ယေဟောဝါ၏စကားတော်ကို ယုံကြည်ကိုးစားလော့
ယေဟောဝါ၏စကားတော်ကို ယုံကြည်ကိုးစားလော့
‘အကျွန်ုပ်သည် ကိုယ်တော်၏စကားတော်ကို ယုံကြည်ကိုးစားပါ၏။’—ဆာလံ ၁၁၉:၄၂။
၁။ ဆာလံ ၁၁၉ ကိုရေးဖွဲ့သူသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူ၏စိတ်ထားအကြောင်း သင်အဘယ်အရာပြောနိုင်သနည်း။
ဆာလံ ၁၁၉ ကိုရေးဖွဲ့သူသည် ယေဟောဝါ၏စကားတော်ကို နှစ်သက်စွဲလမ်းခဲ့သည်။ သူသည် ယုဒနိုင်ငံ၏မင်းသား ဟေဇကိဖြစ်နိုင်ဖွယ်ရှိ၏။ အဆိုပါမှုတ်သွင်းခံသီချင်းတွင် ဖော်ပြထားသော ခံစားချက်များသည် ယုဒရှင်ဘုရင်ဖြစ်စဉ်တစ်လျှောက် ‘ထာဝရဘုရားသခင်ကို ဆည်းကပ်’ ခဲ့သော ဟေဇကိ၏စိတ်ထားနှင့် တစ်ထပ်တည်းဖြစ်၏။ (၄ ဓမ္မရာဇဝင် ၁၈:၃-၇) တစ်ခုသေချာသည်မှာ ၎င်းကိုရေးဖွဲ့သူသည် မိမိ၏ဝိညာဉ်ရေးလိုအပ်ကြောင်း သတိပြုမိသူဖြစ်သည်။—မဿဲ ၅:၃၊ ကဘ။
၂။ ဆာလံ ၁၁၉ ၏အဓိကအချက်ကား အဘယ်နည်း၊ ဤသီချင်းကို မည်သို့ဖွဲ့ဆိုထားသနည်း။
၂ ဆာလံ ၁၁၉ ၏အဓိကအချက်မှာ ဘုရားသခင်၏စကားတော် သို့မဟုတ် သတင်းတရား၏ တန်ဖိုးဖြစ်သည်။ * ၎င်းကိုရေးဖွဲ့သူသည် မှတ်မိရလွယ်ကူစေရန် အက္ခရာစဉ်အတိုင်း ရေးစပ်ခဲ့ပုံရှိ၏။ ၎င်း၏အပိုဒ် ၁၇၆ ခုစလုံးသည် ဟေဗြဲအက္ခရာစဉ်ကို အခြေပြုရေးဖွဲ့ထားသည်။ မူရင်းဟေဗြဲတွင် အဆိုပါဆာလံသီချင်း ၂၂ ပိုဒ်၏အပိုဒ်တစ်ခုစီတွင် အက္ခရာတစ်မျိုးတည်းဖြင့် အစပြုသည့် စာကြောင်း ၈ ကြောင်းပါရှိသည်။ ဤဆာလံသီချင်းသည် ဘုရားသခင့်စကားတော်၊ တရားတော်၊ သက်သေခံတော်မူချက်၊ နည်းလမ်း၊ ဥပဒေသ၊ အထုံးအဖွဲ့၊ ပညတ်၊ စီရင်တော်မူချက်၊ မိန့်မှာချက်နှင့် စည်းမျဉ်းတို့ကို ဖော်ပြ၏။ ဤဆောင်းပါးနှင့် နောက်ဆောင်းပါးတွင် ဟေဗြဲကျမ်းစာစောင်များကို တိကျမှန်ကန်စွာပြန်ဆိုထားသော ဘာသာပြန်ကျမ်းအတိုင်း ဆာလံ ၁၁၉ ကိုဆွေးနွေးသုံးသပ်ကြမည်။ အတိတ်နှင့် မျက်မှောက်ခေတ်မှ ယေဟောဝါကျေးကျွန်များ၏ တွေ့ကြုံမှုများကို တွေးတောဆင်ခြင်ခြင်းဖြင့် ဘုရားသခင့်မှုတ်သွင်းခံ ဤသီချင်းကို ပို၍သိမြင်နားလည်လာသည့်အပြင် မှတ်တမ်းတင် ဘုရားသခင့်စကားတော် သမ္မာကျမ်းစာကိုလည်း တိုး၍တန်ဖိုးထားတတ်လာပေမည်။
ဘုရားသခင့်စကားတော်ကို နာခံ၍ ပျော်ရွှင်ပါ
၃။ အပြစ်ကင်းခြင်းဟူသည် အဘယ်အရာကိုဆိုလိုကြောင်း ရှင်းပြပြီး ဥပမာပေးပါ။
၃ စစ်မှန်သောပျော်ရွှင်မှုရှိရန် ဘုရားသခင်၏တရားတော်အတိုင်း လျှောက်လှမ်းဖို့လိုသည်။ (ဆာလံ ၁၁၉:၁-၈) ထိုသို့ပြုမည်ဆိုလျှင် “ကျွန်ုပ်တို့၏နည်းလမ်းတွင် အပြစ်ကင်း” သည်ဟု ယေဟောဝါယူမှတ်ပေမည်။ (ဆာလံ ၁၁၉:၁၊ ကဘ) အပြစ်ကင်းခြင်းဟူသည် စုံလင်သည်ဟုမဆိုလိုဘဲ ယေဟောဝါဘုရားသခင်၏အလိုတော်ကို ကြိုးစားလုပ်ဆောင်ခြင်းဖြစ်၏။ နောဧသည် “ဘုရားသခင်နှင့်အတူသွားလာ” သည်ဖြစ်၍ “မိမိအမျိုး၌ စုံလင် [“အပြစ်မရှိ၊” ကဘ] သောသူဖြစ်၏။” တည်ကြည်သော ထိုဘိုးဘေးသည် ယေဟောဝါချမှတ်ထားသည့် အသက်လမ်းပေါ် လျှောက်လှမ်းခဲ့သဖြင့် ရေလွှမ်းမိုးဘေးကို သူ့မိသားစုနှင့်အတူ ကပ်ကျော်ခဲ့သည်။ (ကမ္ဘာဦး ၆:၉; ၁ ပေတရု ၃:၂၀) ထိုနည်းတူ၊ ဤကမ္ဘာကုန်ဆုံးချိန်တွင် ကျွန်ုပ်တို့ကပ်ကျော်ရန် ‘ဘုရားသခင်၏နည်းဥပဒေသများကို ကြိုးစားကျင့်’ ၍ကိုယ်တော်၏အလိုတော်ကို ဆောင်ဖို့လိုသည်။—ဆာလံ ၁၁၉:၄။
