ယခုနှင့်ထာဝစဉ် အသိပညာဆည်းပူးခြင်း
ယခုနှင့်ထာဝစဉ် အသိပညာဆည်းပူးခြင်း
ထာဝစဉ်နုပျိုခြင်း အမည်ရှိ စာအုပ်တွဲကို ဂျာမန်သမားတော် အူလ်ရစ်ခ် ရှတရွံ့စ် ရေးသားခဲ့သည်။ ထိုတွင် သူက လေ့ကျင့်ခန်း၊ အာဟာရနှင့် ကိုယ်ကျင့်သိက္ခာရှိ ဘဝပုံစံတို့သည် ကျန်းမာရေးကောင်းစေပြီး အသက်တာရှည်စေနိုင်သည်ဟု အခိုင်အမာဖော်ပြထားသည်။ သို့သော် သူ၏အကြံပေးချက်ကိုလိုက်နာခြင်းဖြင့် ထာဝစဉ်အသက်ရှင်နိုင်သည်ဟု စာဖတ်သူများကို ကတိမပြုပါ။
သို့ရာတွင် ထာဝရအသက်ရမည်ဟု ကတိပြုသော အသိပညာတစ်မျိုးရှိပါသည်။ အပြန်အလှန်အားဖြင့် သင်သည် ထာဝစဉ်အသက်ရှင်လျှင် အကျိုးပြုသောအသိပညာကို ထာဝစဉ် ဆည်းပူးယူနိုင်ပါသည်။ ဘုရားသခင်ထံ ဆုတောင်းရာတွင် ယေရှုဤသို့မြွက်ဆိုခဲ့သည်– “ထာဝရအသက်ဟူမူကား၊ တစ်ဆူတည်းသောဘုရားသခင် . . . ဖြစ်သောကိုယ်တော်နှင့် စေလွှတ်တော်မူသောယေရှုခရစ်နှင့်ဆိုင်သောအသိပညာကို သူတို့ဆည်းပူးယူခြင်းတည်း။” (ယောဟန် ၁၇:၃၊ ကဘ) “ထာဝရအသက်” ဟူသော စကားရပ်ကို ဦးဆုံးအဓိပ္ပာယ်ဖွင့်ပြီး ၎င်းအသိပညာတွင် အဘယ်အရာပါဝင်ကြောင်း၊ ယင်းကို မည်သို့ဆည်းပူးရယူနိုင်ကြောင်း သိရှိရန် လေ့လာကြည့်ကြစို့။
သမ္မာကျမ်းစာအရ များမကြာမီ ဖန်ဆင်းရှင်သည် မြေကြီးကို အသက်ရှည်ရန် အခွင့်အလမ်းပေးမည့် ပကတိပရဒိသုအသွင်သို့ ပြောင်းလဲပေးတော့မည်။ ထိုပရဒိသုဖြစ်ပေါ်လာစေဖို့ နောဧခေတ် ရေလွှမ်းမိုးဘေးနှင့်ဆင်တူသော ပြင်းထန်သည့်အရေးယူလုပ်ဆောင်မှုရှိဖို့လိုပေမည်။ ယေရှုသည် ကျွန်ုပ်တို့ခေတ်ကို “နောဧလက်ထက်” နှင့် နှိုင်းယှဉ်ခဲ့ကြောင်း မဿဲ အခန်းကြီး ၂၄ အခန်းငယ် ၃၇ မှ ၃၉ ကဖော်ပြသည်၊ ထိုခေတ်သားများသည် သူတို့၏စိုးရိမ်ဖွယ်အခြေအနေကို “သတိမဲ့နေ” ကြ၏။ ထို့ပြင် နောဧဟောသည့် သတင်းတရားကိုလည်း သူတို့ဂရုမစိုက်ခဲ့ကြချေ။ သို့နှင့် “နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့” ရောက်လာပြီး ထိုသတင်းစကား ငြင်းပယ်သူအားလုံးကို ရေလွှမ်းမိုးဘေးက ဖျက်ဆီးပစ်ခဲ့သည်။ သင်္ဘောထဲတွင် နောဧနှင့်အတူရှိသူများမူ အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။
