အားနည်းသော်လည်း တန်ခိုးနှင့်ပြည့်စုံ
ဘဝအတ္ထုပ္ပတ္တိ
အားနည်းသော်လည်း တန်ခိုးနှင့်ပြည့်စုံ
လေယိုပိုလ် အင်ဂျလစ်တ်နာ ပြောပြသည်
အက်စ်အက်စ် အရာရှိက သူ့ရဲ့ပစ္စတိုသေနတ်ကိုဆွဲထုတ်၊ ကျွန်တော့်ခေါင်းကို ထောက်ထားပြီး “မင်း သေဖို့အသင့်ဖြစ်ပြီလား။ မင်းကို ပြောင်းလဲပေးလို့မရနိုင်မယ့်အတူတူ ငါ သေနတ်မောင်းကို ဖြုတ်လိုက်တော့မယ်” လို့ပြောပါလေရော။ ကျွန်တော်ကလည်း လေသံကိုထိန်းရင်း “အသင့်ဖြစ်ပါပြီ” လို့ပြောလိုက်တယ်။ တောင့်တောင့်လေးရပ်၊ မျက်လုံးကိုမှိတ်ပြီး သေနတ်မောင်းအဖြုတ်ကို စောင့်နေတယ်၊ ဒါပေမဲ့ ဘာမှဖြစ်မလာခဲ့ဘူး။ ကျွန်တော့်နားထင်ကနေ သေနတ်ကိုဖယ်လိုက်ရင်း “မင်းဟာ သေလောက်အောင် မိုက်တွင်းနက်တဲ့သူပဲ!” လို့ သူအော်လိုက်တယ်။ ဒီလိုဆိုးဝါးတဲ့အခြေအနေကို ကျွန်တော်ဘယ်လိုရောက်ခဲ့သလဲ။
သြစတြီးယားအဲလ်ပ်တောင်တန်းဒေသ အိုင်ဂျင် ဖော့လ်ဟပ်ဘ်မြို့တွင် ၁၉၀၅ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့မှာ ကျွန်တော့်ကို မွေးဖွားတယ်။ ကျွန်တော်ဟာ လယ်သမားတစ်ဦးရဲ့ သမီးနဲ့ သစ်စက်အလုပ်သမားတို့ရဲ့ သားကြီးပေါ့။ ကျွန်တော့်မိဘတွေက ဆင်းရဲတယ်ဆိုပေမဲ့ အလုပ်တော့အရမ်းလုပ်ကြတယ်။ ကျွန်တော့်ငယ်ဘဝဟာ မျက်စိပသာဒဖြစ်စရာ ရေကန်တွေ၊ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ တောင်ထွတ်တွေကြားက ဆော့ဇ်ဘာ့ဂ်မြို့အနား ဘတ် အစ်ရှယ်လ်မြို့လေးမှာ ကုန်လွန်ခဲ့ပါတယ်။
ကလေးဘဝတုန်းက ကျွန်တော့်မိသားစုဟာ ဆင်းရဲနုံချာတဲ့အပြင် ကျွန်တော့်မှာ မွေးရာပါ ကျောရိုးကိုင်းတဲ့ဝေဒနာကိုလည်း ခံစားနေရလို့ ဘဝရဲ့ တရားမမျှတမှုတွေကို တအုံနွေးနွေးစဉ်းစားနေတတ်တယ်။ ဒီရောဂါကြောင့် ခါးကနာတော့ ကျွန်တော့်မှာ မတ်မတ်ရပ်လို့မရဘူး။ ကျောင်းမှာ ကျွန်တော့်ကို ကျွမ်းဘားကစားခွင့်မပေးဘူး၊ ဒါကြောင့် အတန်းဖော်တွေရဲ့ ပြောင်လှောင်စရာဖြစ်ခဲ့ရတယ်။
ပထမကမ္ဘာစစ်အပြီးမှာ အသက် ၁၄ နှစ်ပဲရှိသေးတဲ့ ကျွန်တော်ဟာ ဆင်းရဲတွင်းကလွတ်ဖို့ အလုပ်ရှာမှဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဘဝတစ်လျှောက်လုံး ဆာလောင်မွတ်သိပ်တဲ့ဒဏ်ကို ကြိတ်မှိတ်ခံစားခဲ့ရပြီး လူသန်းပေါင်းများစွာကို သင်္ချိုင်းတွင်းပို့ခဲ့တဲ့ စပိန်တုပ်ကွေးရောဂါကြောင့် အတော်ကြာကြာ အဖျားကြီးခဲ့ပြီး အားအင်ချည့်နဲ့ခဲ့ရတယ်။ ကျွန်တော်အလုပ်တောင်းတော့ လယ်သမားအများစုက “မင်းလို ငပျော့တစ်ယောက်ကို ဘယ်မှာသွားသုံးမှာလဲ” ဆိုပြီး တုံ့ပြန်တတ်ကြတယ်။ ဒါပေမဲ့ ကြင်နာတတ်တဲ့ လယ်သမားတစ်ယောက်က ကျွန်တော့်ကို ငှားလိုက်တယ်။
ဘုရားသခင့်မေတ္တာတော်ကို ဘဝင်ခိုက်မိ
အမေဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ်ဘာသာဝင်တစ်ယောက်ဖြစ်ပေမဲ့ ကျွန်တော်ကတော့ ချာ့ခ်ျတက်ခဲတယ်၊ ဘာသာရေးကိစ္စမှာ လွတ်လပ်တဲ့အမြင်ရှိတဲ့ အဖေရှိနေလို့လေ။ ကျွန်တော့်အတွက်ကတော့ ရိုမန်ကက်သလစ်ချာ့ခ်ျမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြတဲ့ ရုပ်ပုံကိုးကွယ်မှုတွေက စိတ်အနှောင့်အယှက်ဖြစ်နေတယ်။
