ဘုရားသခင့်စကားတော်သည် သင်၏လမ်းခရီးကို လင်းစေပါ
ဘုရားသခင့်စကားတော်သည် သင်၏လမ်းခရီးကို လင်းစေပါ
‘ကိုယ်တော်၏စကားတော်သည် အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။’—ဆာလံ ၁၁၉:၁၀၅။
၁၊ ၂။ အဘယ်အခြေအနေမျိုးတွင်ရှိလျှင် ယေဟောဝါ၏စကားတော်သည် ကျွန်ုပ်တို့၏လမ်းခရီးကို လင်းစေနိုင်မည်နည်း။
ယေဟောဝါ၏စကားတော်ဖြင့် ကျွန်ုပ်တို့၏လမ်းခရီးကို လင်းစေလျှင် ထိုသို့ပင်ဖြစ်ပါလိမ့်မည်။ ထိုသို့သောဝိညာဉ်ရေးအလင်း၏အကျိုးကို ခံစားရရန် သမ္မာကျမ်းစာကို အပတ်တကုတ်လေ့လာ၍ ယင်း၏အကြံပြုချက်ကို ကျင့်သုံးရမည်။ သို့ပြုမှသာ ဆာလံဆရာ၏ ဤသဘောထားမျိုးရှိနိုင်မည်– ‘ကိုယ်တော်၏စကားတော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။’—ဆာလံ ၁၁၉:၁၀၅။
၂ ယခု ဆာလံ ၁၁၉:၈၉-၁၇၆ ကိုသုံးသပ်ကြည့်ကြပါစို့။ အပိုဒ် ၁၁ ပိုဒ်ဖြင့် စီစဉ်ဖော်ပြထားသည့် အဆိုပါအခန်းငယ်များတွင် အချက်အလက်များစွာ အမှန်ပါရှိသည်! ၎င်းတို့သည် ကျွန်ုပ်တို့ကို ထာဝရအသက်လမ်းပေါ် ဆက်တည်ရှိစေနိုင်၏။—မဿဲ ၇:၁၃၊ ၁၄။
ဘုရားသခင့်စကားတော်ကို အဘယ်ကြောင့် နှစ်သက်စွဲလမ်းရမည်နည်း
၃။ ဘုရားသခင့်စကားတော်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ကြောင်း ဆာလံ ၁၁၉:၈၉၊ ၉၀ ကမည်သို့ဖော်ပြသနည်း။
၃ ယေဟောဝါ၏စကားတော်ကို နှစ်သက်စွဲလမ်းပါက ဝိညာဉ်ရေးတည်ငြိမ်မှုရှိစေမည်။ (ဆာလံ ၁၁၉:၈၉-၉၆) ဆာလံဆရာက ဤသို့သီဆိုခဲ့သည်– ‘အိုထာဝရဘုရားသခင်၊ စကားတော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏။ . . . မြေကြီးကိုတည်စေတော်မူသဖြင့် သူသည် အမြဲနေပါ၏။’ (ဆာလံ ၁၁၉:၈၉၊ ၉၀) ကိုယ်တော်၏ “မိုးကောင်းကင်တရား” ဖြစ်သော ဘုရားသခင့်စကားတော်အားဖြင့် ကောင်းကင်တန်ဆာတို့သည် ၎င်းတို့၏ပတ်လမ်းတွင် အတိမ်းအစောင်းမရှိ ရွေ့ရှားလျက်ရှိပြီး မြေကြီးမှာမူ ကာလအစဉ် တည်မြဲတည်နေ၏။ (ယောဘ ၃၈:၃၁-၃၃; ဆာလံ ၁၀၄:၅) ယေဟောဝါ၏နှုတ်တော်ထွက်စကား ရှိရှိသမျှကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်; ဘုရားသခင်၏ရည်ရွယ်ချက် ပြည့်စုံရေးတွင် ကိုယ်တော်မိန့်ဆိုသမျှ “အောင်လိမ့်မည်။”—ဟေရှာယ ၅၅:၈-၁၁။
၄။ ဘုရားသခင်၏စကားတော်ကို နှစ်သက်စွဲလမ်းခြင်းက ကိုယ်တော်၏ဆင်းရဲခက်ခဲနေသော ကျေးကျွန်များအတွက် အဘယ်အကျိုးပြုသနည်း။
၄ ဆာလံဆရာသည် “ကိုယ်တော်၏တရား၌ မွေ့လျော်ခြင်းမရှိလျှင် အထက်က ဆင်းရဲခံစဉ် ပျက်စီး” ခဲ့လိမ့်မည်။ (ဆာလံ ၁၁၉:၉၂) သူ့ကို ညှဉ်းဆဲသူများမှာ တိုင်းတစ်ပါးသားများမဟုတ်ဘဲ သူ့ကို မုန်းတီးသူများသည် တရားတော်ကိုချိုးဖောက်သော ဣသရေလအမျိုးသားများပင်ဖြစ်သည်။ (ဝတ်ပြုရာ ၁၉:၁၇) သို့သော် ယင်းကြောင့် သူမယိမ်းယိုင်ခဲ့ချေ၊ အကြောင်းမှာ ဘုရားသခင်၏တရားတော်ကို နှစ်သက်မြတ်နိုး၍ဖြစ်၏။ တမန်တော်ပေါလုသည် ကောရိန္သုမြို့တွင် သူ့ကို စွဲချက်တင်လိုကြသော “ထူးချွန်တမန်တော်ကြီးများ” အပါအဝင် “ညီအစ်ကိုဖြစ်ယောင်ဆောင်သောသူတို့ပြုသောဘေး” ကိုတွေ့ကြုံနေ၏။ (၂ ကောရိန္သု ၁၁:၅၊ ကဘ၊ ၁၂-၁၄၊ ၂၆) သို့တိုင် ပေါလုသည် ဘုရားသခင့်စကားတော်ကို နှစ်သက်စွဲလမ်းသောကြောင့် ဝိညာဉ်ရေးတွင် တည်တံ့မြဲမြံခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏စကားတော်ကို နှစ်သက်စွဲလမ်းပြီး ကျင့်သုံးကြသဖြင့် ညီအစ်ကိုများကို ချစ်နိုင်ကြသည်။ (၁ ယောဟန် ၃:၁၅) လောကမုန်းတီးမှုပင် ဘုရားသခင်၏မည်သည့်လမ်းညွှန်ချက်ကိုမဆို မေ့ပျောက်သွားစေရန် ကျွန်ုပ်တို့အား ပြုလုပ်နိုင်မည်မဟုတ်ချေ။ ကျွန်ုပ်တို့သည် ယေဟောဝါ၏အမှုတော်ကို ထာဝစဉ်ပျော်ရွှင်စွာ ထမ်းဆောင်ရမည့်အချိန်ကို စောင့်မျှော်လျက် ကိုယ်တော်၏အလိုတော်ကို ညီအစ်ကိုများနှင့်အတူ မေတ္တာဖြင့် စည်းလုံးစွာ ဆောင်ရွက်နေကြသည်။—ဆာလံ ၁၁၉:၉၃။