၄။ ကျွန်ုပ်တို့ပျော်ရွှင်ပြီး အောင်မြင်နိုင်ဖို့ အဘယ်အရာလိုသနည်း။
၄ ကျွန်ုပ်တို့သည် ‘ဖြောင့်သောသဘောနှင့် ကိုယ်တော့်ကို ချီးမွမ်း၍ ကိုယ်တော်၏အထုံးအဖွဲ့များကိုစောင့်’ မည်ဆိုလျှင် ယေဟောဝါသည် ကျွန်ုပ်တို့ကို ဘယ်တော့မျှ စွန့်ပယ်မည်မဟုတ်ပါ။ (ဆာလံ ၁၁၉:၇၊ ၈) ‘ပညတ္တိကျမ်းစာ၌ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလို့ငှာ ကျမ်းစာကို နေ့ညမပြတ်ကြည့်ရှုဖတ်ရွတ်’ ရမည်ဟူသော လမ်းညွှန်ချက်ကို လိုက်နာခဲ့သော ဣသရေလခေါင်းဆောင် ယောရှုကို ဘုရားသခင် စွန့်ပယ်တော်မမူခဲ့ချေ။ ယင်း ကြောင့် သူသည် အောင်မြင်ခဲ့ပြီး ပညာရှိစွာ လုပ်ဆောင်နိုင်ခဲ့သည်။ (ယောရှု ၁:၈) ယောရှု သေဆုံးခါနီးအထိ ဘုရားသခင်အား ချီးမွမ်းပြီး ဣသရေလလူတို့ကို ဤသို့သတိပေးနိုင်ခဲ့သည်– ‘သင်တို့၏ဘုရားသခင် ယေဟောဝါသည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။’ (ယောရှု ၂၃:၁၄) ယောရှုနှင့် ဆာလံ ၁၁၉ ကိုရေးသားခဲ့သူတို့ကဲ့သို့ပင် ကျွန်ုပ်တို့သည် ယေဟောဝါအား ချီးမွမ်းပြီး ကိုယ်တော်၏စကားတော်ကို ယုံကြည်ကိုးစားခြင်းအားဖြင့် ပျော်ရွှင်ပြီးအောင်မြင်နိုင်ကြမည်။
ယေဟောဝါ၏စကားတော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေ
၅။ (က) ဝိညာဉ်ရေးအရ မည်သို့သန့်ရှင်းစင်ကြယ်စွာနေနိုင်ကြောင်း ရှင်းပြပါ။ (ခ) ကြီးလေးသောအပြစ်ကျူးလွန်ခဲ့သူ လူငယ်တစ်ဦးအတွက် အဘယ်အကူအညီရှိသနည်း။
၅ ဘုရားသခင့်စကားတော်နှင့်အညီ သတိပြုနေထိုင်ကြမည်ဆိုလျှင် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့ သန့်ရှင်းစင်ကြယ်နိုင်၏။ (ဆာလံ ၁၁၉:၉-၁၆) ကျွန်ုပ်တို့၏မိဘများသည် ပုံသက်သေကောင်းမပြခဲ့သည့်တိုင် ယင်းသို့ဖြစ်နိုင်၏။ ဟေဇကိ၏ဖခင်သည် ရုပ်ပုံကိုးကွယ်သူဖြစ်ခဲ့သော်လည်း ဟေဇကိသည် အယူမှားသြဇာလွှမ်းမိုးမှုများမှ ‘မိမိသွားသောလမ်းကို သန့်ရှင်းစေနိုင်’ ခဲ့သည်။ ယနေ့ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူ လူငယ်တစ်ဦးသည် ကြီးလေးသောအပြစ်ကျူးလွန်ခဲ့မည်ဆိုပါစို့။ သူသည် နောင်တယူ၊ ဆုတောင်း၍ မိဘနှင့် ခရစ်ယာန်အကြီးအကဲများ၏ မေတ္တာပါထောက်မကူညီမှုဖြင့် ဟေဇကိကဲ့သို့ ‘မိမိသွားသောလမ်းကို သန့်ရှင်းစေပြီး သတိ’ ရှိရှိနေထိုင်နိုင်သည်။—ယာကုပ် ၅:၁၃-၁၅။
၆။ အဘယ်အမျိုးသမီးများသည် ‘မိမိသွားသောလမ်းကို သန့်ရှင်းစေပြီး ဘုရားသခင့်စကားတော်အတိုင်း သတိပြု’ နေထိုင်ခဲ့ကြသနည်း။
၆ ရာခပ်နှင့် ရုသတို့သည် ဆာလံ ၁၁၉ ကိုမရေးဖွဲ့မီ နှစ်ပေါင်းများစွာက အသက်ရှင်ခဲ့ကြသော်လည်း သူတို့သည် ‘မိမိသွားရာလမ်းကို သန့်ရှင်းစေ’ ခဲ့ကြ၏။ ရာခပ်သည် ခါနာန်အမျိုးသမီးပြည့်တန်ဆာတစ်ဦးဖြစ်ခဲ့သော်လည်း ယေဟောဝါအား ဝတ်ပြုသူတစ်ဦးအဖြစ် သူ၏ယုံကြည်ခြင်းကြောင့် ထင်ပေါ်ကျော်ကြားလာသည်။ (ဟေဗြဲ ၁၁:၃၀၊ ၃၁) မောဘအမျိုးသမီး ရုသ,သည် သူ၏နတ်ဘုရားများကို စွန့်ကာ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူဖြစ်လာပြီး ဣသရေလလူမျိုးကိုပေးသော ကိုယ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးခဲ့၏။ (ရုသ ၁:၁၄-၁၇; ၄:၉-၁၃) ဤတစ်ပါးအမျိုးသမီးနှစ်ဦးစလုံးသည် ‘ဘုရားသခင့်စကားတော်အတိုင်း သတိပြု’ နေထိုင်ခဲ့ကြသဖြင့် ယေရှုခရစ်၏ဘေးမများဖြစ်ခွင့် ရရှိခဲ့ကြသည်။—မဿဲ ၁:၁၊ ၄-၆။