၁၉၃၁ ခုနှစ် နိုဝင်ဘာလ တစ်နေ့မှာ မိတ်ဆွေတစ်ယောက်က အဲ့ဒီတုန်းက ကျမ်းစာကျောင်းသားတွေလို့ လူသိများခဲ့တဲ့ ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးအစည်းအဝေးကို သူနဲ့အတူလိုက်ခဲ့ဖို့ ပြောတယ်။ အဲ့ဒီအစည်းအဝေးမှာ ရုပ်ပုံကိုးကွယ်ခြင်းကို ဘုရားသခင်နှစ်သက်ပါသလော။ (ထွက်မြောက်ရာ ၂၀:၄၊ ၅) မီးတောက်လောင်နေတဲ့ငရဲ ရှိသလော။ (ဒေ. ၉:၅) သေလွန်သူများ ပြန်ထမြောက်မည်လော။ (ယောဟန် ၅:၂၈၊ ၂၉) စတဲ့ အရေးကြီးတဲ့မေးခွန်းတွေအတွက် ကျမ်းစာအဖြေတွေကို ကျွန်တော်ရရှိလိုက်တယ်။
ကျွန်တော်အစွဲမှတ်ဆုံးကတော့ ဘုရားသခင်ဟာ မိမိနာမကိုသုံးပြီး စစ်တိုက်နေကြတဲ့ လူတွေရဲ့ သွေးချောင်းစီးစစ်ပွဲတွေကို မနှစ်သက်ဘူးဆိုတဲ့အချက်ပဲ။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဆိုတဲ့အကြောင်း၊ ကိုယ်တော့်မှာ ယေဟောဝါဆိုတဲ့ မြင့်မြတ်တဲ့အမည်နာမရှိကြောင်း ကျွန်တော်သိလာရတယ်။ (၁ ယောဟန် ၄:၈; ဆာလံ ၈၃:၁၈) ယေဟောဝါရဲ့နိုင်ငံတော်အားဖြင့် လူသားတွေဟာ ကမ္ဘာချီပရဒိသုမှာ အမြဲပျော်ရွှင်စွာ နေထိုင်ရတော့မယ်ဆိုတာကို သိလိုက်ရတဲ့အတွက် ဘဝင်ခိုက်မိခဲ့ရတယ်။ ဒါ့အပြင် ဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံတော်မှာ ယေရှုနဲ့အတူ အမှုဆောင်ဖို့ ဘုရားသခင်ရွေးချယ်ထားတဲ့ မစုံလင်တဲ့လူတချို့အတွက် ထူးမြတ်လှတဲ့ မျှော်လင့်ချက်ရှိတယ်ဆိုတာကိုလည်း သိလိုက်ရတယ်။ အဲ့ဒီဘုရားသခင့်နိုင်ငံတော်အတွက် ဘယ်အရာမဆိုကိုပေးဆက်ဖို့ ကျွန်တော် အသင့်ဖြစ်နေတယ်။ ဒါကြောင့် ၁၉၃၂ ခုနှစ် မေလမှာ ကျွန်တော်နှစ်ခြင်းခံလိုက်ပြီး ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလိုလုပ်ဖို့ သတ္တိမွေးရတယ်၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်တုန်းက ရိုမန်ကက်သလစ်ချာ့ခ်ျကြီးစိုးတဲ့ ဩစတြီးယားနိုင်ငံမှာ ဘာသာရေးစိတ်စွန်းကွက်မှုရှိနေလို့လေ။
အထင်အမြင်သေးမှုနဲ့ အတိုက်အခံကြုံရခြင်း
ကျွန်တော် ချာ့ခ်ျကနေ နုတ်ထွက်လိုက်တာကို ကျွန်တော့်မိဘတွေ အံ့သြတုန်လှုပ်သွားကြတယ်၊ ခရစ်ယာန်ဘုန်းကြီးဆိုရင် တရားဟောစင်မြင့်ကနေ ချက်ချင်း သတင်းဖြန့်တော့တာပဲ။ အိမ်နီးချင်းတွေဆိုရင် အထင်သေးပြီး ကျွန်တော့်ရှေ့မှာ ထွီကနဲ တံတွေးထွေးတတ်ကြတယ်။ ဒါပေမဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်ဖြစ်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပြီး ၁၉၃၄ ခုနှစ် ဇန်နဝါရီလမှာ ရှေ့ဆောင်စလုပ်ခဲ့တယ်။
