံနှင့် မလုံလောက်ပေ။ အထက်ပါဆုတောင်းချက်တွင် ယေရှု ဤသို့ပြောခဲ့သည်– ‘ကိုယ်တော်၏နှုတ်မြွတ်စကားတော်ကို တပည့်များသည် စောင့်ကြပါ၏။’ (ယောဟန် ၁၇:၆) ကျွန်ုပ်တို့သည် အသိပညာဆည်းပူးရုံမက ထိုအသိပညာနှင့်အညီ လုပ်ဆောင်ကြရမည်။ အခြားအဘယ်နည်းဖြင့် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်မည်နည်း။ လူတစ်ဦး၏အကြံအစည်၊ သူ၏ကိုယ်ပိုင်မူများကိုဆန့်ကျင်ပြီး တမင်လုပ်ဆောင်နေပါက ထိုသူနှင့်မိတ်ဆွေဖြစ်ဖို့ သင်မျှော်လင့်နိုင်မည်လော။ ထို့ကြောင့် ဘုရားသခင့်ရှုမြင်ပုံနှင့် မူများသည် ကျွန်ုပ်တို့၏အသက်တာအတွက် လမ်းညွှန်ဖြစ်သင့်သည်။ ကိုယ်တော်၏မူများထဲမှနှစ်ခုကို လူသားချင်းတို့နှင့်ဆက်ဆံရေးတွင် မည်သို့ကျင့်သုံးနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။
အခြားသူများနှင့် ဆက်ဆံရေးကောင်းရှိစေခြင်း
တစ်ခါက ယေရှုသည် လူသားချင်းဆက်ဆံရေးနှင့်ပတ်သက်၍ အဖိုးတန်သင်ခန်းစာတစ်ခု သွန်သင်ပေးရန် ဥပမာတိုတစ်ခုပြောခဲ့၏။ မိမိအမှုထမ်းများနှင့် စာရင်းရှင်းလိုသည့် မင်းကြီးတစ်ပါးအကြောင်း ကိုယ်တော်ပြောဆိုခဲ့၏။ အမှုထမ်းတစ်ဦးမှာမူ အကြွေးများစွာတင်ပြီး ပြန်မဆပ်နိုင်ချေ။ ထိုအခါ မင်းကြီးက ထိုသူ၊ သူ၏ဇနီးနှင့် ကလေးများကိုရောင်း၍ ကြွေးဆပ်စေဟုအမိန့်ပေးသည်။ ထိုကျွန်သည် ညွှတ်ပျပ်ဝပ်တွားလျက် “ကျွန်တော့်ကိုသည်းခံတော်မူပါ။ ကြွေးရှိသမျှကိုဆပ်ပါမည်” ဟုတောင်းပန်၏။ မင်းကြီးသည် သနားပြီး ကြွေးရှိသမျှကို လျှော်လိုက်သည်။ သို့သော် ထိုကျွန်သည် ထွက်သွားရာ အကြွေးအနည်းငယ်တင်သော ကျွန်ချင်းတစ်ဦးကိုတွေ့ပြီး အကြွေးပြန်ဆပ်ဖို့ မရမနေတောင်းဆိုလေ၏။ ထိုကျွန်ချင်းက တောင်းပန်သော်လည်း ပထမကျွန်သည် အကြွေးမဆပ်မချင်း ထောင်ထဲလှောင်ထားလိုက်သည်။ ဤအကြောင်း မင်းကြီးကြားသည့်အခါ အလွန်ဒေါသထွက်လေ၏။ “ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်းကျွန်ချင်းကို မသနားအပ်သလော” ဟုဆိုကာ ကြွေးရှိသမျှကိုမဆပ်မချင်း ခွင့်မလွှတ်တတ်သောကျွန်ကို အကျဉ်းချလိုက်သည်။ ဤဥပမာမှသင်ခန်းစာရစေရန် ယေရှု ဤသို့ဆိုခဲ့၏– “သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို နှလုံးပါလျက်ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကို စီရင်တော်မူလတ္တံ့။”—မဿဲ ၁၈:၂၃-၃၅။