၇။ ဒံယေလနှင့် အခြားဟေဗြဲလူငယ်သုံးဦးတို့သည် ဝိညာဉ်ရေးဘက် သန့်ရှင်းစင်ကြယ်နေခြင်းဖြင့် မည်သို့ ပုံသက်သေကောင်း ပြခဲ့ကြသနည်း။
၇ “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ” သော်လည်း စာတန်ချုပ်ကိုင်ထားသော ပျက်စီးယိုယွင်းနေသည့် ဤလောက၌ပင် သန့်ရှင်းစင်ကြယ်သောလမ်းစဉ်ကို လူငယ်များလိုက်လျှောက်နိုင်ကြသည်။ (ကမ္ဘာဦး ၈:၂၁; ၁ ယောဟန် ၅:၁၉) ဒံယေလနှင့် အခြားဟေဗြဲလူငယ်သုံးဦးတို့သည် ဗာဗုလုန်နိုင်ငံသို့ ပြည်နှင်ခံရကြစဉ် ‘ဘုရားသခင့်စကားတော်အတိုင်း သတိပြု’ နေထိုင်ခဲ့ကြ၏။ ဥပမာ၊ သူတို့သည် “ပွဲတော်မှကြွင်းသောအစာနှင့်” မိမိကိုယ်ကို မညစ်ညူးစေခဲ့ကြချေ။ (ဒံယေလ ၁:၆-၁၀) ဗာဗုလုန်လူတို့သည် မောရှေပညတ်က တားမြစ်ထားသည့် မစင်ကြယ်သောတိရစ္ဆာန်များကို စားသုံးကြသည်။ (ဝတ်ပြုရာ ၁၁:၁-၃၁; ၂၀:၂၄-၂၆) သူတို့သည် တိရစ္ဆာန်များကိုပေါ်ရာ၌ အသွေးထုတ်ပစ်ခြင်းမရှိခဲ့ကြ၊ အသွေးမထုတ်ထားသောအသားကို စားသုံးခြင်းသည် ဘုရားသခင်၏သွေးပညတ်ကို ချိုးဖောက်ရာကျသည်။ (ကမ္ဘာဦး ၉:၃၊ ၄) ယင်းကြောင့် ထိုဟေဗြဲလူငယ်လေးဦးသည် ပွဲတော်မှကြွင်းသောအစာကို မစားသုံးကြသည်မှာ အံ့ဩစရာမဟုတ်ပေ! ဘုရားသခင်ကိုကြောက်ရွံ့သော အဆိုပါလူငယ်များသည် ဝိညာဉ်ရေးဘက် သန့်ရှင်းစင်ကြယ်နေခြင်းဖြင့် ပုံသက်သေကောင်းပြခဲ့ကြသည်။
ဘုရားသခင့်စကားတော် တည်ကြည်မှုရှိစေသည့်အကူအညီ
၈။ ဘုရားသခင်၏တရားတော်ကို ကျွန်ုပ်တို့ သိနားလည်ပြီး ကျင့်သုံးနိုင်ရန် အဘယ်စိတ်ထားနှင့် အသိပညာရှိဖို့လိုသနည်း။
၈ ဘုရားသခင့်စကားတော်ကို စွဲလမ်းခြင်းသည် ယေဟောဝါအပေါ် တည်ကြည်မှုရှိစေသည့် အရေးပါသောအကြောင်းတစ်ခုဖြစ်၏။ (ဆာလံ ၁၁၉:၁၇-၂၄) ကျွန်ုပ်တို့သည် မှုတ်သွင်းခံသီချင်း ရေးဖွဲ့သူကဲ့သို့ဖြစ်မည်ဆိုလျှင် ဘုရားသခင်၏တရားတော်ရှိ “အံ့ဖွယ်သောအရာတို့ကို” အလွန်နားလည်လိုမည်။ ‘ယေဟောဝါ၏စီရင်တော်မူချက်တို့ကို အစဉ်မပြတ်တောင့်တ’ ၍ ‘သက်သေခံတော်မူချက်တို့ကို မြတ်နိုး’ ကြောင်း ကျွန်ုပ်တို့ ဖော်ပြကြမည်။ (ဆာလံ ၁၁၉:၁၈၊ ၂၀၊ ၂၄) မကြာသေးမီကမှ ယေဟောဝါထံ ကျွန်ုပ်တို့ ဆက်ကပ်အပ်နှံထားလင့်ကစား ‘နှုတ်မြွက်တရား၏နို့စစ်ကို အလွန်လိုချင်သောစိတ်ရှိ’ ပါသလော။ (၁ ပေတရု ၂:၁၊ ၂) ဘုရားသခင်၏တရားတော်ကို သိနားလည်ပြီး လက်တွေ့ကျင့်သုံးနိုင်ရန် ကျမ်းစာအခြေခံသွန်သင်ချက်များကို သဘောပေါက်နားလည်ထားဖို့လိုသည်။
၉။ လူတို့တောင်းဆိုသောအရာများသည် ဘုရားသခင်၏တရားတော်နှင့် ဆန့်ကျင်သည့်အခါ မည်သို့တုံ့ပြန်သင့်သနည်း။
၉ ဘုရားသခင်၏သက်သေခံတော်မူချက်များကို ကျွန်ုပ်တို့ နှစ်သက်စွဲလမ်းကြမည်ဖြစ်သော်လည်း “မင်းတို့သည်” အကြောင်းတစ်မျိုးမျိုးကြောင့် ကျွန်ုပ်တို့ကို ဆန့်ကျင်ပြောဆိုကြလျှင်ကော အသို့နည်း။ (ဆာလံ ၁၁၉:၂၃၊ ၂၄) ယနေ့ အာဏာပိုင်များသည် ကျွန်ုပ်တို့အား ဘုရားသခင်၏တရားတော်ထက် လူ့ဥပဒေသကို ဦးစားပေးရန် ကြိုးစားနားသွင်းတတ်ကြသည်။ လူတို့တောင်းဆိုသောအရာများသည် ဘုရားသခင့်အလိုတော်နှင့် ဆန့်ကျင်သည့်အခါ ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ကြမည်နည်း။ ဘုရားသခင့်စကားတော်ကို ကျွန်ုပ်တို့ နှစ်သက်စွဲလမ်းလျှင် ယေဟောဝါအပေါ် ဆက်၍တည်ကြည်ကြမည်။ ညှဉ်းပန်းနှိပ်စက်ခံရသော ယေရှုခရစ်၏တမန်တော်များကဲ့သို့ ကျွန်ုပ်တို့သည်လည်း “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” ဟုပြောဆိုကြပါလိမ့်မည်။—တမန်တော် ၅:၂၉။