၅။ အာသမင်းသည် ယေဟောဝါကို မည်သို့ရှာဖွေခဲ့သနည်း။
၅ ယေဟောဝါအား ဆည်းကပ်ဝတ်ပြုသည်ကို ဖော်ပြရန် ကျွန်ုပ်တို့ ဤသို့ဆုတောင်းနိုင်ကြသည်– “အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။ ကိုယ်တော်၏ဥပဒေသများကို ရှာဖွေလိုက်စစ်သောကြောင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။” (ဆာလံ ၁၁၉:၉၄) အာသမင်းသည် ဘုရားသခင်အား ရှာဖွေ၍ ယုဒပြည်ရှိ အယူဖောက်ပြန်သူ တစ်ယောက်မကျန် သတ်ခဲ့သည်။ အာသမင်းနန်းစံ ၁၅ နှစ် (ဘီ.စီ.အီး. ၉၆၃ ခုနှစ်) ၌လူအစုအဝေးကြီးတွင် ယုဒလူတို့သည် ‘ထာဝရဘုရားသခင်ကို ရှာပါမည်ဟု ကျိန်ဆို၍ ဝန်ခံခြင်းပဋိညာဉ်ဖွဲ့ကြ၏။’ ထိုအခါ ဘုရားသခင်သည် “အတွေ့ခံတော်မူ” ၍ “အရပ်ရပ်၌ ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။” (၂ ရာဇဝင်ချုပ် ၁၅:၁၀-၁၅) ဤပုံနမူနာကိုထောက်ရှု၍ ခရစ်ယာန်အသင်းတော်နှင့် တဖြည်းဖြည်းဝေးကွာသွားသူ မည်သူမဆို ဘုရားသခင်ကို တစ်ဖန်ပြန်ရှာဖွေရန် အားပေးမှုဖြစ်သင့်၏။ ကိုယ်တော်သည် မိမိ၏လူမျိုးတော်နှင့် တက်ကြွစွာ ပြန်ပေါင်းသင်းသူများကို ကောင်းချီးပေး၍ ကာကွယ်ပေးတော်မူလိမ့်မည်။
၆။ အဘယ်လမ်းစဉ်သည် ကျွန်ုပ်တို့ကို ဝိညာဉ်ရေးဘေးမသင့်စေရန် ကာကွယ်ပေးမည်နည်း။
၆ ယေဟောဝါ၏စကားတော်သည် ဝိညာဉ်ရေးဘေးမသင့်စေရန် ကာကွယ်ပေးနိုင်သည့် ဉာဏ်ပညာရှိစေ၏။ (ဆာလံ ၁၁၉:၉၇-၁၀၄) ဘုရားသခင်၏ပညတ်တော်များသည် ကျွန်ုပ်တို့ရန်သူများထက် ကျွန်ုပ်တို့ကို ဉာဏ်ပညာသာလွန်စေသည်။ ကိုယ်တော်၏သတိပေးနှိုးဆော်ချက်များကို လိုက်နာခြင်းသည် ထိုးထွင်းသိမြင်မှုရှိစေပြီး ‘ကိုယ်တော်၏ဥပဒေသများကို စောင့်ရှောက်ခြင်းသည် အသက်ကြီးသူတို့ထက် သာ၍ဉာဏ်ကောင်း’ စေ၏။ (ဆာလံ ၁၁၉:၉၈-၁၀၀) ယေဟောဝါ၏မိန့်တော်မူချက်တို့သည် “အကျွန်ုပ် . . . ခံတွင်းထဲမှာ ပျားရည်ထက် သာ၍ချို” မည်ဆိုလျှင် ‘လမ်းမှားရှိသမျှတို့ကိုမုန်း’ ပြီးရှောင်လိမ့်မည်။ (ဆာလံ ၁၁၉:၁၀၃၊ ၁၀၄) ယင်းသို့ပြုခြင်းက ဤနောက်ဆုံးကာလတွင် မာနကြီးသူ၊ ကြမ်းတမ်းသူ၊ ဘုရားတရားမဲ့သူတို့နှင့် ကျွန်ုပ်တို့ ဆက်ဆံရသည့်အခါ ဝိညာဉ်ရေးဘေးမသင့်စေရန် ကာကွယ်မှုရရှိစေလိမ့်မည်။—၂ တိမောသေ ၃:၁-၅၊ ကဘ။
ကျွန်ုပ်တို့ခြေရှေ့မှာ မီးခွက်
၇၊ ၈။ ဆာလံ ၁၁၉:၁၀၅ နှင့်အညီ ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ဖို့လိုသနည်း။
၇ ဘုရားသခင့်စကားတော်သည် ဝိညာဉ်ရေးအလင်းကို အမြဲမပြတ်ထွန်းလင်းပေး၏။ (ဆာလံ ၁၁၉:၁၀၅-၁၁၂) ကျွန်ုပ်တို့သည် ဝိညာဉ်တော်ဖွားခရစ်ယာန်များဖြစ်စေ၊ သူတို့၏အပေါင်းပါ “အခြားသိုး” ဖြစ်စေ ဤသို့ကြေညာကြသည်– ‘ကိုယ်တော်၏စကားတော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။’ (ယောဟန် ၁၀:၁၆; ဆာလံ ၁၁၉:၁၀၅) ဘုရားသခင့်စကားတော်သည် ဝိညာဉ်ရေးတွင် ကျွန်ုပ်တို့ ထိမိမလဲစေရန် လမ်းခရီးကို ထွန်းလင်းပေးသော မီးခွက်နှင့်တူ၏။ (သု. ၆:၂၃) သို့တိုင် ကျွန်ုပ်တို့တစ်ဦးချင်းစီသည် ယေဟောဝါ၏စကားတော်ကို ကျွန်ုပ်တို့ခြေရှေ့တွင် မီးခွက်ဖြစ်စေရမည်။