ကျွန်ုပ်တို့ခေတ်တွင် အလားတူ “နေ့” ရက်ရောက်လာတော့မည်ဟု ယေရှုဖော်ပြခဲ့သည်။ ယင်းနှင့်ဆက်နွှယ်သော အသိပညာကို သင်ယူလေ့လာ အလေးထားသူတို့သည် ထိုအဖြစ်အပျက်ကို ကပ်ကျော်ရုံမက ထာဝစဉ်အသက်ရှင်နိုင်ခွင့် ရရှိကြပါလိမ့်မည်။ ထို့ပြင် ဘုရားသခင့်မှတ်ဉာဏ်၌ရှိသော သေလွန်သူများသည် နောက်တစ်ဖန် ဘယ်တော့မျှ မသေရတော့မည့်မျှော်လင့်ချက်ဖြင့် အသက်ပြန်ရှင်လာကြပါလိမ့်မည်။ (ယောဟန် ၅:၂၈၊ ၂၉) ထိုအကြောင်းနှစ်ခုကို ယေရှုမည်သို့ဖော်ပြခဲ့ကြောင်း သတိပြုပါ။ သေလွန်သူများ ပြန်ရှင်လာမည့်အကြောင်း မာသကိုပြောပြစဉ် ကိုယ်တော်က “ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည်။ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ အဆိုပါ “နေ့” ရက်သည် အလွန်နီးကပ်နေကြောင်း အထောက်အထားအားလုံးက ဖော်ပြသဖြင့် သင်သည် “သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်” နိုင်သည့်အဓိပ္ပာယ်သက်ရောက်၏။—ယောဟန် ၁၁:၂၅-၂၇။
ထို့နောက် ယေရှုက “ငါ့စကားကိုယုံသလော” ဟုမာသကို မေးတော်မူလျှင် “ဟုတ်ပါ၏သခင်” ဟုပြန်ဖြေခဲ့သည်။ ယနေ့ အလားတူမေးခွန်းမျိုး သင့်ကို ယေရှုမေးမည်ဆိုလျှင် သင်မည်သို့ဖြေဆိုမည်နည်း။ ဘယ်တော့မျှမသေရတော့မည့် အလားအလာရှိသည်ကို သင်ယုံရခက်ပေမည်။ ထိုသို့ဖြစ်သည့်တိုင် ယုံချင်မည်မှာ သေချာသည်။ “သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်” မည်ဆိုပါက အသင် မည်မျှသင်ယူလေ့လာနိုင်မည်ကို စဉ်းစားကြည့်လိုက်ပါ! ဆန္ဒရှိသော်လည်း အချိန်မရသဖြင့် ယခု မသင်ယူ မလုပ်ဆောင်နိုင်သည့်အရာအားလုံးကို ထိုအခါ ပျော်မွေ့နိုင်မည့်အဖြစ်မျိုး မြင်ယောင်ကြည့်လိုက်ပါ။ သေခြင်း၌ဆုံးရှုံးခဲ့ရသော ချစ်မြတ်နိုးရသူများနှင့် ပြန်လည်ဆုံဆည်းရခြင်းကိုလည်း စဉ်းစားကြည့်လိုက်ပါဦး! ထိုအလားအလာများကို ဖြစ်ပေါ်စေနိုင်သော အသိပညာကား အဘယ်နည်း၊ ယင်းကို သင်မည်သို့ဆည်းပူးရယူနိုင်သနည်း။
အသက်ပေးအသိပညာကို ဆည်းပူးယူနိုင်စွမ်း ကျွန်ုပ်တို့၌ရှိ
ဘုရားသခင်နှင့် ခရစ်တော်အကြောင်းသိရသော အသိပညာကို ဆည်းပူးလေ့လာခြင်းသည် ကျွန်ုပ်တို့ လက်လှမ်းမမီနိုင်ရာလော။ မဟုတ်ပါ။ ဖန်ဆင်းရှင်၏လက်ရာများအကြောင်း သိရသည့် အသိပညာသည် မကုန်နိုင်သည်မှာ မှန်ပါသည်။ သို့သော် “အသိပညာ” နှင့် “ထာဝရအသက်” အကြောင်း ယေရှုဆက်စပ်ပြောဆိုရာတွင် နက္ခတ္တဗေဒပညာရပ် သို့မဟုတ် အခြားသိပ္ပံပညာရပ်တစ်ခုခုကို ရည်ညွှန်းနေခြင်းမဟုတ်ပေ။ “ဘုရားသခင်ကိုသိသောဉာဏ်” ၏အခြေခံမှာ သမ္မာကျမ်းစာပါ “စကား” နှင့် “ပညတ်တို့” ဖြစ်သည်ဟု နယပုံပြင်ကျမ်း အခန်းကြီး ၂ အခန်းငယ် ၂ နှင့် ၅ ကဖော်ပြသည်။ ယောဟန် ၂၀:၃၀၊ ၃၁ ကလည်း ယေရှုနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၌ ရေးထားသမျှသည် ကျွန်ုပ်တို့ “အသက်ကိုရမည်အကြောင်း” လုံလောက်ပေသည်ဟု ဆို၏။