၁၀၊ ၁၁။ ကျွန်ုပ်တို့သည် အခဲယဉ်းဆုံးအခြေအနေများတွင်ပင် ယေဟောဝါအပေါ် မည်သို့သမာဓိစောင့်ထိန်းနိုင်ပုံကို ဥပမာပေး၍ ရှင်းပြပါ။
၁၀ အခဲယဉ်းဆုံးအခြေအနေများတွင်ပင် ယေဟောဝါအပေါ် ကျွန်ုပ်တို့တည်ကြည်နိုင်ကြသည်။ (ဆာလံ ၁၁၉:၂၅-၃၂) ဘုရားသခင်အပေါ် ကျွန်ုပ်တို့ သမာဓိစောင့်ထိန်းနိုင်ရန် ကိုယ်တော်၏သွန်သင်မှုကိုခံယူဖို့ အသင့်ရှိပြီး သွန်သင်ပေးပါဟုလည်း ထက်သန်စွာဆုတောင်းကြရမည်။ “သစ္စာလမ်း” ကိုလည်းရွေးကြရမည်။—ဆာလံ ၁၁၉:၂၆၊ ၃၀။
၁၁ ဆာလံ ၁၁၉ ကိုရေးသားခဲ့ဖွယ်ရှိသူ ဟေဇကိသည် “သစ္စာလမ်း” ကိုရွေးခဲ့သည်။ သူ၏ပတ်လည်တွင် အယူမှားဝတ်ပြုသူများရှိပြီး နန်းတော်သားများ၏ ပြောင်လှောင်ခြင်းကိုခံခဲ့ရမည်ဖြစ်သော်လည်း ထိုသို့ရွေးချယ်ခဲ့သည်။ သူသည် ဤအခြေအနေများကြောင့် “ဝမ်းနည်းခြင်းအားဖြင့် မအိပ်နိုင်” ခဲ့ခြင်းဖြစ်ပေမည်။ (ဆာလံ ၁၁၉:၂၈) သို့သော် ဘုရားသခင်ကို ယုံကြည်ကိုးစားခဲ့သော ဟေဇကိသည် မင်းကောင်းတစ်ပါးဖြစ်ပြီး ‘ထာဝရဘုရားသခင်ရှေ့တော်၌ တရားသောအမှုကိုပြု’ ခဲ့သည်။ (၄ ဓမ္မရာဇဝင် ၁၈:၁-၅) ကျွန်ုပ်တို့သည်လည်း ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းဖြင့် သမာဓိစောင့်ထိန်းသူများအနေနှင့် အခက်အခဲများကို ခံရပ်နိုင်ကြမည်။—ယာကုပ် ၁:၅-၈။
ယေဟောဝါ၏စကားတော်က ရဲစွမ်းသတ္တိရှိစေ
၁၂။ ဆာလံ ၁၁၉:၃၆၊ ၃၇ ကိုကျွန်ုပ်တို့ကိုယ်တိုင် မည်သို့ကျင့်သုံးနိုင်သနည်း။
၁၂ ဘုရားသခင်၏စကားတော် လမ်းညွှန်ချက်ကို လိုက်လျှောက်ခြင်းသည် ဘဝအခက်အခဲများကို ကျော်လွှားရန် လိုအပ်သော ရဲစွမ်းဆာလံ ၁၁၉:၃၃-၄၀) ယေဟောဝါ၏တရားတော်ကို “စိတ်နှလုံးအကြွင်းမဲ့” စောင့်ထိန်းနိုင်ရန် ကိုယ်တော်၏သွန်သင်ချက်ကို နှိမ့်ချစွာ ကြိုးစားရှာဖွေရမည်။ (ဆာလံ ၁၁၉:၃၃၊ ၃၄) ဆာလံဆရာနည်းတူ ဘုရားသခင်အား ဤသို့တောင်းလျှောက်ကြသည်– ‘အကျွန်ုပ်စိတ်နှလုံးကို မတရားစီးပွားရှာသည့် လောဘ,ဘက်သို့ မဟုတ်၊ သက်သေခံတော်မူချက်တို့ဘက်သို့ ဆွဲတော်မူပါ။’ (ဆာလံ ၁၁၉:၃၆) တမန်တော်ပေါလုကဲ့သို့ ကျွန်ုပ်တို့သည် “အရာရာတို့၌ ကောင်းမွန် [“ရိုးသား၊” ကဘ] စွာကျင့်နေ” ကြ၏။ (ဟေဗြဲ ၁၃:၁၈) အလုပ်ရှင်တစ်ဦးသည် ကျွန်ုပ်တို့ကို မရိုးမသားပြုလုပ်စေလိုသည့်အခါ ဘုရားသခင်၏လမ်းညွှန်ချက်အတိုင်း လိုက်လျှောက်နိုင်ရန် သတ္တိမွေးကြရမည်၊ ဤသို့ပြုခြင်းကို ယေဟောဝါ အစဉ်ကောင်းချီးပေးတော်မူ၏။ အမှန်အားဖြင့် ကိုယ်တော်သည် မကောင်းသောလိုအင်ဆန္ဒအားလုံးကို ချုပ်ထိန်းနိုင်ရန် ကျွန်ုပ်တို့ကို ကူညီပေး၏။ သို့ဖြစ်၍ “[အချည်းနှီး] ကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ” ဟုဆုတောင်းကြစို့။ (ဆာလံ ၁၁၉:၃၇) ကျွန်ုပ်တို့သည် ဘုရားသခင်မုန်းသော အချည်းနှီးအရာများကို နှစ်သက်ဖွယ်ရာများအဖြစ် ဘယ်တော့မျှ ရှုမြင်လိုကြမည်မဟုတ်ပေ။ (ဆာလံ ၉၇:၁၀) ဤသို့အားဖြင့် အခြားသောအရာများအပြင် ညစ်ညမ်းသောစာအုပ်၊ ရုပ်ရှင်နှင့် နတ်ဝိဇ္ဇာအတတ်တို့ကိုလည်း ကျွန်ုပ်တို့ရှောင်ရှားနိုင်မည်ဖြစ်သည်။—၁ ကောရိန္သု ၆:၉၊ ၁၀; ဗျာ. ၂၁:၈။