ကျွန်တော်တို့နိုင်ငံကို နာဇီပါတီက အကြီးအကျယ် ဩဇာစူးနေလို့ နိုင်ငံရေးအခြေအနေက တစ်နေ့တခြား တင်းမာလာတယ်။ အန်းဇ်မြစ်ရဲ့ စတီရီးယားတောင်ကြားဒေသမှာ ကျွန်တော်အမှုဆောင်နေတဲ့ကာလအတောအတွင်း ပုလိပ်တွေက ကျွန်တော့်နောက်ကို ထက်ကြပ်မကွာလိုက်နေတဲ့အတွက် ‘မြွေလို သတိရှိ’ ခဲ့ရတယ်။ (မဿဲ ၁၀:၁၆၊ ကဘ) ၁၉၃၄ ခုနှစ်ကနေ ၁၉၃၈ ခုနှစ်အထိ ညှဉ်းပန်းနှိပ်စက်မှုကတော့ ကျွန်တော့်နေ့စဉ်ဘဝနဲ့ ခွဲမရအောင်ပါပဲ။ ကျွန်တော်ဟာ အလုပ်လက်မဲ့ဆိုပေမဲ့ အလုပ်လက်မဲ့ထောက်ပံ့ကြေး မရခဲ့ပါဘူး။ ကျွန်တော့်ရဲ့ဟောပြောခြင်းလုပ်ငန်းကြောင့် နှစ်ရှည်ထောင်ဒဏ် လေးကြိမ်အပါအဝင် မကြာခဏ ထောင်ကျခဲ့တယ်။
ဟစ်တလာရဲ့တပ်များ ဩစတြီးယားကို သိမ်းပိုက်
၁၉၃၈ ခုနှစ် မတ်လမှာ ဟစ်တလာရဲ့တပ်တွေဟာ ဩစတြီးယားနိုင်ငံထဲ ကျူးကျော်ဝင်ရောက်ပါလေရော။ ရက်အနည်းငယ်အတွင်းမှာပဲ အရွယ်ရောက်သူ ၂ ရာခိုင်နှုန်းလောက်ရှိတဲ့ လူပေါင်း ၉၀,၀၀၀ ကျော်ဟာ နာဇီအစိုးရကို ဆန့်ကျင်တယ်ဆိုတဲ့စွဲချက်နဲ့ ဖမ်းဆီးခံရပြီး အကျဉ်းစခန်းနဲ့ ချွေးတပ်စခန်းတွေကို အပို့ခံလိုက်ရတယ်။ ယေဟောဝါသက်သေတွေဟာ လာမယ့်ဘေးအတွက် အသင့်ပြင်ထားကြတယ်လေ။ ၁၉၃၇ ခုနှစ်ရဲ့ နွေရာသီမှာ ကျွန်တော့်အသင်းတော်က အသင်းသားအတော်များများဟာ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတက်ရောက်ဖို့ မိုင် ၂၂၀ ရှိတဲ့ ပရာ့ဂ်မြို့ကို စက်ဘီးနဲ့ ခရီးရှည်ထွက်ခဲ့ကြတယ်။ အဲ့ဒီစည်းဝေးကြီးမှာ ဂျာမနီနိုင်ငံက ကျွန်တော်တို့ရဲ့ ယုံကြည်သူချင်းတွေဟာ ရက်ရက်စက်စက် မတရားပြုကျင့်ခံနေရတယ်ဆိုတဲ့အကြောင်း ကြားသိလိုက်ရတယ်။ အခု ကျွန်တော်တို့ခံရမယ့် အလှည့်ပဲဆိုတာ ရှင်းနေပါတယ်။
ဩစတြီးယားနိုင်ငံကို ဟစ်တလာရဲ့တပ်တွေ ခြေချတဲ့နေ့ကစပြီး ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေနဲ့ ဟောပြောခြင်းလုပ်ငန်းတွေကို လျှို့ဝှက်လုပ်ဆောင်ဖို့ကလွဲလို့ တခြားနည်းလမ်းမရှိတော့ဘူး။ ဆွစ်နယ်စပ်ကိုဖြတ်ပြီး ကျမ်းစာ,စာပေတွေကို လျှို့ဝှက်သွင်းပေမဲ့ မလောက်ငဘူး။ ဒါကြောင့် ဗီယင်နာမြို့က ခရစ်ယာန်ချင်းတွေဟာ စာပေတွေကို တိတ်တဆိတ် ထုတ်လုပ်ပေးကြတယ်။ ကျွန်တော်က သက်သေခံတွေဆီ စာပေတွေဖြန့်ပေးဖို့ စာပို့သမားလုပ်ခဲ့ရတယ်။
ချွေးတပ်စခန်းတစ်ခုသို့
၁၉၃၉ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ ခရစ်ယာန်ချင်းသုံးယောက်နဲ့ ကျွန်တော်ဟာ ဘတ် အစ်ရှယ်လ်မြို့မှာ ခရစ်တော်ရဲ့သတိရအောက်မေ့ပွဲကို ကျင်းပနေတုန်း ဂက်စတာပိုတွေရဲ့ အဖမ်းခံလိုက်ရတယ်။ ကျွန်တော်တို့အားလုံးကို လင့်ဇ်မြို့မှာရှိတဲ့ ရဲစခန်းကို ကားနဲ့ခေါ်ဆောင်သွားတယ်။ ဒါဟာ ပထမဆုံးအကြိမ် ကားစီးဖူးတာဖြစ်ပေမဲ့ ပျော်ဖို့နေနေသာသာ ရင်တမမနဲ့။ လင့်ဇ်မြို့မှာ ကျွန်တော့်ကို ပြင်းထန်လှတဲ့ စစ်ဆေးမေးမြန်းမှုတွေ တသီတတန်းကြီး မေးတော့တာပဲ၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ယုံကြည်ခြင်းကိုတော့ မစွန့်လွှတ်ခဲ့ပါဘူး။ ငါးလကြာပြီးတဲ့နောက် ကျွန်တော်ဟာ ဩစတြီးယားအထက်တရားရုံးရဲ့ စစ်ကြောမှုတရားရေးဝန်ကြီး ရှေ့မှောက်မှာ အစစ်ခံရတယ်။ မမျှော်လင့်ဘဲ ကျွန်တော်နဲ့ပတ်သက်တဲ့ ရာဇဝတ်ကြောင်းတရားစွဲဆိုမှုတွေကို ပလပ်ပစ်လိုက်တယ်; ဒါပေမဲ့ ကျွန်တော့်ကို အပြင်းအထန်စုံစမ်းစစ်ဆေးမှုတွေကတော့ ရပ်မသွားဘူး။ အဲဒီအချိန်အတောအတွင်း ကျန်တဲ့သုံးယောက်ဟာ ချွေးတပ်စခန်းတွေဆီ အပို့ခံလိုက်ရပြီး အဲ့ဒီမှာပဲ အဆုံးတိုင်အောင် သစ္စာရှိရှိနဲ့ သေဆုံးသွားခဲ့ကြတယ်။