မစုံလင်သူလူသားများဖြစ်သောကြောင့် ကျွန်ုပ်တို့တွင် အမှားများစွာရှိကြသည်။ ဘုရားသခင်ကို ပြစ်မှားမိသည့်အပြစ်များကြောင့် ကျွန်ုပ်တို့တင်ရှိသည့်အကြွေးကို ဘယ်တော့မျှ အကျေအလည်ပြန်ဆပ်နိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့တတ်နိုင်သမျှမှာ ကိုယ်တော်၏ခွင့်လွှတ်မှုကို တောင်းခံခြင်းသာဖြစ်၏။ ယေဟောဝါဘုရားသခင်သည်လည်း ကျွန်ုပ်တို့၏အပြစ်အားလုံးကို ခွင့်လွှတ်ရန်အသင့်ရှိ၏၊ သို့သော် ကျွန်ုပ်တို့အားပြစ်မှားသည့် ညီအစ်ကိုတို့၏အပြစ်များကို ခွင့်လွှတ်ရမည်။ အမှန်အစွမ်းထက်သော သင်ခန်းစာပါတကား! “သူတစ်ပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ” ဟု ဆုတောင်းရန် မိမိနောက်လိုက်များအား ယေရှုသွန်သင်ပေးခဲ့၏။—မဿဲ ၆:၁၂။
ပြဿနာ၏ရင်းမြစ်ကို ဖော်ထုတ်ပါ
ယေရှုသည် လူ့မနောကို အထူးသိနားလည်တော်မူသည်။ ပြဿနာများကို ရင်းမြစ်မှစ၍ ဖြေရှင်းရန် ကိုယ်တော်အကြံပေးခဲ့သည်။ အောက်ပါဥပမာနှစ်ခုကို သုံးသပ်ကြည့်ပါ။
“လူအသက်ကိုမသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။” (မဿဲ ၅:၂၁၊ ၂၂) ဤတွင် လူ့အသက်သတ်ရခြင်း၏အကြောင်းရင်းမှာ ထိုအကြမ်းဖက်လုပ်ရပ်ထက် ပိုပြီးအတွင်းကျကြောင်း ယေရှုဖော်ပြခဲ့သည်။ လူသတ်သမား၏စိတ်ထဲကြီးထွားလာသည့် သဘောထားကြောင့်ဖြစ်၏။ လူတို့သည် စိတ်နာကြည်းခြင်း၊ ဒေါသထွက်ခြင်းတို့ မဖြစ်ပေါ်စေလျှင် ကြိုတင်ကြံစည်ထားသည့် အကြမ်းဖက်မှုလည်း မဖြစ်တော့ပေ။ ဤသွန်သင်ချက်ကိုသာ လိုက်နာကျင့်သုံးခဲ့ကြပါက သွေးထွက်သံယိုမှု ရှိခဲ့မည်မဟုတ်ချေ!
အလွန်ဝမ်းနည်းကြေကွဲစရာ နောက်ပြဿနာတစ်ခု၏အရင်းခံအကြောင်း ယေရှုဖော်ပြပုံကို သတိပြုပါ။ လူအုပ်အား ကိုယ်တော်ဤသို့ဆို၏– ‘သူ့မယားကိုမပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်သောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။ ထို့ကြောင့် လက်ယာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကို ထုတ်ပစ်လော့။’ (မဿဲ ၅:၂၇-၂၉) အရင်းခံပြဿနာမှာ အကျင့်ပျက်ပြားမှုထက် အတွင်းကျကြောင်း ယေရှုသွန်သင်ခဲ့၏။ ယင်းသည် အကျင့်မပျက်မီ အကျင့်ပျက်ဆန္ဒများ ပေါ်လာခြင်းဖြစ်သည်။ လူတစ်ဦးသည် မတော်လျော်သည့်အာသာဆန္ဒများကို ကြာရှည်မစဉ်းစားဘဲ စိတ်ထဲမှ “ထုတ်ပစ်” လိုက်ပါက အကျင့်ပျက်တော့မည်မဟုတ်ပေ။
“သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့”
ယေရှု သစ္စာဖောက်အပ်နှံခံရပြီး ဖမ်းဆီးခံရသည့်ညတွင် တပည့်တစ်ဦးက ဓားထုတ်၍ ကိုယ်တော်ကို ကာကွယ်ခဲ့သည်။ ထိုစဉ်က သူ့အား ယေရှုဤသို့မိန့်ဆို၏– “သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်။” (မဿဲ ၂၆:၅၂) နောက်နေ့နံနက်တွင် ပုန္တိပိလတ်မင်းအား ယေရှု ဤသို့ဆိုသည်– “ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်လျှင် ငါသည် ယုဒလူတို့လက်သို့ မရောက်စေခြင်းငှာ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်နှင့်မစပ်ဆိုင်ဟု မိန့်တော်မူ၏။” (ယောဟန် ၁၈:၃၆) ဤသွန်သင်ချက်သည် လက်တွေ့မကျရာရောက်သလော။