သတ္တိရှိစေ၏။ (၁၃။ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော ယေရှု၏တပည့်များသည် ရဲရင့်စွာသက်သေခံရန် လိုအပ်သည့်သတ္တိကို မည်သို့ရရှိခဲ့ကြသနည်း။
၁၃ ဘုရားသခင့်စကားတော်၏ တိကျမှန်ကန်သောအသိပညာသည် သတ္တိရှိရှိ သက်သေခံစေသည်။ (ဆာလံ ၁၁၉:၄၁-၄၈) “ကဲ့ရဲ့သောသူ၏စကားကိုချေ” ပရန် ကျွန်ုပ်တို့ သတ္တိရှိဖို့လိုသည်။ (ဆာလံ ၁၁၉:၄၂) တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော ယေရှု၏တပည့်များနည်းတူ ‘ထာဝရဘုရားသခင်၊ ကိုယ်တော်၏ကျွန်တို့သည် နှုတ်မြွက်စကားတော်ကို ရဲရင့်စွာဟောပြောပါမည်အကြောင်း ကယ်မသနားတော်မူပါ’ ဟုဆုတောင်းကြပေမည်။ ရလဒ်ကား အဘယ်နည်း။ ‘ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့် ဘုရားသခင်၏နှုတ်မြွက်စကားတော်ကို ရဲရင့်စွာဟောပြောကြ၏။’ အစိုးရတော်မူသောထိုအရှင်သည် ကိုယ်တော်၏စကားတော်ကို ရဲရင့်စွာဟောပြောနိုင်ရန် ကျွန်ုပ်တို့အား သတ္တိပေးတော်မူ၏။—တမန်တော် ၄:၂၄-၃၁။
၁၄။ ပေါလုနည်းတူ သတ္တိရှိရှိ သက်သေခံနိုင်ရန် ကျွန်ုပ်တို့ကို အဘယ်အရာက ထောက်ကူပေးသနည်း။
၁၄ ကျွန်ုပ်တို့သည် ‘ဟုတ်မှန်သောစကား’ ကိုစွဲလမ်းပြီး ‘ဘုရားသခင်၏တရားကို အစဉ်အမြဲကျင့်စောင့်’ မည်ဆိုလျှင် မရှက်မကြောက် သက်သေခံရန် လိုအပ်သည့်သတ္တိကို ရရှိပါလိမ့်မည်။ (ဆာလံ ၁၁၉:၄၃၊ ၄၄) သမ္မာကျမ်းစာကို အပတ်တကုတ် လေ့လာခြင်းက ‘ဘုရားသခင်၏သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော’ ရန်အသင့်ရှိစေသည်။ (ဆာလံ ၁၁၉:၄၆) ဆုတောင်းခြင်းနှင့် ယေဟောဝါ၏ဝိညာဉ်တော်ကလည်း မှန်ကန်ရာကို နည်းမှန်လမ်းကျပြောဆိုစေ၏။ (မဿဲ ၁၀:၁၆-၂၀; ကောလောသဲ ၄:၆) ပေါလုသည် ဘုရားသခင်၏သက်သေခံတော်မူချက်များကို ပထမရာစုအုပ်စိုးရှင်များအား ရဲရင့်စွာပြောဆိုခဲ့သည်။ ဥပမာ၊ သူသည် “ခရစ်တော်ကို ယုံကြည်ခြင်းနှင့်ယှဉ်သောစကားကို နားထောင်” ခဲ့သော ရောမဘုရင်ခံဖေလဇ်အား သက်သေခံခဲ့သည်။ (တမန်တော် ၂၄:၂၄၊ ၂၅) ထို့ပြင် ဘုရင်ခံဖေတ္တုနှင့် ရှင်ဘုရင်အဂြိပ္ပတို့ကိုလည်း သက်သေခံခဲ့၏။ (တမန်တော် ၂၅:၂၂–၂၆:၃၂) ကျွန်ုပ်တို့သည်လည်း ယေဟောဝါ၏ကျောထောက်နောက်ခံဖြင့် ‘သတင်းကောင်းကို ရှက်ကြောက်ခြင်းမရှိ’ သတ္တိရှိရှိ သက်သေခံနိုင်ကြမည်။—ရောမ ၁:၁၆။
ဘုရားသခင့်စကားတော်သည် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေး
၁၅။ တခြားသူများ ကျွန်ုပ်တို့ကို ကဲ့ရဲ့သည့်အခါ သမ္မာကျမ်းစာက မည်သို့နှစ်သိမ့်မှုပေးနိုင်သနည်း။
