သိပ္ပံပညာနှင့် ခရစ်ယာန်ဘာသာတရား ပဋိပက္ခစတင်လာပုံ
သိပ္ပံပညာနှင့် ခရစ်ယာန်ဘာသာတရား ပဋိပက္ခစတင်လာပုံ
အသက် ၇၀ အရွယ် သေအံ့မူးမူးဖြစ်နေသော နက္ခတ္တဗေဒပညာရှင်ကြီးသည် စာကို ကြိုးစားဖတ်နေလေသည်။ ထုတ်ဝေဖို့ အသင့်ဖြစ်နေသည့် သူ့လက်ရာ စာမူကြမ်းများကို သူ၏လက်ထဲတွင် ကိုင်ထား၏။ သူသိသွားသည်ဖြစ်စေ၊ မသိသွားသည်ဖြစ်စေ သူ၏စာအုပ်သည် စကြဝဠာနှင့်ပတ်သက်သည့် လူသားတို့၏ရှုမြင်ပုံကို တော်လှန်ပစ်လိမ့်မည်။ ယင်းက ခရစ်ယာန်ဘောင်အတွင်း၌ အပြင်းအထန်အငြင်းပွားမှုစတင်စေခဲ့ကာ ယနေ့ထက်တိုင် မပြီးဆုံးသေးပေ။
အဆိုပါသေအံ့မူးမူးဖြစ်နေသူမှာ ပိုလန်လူမျိုး ကက်သလစ်ဘာသာဝင် နီကိုလတ် ကော့ပါးနိကတ်ဖြစ်ပြီး အချိန်ကာလမှာ ၁၅၄၃ ခုနှစ်ကဖြစ်၏။ အာကာသစက်လုံးများ တော်လှန်ရေးကိစ္စဟု ခေါင်းစဉ်တပ်ထားသော ကော့ပါးနိကတ်၏စာအုပ်က နေအဖွဲ့အစည်း၏အလယ်ဗဟို၌ ကမ္ဘာမြေကြီးကိုမဟုတ်ဘဲ နေကို ထားရှိ၏။ ဤတစ်ချက်တည်းနှင့်ပင် ကော့ပါးနိကတ်သည် အလွန်တရာရှုပ်ထွေးလှသည့် ကမ္ဘာဗဟိုထားအဖွဲ့အစည်းကို လှပတင့်တယ်၍ ရိုးရှင်းသောနေအဖွဲ့အစည်းနှင့် အစားထိုးလိုက်သည်။
အစပထမ၌ ပဋိပက္ခဖြစ်လာမည့် အရိပ်လက္ခဏာမရှိခဲ့ပေ။ အကြောင်းရင်းတစ်ခုမှာ ကော့ပါးနိကတ်သည် မိမိ၏အယူအဆကို သိုသိုသိပ်သိပ် တင်ပြတတ်သောကြောင့်ဖြစ်၏။ ထို့အပြင် ကမ္ဘာသည် စကြဝဠာ၏ဗဟိုဖြစ်သည်ဟု စွဲကိုင်ထားသော ကက်သလစ်ချာ့ခ်ျသည် ထိုခေတ်က သိပ္ပံအတွေးအခေါ်ကို သဘောထားကြီးကြီးဖြင့် လက်ခံထားပုံရသည်။ ပုပ်ရဟန်းမင်းကိုယ်တိုင်ကပင် ကော့ပါးနိကတ်အား သူ၏စာအုပ်ကို ထုတ်ဝေဖို့ တိုက်တွန်းခဲ့၏။ နောက်ဆုံးတွင် ၎င်းစာအုပ်ကို ကော့ပါးနိကတ်ထုတ်ဝေလိုက်သောအခါ ကြောက်ရွံ့နေသော အယ်ဒီတာတစ်ဦးက အယ်ဒီတာ့အမှာစကားတွင် နေသည်စကြဝဠာ၏ဗဟိုဖြစ်သည်ဟူသော သဘောတရားမှာ နက္ခတ္တဗေဒဆိုင်ရာ အမှန်တရားအနေနှင့်မဟုတ်ဘဲ သင်္ချာဆိုင်ရာစံအနေနှင့်ဖြစ်ကြောင်း ရေးသားတင်ပြထားသည်။
ပဋိပက္ခ တင်းမာလာ
ပဋိပက္ခထဲဝင်ရောက်လာသူ နောက်တစ်ဦးမှာ အီတလီလူမျိုး နက္ခတ္တဗေဒပညာရှင်၊ သင်္ချာပညာရှင်နှင့် ရူပဗေဒပညာရှင် ဂယ်လီလီယို ဂဲလီလေ (၁၅၆၄-၁၆၄၂) ဖြစ်ပြီး သူလည်း ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်၏။ ဂယ်လီလီယိုသည် မိမိတီထွင်ထားပြီးခါစ မှန်ဘီလူးများဖြင့်တည်ဆောက်ထားသည့် အဝေးကြည့်မှန်ပြောင်းကိုအသုံးပြု၍ ကောင်းကင်ပြင်ကြီးကို ယခင်ကထက် များစွာအသေးစိတ် တွေ့မြင်လိုက်ရသည်။ သူ၏တွေ့ရှိချက်များက ကော့ပါးနိကတ်မှန်ကန်ကြောင်း သူ့အား ယုံကြည်စိတ်ချစေခဲ့သည်။ ထို့အပြင် ဂယ်လီလီယိုသည် နေပြောက်များဟု ယနေ့ခေါ်ဆိုကြသည့် နေပေါ်မှ အစက်အပြောက်များကိုလည်း တွေ့လိုက်ရ၏၊ သို့နှင့် နေသည် ပြောင်းလဲခြင်းမရှိ သို့မဟုတ် ပျက်စီးယိုယွင်းသွားခြင်းမရှိဟူသော အလွန်အရေးပါသည့် အတွေးအခေါ်ပိုင်းနှင့် ဘာသာတရားပိုင်းဆိုင်ရာ အယူဝါဒနောက်တစ်မျိုးကို အငြင်းပွားစေခဲ့လေသည်။