ကျွန်တော် ဆက်အချုပ်ခံရတယ်၊ ၁၉၃၉ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှာ ဂျာမနီနိုင်ငံမှာရှိတဲ့ ဘူခန်ဝေါချွေးတပ်စခန်းဆီ အပို့ခံရမယ်လို့ ကျွန်တော့်ကို အသိပေးတယ်။ အထူးရထားတစ်စီးက ကျွန်တော်တို့အကျဉ်းသားတွေကို လင့်ဇ်ဘူတာရုံမှာ စောင့်နေလေရဲ့။ အဲ့ဒီအလုံပိတ်ရထားတွဲကြီးဟာ နှစ်ယောက်တွဲခန်းတွေနဲ့ဖြစ်တယ်။ ကျွန်တော်နဲ့တစ်ခန်းထဲနေရတဲ့သူဟာ ဩစတြီးယားအထက်ပိုင်း ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဒေါက်တာ ဟိုင်းရစ်ခ် ဂလစ္စနာပါကလား။
ဒေါက်တာ ဂလစ္စနာနဲ့ ကျွန်တော်တို့ စိတ်ဝင်တစားပဲ စကားစမြည်ပြောဆိုကြတယ်။ ကျွန်တော့်ရဲ့ ဖြစ်အင်ကို သူ တကယ့်ကို စိတ်ဝင်စားပါတယ်၊ ပြီးတော့ သူအာဏာရှိတုန်းက သူအုပ်ချုပ်တဲ့နယ်မြေမှာ ယေဟောဝါသက်သေတွေဟာ မရေမတွက်နိုင်တဲ့ တရားရေးပြဿနာတွေ ရင်ဆိုင်ခဲ့ရတာကိုလည်း သူစိတ်မကောင်းဖြစ်မိနေတယ်။ နောင်တကြီးစွာနဲ့ သူဒီလိုဆိုရှာတယ်– “မစ္စတာ အင်ဂျလစ်တ်နာ၊ မှားယွင်းမှုကို မပြင်ပေးနိုင်ပေမဲ့ ကျွန်တော် တကယ်ပဲ တောင်းပန်ချင်တယ်ဗျာ။ ကျွန်တော်တို့ဆီမှာ တရားစီရင်ရေး ချွတ်ချော်တိမ်းစောင်းသွားပုံရတယ်။ ခင်ဗျား အကူအညီတစ်ခုခုလိုမယ်ဆိုရင် ကျွန်တော်အစွမ်းကုန် ကူညီပေးမယ်ဗျာ။” စစ်ပြီးတဲ့နောက်မှာ ကျွန်တော်တို့နှစ်ယောက် ပြန်ဆုံခဲ့ကြတယ်။ နာဇီတွေရဲ့ နှိပ်စက်မှုခံရသူတွေအတွက် အစိုးရအငြိမ်းစားလစာရဖို့ ကျွန်တော့်ကို သူကူညီပေးခဲ့ပါတယ်။
“မင်းကို ပစ်သတ်မယ်”
ဘူခန်ဝေါချွေးတပ်စခန်းကို ၁၉၃၉ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှာ ကျွန်တော်ရောက်သွားတယ်။ ရောက်ပြီးသိပ်မကြာဘူး အသစ်ထပ်ရောက်လာသူတွေထဲမှာ သက်သေခံတစ်ယောက်ပါတဲ့အကြောင်း အကျဉ်းစခန်းအစောင့်က သိသွားတယ်၊ ဒါနဲ့ ကျွန်တော်ဟာ သူ့ရဲ့ပစ်မှတ်ဖြစ်လာရော။ ကျွန်တော့်ကို သူ ရက်ရက်စက်စက် ရိုက်နှက်တော့တာပဲ။ ကျွန်တော့်ရဲ့ယုံကြည်ခြင်းကို စွန့်သွားအောင်မလုပ်နိုင်မှန်းသိတော့ သူက “မင်းကို ပစ်သတ်မယ်၊ အင်ဂျလစ်တ်နာ။ ဒါပေမဲ့ မသတ်ခင် မင်းမိဘတွေဆီ နှုတ်ဆက်စာလေး ရေးခွင့်ပြုမယ်” လို့ ဆိုလိုက်တယ်။ ကျွန်တော့်ရဲ့မိဘတွေကို နှစ်သိမ့်ပေးဖို့ ခေါင်းထဲမှာ စကားလုံးစီထားပြီးသား၊ ဒါပေမဲ့ စာရေးဖို့ကြိုးစားလိုက်တိုင်း ကြောင်ခြစ်လက်ရေးဖြစ်သွားအောင် ကျွန်တော့်ညာဘက်တံတောင်ဆစ်ကို သူလာလာတွန်းတယ်။ “စာနှစ်ကြောင်းတောင် ဖြောင့်အောင်မရေးနိုင်တဲ့ ငတုံးကများ! သူ့ကို ကျမ်းစာဖတ်လို့မရအောင် မလုပ်နိုင်ဘူးတဲ့လား” လို့ သရော်လိုက်သေးတယ်။