၈ ကျွန်ုပ်တို့သည် ဆာလံ ၁၁၉ ကိုရေးဖွဲ့သူကဲ့သို့ မယိမ်းမယိုင် တည်ကြည်ဖို့လိုသည်။ သူသည် ဘုရားသခင်၏တရားတော်မှ သွေဖည်မသွားစေရန် ဤသို့ဆုံးဖြတ်ခဲ့သည်– “[ယေဟောဝါ၏] ဖြောင့်မတ်စွာ စီရင်တော်မူချက်တို့ကို စောင့်ပါမည်ဟု အကျွန်ုပ်ကျိန်ဆိုသည်အတိုင်းပြုပါမည်။” (ဆာလံ ၁၁၉:၁၀၆) သမ္မာကျမ်းစာဖတ်ရှုခြင်း၊ ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းတို့ကို မှန်မှန်ပြုလုပ်ခြင်း၏တန်ဖိုးကို ဘယ်တော့မျှ လျှော့မတွက်ပါနှင့်။
၉၊ ၁၀။ ယေဟောဝါကို ဆက်ကပ်အပ်နှံထားသူများသည် ‘ကိုယ်တော်၏ဥပဒေသများမှ လွှဲသွား’ နိုင်ကြောင်း မည်သို့သိရှိနိုင်သနည်း၊ သို့သော်လည်း ယင်းကို မည်သို့ရှောင်ရှားနိုင်သနည်း။
၉ ဆာလံဆရာသည် ‘ဘုရားသခင်၏ဥပဒေသများမှ လွှဲ၍မသွား’ ခဲ့ချေ၊ သို့သော် ယေဟောဝါအား ဆက်ကပ်အပ်နှံထားသူတစ်ဦးသည် လမ်းလွှဲသွားနိုင်သည်။ (ဆာလံ ၁၁၉:၁၁၀) ရှင်ဘုရင်ရှောလမုန်သည် ယေဟောဝါကို ဆက်ကပ်အပ်နှံထားသော လူမျိုးအဝင်ဖြစ်ခဲ့ပြီး မူလက ဘုရားသခင်ပေးဉာဏ်ပညာနှင့်အညီ ပြုမူလုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သွေဖည်သွားခဲ့သည်။ “တစ်ပါးအမျိုးသားမိန်းမတို့သည်” မမှန်သောနတ်ဘုရားများကို ဝတ်ပြုကိုးကွယ်ရန် သူ့အား သွေးဆောင်ခြင်းဖြင့် “ပြစ်မှားစေသည်။”—နေဟမိ ၁၃:၂၆; ၃ ဓမ္မရာဇဝင် ၁၁:၁-၆။
၁၀ “ငှက်ခတ်သမား” စာတန်သည် ကျော့ကွင်းများစွာ ထောင်ထား၏။ (ဆာလံ ၉၁:၃၊ ကဘ) ဥပမာ၊ ယုံကြည်သူချင်းဖြစ်သော ယခင်အပေါင်းပါတစ်ဦးသည် ဝိညာဉ်ရေးအလင်းရှိသည့် လမ်းခရီးပေါ်မှ အယူဖောက်ပြန်သည့်အမှောင်ထုထဲသို့ သွေဖည်သွားစေရန် ကြိုးစားသွေးဆောင်ပေမည်။ သွာတိရမြို့ရှိ ခရစ်ယာန်များကြားတွင် ရုပ်ပုံကိုးကွယ်ရန်၊ မတရားမေထုန်ပြုရန် တခြားသူများကို သင်ပေးနေသော အမျိုးသမီးတစ်စုဖြစ်နိုင်ဖွယ်ရှိသည့် ‘ထိုမိန်းမ ယေဇဗေလ’ ရှိ၏။ ဤသို့သောမကောင်းမှုများကို ယေရှုသည်းမခံ၊ ခွင့်မပြုနိုင်သကဲ့သို့ ကျွန်ုပ်တို့လည်း ထိုသို့ဖြစ်သင့်သည်။ (ဗျာ. ၂:၁၈-၂၂; ယုဒ ၃၊ ၄) ထို့ကြောင့် ကိုယ်တော်၏နည်းဥပဒေသမှ မသွေဖည်ဘဲ ဘုရားသခင့်အလင်းတော်တွင် ရှိမြဲရှိနေရန် ယေဟောဝါ၏အကူအညီရဖို့ ဆုတောင်းကြစို့။—ဆာလံ ၁၁၉:၁၁၁၊ ၁၁၂။
ဘုရားသခင့်စကားတော်က ထောက်မခဲ့
၁၁။ ဆာလံ ၁၁၉:၁၁၉ အရ ဘုရားသခင်သည် ဆိုးညစ်သူများကို မည်သို့ရှုမြင်သနည်း။
၁၁ ကျွန်ုပ်တို့သည် ဘုရားသခင်၏အထုံးအဖွဲ့တော်များမှ ဘယ်တော့မျှ သွေဖည်မသွားလျှင် ကျွန်ုပ်တို့ကို ကိုယ်တော် ထောက်မကူညီပေးပါလိမ့်မည်။ (ဆာလံ ၁၁၉:၁၁၃-၁၂၀) ယေရှုသည် ယနေ့ မပူမအေးနွေးရုံသာရှိသော ခရစ်ယာန်အမည်ခံသူများကို မနှစ်သက်သကဲ့သို့ ကျွန်ုပ်တို့လည်း “စိတ်နှစ်ခွရှိသူတို့ကို” နှစ်သက်မည်မဟုတ်ချေ။ (ဆာလံ ၁၁၉:၁၁၃၊ သမ္မာ; ဗျာ. ၃:၁၆) ကျွန်ုပ်တို့သည် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ကြသောကြောင့် ကိုယ်တော်သည် ‘ကျွန်ုပ်တို့၏အကွယ်အကာ’ ဖြစ်ပြီး ထောက်မပေးတော်မူ၏။ ကိုယ်တော်သည် လိမ်လည်မုသားပြောဆို၍ “အထုံးအဖွဲ့တော်တို့မှ လွဲသွားသမျှသောသူတို့ကို ပယ်တော်မူ” လိမ့်မည်။ (ဆာလံ ၁၁၉:၁၁၄၊ ၁၁၇၊ ၁၁၈; သု. ၃:၃၂) ဤဆိုးညစ်သူများကို ရွှေငွေအစရှိသော တန်ဖိုးရှိသတ္တုများမှ ဖယ်ထုတ်ပစ်သည့် အညစ်အကြေး “ချော်” ကဲ့သို့သာ ကိုယ်တော်ရှုမြင်၏။ (ဆာလံ ၁၁၉:၁၁၉; သု. ၁၇:၃) ဖျက်ဆီးခံရမည့် ဆိုးညစ်သူများကို ပစ်ထားသည့် အမှိုက်ပုံတွင် ကျွန်ုပ်တို့ ပါလိုကြမည်မဟုတ်သောကြောင့် ဘုရားသခင်၏သတိပေးနှိုးဆော်ချက်များကို နှစ်သက်စွဲလမ်းစိတ် အမြဲတင်ပြကြပါလေ!