၁၅ ယေဟောဝါ၏စကားတော်သည် အစဉ်နှစ်သိမ့်မှုပေး၏။ (ဆာလံ ၁၁၉:၄၉-၅၆) ကျွန်ုပ်တို့သည် အထူးသဖြင့် နှစ်သိမ့်မှုလိုသည့် အချိန်များရှိသည်။ ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် ရဲရင့်စွာပြောဆိုကြသော်လည်း ဘုရားသခင်အပေါ် ရောင့်တက်စွာ ပြုမူကြသည့် ‘ရောင့်တက်သောသူတို့’ သည် တစ်ခါတစ်ရံ ‘ကျွန်ုပ်တို့ကို အလွန်ကဲ့ရဲ့’ တတ်ကြ၏။ (ဆာလံ ၁၁၉:၅၁) သို့သော် ကျွန်ုပ်တို့ ဆုတောင်းနေစဉ် သမ္မာကျမ်းစာပါ အပြုသဘောပါအရာများကို ပြန်သတိရကြသောကြောင့် “နှစ်သိမ့်” မှုရပေမည်။ (ဆာလံ ၁၁၉:၅၂) ကျွန်ုပ်တို့တိုးလျှိုးအသနားခံဆုတောင်းနေစဉ် ဖိစီးမှုခံနေရသောအခြေအနေတွင် လိုအပ်သော နှစ်သိမ့်မှုနှင့် ရဲစွမ်းသတ္တိပေးသည့် ကျမ်းစာပညတ် သို့မဟုတ် မူတစ်ခုကို အမှတ်ရပေမည်။
၁၆။ ဘုရားသခင်၏ကျေးကျွန်များသည် ညှဉ်းပန်းနှိပ်စက်မှုခံရငြား အဘယ်အရာ မပြုလုပ်ခဲ့ကြသနည်း။
၁၆ ဆာလံဆရာကို ကဲ့ရဲ့ခဲ့ကြသော ရောင့်တက်သူများမှာ ဘုရားသခင်ကို အပ်နှံထားသော ဣသရေလလူမျိုးပင်ဖြစ်သည်။ တကယ့်ကိုဝမ်းနည်းစရာပင်! သို့သော် သူတို့နှင့်မတူဘဲ ဘုရားသခင်၏တရားတော်မှ သွေဖည်မသွားမိရန် စိတ်ဆုံးဖြတ်ထားကြပါစို့။ (ဆာလံ ၁၁၉:၅၁) နှစ်များတစ်လျှောက် နာဇီညှဉ်းပန်းမှုနှင့် အလားတူအရာမျိုးကိုခံခဲ့ကြရသော ဘုရားသခင့်ကျေးကျွန်မြောက်မြားစွာသည် သမ္မာကျမ်းစာတွင် တွေ့ရှိရသည့် တရားတော်နှင့်မူတို့မှ သွေဖည်မသွားခဲ့ကြချေ။ (ယောဟန် ၁၅:၁၈-၂၁) ယေဟောဝါကို နာခံခြင်းသည် ဝန်ထုပ်မဟုတ်ပါ၊ အကြောင်းမှာ ကိုယ်တော်၏အထုံးအဖွဲ့များသည် ကျွန်ုပ်တို့အတွက် စိတ်ချမ်းမြေ့ဖွယ် တေးသံသာများနှင့်တူ၍ဖြစ်၏။—ဆာလံ ၁၁၉:၅၄; ၁ ယောဟန် ၅:၃။
ယေဟောဝါ၏စကားတော်အတွက် ကျေးဇူးတင်ရှိ
၁၇။ ဘုရားသခင့်စကားတော်ကို တန်ဖိုးထားလေးမြတ်ခြင်းက ကျွန်ုပ်တို့ကို အဘယ်အရာပြုလုပ်စေသနည်း။
၁၇ ဘုရားသခင့်စကားတော်ကို လိုက်လျှောက်ခြင်းအားဖြင့် ၎င်းအတွက် ကျေးဇူးတင်ကြောင်း ကျွန်ုပ်တို့ဖော်ပြကြသည်။ (ဆာလံ ၁၁၉:၅၇-၆၄) ဆာလံဆရာသည် ‘ယေဟောဝါ၏စကားတော်ကို နားထောင်ပါမည်ဟု ကတိပေး’ သည့်ပြင် ‘တရားသဖြင့် စီရင်တော်မူချက်တို့ကိုထောက်၍ ဂုဏ်တော်ကိုချီးမွမ်းခြင်းငှာ သန်းခေါင်အချိန်၌ ထတတ်၏။’ ကျွန်ုပ်တို့သည် ညအချိန် တစ်ရေးနိုးလျှင် ဘုရားသခင်ကို ဆုတောင်း၍ ကျေးဇူးတင်ကြောင်း ဖော်ပြရန် တကယ့်အခွင့်ကောင်းပင်! (ဆာလံ ၁၁၉:၅၇၊ ၆၂) ဘုရားသခင့်စကားတော်ကို ကျွန်ုပ်တို့ တန်ဖိုးထားလေးမြတ်ခြင်းက မြင့်မြတ်သောသွန်သင်ခြင်းကို ကြိုးစားရှာယူစေပြီး ယေဟောဝါအား ကြည်ညိုလေးမြတ်ကာ ‘ကြောက်ရွံ့သောသူတို့နှင့် ပေါင်းဖော်’ စေသည်။ (ဆာလံ ၁၁၉:၆၃၊ ၆၄) ဤကမ္ဘာမြေပေါ်တွင် ထိုထက်သာ၍ကောင်းသော အပေါင်းအသင်းများကို အဘယ်သူ ရှာတွေ့နိုင်မည်နည်း။
၁၈။ ‘လူဆိုးတို့၏ကြိုးများသည် အကျွန်ုပ်တို့ကိုဝိုင်း’ ထားချိန်တွင် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ယေဟောဝါ မည်သို့ဖြေကြားတော်မူသနည်း။
၁၈ ယေဟောဝါထံ စိတ်နှလုံးအကြွင်းမဲ့ ဆုတောင်း၍ ကျွန်ုပ်တို့ကို သွန်သင်ပေးပါရန် နှိမ့်ချစွာဆုတောင်းသည့်အခါ ကိုယ်တော်၏မျက်နှာသာတော်ရလို၍ “တောင်းပန်” နေခြင်းဖြစ်သည်။ အထူးသဖြင့် ‘လူဆိုးတို့၏ကြိုးများသည် အကျွန်ုပ်တို့ကိုဝိုင်းကြ’ သည့်အခါ ဆုတောင်းဖို့လိုသည်။ (ဆာလံ ၁၁၉:၅၈၊ ၆၁၊ သမ္မာ) ဘုရားသခင့် နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို မလုပ်ကိုင်နိုင်စေရန် တားဆီးသော ရန်သူ၏ကြိုးများကို ယေဟောဝါ ဖြတ်တောက်ပစ်နိုင်၏။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့၏လုပ်ငန်း ပိတ်ပင်ခံရသော နိုင်ငံများတွင် ယင်းကို အကြိမ်ကြိမ်တွေ့ မြင်ခဲ့ကြရပြီ။