ဒီမှတ်တမ်းရဲ့အစပိုင်းမှာ ပြောပြတဲ့အတိုင်း အဲ့ဒီအစောင့်က သူ့ပစ္စတိုသေနတ်ကို ဆွဲထုတ်ပြီး ကျွန်တော့်ခေါင်းကို ချိန်ထားလိုက်တယ်၊ ပြီးတော့ သေနတ်မောင်းဆွဲဖြုတ်မယ့်ဟန်ပြလိုက်တယ်။ နောက်တော့ ကျွန်တော့်ကို လူတွေနဲ့ ပြည့်ကျပ်နေတဲ့ အခန်းကျဉ်းလေးထဲ အတင်းတွန်းထိုးထည့်လိုက်တယ်။ မတ်တတ်ရပ်နဲ့ပဲ အဲ့ဒီညကို လွန်မြောက်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့်တစ်ကိုယ်လုံး ကိုက်ခဲနေလို့ အိပ်နိုင်မှာလည်းမဟုတ်ပါဘူး။ အခန်းဖော်တွေ “နှစ်သိမ့်” ပေးလိုက်တာကတော့ “ဘာမဟုတ်တဲ့ ဘာသာတရားအတွက် ဒီလိုအသေခံတာ တကယ့်ကို မတန်ဘူး!” ဆိုတာပါပဲ။ ဒေါက်တာ ဂလစ္စနာက ကပ်လျက်အခန်းမှာပေါ့။ ဘာတွေဖြစ်နေတယ်ဆိုတာ သူကြားသွားပြီး လေးလေးနက်နက်နဲ့ “ခရစ်ယာန်တွေကို ညှဉ်းပန်းနှိပ်စက်မှုဟာ ပြန်ခေါင်းထောင်လာပြီကိုး!” လို့ ရေရွတ်လိုက်တယ်။
ခါတိုင်းဆိုရင် တနင်္ဂနွေနားရက်ရပေမဲ့ ၁၉၄၀ ပြည့်နှစ် နွေရာသီရောက်တော့ အကျဉ်းသားတွေအားလုံး တနင်္ဂနွေနေ့မှာ ကျောက်တူးရမယ်လို့ အမိန့်ကျလာတယ်။ အဲ့ဒီအမိန့်ဟာ အကျဉ်းသားဖော်တချို့ရဲ့ “အပြောအဆို အပြုအမူမတတ်တာတွေ” ကြောင့် လက်တုံ့ပြန်ခံရတာဖြစ်တယ်။ ကျောက်ကျင်းက ကျောက်တုံးကြီးတွေကို အကျဉ်းစခန်းထဲ သယ်လာရမယ်လို့ အမိန့်ပေးတယ်။ အကျဉ်းသားနှစ်ယောက်က ကျွန်တော့်ကျောပေါ် ကျောက်တုံးကြီးတစ်တုံး တင်ပေးတယ်၊ အလေးချိန်ကြောင့် ကျွန်တော်လဲကျမတတ်ပဲ။ ဒါပေမဲ့ မမျှော်လင့်ဘဲ ကြောက်ရွံ့ရိုသေရတဲ့ အကျဉ်းစခန်းကြီးကြပ်သူ အာသာ ရိုလ်ဒယ်လ် ရောက်လာပြီး ကျွန်တော့်ကို ကယ်လိုက်တယ်။ အဲ့ဒီကျောက်တုံးကို ကြိုးစားပြီး ခက်ခက်ခဲခဲ သယ်နေတာကို သူတွေ့သွားတော့ “ဒီကျောက်တုံးနဲ့ဆိုရင် မင်းတော့ စခန်းပြန်ရောက်မှာမဟုတ်ဘူး! အခုချက်ချင်း ပစ်ချလိုက်!” လို့ ပြောတယ်။ အဲ့ဒီအမိန့်ကို နာခံလိုက်မှပဲ အသက်ရှူချောင်သွားတော့တယ်။ အဲ့ဒီနောက် ရိုလ်ဒယ်လ်က တော်တော်သေးတဲ့ကျောက်တုံးကို ညွှန်ပြပြီး “အဲ့ဒီကျောက်တုံးကို စခန်းထဲသယ်သွား။ အဲ့ဒါက သယ်ရပိုလွယ်တယ်!” လို့ပြောတယ်။ အဲ့ဒီနောက် ကျွန်တော်တို့ရဲ့ ကြီးကြပ်သူဘက်လှည့်ပြီး “ကျမ်းစာကျောင်းသားတွေကို သူတို့ရဲ့တန်းလျား ပြန်ခွင့်ပြုလိုက်ပါ။ ဒီတစ်ရက်အဖို့ သူတို့အလုပ်,လုပ်တာ တော်လောက်ပြီ!” လို့ အမိန့်ပေးလိုက်တယ်။
အလုပ်လုပ်ရက်ပြီးတိုင်း ကျွန်တော့်ရဲ့ ဝိညာဉ်ရေးမိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းခွင့်ရတယ်။ ကျွန်တော်တို့ဟာ ဝိညာဉ်အစာတွေဝေငှဖို့ အစီအစဉ်တွေ ဆွဲခဲ့ကြရတယ်။ ညီအစ်ကိုတစ်ယောက်က စက္ကူစတစ်စအပေါ် ကျမ်းချက်တစ်ချက် ချရေးလိုက်ပြီး တခြားသူတွေကို လက်ဆင့်ကမ်းရတယ်။ ကျမ်းစာအုပ်တစ်အုပ်လည်း အကျဉ်းစခန်းထဲကို ပုန်းလျှိုးကွယ်လျှိုး ရောက်လာခဲ့တယ်။ တစ်ကျမ်းစီဖြစ်သွားအောင် ဆုတ်လိုက်တယ်။ ယောဘကျမ်းကို သုံးလ ကျွန်တော်ယူထားခဲ့ရတယ်။ အဲ့ဒီကျမ်းကို ကျွန်တော့်ရဲ့ခြေအိတ်ထဲမှာ ဝှက်ထားတာ။ တည်ကြည်မြဲမြံနေဖို့ ယောဘကျမ်းက ကျွန်တော့်ကိုကူညီပေးခဲ့တယ်လေ။