၁၂။ ယေဟောဝါကို ကြောက်ရွံ့ခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၂ “ကိုယ်တော်ကို ထိတ်လန့်သဖြင့် အကျွန်ုပ်သည် ကြက်သီးမွေးညှင်းထ” ပါ၏ဟု ဆာလံဆရာကဆိုသည်။ (ဆာလံ ၁၁၉:၁၂၀) ဘုရားသခင်၏ကျေးကျွန်များအဖြစ် ကျွန်ုပ်တို့ကို ထောက်မစေလိုလျှင် ကိုယ်တော် မနှစ်သက်ရာများကို ရှောင်ရှားခြင်းဖြင့် ကိုယ်တော့်အား တော်သင့်မှန်ကန်စွာ ကြောက်ရွံ့ကြောင်း တင်ပြဖို့အရေးကြီးသည်။ ယောဘသည် ယေဟောဝါအား ကြောက်ရွံ့ရိုသေသောကြောင့် ဖြောင့်မတ်စွာအသက်ရှင်ခဲ့သည်။ (ယောဘ ၁:၁; ၂၃:၁၅) ကျွန်ုပ်တို့သည် အဘယ်ဆင်းရဲခက်ခဲမှုကိုပင်ခံရပါစေ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိမည်ဆိုလျှင် ဘုရားသခင်၏မျက်နှာသာတော်ကို ရရှိစေသည့် လမ်းစဉ်၌ ဆက်တည်ရှိစေနိုင်၏။ သို့သော် ခံနိုင်ရည်ရှိရန် ယုံကြည်ခြင်းဖြင့် စိတ်အားထက်သန်စွာ ဆုတောင်းဖို့လိုသည်။—ယာကုပ် ၅:၁၅။
ယုံကြည်ခြင်းဖြင့် ဆုတောင်းလော့
၁၃-၁၅။ (က) ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဖြေကြားမည်ဟု အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။ (ခ) ကျွန်ုပ်တို့ဆုတောင်းချိန်တွင် အဘယ်အရာကို ပြောဆိုရမှန်းမသိလျှင် မည်သို့ဖြစ်ပျက်နိုင်သနည်း။ (ဂ) ဆာလံ ၁၁၉:၁၂၁-၁၂၈ သည် ကျွန်ုပ်တို့ ဆုတောင်း၍ “နှုတ်မမြွက်နိုင်သော ညည်းတွား” မှုများနှင့် မည်သို့ဆက်နွှယ်နေကြောင်း ဥပမာပေးပါ။
၁၃ ဘုရားသခင်သည် ကျွန်ုပ်တို့အကျိုးအတွက် လုပ်ဆောင်ပေးမည်ဟူသော ယုံကြည်ချက်ဖြင့် ဆုတောင်းနိုင်သည်။ (ဆာလံ ၁၁၉:၁၂၁-၁၂၈) ဆာလံဆရာကဲ့သို့ ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဖြေကြားပေးမည်ဟု စိတ်ချနိုင်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင့်ပညတ်များကို “ရွှေထက်မက ရွှေစင်ထက်သာ၍” ကျွန်ုပ်တို့နှစ်သက်သောကြောင့်ဖြစ်သည်။ ထို့ပြင် ‘ကိုယ်တော်၏ဥပဒေသအလုံးစုံတို့သည် ဖြောင့်ကြသည်ဟု ကျွန်ုပ်တို့ ထင်မှတ်ကြ၏။’—ဆာလံ ၁၁၉:၁၂၇၊ ၁၂၈။
၁၄ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် ဆုတောင်းသည့်အပြင် ယေဟောဝါ၏ဥပဒေသများကိုလည်း ဂရုတစိုက် ကျင့်သုံးကြသောကြောင့် ကျွန်ုပ်တို့၏တိုးလျှိုးအသနားခံချက်များကို ကိုယ်တော်နားညောင်းတော်မူ၏။ (ဆာလံ ၆၅:၂) သို့သော် တစ်ခါတစ်ရံ အဘယ်အရာအတွက် ဆုတောင်းရမှန်းမသိသည်အထိ စိတ်ရှုပ်ထွေးစရာ ပြဿနာများရှိနေလျှင်ကော အသို့နည်း။ ထိုအခါ “ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။” (ရောမ ၈:၂၆၊ ၂၇) ဤသို့သောအချိန်အခါမျိုးတွင် ဘုရားသခင်သည် သမ္မာကျမ်းစာပါ စာသားများကို ကျွန်ုပ်တို့တောင်းဆိုလိုသည့် ဆုတောင်းချက်များအဖြစ် လက်ခံတော်မူ၏။