ထို့ကြောင့် သမ္မာကျမ်းစာ၌ပါရှိသော ယေဟောဝါနှင့် ယေရှုခရစ်တို့ကို သိကျွမ်းခြင်းပညာသည် ထာဝရအသက်ရနိုင်ဖို့ လုံလောက်ပေသည်။ သမ္မာကျမ်းစာသည် ပြိုင်ဘက်ကင်းသော စာအုပ်တစ်အုပ်ဖြစ်၏။ စာကောင်းကောင်းမသင်ခဲ့ရသော ပညာတတ်မဟုတ်သူများပင် ထိုအသိပညာကို ဆည်းပူးပြီး ထာဝရအသက်ရနိုင်သည့်နည်းဖြင့် ယင်းကို ဖန်ဆင်းရှင် မှုတ်သွင်းရေးသားစေခဲ့သည်။ ထိုနည်းတူ ဉာဏ်ထက်မြက်ပြီး အချိန်နှင့် ဥစ္စာအင်ခွင်များစွာရှိသူတစ်ဦးသည် မှုတ်သွင်းခံသမ္မာကျမ်းစာမှ အကြောင်းအရာအသစ်အဆန်းများကို အမြဲ သင်ယူနိုင်ပါလိမ့်မည်။ ဤဆောင်းပါးကို သင်ဖတ်ရှုနိုင်ခြင်းကပင် သင်၌သင်ယူနိုင်စွမ်းရှိကြောင်း သက်သေထူပါသည်၊ သို့သော် ထိုစွမ်းရည်ကို သင်မည်သို့အသုံးပြုသင့်သနည်း။
ဤအသိပညာကို ဆည်းပူးရန် အထိရောက်ဆုံးနည်းမှာ ထိုအကြောင်းကို ကောင်းစွာသိနားလည်ထားနှင့်သူ၏ အကူအညီဖြင့် ကျမ်းစာလေ့လာခြင်းဖြစ်ကြောင်း ကမ္ဘာတစ်ဝန်းမှ တွေ့ကြုံမှုများကဖော်ပြသည်။ နောဧသည် သူ၏တစ်ခေတ်တည်းသားများကို သတင်းတရားဝေမျှရန် ကြိုးစားခဲ့သည့်နည်းတူ ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာကို သင်နှင့်အတူ လေ့လာဆွေးနွေးဖို့ သင်၏အိမ်သို့လာရန် အသင့်ရှိကြပါသည်။ ထိုသို့ပြုရန် ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုတော်မူသနည်း ဟူသောဘရိုရှာကိုဖြစ်စေ၊ ထာဝရအသက်ကိုရစေသော အသိပညာ *ဟု သင့်လျော်စွာအမည်ပေးထားသော လက်စွဲစာအုပ်ကိုဖြစ်စေ သူတို့အသုံးပြုကြပေမည်။ တည်ကြည်သူတို့သည် မြေကြီးပရဒိသုတွင် “သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်” မည်ဟူသော အယူအဆကို အသင် ယုံရခက်နေမည်ဖြစ်သော်လည်း ဤသို့ကျမ်းစာဆွေးနွေးခြင်းအားဖြင့် ၎င်းကတိတော်ကို ယုံကြည်စိတ်ချလာနိုင်ပါသည်။ ထို့ကြောင့် သင်သည် ထာဝစဉ်အသက်ရှင်လိုမည်ဆိုလျှင်၊ သို့တည်းမဟုတ် ထာဝစဉ်အသက်ရှင်ခြင်းကို ယုံကြည်ရန် လက်တွေ့ကျမကျ သိလိုလျှင် အဘယ်အရာပြုလုပ်သင့်သနည်း။ ကျမ်းစာလေ့လာနိုင်ခွင့်ကို လက်ခံလိုက်ပါလေ။