နောက်ဆုံး ၁၉၄၁ ခုနှစ် မတ်လ ၁၇ ရက်နေ့ရောက်တော့ နီဒါဟာဂန်ချွေးတပ်စခန်းကို ပြောင်းရွှေ့ခံရတဲ့ စစ်ယာဉ်တန်းကြီးထဲ ကျွန်တော်ပါသွားတယ်။ ကျွန်တော့်အခြေအနေဟာ တစ်ရက်ထက်တစ်ရက် ပိုပိုဆိုးလာတယ်။ တစ်ရက်မှာ ကျွန်တော်နဲ့ ညီအစ်ကိုနှစ်ယောက်ကို သေတ္တာတွေထဲ ကိရိယာတန်ဆာပလာတွေ ထည့်သိမ်းခိုင်းတယ်။ ထုပ်ပိုးပြီးတဲ့နောက် တန်းလျားတွေဆီ တခြားအကျဉ်းသားတွေနဲ့အတူ ပြန်ခဲ့ကြရတယ်။ အက်စ်အက်စ်တစ်ယောက်က ကျွန်တော်နောက်ကျကျန်ရစ်ခဲ့တာကို သတိပြုမိလိုက်တယ်။ အရမ်းဒေါသထွက်သွားပြီး ဘာမပြောညာမပြောနဲ့ ကျွန်တော့်ကို နောက်ကနေ ဆောင့်ကန်လိုက်တာ အကြီးအကျယ်ဒဏ်ရာရသွားတယ်။ မချိမဆံ့နာကျင်နေတဲ့ကြားက နောက်တစ်နေ့ ကျွန်တော်အလုပ်သွားရတယ်။
မျှော်လင့်မထားတဲ့ လွတ်မြောက်မှု
၁၉၄၃ ခုနှစ် ဧပြီလမှာ နီဒါဟာဂန်အကျဉ်းစခန်းကို နောက်ဆုံး နေရာရွှေ့လိုက်တယ်။ အဲဒီနောက် ကျွန်တော့်ကို ရာဗန်စ်ဘရုခ်မှာရှိတဲ့ မရဏအကျဉ်းစခန်းဆီ လွှဲပြောင်းပေးလိုက်တယ်။ ၁၉၄၃ ခုနှစ် ဇွန်လမှာ ချွေးတပ်စခန်းကနေ ထွက်သွားခွင့်ကို မမျှော်လင့်ဘဲရလိုက်တယ်။ ကျွန်တော့်ရဲ့ယုံကြည်ခြင်းကို စွန့်လွှတ်လိုက်လို့ လွှတ်ပေးတာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ကျန်ရှိတဲ့အသက်တာကို လယ်ယာတစ်ခုမှာ အလုပ်ကြမ်းလုပ်ရင်းကုန်ဆုံးစေဖို့ သဘောတူညီမှုယူခဲ့ရပါတယ်။ အကျဉ်းစခန်းရဲ့ ကြောက်ရွံ့ထိတ်လန့်စရာတွေကနေ လွတ်မြောက်ဖို့ ရှောရှောရှူရှူပဲ သဘောတူလိုက်တယ်။ နောက်ဆုံးဆေးစစ်ဖို့ အကျဉ်းစခန်းဆရာဝန်ဆီ ကျွန်တော်သွားလိုက်တယ်။ ကျွန်တော့်ကိုလည်းတွေ့ရော ဆရာဝန်အံ့သြသွားတယ်။ “ခင်ဗျားယေဟောဝါသက်သေဖြစ်နေတုန်းပဲလား!” လို့ ပြောချလိုက်တယ်။ ကျွန်တော်ကလည်း “ဟုတ်ပါတယ်။ ဒေါက်တာ” လို့ ဖြေလိုက်တယ်။ “အင်း၊ ဒီကိစ္စမှာ ခင်ဗျားကို ဘာကြောင့် ထွက်သွားခွင့်ပြုရတယ်ဆိုတာကို ကျုပ်သဘောမပေါက်ဘူး။ တစ်ဖက်ကကြည့်ရင်တော့ ခင်ဗျားလို ရွံစရာကောင်းတဲ့သတ္တဝါမျိုးကို ထုတ်ပစ်လိုက်တာမှလည်းကောင်းပါတယ်။”
သူ ချဲ့ကားပြီး ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ကျန်းမာရေးအခြေအနေက အတော်လေးဆိုးဝါးနေလို့ပါ။ ကျွန်တော့်အသားအရေတွေဟာ သန်းတွေကိုက်ထားလို့ စုတ်ပြတ်နေတယ်၊ ရိုက်နှက်ခံရလွန်းလို့ ကျွန်တော့်နားတစ်ဖက် မကြားရတော့ဘူး၊ ကျွန်တော့်တစ်ကိုယ်လုံးလည်း ပြည်တည်နာတွေချည်းပဲ။ ဆင်းရဲချို့တဲ့မှု၊ အကြိမ်ပေါင်းများစွာ ဆာလောင်မွတ်သိပ်မှုနဲ့ အလုပ်ကြမ်းလုပ်ရတဲ့ဒဏ်တွေကို ၄၆ လလုံးလုံး ခံစားခဲ့ရပြီးတဲ့နောက် ကျွန်တော့်ကိုယ်အလေးချိန်ဟာ ၅၄ ပေါင်လောက်ပဲ ရှိတော့တယ်။ အဲ့ဒီလိုအခြေအနေနဲ့ ကျွန်တော့်ကို ရာဗန်စ်ဘရုခ်ကနေ ၁၉၄၃ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့မှာ ထွက်သွားခွင့်ပြုလိုက်ပါတယ်။