၁၅ ကျမ်းစာတွင် ကျွန်ုပ်တို့ “နှုတ်မမြွက်နိုင်သော ညည်းတွား” မှုများနှင့် ဆက်နွှယ်နေသည့် ဆုတောင်းချက်များစွာ ပါရှိ၏။ ဥပမာ၊ ဆာလံ ၁၁၉:၁၂၁-၁၂၈ ကိုသုံးသပ်ကြည့်ပါ။ ဤတွင်ဖော်ပြထားသော အကြောင်းအရာများသည် ကျွန်ုပ်တို့၏အခြေအနေများနှင့် ကိုက်ညီပေမည်။ ဥပမာ၊ ကျွန်ုပ်တို့သည် လှည့်ဖြားခံရမည်ကို စိုးရိမ်လျှင် ဆာလံဆရာနည်းတူ ဘုရားသခင်၏အကူအညီကို တောင်းခံနိုင်သည်။ (အခန်းငယ် ၁၂၁-၁၂၃) အလွန်ခက်ခဲသည့် ဆုံးဖြတ်ချက်ချရမည်ဆိုပါစို့။ ထိုအခါ ယေဟောဝါ၏ဥပဒေသများကို ပြန်အမှတ်ရပြီး ကျင့်သုံးနိုင်ရန် ကိုယ်တော်၏ဝိညာဉ်တော် ကူညီပေးပါဟု ဆုတောင်းကြမည်။ (အခန်းငယ် ၁၂၄၊ ၁၂၅) ကျွန်ုပ်တို့သည် “အမှားလမ်းရှိသမျှတို့ကို ရွံရှာ” ကြသော်လည်း ကိုယ်တော်၏တရားတော်ကို ချိုးဖောက်စေမည့် သွေးဆောင်မှုတစ်ခုခုနောက် မလိုက်ပါမိစေရန် ကူညီပေးတော်မူပါဟု ဘုရားသခင်အား တောင်းလျှောက်ဖို့လိုပေမည်။ (အခန်းငယ် ၁၂၆-၁၂၈၊ သမာ) သမ္မာကျမ်းစာကို နေ့စဉ်မှန်မှန်ဖတ်ရှုမည်ဆိုလျှင် ယေဟောဝါကို ကျွန်ုပ်တို့ တိုးလျှိုးအသနားခံကြသည့်အခါ ဤကဲ့သို့သော အထောက်အကူပြုကျမ်းပိုဒ်များကို ပြန်အမှတ်ရနိုင်သည်။
ယေဟောဝါ၏သတိပေးနှိုးဆော်ချက်များက ထောက်ကူပေး
၁၆၊ ၁၇။ (က) ကျွန်ုပ်တို့သည် ဘုရားသခင်၏သတိပေးနှိုးဆော်ချက်များကို အဘယ်ကြောင့်လိုအပ်သနည်း၊ ၎င်းတို့ကို မည်သို့ရှုမြင်သင့်သနည်း။ (ခ) သူတစ်ပါးသည် ကျွန်ုပ်တို့ကို မည်သို့ရှုမြင်နိုင်သနည်း၊ သို့သော် အဘယ်အရာက အမှန်တကယ်အရေးကြီးသနည်း။
၁၆ ကျွန်ုပ်တို့၏ဆုတောင်းချက်ကို ဘုရားသခင်အား နားညောင်းစေလိုပြီး ဘုရားသခင်၏မျက်နှာသာတော်ရလိုလျှင် ကိုယ်တော်၏သတိပေးနှိုးဆော်ချက်များကို လိုက်နာကြရမည်။ (ဆာလံ ၁၁၉:၁၂၉-၁၃၆၊ ကဘ) ကျွန်ုပ်တို့သည် မေ့လျော့တတ်သူများဖြစ်ကြရာ ယေဟောဝါ၏လမ်းညွှန်ချက်နှင့် ပညတ်များကို ပြန်အမှတ်ရစေသည့် ကိုယ်တော်၏အလွန်ကောင်းသော သတိပေးနှိုးဆော်ချက်များလိုအပ်သည်။ ဘုရားသခင့်နှုတ်မြွက်စကားများနှင့်ပတ်သက်၍ ဝိညာဉ်ရေးအလင်း ထွန်းလင်းဖော်ပြသည့် နားလည်မှုအသစ်တိုင်းကို ကျွန်ုပ်တို့ အမှန်ပင်ကျေးဇူးတင်ကြ၏။ (ဆာလံ ၁၁၉:၁၂၉၊ ၁၃၀) ထို့ပြင် အခြားသူများသည် ယေဟောဝါ၏တရားတော်ကို ချိုးဖောက်ကြသောကြောင့် ‘ကျွန်ုပ်တို့မျက်စိမှ မျက်ရည်သည် မြစ်ရေကဲ့သို့စီး’ ကျရသော်လည်း ကိုယ်တော်၏ ‘မျက်နှာတော်အလင်းသည် ကျွန်ုပ်တို့အပေါ် ထွန်းလင်း’ နေသည့်အတွက် ကျေးဇူးတင်ကြပါသည်။—ဆာလံ ၁၁၉:၁၃၅၊ ၁၃၆; ဝတ်ပြုရာ ၆:၂၅။
၁၇ ကိုယ်တော်၏ဖြောင့်မတ်သော သတိပေးနှိုးဆော်ချက်များကို ကျွန်ုပ်တို့ လိုက်လျှောက်နေသရွေ့ ဘုရားသခင်၏မျက်နှာသာတော် ရရှိနေမည်ကို စိတ်ချနိုင်သည်။ (ဆာလံ ၁၁၉:၁၃၇-၁၄၄) ယေဟောဝါသည် မိမိ၏ဖြောင့်မတ်သော သတိပေးနှိုးဆော်ချက်များကို ကျွန်ုပ်တို့အား အာရုံစိုက်စေပြီး ကျွန်ုပ်တို့လိုက်နာရမည့်ပညတ်များအဖြစ် သတ်မှတ်ပိုင်ခွင့်ရှိကြောင်း ကိုယ်တော်၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့ အသိအမှတ်ပြုကြ၏။ (ဆာလံ ၁၁၉:၁၃၈) ဆာလံဆရာသည် ဘုရားသခင်၏ပညတ်များကို လိုက်နာလျက်နှင့် “အကျွန်ုပ်သည် ငယ်သောသူ၊ မထီမဲ့မြင်ပြုခြင်းကို ခံရသောသူဖြစ်ပါ၏” ဟု အဘယ်ကြောင့် ဆိုရသနည်း။ (ဆာလံ ၁၁၉:၁၄၁) သူ၏ရန်သူများ သူ့အားရှုမြင်ပုံကို ရည်ညွှန်းနေခြင်းဖြစ်သည်မှာ ထင်ရှား၏။ ကျွန်ုပ်တို့သည် ဖြောင့်မတ်ခြင်းတရားအတွက် အလျော့ပေးလိုက်လျောမှုမရှိဘဲ မားမားမတ်မတ်ရပ်တည်မည်ဆိုလျှင် သူတစ်ပါး၏အထင်သေးမှုကို ခံရကြပေမည်။ သို့တိုင် အမှန်တကယ် အရေးကြီးသည်မှာ ယေဟောဝါ၏ဖြောင့်မတ်သော သတိပေးနှိုးဆော်ချက်များနှင့်အညီ ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ကြသောကြောင့် ကိုယ်တော်၏မျက်နှာသာတော်ရရှိခြင်းဖြစ်သည်။