မည်မျှကြာရှည် လေ့လာဖို့လိုမည်နည်း။ ဘာသာစကား ရာနှင့်ချီ ထုတ်ဝေထားသော အထက်ဖော်ပြပါ ၃၂ မျက်နှာဘရိုရှာတွင် အခန်းတို ၁၆ ခန်းသာပါသည်။ သို့မဟုတ် တစ်ပတ်လျှင် တစ်နာရီ အချိန်ပေးနိုင်မည်ဆိုလျှင် ထာဝရအသက်ကိုရစေသော အသိပညာစာအုပ်ကိုအသုံးပြုပြီး သမ္မာကျမ်းစာပါ အဓိကအကြောင်းအရာများကို လေ့လာရန် လအနည်းငယ်သာလိုပါလိမ့်မည်။ ဤစာပေများ၏အကူအညီဖြင့် လူများစွာသည် အသိပညာအတော်အတန် ဆည်းပူးရရှိထားကြပြီး ဘုရားသခင်ကို အလွန်ချစ်မြတ်နိုးလာကြပြီ။ ဖန်ဆင်းရှင်သည် ကိုယ်တော်အား အမှန်တကယ်ချစ်မြတ်နိုးသူများကို ထာဝရအသက်ဆု ပေးပါလိမ့်မည်။
အသက်ပေးအသိပညာကို ကျွန်ုပ်တို့ အမှန်တကယ်ဆည်းပူးယူနိုင်သည့်အပြင် ယင်းကို အဆင်သင့်ရယူနိုင်ပါသည်။ သမ္မာကျမ်းစာတစ်အုပ်လုံးကိုဖြစ်စေ၊ အနည်းဆုံးအနေနှင့် ကျမ်းစာအစိတ်အပိုင်းများကိုဖြစ်စေ ဘာသာစကား ၂,၀၀၀ ကျော်သို့ ပြန်ဆိုထားနှင့်ပြီ။ သင်၏အသိပညာ တိုးပွားလာစေရန် နိုင်ငံပေါင်း ၂၃၅ နိုင်ငံရှိ ယေဟောဝါသက်သေများသည် ကိုယ်တိုင်လာကူညီပေးရန်၊ ကျမ်းစာအခြေပြုစာပေများကို ပေးဖတ်ရန် တလိုတလားရှိကြပါသည်။
ကိုယ်ပိုင်လေ့လာမှု
ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် သင်နှင့် ဖန်ဆင်းရှင်အကြားရှိ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။ အသင်သာလျှင် ထိုဆက်ဆံရေးကို ထိန်းသိမ်းထား၍ ခိုင်မြဲစေနိုင်သည်၊ ထို့ပြင် ကိုယ်တော်သာလျှင် သင့်ကို ထာဝရအသက်ပေးနိုင်သည်။ ထို့ကြောင့် ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို ဆက်၍လေ့လာသင့်သည်။ တစ်ဦးတစ်ယောက်အား သင့်အိမ်သို့ မှန်မှန်လာစေခြင်းဖြင့် လေ့လာရန်အချိန်သတ်မှတ်ထားရန် ပိုလွယ်ကူပါလိမ့်မည်။
သမ္မာကျမ်းစာနှင့် ကျမ်းစာလေ့လာရန် အထောက်အကူပြု စာအုပ်စာတမ်းတွင် “ဘုရားသခင်ကိုသိသောဉာဏ်” ပါရှိသည်ဖြစ်၍ ၎င်းတို့ကို ကောင်းစွာထိန်းသိမ်းရန် အလွန်သင့်လျော်ပေ၏။ (သု. ၂:၅) သို့ပြုလျှင် ထိုစာအုပ်စာတမ်းများ ကြာရှည်ခံပါလိမ့်မည်။ အသင်သည် ဖွံ့ဖြိုးဆဲနိုင်ငံတွင် နေထိုင်ပါက ကျောင်းသုံးစာအုပ်များစွာမသုံးရဘဲ နားထောင်ခြင်း၊ ကြည့်ရှုလေ့လာခြင်းတို့ဖြင့်သာ စာသင်ယူခဲ့ရပေမည်။ ဥပမာ၊ ဘီနင်နိုင်ငံတွင် ဘာသာစကား ၅၀ ကျော်ပြောဆိုကြ၏။ ထိုနိုင်ငံသားများသည် သက်ဆိုင်ရာကျောင်းသုံးစာအုပ်ကို