ဘုရားသခင့်စကားကို ယုံကြည်ပါ
၁၉၊ ၂၀။ ဆင်းရဲခံရသောကျေးဇူး မည်သို့ ကြီးနိုင်သနည်း။
၁၉ ဘုရားသခင်နှင့် ကိုယ်တော်၏စကားတော်ကို ယုံကြည်ခြင်းသည် ဆင်းရဲခက်ခဲမှုများကို ခံရပ်စေပြီး ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်စေသည်။ (ဆာလံ ၁၁၉:၆၅-၇၂) ရောင့်တက်သောသူတို့သည် ဆာလံဆရာအပေါ် “မုသာစကားကို ကြံစည်” ကြသော်လည်း သူက “အကျွန်ုပ်ဆင်းရဲခံရသောကျေးဇူးသည် ကြီးပါ၏” ဟုစပ်ဆိုခဲ့သည်။ (ဆာလံ ၁၁၉:၆၆၊ ၆၉၊ ၇၁) ယေဟောဝါ၏အဘယ်ကျေးကျွန်မဆို ဆင်းရဲခက်ခဲမှုခံရခြင်းသည် မည်သို့အကျိုးကြီးနိုင်သနည်း။
၂၀ ကျွန်ုပ်တို့သည် ဆင်းရဲခက်ခဲမှုခံရသည့်အခါ ယေဟောဝါထံ စိတ်အားထက်သန်စွာ တိုးလျှိုးအသနားခံကြမည်မှာ သေချာ၏၊ ၎င်းက ကျွန်ုပ်တို့ကို ကိုယ်တော်နှင့် သာ၍နီးကပ်ရင်းနှီးစေ၏။ သမ္မာကျမ်းစာကို အချိန်ပိုပေး၍ လေ့လာကာ ယင်းကို လက်တွေ့ကျင့်သုံးရန် ပိုကြိုးစားအားထုတ်ကြပေမည်။ ထိုသို့ပြုခြင်းက ပျော်ရွှင်မှု ပိုရှိစေသည်။ သို့သော် စိတ်မရှည်ခြင်း၊ မာနကြီးခြင်းအစရှိသည့် မနှစ်မြို့ဖွယ်ဝသီများဖြင့် ဆင်းရဲခက်ခဲမှုကို တုံ့ပြန်ခဲ့မိလျှင်ကော အသို့နည်း။ ထက်သန်စွာ ဆုတောင်း၍ ဘုရားသခင့်စကားတော်နှင့် ဝိညာဉ်တော်၏အကူအညီဖြင့် ဤသို့သောအပြစ်အနာအဆာများကို နှိမ်နင်းပြီး “အသစ်ပြုပြင်သောလူသစ်ကို” ပိုမိုအပြည့်အဝ “ယူတင်ဝတ်ဆောင်” နိုင်ကြပေမည်။ (ကောလောသဲ ၃:၉-၁၄) ထို့ပြင် ဆင်းရဲခက်ခဲမှုကို ခံရပ်သည့်အခါ ကျွန်ုပ်တို့၏ယုံကြည်ခြင်း ပိုမိုခိုင်ခံ့လာ၏။ (၁ ပေတရု ၁:၆၊ ၇) ပေါလုသည် ဆင်းရဲခက်ခဲမှုများခံရသောအခါ ယေဟောဝါအပေါ် ပိုမိုမှီခိုအားထားတတ်လာသည့်အတွက် အကျိုးခံစားခဲ့ရ၏။ (၂ ကောရိန္သု ၁:၈-၁၀) ကျွန်ုပ်တို့လည်း ဆင်းရဲခက်ခဲမှုခံရခြင်းမှ အကျိုးရယူသလော။
ယေဟောဝါအား အစဉ်ယုံကြည်ကိုးစားလော့
၂၁။ ဘုရားသခင်သည် ရောင့်တက်သူများကို ရှက်ကြောက်စေသည့်အခါ အဘယ်အရာဖြစ်ပျက်မည်နည်း။
၂၁ ဘုရားသခင့်စကားတော်က ယေဟောဝါအား ယုံကြည်ကိုးစားရန် ခြေမြစ်ခိုင်လုံသော အကြောင်းရင်းကိုပေး၏။ (ဆာလံ ၁၁၉:၇၃-၈၀) ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို အမှန်တကယ် ယုံကြည်ကိုးစားမည်ဆိုလျှင် ရှက်ကြောက်စရာအကြောင်း ရှိမည်မဟုတ်ပေ။ သို့သော် အခြားသူများ၏လုပ်ရပ်ကြောင့် ကျွန်ုပ်တို့နှစ်သိမ့်မှုလိုအပ်ပြီး ဤသို့ဆုတောင်းလိုပေမည်– ‘ရောင့်တက်သောသူတို့သည် ရှက်ကြောက်ကြပါစေသော။’ (ဆာလံ ၁၁၉:၇၆-၇၈) ယေဟောဝါသည် ဤရောင့်တက်သူများကို အရှက်တကွဲဖြစ်စေသည့်အခါ သူတို့၏လမ်းစဉ် ဆိုးညစ်ကြောင်း၊ ကိုယ်တော်၏မြင့်မြတ်သောနာမတော် သန့်ရှင်းကြောင်း ထင်ရှားလာမည်ဖြစ်သည်။ ဘုရားသခင့်လူမျိုးတော်ကို ညှဉ်းပန်းနှိပ်စက်သူများသည် အဘယ်အကျိုးမျှမရရှိကြကြောင်း ကျွန်ုပ်တို့ စိတ်ချနိုင်သည်။ ဥပမာ၊ ဘုရားသခင်အား စိတ်နှလုံး အကြွင်းမဲ့ ယုံကြည်ကိုးစားကြသော ယေဟောဝါသက်သေများကို သူတို့ဘယ်သောအခါမျှ ပပျောက်သွားစေနိုင်ကြမည်မဟုတ်ပေ။—သု. ၃:၅၊ ၆။