အကြမ်းမဖက်ရန် ယေရှုသွန်သင်ပေးခဲ့ခြင်းကို အစောပိုင်းခရစ်ယာန်များ မည်သို့သဘောထားခဲ့သနည်း။ စစ်နှင့်ပတ်သက်၍ အစောပိုင်းခရစ်ယာန်များ၏သဘောထား စာအုပ်တွင် ဤသို့ဆို၏– “အခြားသူများကို အကြမ်းဖက်ခြင်းနှင့် အနာတရဖြစ်စေခြင်းတို့သည် မတရားမှုဖြစ်ရာ [ယေရှု၏သွန်သင်ချက်များက] ယင်းကိုတားမြစ်ထားသောကြောင့် စစ်ပွဲတွင်ပါဝင်ခြင်းသည် မှားကြောင်းထင်ရှား၏။ . . . အစောပိုင်းခရစ်ယာန်များသည် ယေရှု၏စကားကို တစ်သဝေမတိမ်းလိုက်နာကြပြီး နူးညံ့သိမ်မွေ့ခြင်း၊ ခုခံတော်လှန်မှုမပြုခြင်းနှင့်ပတ်သက်သည့် ကိုယ်တော်၏သွန်သင်ချက်များကို စာသားအတိုင်းသဘောပေါက်ခဲ့ကြသည်။ သူတို့၏ဘာသာတရားသည် ငြိမ်သက်ခြင်းနှင့် အလွန်ဆက်စပ်ကြောင်း၊ သွေးထွက်သံယိုမှုဖြစ်စေသောစစ်ပွဲများကို သူတို့ ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ဖော်ပြကြသည်။” ဤသွန်သင်ချက်ကိုသာ အမည်ခံခရစ်ယာန်အားလုံး အမှန်တကယ်လိုက်နာခဲ့ကြမည်ဆိုလျှင် သမိုင်းကြောင်းသည် အလွန်ခြားနားလိုက်မည်ဖြစ်ခြင်း!
ယေရှု၏သွန်သင်ချက်အားလုံးမှ သင် အကျိုးရယူနိုင်
ကျွန်ုပ်တို့သုံးသပ်ခဲ့သော ယေရှု၏သွန်သင်ချက်များသည် နှစ်လို့ဖွယ်ဖြစ်၏၊ ရိုးရှင်းပြီး အစွမ်းထက်၏။ ကိုယ်တော်၏သွန်သင်ချက်များကို သိကျွမ်းမည်၊ ယင်းတို့ကို လက်တွေ့ကျင့်သုံးမည်ဆိုလျှင် လူသားတို့ အမှန်အကျိုးခံစားရပေမည်။ *
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 22 ယေရှု၏သွန်သင်ချက်များအားလုံးကို အစဉ်အတိုင်းသုံးသပ်လိုလျှင် ယေဟောဝါသက်သေများထုတ်ဝေသော အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား စာအုပ်ကိုရှု။
လူသားတို့နှုတ်မြွက်ခဲ့သမျှတွင် ပညာအရှိဆုံးသွန်သင်ချက်များမှ သင် အကျိုးရယူနိုင်ပုံကိုသိရှိရန် သင့်အရပ်ဒေသရှိ ယေဟောဝါသက်သေများက ဝမ်းသာအားရကူညီလိုကြသည်။ သူတို့နှင့်အဆက်အသွယ်ပြုလုပ်ရန် သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၂ ပါ လိပ်စာသို့စာရေးရန် သင့်အား လှိုက်လှဲစွာဖိတ်ခေါ်ပါသည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
“ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏”
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေရှု၏သွန်သင်ချက်များသည် သင့်အသက်တာအပေါ် အကျိုးရှိရှိသြဇာညောင်းနိုင်