လုံခြုံ၍ ငြိမ်သက်မှုရှိ
၁၈၊ ၁၉။ ဘုရားသခင်၏သတိပေးနှိုးဆော်ချက်များကို ကျွန်ုပ်တို့ လက်ခံနာယူခြင်း၏အကျိုးကား အဘယ်နည်း။
၁၈ ဘုရားသခင်၏သတိပေးနှိုးဆော်ချက်များကို လိုက်နာခြင်းက ကိုယ်တော်နှင့် နီးကပ်ရင်းနှီးနေစေ၏။ (ဆာလံ ၁၁၉:၁၄၅-၁၅၂) ယေဟောဝါ၏သတိပေးနှိုးဆော်ချက်များကို ကျွန်ုပ်တို့အလေးထားကြသောကြောင့် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ထံ လွတ်လပ်စွာဆုတောင်းနိုင်ပြီး ယင်းကို ကိုယ်တော် နားညောင်းတော်မူမည်ဟု စိတ်ချနိုင်သည်။ “မိုးမလင်းမီ” အိပ်ရာမှထ၍ အကူအညီတောင်းခံနိုင်၏။ ဆုတောင်းရန် အချိန်ကောင်းပါတကား! (ဆာလံ ၁၁၉:၁၄၅-၁၄၇) အကျင့်ပျက်ပြားမှုကို ရှောင်ရှားပြီး ယေရှုကဲ့သို့ သမ္မာကျမ်းစာကို အမှန်တရားအဖြစ် ရှုမြင်သောကြောင့်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အလွန်နီးတော်မူ၏။ (ဆာလံ ၁၁၉:၁၅၀၊ ၁၅၁; ယောဟန် ၁၇:၁၇) ကျွန်ုပ်တို့သည် ယေဟောဝါနှင့် ဆက်ဆံရေးကောင်းရှိမည်ဆိုလျှင် ဆင်းရဲခက်ခဲသော ဤလောကတွင် ထောက်မကူညီမှုရမည်သာမက အာမဂေဒုန်စစ်ပွဲကြီးကို ကပ်ကျော်နိုင်ပေမည်။—ဗျာ. ၇:၉၊ ၁၄; ၁၆:၁၃-၁၆။
၁၉ ဘုရားသခင်၏စကားတော်ကို ကျွန်ုပ်တို့ အလွန်လေးမြတ်ကြသောကြောင့် စစ်မှန်သောလုံခြုံမှုကို ခံစားရ၏။ (ဆာလံ ၁၁၉:၁၅၃-၁၆၀) ကျွန်ုပ်တို့သည် လူဆိုးများနှင့်မတူဘဲ ‘ယေဟောဝါ၏သတိပေးနှိုးဆော်ချက်တို့မှ လွှဲ၍မသွားပါ။’ ဘုရားသခင်၏ဥပဒေသများကို ကျွန်ုပ်တို့နှစ်သက်သောကြောင့် ကိုယ်တော်၏ချစ်ခင်ကြင်နာမှုခံစားရပြီး လုံခြုံမှုရှိကြသည်။ (ဆာလံ ၁၁၉:၁၅၇-၁၅၉) ယေဟောဝါ၏သတိပေးနှိုးဆော်ချက်များက ကျွန်ုပ်တို့၏မှတ်ဉာဏ်ကို စေ့ဆော်ပေးရာ ထူးခြားသောအခြေအနေများတွင် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ရမည်ကို မှတ်မိစေ၏။ အခြားတစ်ဖက်တွင်မူ ဘုရားသခင်၏ဥပဒေသများသည် လမ်းညွှန်ချက်များဖြစ်ရာ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် လမ်းညွှန်ပေးပိုင်ခွင့်ရှိကြောင်း ကျွန်ုပ်တို့ တလိုတလား အသိအမှတ်ပြုလက်ခံကြသည်။ ‘ဘုရားသခင်၏စကားတော် အလုံးစုံတို့သည် ဟုတ်မှန်’ ပြီး မိမိတို့ခြေရာကို မိမိဘာသာမစီရင်နိုင်ကြောင်း ကျွန်ုပ်တို့ သိရှိထားသဖြင့် ဘုရားသခင်၏လမ်းညွှန်မှုကို ဝမ်းပန်းတသာလက်ခံကြသည်။—ဆာလံ ၁၁၉:၁၆၀; ယေရမိ ၁၀:၂၃။
၂၀။ ကျွန်ုပ်တို့တွင် “ကြီးစွာသောငြိမ်သက်ခြင်း” အဘယ်ကြောင့်ရှိကြသနည်း။
၂၀ ယေဟောဝါ၏တရားတော်ကို ကျွန်ုပ်တို့နှစ်သက်ခြင်းကြောင့် ကြီးစွာသောငြိမ်သက်ခြင်းရှိ၏။ (ဆာလံ ၁၁၉:၁၆၁-၁၆၈) ညှဉ်းပန်းနှိပ်စက်မှုက အဘယ်သူမျှကြံ၍မမီနိုင်သော “ဘုရားသခင်၏ငြိမ်သက်ခြင်း” ကို ပျောက်ဆုံးသွားစေနိုင်မည်မဟုတ်ပါ။ (ဖိလိပ္ပိ ၄:၆၊ ၇) ယေဟောဝါ၏စီရင်တော်မူချက်များကို ကျွန်ုပ်တို့အလွန်လေးမြတ်သောကြောင့် ကိုယ်တော်အား အကြိမ်ကြိမ်—“တစ်ရက်လျှင် ခုနစ်ကြိမ်”—ချီးမွမ်းကြ၏။ (ဆာလံ ၁၁၉:၁၆၁-၁၆၄) ဆာလံဆရာက “တရားတော်ကို နှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်သက်ခြင်းရှိပါ၏။ တိုက်မိ၍လဲစရာအကြောင်းမရှိပါ” ဟုသီဆိုခဲ့သည်။ (ဆာလံ ၁၁၉:၁၆၅၊ သမ္မာ) ကျွန်ုပ်တို့တစ်ဦးချင်းစီအနေနှင့် ယေဟောဝါ၏တရားတော်ကို နှစ်သက်စောင့်ထိန်းမည်ဆိုလျှင် တစ်ဦးတစ်ယောက်၏လုပ်ရပ် သို့မဟုတ် တခြားကိစ္စတစ်ခုခုကြောင့် ဝိညာဉ်ရေးတွင် ထိမိ၍လဲမည်မဟုတ်ချေ။