တစ်ခါမျှမလေ့လာခဲ့ဖူးသော်လည်း ဘာသာစကားလေးငါးမျိုးကို ကျွမ်းကျင်စွာပြောတတ်ကြခြင်းမှာ အဆန်းမဟုတ်ပေ။ နားထောင်ခြင်း၊ ဂရုပြုလေ့လာခြင်း၊ အာရုံစူးစိုက်ခြင်းအားဖြင့် သင်ယူနိုင်သောစွမ်းရည်ရှိခြင်းသည် ဆုကျေးဇူးတစ်ခုဖြစ်၏။ စာအုပ်များသည်လည်း သင်ယူလေ့လာမှုကို အလွန်အထောက်အကူပြုကြောင်း သင်သတိထားမိပေမည်။
သင်နေထိုင်သောနေရာသည် ကျဉ်းကျပ်နေလျှင်ပင် သမ္မာကျမ်းစာနှင့် သက်ဆိုင်ရာစာအုပ်စာတမ်းများထားဖို့ တစ်နေရာဖယ်ထားပါ။ ၎င်းတို့ကို လက်လှမ်းမီသည့်နေရာ၊ မပျက်စီးနိုင်သည့်နေရာတွင်ထားပါ။
မိသားစုလေ့လာမှု
သင်သည် မိဘတစ်ဦးဖြစ်မည်ဆိုလျှင် အသင်ဆည်းပူးနေသော အသိပညာကို သင်၏ရင်သွေးများလည်း ဆည်းပူးစေရန် ကူညီပေးသင့်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မိဘတို့သည် အသက်ဆက်ရေးအတွက် လိုအပ်သောစွမ်းရည်များကို သားသမီးများအား သွန်သင်ပေးလေ့ရှိသည်။ ထိုတွင် ချက်ပြုတ်ခြင်း၊ ထင်းခွေခြင်း၊ ရေခပ်ခြင်း၊ စိုက်ပျိုးခြင်း၊ ငါးဖမ်းခြင်း၊ ဈေးတွင် ပစ္စည်းချင်း ဖလှယ်ရောင်းဝယ်ခြင်းတို့ ပါဝင်ပေမည်။ ၎င်းတို့သည် ဘဝတစ်လျှောက်လုံး အမှန်တကယ်လိုအပ်သောပညာရေးဖြစ်သည်။ သို့သော် မိဘအများစုသည် ပညာသင်ပေးရာတွင် ထာဝရအသက်သို့ပို့ဆောင်နိုင်သော အသိပညာကိုကား မသင်ပေးကြချေ။
သင့်အခြေအနေ မည်သို့ပင်ရှိပါစေ သင်၌ အချိန်ပိုသိပ်မရှိဟုထင်နိုင်သည်။ ယင်းကို ဖန်ဆင်းရှင်လည်း သတိပြုမိပါသည်။ ကိုယ်တော်၏နည်းလမ်းတော်များကို သားသမီးများအား မည်သို့သွန်သင်ပေးရမည်နှင့်ပတ်သက်၍ ရှေးက ကိုယ်တော်မိန့်မှာခဲ့ပုံကို သတိပြုပါ– “ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။” (တရားဟောရာ ၆:၇) ထိုအချက်များပေါ်မူတည်ပြီး သင်၏သွန်သင်ပေးခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ကြိုးစားစီစဉ်ပါလေ–
၁။ “အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ”– သင်နှင့် တစ်ဦးတစ်ယောက်ပြုခဲ့မည်နည်းတူ အိမ်တွင် သင့်သားသမီးများနှင့် ကျမ်းစာကို ပတ်စဉ်ပတ်တိုင်း မှန်မှန်ဆွေးနွေးလေ့လာရန် ကြိုးစားပါ။ အသက်အရွယ်အသီးသီးရှိ ကလေးများကိုသွန်သင်ပေးရန် ကျမ်းစာအခြေပြု စာပေစာတမ်းများကို ယေဟောဝါသက်သေများ ထုတ်ဝေထားပါသည်။