ကျွန်တော့်ကို ဘာအစောင့်အကြပ်မှမပါဘဲ ဇာတိမြို့ကို ရထားနဲ့ပို့လိုက်တယ်၊ ပြီးတော့ လင့်ဇ်မြို့မှာရှိတဲ့ ဂတ်စတာပိုဌာနချုပ်ဆီကို သတင်းသွားပို့ရတယ်။ ဂတ်စတာပိုအရာရှိက ထွက်သွားခွင့်စာရွက်စာတမ်းတွေ ကျွန်တော့်ကိုလှမ်းပေးရင်းနဲ့ ဒီလိုသတိပေးတယ်– “ခင်ဗျားရဲ့ မြေအောက်လှုပ်ရှားမှုကို ဆက်လုပ်ဆောင်နိုင်အောင် ခင်ဗျားကို ကျုပ်တို့လွှတ်ပေးတာလို့ ထင်နေရင်တော့ အမှားကြီးမှားလိမ့်မယ်! ခင်ဗျားဟောပြောနေတာကို ကျုပ်တို့မိသွားရင် ဘုရားသာတပေတော့။”
နောက်ဆုံးတော့ ကျွန်တော်အိမ်ပြန်ရောက်လာပါပြီ! ၁၉၃၉ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ ကျွန်တော်စအဖမ်းခံရကတည်းက အမေဟာ ကျွန်တော့်အခန်းထဲ ဘာပစ္စည်းတစ်ခုမှ အပြောင်းအရွှေ့မလုပ်ထားဘူး။ ကျွန်တော့်ကျမ်းစာအုပ်တောင် ခုတင်ဘေးက စားပွဲပေါ်မှာ ပွင့်လျက်သားပါပဲလား! ကျွန်တော်ဒူးထောက်လိုက်ပြီး ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ပါတော့တယ်။
မကြာခင်ပဲ ကျွန်တော့်ကို တောင်ယာတစ်ခုမှာ အလုပ်လုပ်ဖို့ တာဝန်ပေးခံရတယ်။ အဲဒီကလယ်သမားက ကျွန်တော့်ရဲ့ ငယ်ပေါင်းကြီးဖော်လေ၊ လုပ်ခပေးဖို့ သူ့မှာတာဝန်မရှိပေမဲ့ ကျွန်တော့်ကို လုပ်ခနည်းနည်းပေးခဲ့တယ်။ စစ်မဖြစ်ခင်က အဲ့ဒီမိတ်ဆွေဟာ ကျွန်တော့်ရဲ့ ကျမ်းစာ,စာပေတချို့ကို သူ့ရဲ့ခြံဝင်းထဲမှာ ဝှက်ခွင့်ပြုခဲ့တယ်။ ဝိညာဉ်ရေးမှာ ပြန်အားပြည့်လာအောင် ဒီစာပေသိုလှောင်ရုံလေးကို ကောင်းကောင်းအသုံးချရတဲ့အတွက် ကျွန်တော်ပျော်လိုက်တာ။ ကျွန်တော် လိုလေသေးမရှိ ပြည့်စုံခဲ့ပါတယ်၊ ပြီးတော့ စစ်ပြီးတဲ့အထိ ဒီတောင်ယာမှာပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။
တောင်တန်းများတွင် ပုန်းခိုနေခြင်း
ဒါပေမဲ့ အဲ့ဒီအေးချမ်းငြိမ်သက်တဲ့ လွတ်လပ်မှုဟာ တစ်ခဏပဲခံတယ်။ ၁၉၄၃ ခုနှစ် ဩဂုတ်လလယ်မှာ ဆေးစစ်ချက်အတွက် စစ်တပ်ဆရာဝန်တစ်ယောက်ဆီ သွားသတင်းပေးရမယ်လို့ အမိန့်ပေးခံရတယ်။ အစပိုင်းမှာ အဲဒီဆရာဝန်က ကျွန်တော့်ရဲ့ ကျောရိုးရောဂါကြောင့် စစ်မှုထမ်းဖို့ အံမဝင်ဘူးလို့ ပြောထားတယ်။ ဒါပေမဲ့ တစ်ပတ်လောက်လည်းကြာရော အဲဒီဆရာဝန်ကပဲ ကျွန်တော်နဲ့ပတ်သက်တဲ့တွေ့ရှိချက်တွေကို ဒီလိုပြန်ပြင်ဆင်လိုက်တာကို ဖတ်လိုက်ရပါတယ်– “ရှေ့တန်းမှာ စစ်မှုထမ်းဖို့ အံဝင်သည်။” စစ်တပ်က ကျွန်တော့်ကို ခဏတစ်ဖြုတ်တော့ ရှာမတွေ့ ကြဘူး၊ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်မပြီးခင်လေး ၁၉၄၅ ခုနှစ် ဧပြီလမှာ ကျွန်တော့်ကို ဖမ်းမိသွားကြတယ်။ ရှေ့တန်းမှာ စစ်မှုထမ်းဖို့ အတင်းအကျပ်ခိုင်းတယ်။