၂၁။ အသင်းတော်တွင် ပြဿနာများပေါ်ပေါက်လာလျှင် ကျွန်ုပ်တို့သည် ထိမိလဲစရာဖြစ်ဖို့ မလိုကြောင်း အဘယ်ကျမ်းစာပုံနမူနာများက ဖော်ပြသနည်း။
၂၁ သမ္မာကျမ်းစာမှတ်တမ်းပါ လူများစွာသည် အဘယ်ထိမိလဲစရာတစ်စုံတစ်ရာကိုမျှ ကြာရှည်ခွင့်မပြုခဲ့ကြချေ။ ဥပမာ၊ ခရစ်ယာန်အမျိုးသား ဂါယုသည် ဒယောတရပ်၏ ဘုရားသခင်ရေးရာမဆန်သော အပြုအမူကြောင့် ထိမိမလဲဘဲ ‘အမှန်တရား၌ ကျင်လည်’ ခဲ့သည်။ (၃ ယောဟန် ၁-၃၊ ၉၊ ၁၀) ဧဝေါဒိနှင့် သုန္တုတ်တို့သည် “သခင်ဘုရား၌ သဘောတညီတညွတ်တည်းဖြစ်” ကြရန် ပေါလု အားပေးခဲ့ရခြင်းမှာ သူတို့နှစ်ဦးစပ်ကြား ပြဿနာပေါ်ပေါက်ခဲ့၍ဖြစ်မည်။ သူတို့၏ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပုံရပြီး ယေဟောဝါအား တည်ကြည်စွာ သူတို့ ဆက်ဝတ်ပြုကိုးကွယ်ခဲ့ကြ၏။ (ဖိလိပ္ပိ ၄:၂၊ ၃) ထို့ကြောင့် အသင်းတော်တွင် ပြဿနာများပေါ်ပေါက်လာလျှင် ကျွန်ုပ်တို့ ထိမိမလဲချေ။ ‘ကျွန်ုပ်တို့၏အကျင့်ရှိသမျှတို့သည် ကိုယ်တော်၏ရှေ့တော်၌ရှိ’ ကြောင်း အမှတ်ရကာ ယေဟောဝါ၏နည်းဥပဒေသများကို ဂရုစိုက်စောင့်ထိန်းကြပါစို့။ (ဆာလံ ၁၁၉:၁၆၈; သု. ၁၅:၃) သို့ပြုလျှင် အဘယ်အရာကမျှ “ကြီးစွာသောငြိမ်သက်ခြင်း” ကိုထာဝစဉ် ပျောက်ဆုံးစေနိုင်မည်မဟုတ်ချေ။
၂၂။ (က) ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာခံမည်ဆိုလျှင် အဘယ်အခွင့်အရေးကို ရရှိနိုင်ကြသနည်း။ (ခ) ခရစ်ယာန်အသင်းတော်မှ ထွက်သွားသူတချို့ကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သင့်သနည်း။
၂၂ ကျွန်ုပ်တို့သည် ယေဟောဝါကို အမြဲနာခံကြမည်ဆိုလျှင် ကိုယ်တော်အား အစဉ်ချီးမွမ်းနေရန် အခွင့်အရေးရရှိပါလိမ့်မည်။ (ဆာလံ ၁၁၉:၁၆၉-၁၇၆) ဘုရားသခင်၏အထုံးအဖွဲ့များနှင့်အညီ အသက်ရှင်နေထိုင်ခြင်းဖြင့် ဝိညာဉ်ရေးလုံခြုံမှုရှိမည်သာမက ‘ကျွန်ုပ်တို့၏နှုတ်သည် ယေဟောဝါအား ချီးမွမ်းခြင်းကို မြွက်ဆိုနေ’ ပေမည်။ (ဆာလံ ၁၁၉:၁၆၉-၁၇၁၊ ၁၇၄) ၎င်းသည် ဤနောက်ဆုံးကာလတွင် ကျွန်ုပ်တို့ရရှိနိုင်သည့် အခွင့်ထူးကြီးဖြစ်၏။ ဆာလံဆရာသည် အသက်ရှင်သရွေ့ ယေဟောဝါအား ချီးမွမ်းလိုသော်လည်း အကြောင်းတစ်ခုခုကြောင့် သူသည် ‘ပျောက်သောသိုးကဲ့သို့ လမ်းလွဲ’ ခဲ့သည်။ (ဆာလံ ၁၁၉:၁၇၅၊ ၁၇၆) ခရစ်ယာန်အသင်းတော်မှ ထွက်သွားသူတချို့သည် ဘုရားသခင်ကို ချစ်မြတ်နိုးဆဲရှိပြီး ကိုယ်တော့်ကို ချီးမွမ်းလိုကြပေမည်။ ထို့ကြောင့် သူတို့သည် ဝိညာဉ်ရေးလုံခြုံမှုကို တစ်ဖန်ပြန်ရရှိပြီး ယေဟောဝါ၏လူမျိုးတော်နှင့်အတူ ကိုယ်တော်အား ချီးမွမ်းခြင်း၏ပျော်ရွှင်မှုကို ခံစားရစေရန် သူတို့ကို တတ်နိုင်သရွေ့ ကူညီပေးကြပါစို့။—ဟေဗြဲ ၁၃:၁၅; ၁ ပေတရု ၅:၆၊ ၇။
ကျွန်ုပ်တို့လမ်းခရီးအတွက် ထာဝရအလင်း
၂၃၊ ၂၄။ သင်သည် ဆာလံ ၁၁၉ မှအဘယ်အကျိုးကျေးဇူးများရရှိသနည်း။