၂၂။ ဆာလံဆရာသည် အဘယ်သဘောမျိုးဖြင့် “မီးခိုး၌ရှိသော သားရေဘူးကဲ့သို့” ဖြစ်ခဲ့သနည်း။
၂၂ ကျွန်ုပ်တို့ ညှဉ်းပန်းနှိပ်စက်ခံရသည့်အခါ ဘုရားသခင့်စကားတော်သည် ကိုယ်တော့်အပေါ် ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှုကို ပိုခိုင်ခံ့စေ၏။ (ဆာလံ ၁၁၉:၈၁-၈၈) ရောင့်တက်သူများ၏ ညှဉ်းပန်းမှုကိုခံရသော ဆာလံဆရာက “မီးခိုး၌ရှိသော သားရေဘူးကဲ့သို့” ဖြစ်ပါ၏ဟု ခံစားခဲ့ရသည်။ (ဆာလံ ၁၁၉:၈၃၊ ၈၆) ကျမ်းစာခေတ်က တိရစ္ဆာန်အရေခွံနှင့် ပြုလုပ်ထားသော သားရေဘူးများကို ရေ၊ ဝိုင်နှင့် တခြားအရည်များထည့်ရန် အသုံးပြုလေ့ရှိ၏။ အဆိုပါသားရေဘူးများကို အသုံးမပြုသည့်အခါ မီးခေါင်းတိုင်မရှိသောအခန်းတွင် မီးအနား ချိတ်ဆွဲထားလျှင် တွန့်လိပ်ရှုံ့တွသွားနိုင်၏။ သင်သည် ဆင်းရဲခက်ခဲမှု သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှုခံရသည့်အခါ “မီးခိုး၌ရှိသော သားရေဘူးကဲ့သို့” ခံစားရဖူးသလော။ ထိုသို့ခံစားခဲ့ရမည်ဆိုလျှင် ယေဟောဝါအား ယုံကြည်ကိုးစား၍ “ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ နှုတ်တော်ထွက် . . . ကိုစောင့်ပါမည်” ဟုဆုတောင်းပါ။—ဆာလံ ၁၁၉:၈၈။
၂၃။ ဆာလံ ၁၁၉:၁-၈၈ ကိုဆွေးနွေးရာတွင် အဘယ်အရာကို ဆင်ခြင်သုံးသပ်ခဲ့ကြပြီနည်း၊ ဆာလံ ၁၁၉:၈၉-၁၇၆ ကိုလေ့လာတော့မည်ဖြစ်ရာ မိမိကိုယ်ကို မည်သို့မေးနိုင်သနည်း။
၂၃ ယေဟောဝါသည် မိမိ၏ကျေးကျွန်များ မိမိ၏စကားတော်ကို ယုံကြည်ကိုးစားပြီး မိမိ၏အထုံးအဖွဲ့များ၊ သက်သေခံတော်မူချက်များ၊ ပညတ်ချက်များနှင့် တရားတော်များကို စိတ်စွဲလမ်းသောကြောင့် သူတို့ကို ချစ်ခင်ကြင်နာကြောင်း ဆာလံ ၁၁၉ ၏ပထမအပိုင်းကို သုံးသပ်ရာမှ သိရှိခဲ့ရပြီ။ (ဆာလံ ၁၁၉:၁၆၊ ၄၇၊ ၆၄၊ ၇၀၊ ၇၇၊ ၈၈) ကိုယ်တော့်ကိုဆည်းကပ်ဝတ်ပြုသူများသည် ကိုယ်တော်၏စကားတော်နှင့်အညီ အစဉ်သတိပြုနေထိုင်ကြသည်ကို ကိုယ်တော် နှစ်သက်အားရတော်မူ၏။ (ဆာလံ ၁၁၉:၉၊ ၁၇၊ ၄၁၊ ၄၂) နှစ်သက်အားရှိဖွယ် ဤဆာလံ၏ ကျန်အပိုင်းကို လေ့လာတော့မည်ဖြစ်ရာ ‘ယေဟောဝါ၏စကားတော်သည် ကျွန်ုပ်၏လမ်းခရီးကို အမှန်ပင် လင်းစေသလော’ ဟုသင့်ကိုသင် မေးနိုင်၏။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 ဤတွင် ဘုရားသခင့်စကားတော် သမ္မာကျမ်းစာပါ အကြောင်းအရာအားလုံးကိုမဟုတ်ဘဲ ယေဟောဝါ၏သတင်းတရားကိုသာ ဖော်ညွှန်းထား၏။
သင်မည်သို့ဖြေဆိုမည်နည်း
• စစ်မှန်သောပျော်ရွှင်မှုရှိရန် အဘယ်အရာလိုသနည်း။
• ယေဟောဝါ၏စကားတော်သည် ကျွန်ုပ်တို့ကို ဝိညာဉ်ရေးအရ မည်သို့ သန့်ရှင်းစင်ကြယ်စေသနည်း။
• ဘုရားသခင့်စကားတော်သည် အဘယ်နည်းများဖြင့် သတ္တိရှိစေပြီး နှစ်သိမ့်မှုပေးသနည်း။
• ကျွန်ုပ်တို့သည် ယေဟောဝါနှင့် ကိုယ်တော်၏စကားတော်ကို အဘယ်ကြောင့် ယုံကြည်သင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံများ]
ရုသ၊ ရာခပ်နှင့် ဗာဗုလုန်သို့ပြည်နှင်ခံရသော ဟေဗြဲလူငယ်များသည် ‘ဘုရားသခင့်စကားတော်နှင့်အညီ သတိပြုနေထိုင်ခဲ့ကြ’
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ပေါလုသည် သတ္တိရှိရှိ ‘ဘုရားသခင်၏သက်သေခံတော်မူချက်တို့ကို မင်းများထံ ပြောခဲ့’