ကော့ပါးနိကတ်နှင့်မတူသည်မှာ ဂယ်လီလီယိုသည် မိမိ၏အယူအဆကို ရဲရဲတင်းတင်းနှင့် စိတ်အားထက်သန်စွာ ခုခံပြောဆိုတတ်သူဖြစ်၏။ သူသည် ပို၍ရန်လိုတတ်သော ဘာသာရေးဝန်းကျင်တွင် ထိုသို့ပြုခဲ့၏၊ အကြောင်းမှာ ထိုအချိန်တွင် ကက်သလစ်ချာ့ခ်ျသည် ကော့ပါးနီကန်သီအိုရီကို ဗြောင်ဆန့်ကျင်နေပြီဖြစ်သောကြောင့်တည်း။ ၎င်းကိုအကြောင်းပြု၍ ဂယ်လီလီယိုက နေသည် စကြဝဠာ၏ဗဟိုဖြစ်သည်ဟူသော သဘောတရားမှာ မှန်ကန်ရုံသာမက ကျမ်းစာနှင့်ပင်ကိုက်ညီကြောင်း အခိုင်အမာပြောဆိုခဲ့သည့်အခါ ချာ့ခ်ျက အယူလွဲမှားမှုဟု သင်္ကာမကင်းဖြစ်လေတော့သည်။ *
ဂယ်လီလီယိုသည် ခုခံကာကွယ်ပြောဆိုဖို့ ရောမမြို့သို့ သွားခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ရ၏။ ၁၆၁၆ ခုနှစ်တွင် ချာ့ခ်ျက ကော့ပါးနိကတ်အား ထောက်ခံခြင်းကို ရပ်တန်းကရပ်ရန် သူ့အား အမိန့်ပေးခဲ့၏။ ဂယ်လီလီယိုသည် ကာလအတန်ကြာ နှုတ်ဆိတ်နေခဲ့၏။ ထို့နောက် ၁၆၃၂ ခုနှစ်တွင် ကော့ပါးနိကတ်အား ထောက်ခံသည့် နောက်စာအုပ်တစ်အုပ်ကို ထုတ်ဝေလိုက်သည်။ နောက်တစ်နှစ်တွင်ပင် ဘာသာရေးခုံရုံးက ဂယ်လီလီယိုအား ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်လေသည်။ သို့ရာတွင် သူ၏အသက်အရွယ်ကို ထောက်ထားညှာတာသည့်အနေနှင့် အကျယ်ချုပ်အဖြစ် အလျင်အမြန် ပြစ်ဒဏ်လျှော့ပေါ့ပေးလိုက်သည်။
လူအများက ဂယ်လီလီယို၏ ချာ့ခ်ျနှင့်ပဋိပက္ခသည် ဘာသာတရားအပေါ် သိပ္ပံပညာ၏ အကြီးအကျယ်အောင်ပွဲခံမှု၊ အကျယ်ဆိုရလျှင် သမ္မာကျမ်းစာအပေါ် သိပ္ပံပညာ၏ အကြီးအကျယ်အောင်ပွဲခံမှုတစ်ရပ်အဖြစ် ရှုမြင်ကြ၏။ သို့သော် ရိုးရှင်းလွန်းသည့် ဤကောက်ချက်သည် အဖြစ်မှန်များစွာကို ဥပေက္ခာပြုထားကြောင်း နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့ဖတ်ရှုကြရမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ဂယ်လီလီယိုသည် ၎င်း၏ထိုးနှက်၊ ထေ့ငေါ့တတ်မှုတို့ကြောင့် ကိုယ့်အတတ်နှင့်ကိုယ်စူးရလေသည်။ ထို့အပြင် နေသည် စကြဝဠာ၏ဗဟိုဖြစ်သည်ဟူသော သဘောတရားမှာ ကျမ်းစာနှင့်ကိုက်ညီကြောင်း ငြင်းခုံခြင်းအားဖြင့် သူ့ကိုယ်သူ ဘာသာရေးအာဏာပိုင်တစ်ဦးအဖြစ် ဖော်ပြလိုက်ရာ ယင်းက ချာ့ခ်ျ၏ဒေါသကို ထပ်၍ဆွပေးလိုက်ပြန်သည်။
[စာမျက်နှာ ပါ ရုပ်ပုံ]
ကော့ပါးနိကတ်
[Credit Line]
Taken from Giordano Bruno and Galilei (German edition)
[စာမျက်နှာ ပါ ရုပ်ပုံ]
ဂယ်လီလီယိုသည် ရောမမြို့ရှိ ဘာသာရေးခုံရုံး ရှေ့မှောက်တွင် ထုချေလျှောက်လဲနေ
[Credit Line]
The Historian’s History of the World, Vol. IX, 1904
[Picture Credit Line on page 3]
နောက်ခံ– Chart depicting Copernicus’ concept of the solar system