၂၃ ဆာလံ ၁၁၉ သည် နည်းအမျိုးမျိုးဖြင့် ကျွန်ုပ်တို့ကို အကျိုးပေးနိုင်သည်။ ဥပမာ၊ ယင်းက ကျွန်ုပ်တို့ကို ယေဟောဝါအား ပိုမိုမှီခိုအားထားစေနိုင်သည်၊ အကြောင်းမှာ စစ်မှန်သောပျော်ရွှင်မှုသည် ‘ထာဝရဘုရားသခင်၏တရားလမ်း၌ လျှောက်လှမ်းခြင်း’ မှရရှိနိုင်ကြောင်း ဖော်ပြထား၍ဖြစ်သည်။ (ဆာလံ ၁၁၉:၁) ‘ဘုရားသခင်၏စကားတော် အလုံးစုံတို့သည် ဟုတ်မှန်’ ကြောင်း ဆာလံဆရာသတိပေး၏။ (ဆာလံ ၁၁၉:၁၆၀) ထို့ကြောင့် သမ္မာကျမ်းစာတစ်အုပ်လုံးအတွက် ကျွန်ုပ်တို့ ပိုမိုကျေးဇူးတင်လေးမြတ်သင့်သည်။ ဆာလံ ၁၁၉ ကို တွေးတောဆင်ခြင်ခြင်းက သမ္မာကျမ်းစာကို အပတ်တကုတ် ကြိုးစားလေ့လာရန် စေ့ဆော်ပေးသင့်သည်။ ဆာလံဆရာသည် “အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ” ဟုဘုရားသခင်ကို ထပ်ခါတလဲလဲ အသနားခံဆုတောင်းခဲ့သည်။ (ဆာလံ ၁၁၉:၁၂၊ ၆၈၊ ၁၃၅) ထို့ပြင် “ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည်ဖြစ်၍ ကောင်းသောဉာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ” ဟုလည်း အသနားခံခဲ့သည်။ (ဆာလံ ၁၁၉:၆၆) ကျွန်ုပ်တို့လည်း ထိုနည်းတူ ဆုတောင်းသင့်၏။
၂၄ ယေဟောဝါ၏သွန်သင်မှုသည် ကိုယ်တော်နှင့် ရင်းနှီးသောဆက်ဆံရေးရှိစေ၏။ ဆာလံဆရာက သူ့ကိုယ်သူ ဘုရားသခင့်ကျေးကျွန်ဟု အကြိမ်ကြိမ်ခေါ်ဆိုခဲ့၏။ အမှန်ဆိုလျှင် သူက “အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏” ဟူ၍ ယေဟောဝါအား ရင်နင့်စဖွယ် ကြားလျှောက်၏။ (ဆာလံ ၁၁၉:၁၇၊ ၆၅၊ ၉၄၊ ၁၂၂၊ ၁၂၅; ရောမ ၁၄:၈) ယေဟောဝါ၏သက်သေတစ်ဦးအနေဖြင့် ကိုယ်တော့်အား ဝတ်ပြုချီးမွမ်းရခြင်းသည် တကယ့်ကို အခွင့်ထူးဖြစ်၏! (ဆာလံ ၁၁၉:၇) ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူတစ်ဦးအနေနှင့် သင်သည် ကိုယ်တော်၏အမှုတော်ကို ရွှင်လန်းစွာ ထမ်းဆောင်နေပါသလော။ သင်သည် ထိုသို့ပြုလုပ်နေပြီး ကိုယ်တော်၏စကားတော်ကို အမြဲယုံကြည်ကိုးစားကာ သင်၏လမ်းခရီးကို ထွန်းလင်းစေမည်ဆိုလျှင် ယေဟောဝါသည် အခွင့်ထူးသော ဤလုပ်ငန်းတွင် သင့်အား ထောက်မ၍ ကောင်းချီးပေးနေမည်ကို စိတ်ချနိုင်ပါသည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ဘုရားသခင့်စကားတော်ကို အဘယ်ကြောင့် နှစ်သက်စွဲလမ်းသင့်သနည်း။
• ဘုရားသခင့်စကားတော်သည် ကျွန်ုပ်တို့ကို မည်သို့ထောက်မသနည်း။
• ယေဟောဝါ၏သတိပေးနှိုးဆော်ချက်များသည် အဘယ်နည်းများဖြင့် ကျွန်ုပ်တို့ကို ထောက်ကူပေးသနည်း။
• ယေဟောဝါ၏လူမျိုးတော်သည် အဘယ်ကြောင့် လုံခြုံမှုရှိပြီး ငြိမ်သက်ကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဘုရားသခင့်စကားတော်သည် ဝိညာဉ်ရေးအလင်း၏ ရင်းမြစ်ဖြစ်
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယေဟောဝါ၏သတိပေးနှိုးဆော်ချက်များကို ကျွန်ုပ်တို့ နှစ်သက်မည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို “ချော်” ကဲ့သို့ ဘယ်တော့မျှ ယူမှတ်တော်မူမည်မဟုတ်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံများ]
သမ္မာကျမ်းစာကို နေ့စဉ် မှန်မှန်ဖတ်ရှုမည်ဆိုလျှင် ကျွန်ုပ်တို့ ဆုတောင်းသည့်အခါ အထောက်အကူပြုကျမ်းပိုဒ်များကို အလွယ်တကူမှတ်မိလာပေမည်