၂။ “ခရီး၌သွားသည်ဖြစ်စေ”– သားသမီးများကို ဘဝလိုအပ်ရာများအကြောင်း သွန်သင်ပေးသည့်နည်းတူ သို့မဟုတ် အလွတ်သဘောဖြင့် သူတို့ကို လမ်းညွှန်ပေးသည့်နည်းတူ ယေဟောဝါအကြောင်း သူတို့ကို အချိန်အခါမရွေး လွတ်လွတ်လပ်လပ်ပြောဆိုပါ။
၃။ “အိပ်လျက် . . . ရှိသည်ဖြစ်စေ”– သင်၏သားသမီးများနှင့်အတူ ညတိုင်း ဆုတောင်းပါ။
၄။ “ထလျက်ရှိသည်ဖြစ်စေ”– မိသားစုများစွာသည် နံနက်တိုင်း ကျမ်းချက်တစ်ချက်ကို ဆွေးနွေးသုံးသပ်ကြခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိခဲ့ကြပြီ။ ထိုသို့ပြုရန် ကျမ်းစာကို နေ့စဉ်စေ့စေ့ကြည့်ရှုခြင်း *စာအုပ်ငယ်ကို ယေဟောဝါသက်သေများ အသုံးပြုလေ့ရှိကြသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မိဘအများသည် မိမိတို့သားသမီးများမှတစ်ဦးကို အဆင့်မြင့်လောကပညာ တတ်မြောက်ထားဖို့ အစွမ်းကုန်ကြိုးစားတတ်ကြသည်။ ဤနည်းဖြင့် ထိုကလေးသည် အသက်ကြီးလာသော မိဘများကို ကြည့်ရှုစောင့်ရှောက်ပေးနိုင်မည်ဖြစ်သည်။ သို့သော် သင်သည် သမ္မာကျမ်းစာကိုလေ့လာသင်ယူမည်၊ သားသမီးအားလုံးကိုလည်း အလားတူပြုစေမည်ဆိုလျှင် သင်နှင့် သင့်မိသားစုတစ်စုလုံးသည် ထာဝစဉ်အသက်ရှင်စေနိုင်မည့် အသိပညာကို ရရှိကြပါလိမ့်မည်။
အရာခပ်သိမ်းကို ကျွန်ုပ်တို့သိရှိမည့်နေ့တစ်နေ့ ရောက်လာပါဦးမည်လော။ ရောက်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးသည် အဆုံးမဲ့စကြဝဠာကြီးတွင် ခရီးဆန့်နေသ၍ကာလပတ်လုံး ကျွန်ုပ်တို့သည် အသိပညာကို ဆက်၍ဆည်းပူးယူနေကြမည်ဖြစ်သည်။ မှန်ပါသည်၊ ဒေ. ၃:၁၁ ဆိုသည့်အတိုင်း ဘုရားသခင်သည် “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း [အဆုံးမဲ့] ကာလ၌စွဲလမ်းစေတော်မူပြီ။ သို့ရာတွင် ဘုရားသခင်စီရင်တော်မူသောအမှုကို အစမှအဆုံးတိုင်အောင် လူသည်စစ်၍မကုန်နိုင်” ပါ။ အသိပညာဆည်းပူးယူခြင်းသည် ပျော်ရွှင်ကြည်နူးစရာဖြစ်ပြီး ဘယ်သောအခါမျှ အဆုံးတိုင်လိမ့်မည်မဟုတ်ချေ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 10 နှစ်မျိုးစလုံးကို ယေဟောဝါသက်သေများထုတ်ဝေခဲ့။
^ အပိုဒ်၊ 23 ယေဟောဝါသက်သေများထုတ်ဝေခဲ့။
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
“ထာဝရအသက်ဟူမူကား၊ . . . အသိပညာကို သူတို့ဆည်းပူးယူခြင်းတည်း”
[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]
ယခုနှင့် ထာဝစဉ် အသိပညာဆည်းပူးရန် သင့်မိသားစုကို ကူညီပေးပါလေ