အဝတ်အစားနဲ့ စားစရာအနည်းငယ်၊ ပြီးတော့ ကျမ်းစာအုပ်ကိုယူပြီး အနီးအနားရှိ တောင်တန်းများမှာ သွားခိုလှုံလိုက်တယ်။ အစပိုင်းမှာတော့ ကျွန်တော် အပြင်မှာ အိပ်လို့ရခဲ့ပေမဲ့ ရာသီဥတုက ဆိုးသည်ထက်ဆိုးလာ၊ နှင်းတွေကလည်း ထုနှစ်ပေလောက်ကျလာတော့ ကျွန်တော့်တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားတာပဲ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄,၀၀၀ လောက်ရှိတဲ့နေရာက တောင်ပေါ်တဲအထိ ကျွန်တော်အရောက်သွားခဲ့တယ်။ ခိုက်ခိုက်တုန်နေတဲ့ ကျွန်တော်ဟာ မီးမြန်မြန်မွှေးလိုက်ပြီး ကိုယ့်ကိုယ်ကို နွေးအောင်လုပ်၊ အဝတ်အစားတွေကို ခြောက်အောင်လုပ်ခဲ့ရတယ်။ ပြီးတော့ မောမောနဲ့ မီးဖိုရှေ့မှာရှိတဲ့ ခုံတန်းရှည်ပေါ်မှာ အိပ်မောကျသွားတယ်။ သိပ်မကြာဘူး မချိမဆံ့ဝေဒနာကြောင့် ရုတ်တရက် လန့်နိုးသွားတယ်။ ကျွန်တော့်ကို မီးစွဲလောင်နေပါလား! မီးတောက်တွေကို ငြိမ်းသတ်ဖို့ ကြမ်းပြင်ပေါ် လှိမ့်ချလိုက်ရတယ်။ ကျွန်တော့်ကျောတစ်ပြင်လုံး မီးလောင်ဖုတွေချည်းဖြစ်သွားခဲ့တယ်။
အရဲစွန့်ပြီး အရုဏ်မကျင်းခင် တောင်ယာကို တိတ်တဆိတ်ပြန်လာခဲ့တယ်၊ ဒါပေမဲ့ လယ်သမားရဲ့ဇနီးက ကျွန်တော့်ကို ရဲတစ်ယောက် ရှာဖွေနေတဲ့အကြောင်း ပြောပြပြီး အတင်း ထွက်သွားခိုင်းတော့တာပဲ။ ဒါကြောင့် မိဘတွေဆီပဲ ပြန်လာခဲ့ရတယ်။ အစပိုင်းမှာ မိဘတွေကတောင် ကျွန်တော့်ကို အထဲမဝင်ခိုင်းရဲဘူး၊ နောက်မှ မြက်ခြောက်စင်ပေါ်မှာ အိပ်ခွင့်ပြုလိုက်ကြတယ်၊ ကျွန်တော့်ရဲ့ဒဏ်ရာတွေကို အမေက ကြည့်ရှုပြုစုပေးခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ရက်လောက်လည်းကြာရော ကျွန်တော့်မိဘတွေဟာ ကျွန်တော်ရှိနေတာကို စိတ်ထင့်နေကြလို့ တောင်တန်းတွေမှာပဲ ပြန်ပြီးသွားပုန်းနေတာကမှ ကောင်းလိမ့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။
၁၉၄၅ ခုနှစ် မေလ ၅ ရက်နေ့မှာ အသံကြီး တစ်သံကြောင့် ကျွန်တော်လန့်နိုးသွားတယ်။ မဟာမိတ်လေယာဉ်တွေဟာ နိမ့်နိမ့်လေးမှာပဲ ပျံသန်းနေကြတာကို တွေ့လိုက်ရလို့ပဲ။ အဲဒီအချိန်မှာပဲ ဟစ်တလာအစိုးရ ပြုတ်ကျသွားပြီဆိုတာကို ကျွန်တော်သဘောပေါက်လိုက်ပြီ! ယုံနိုင်ဖွယ်မရှိတဲ့ ပင်ပန်းဆင်းရဲမှုအမျိုးမျိုးကို ခံနိုင်ဖို့ ကျွန်တော့်ကို ယေဟောဝါရဲ့ ဝိညာဉ်တော်က ခွန်အားပေးခဲ့ပါတယ်။ စမ်းသပ်မှုတွေကို ကျွန်တော်စခံစားရချိန်မှာ ကျွန်တော့်ကို အများကြီး နှစ်သိမ့်မှုပေးခဲ့တဲ့ ဆာလံ ၅၅:၂၂ မှာ မှတ်တမ်းတင်ထားတဲ့ စကားတွေ မှန်ကန်တာကို တွေ့ကြုံခံစားလိုက်ရတယ်။ ကာယရေးပိုင်းမှာ အားနည်းနေပေမဲ့ ကျွန်တော့်ရဲ့ ‘ဝန်ကို ယေဟောဝါ၌ ချထား’ တယ်၊ “သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲ” လျှောက်လှမ်းခဲ့ချိန်က ကျွန်တော့်ကို ကိုယ်တော် ထောက်မကူညီပေးခဲ့ပါတယ်။—ဆာလံ ၂၃:၄။
ယေဟောဝါ၏တန်ခိုးသည် “အားနည်းခြင်းအဖြစ်၌ စုံလင်တတ်”
စစ်ပြီးတဲ့နောက် ဘဝဟာ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာတယ်။ အရင်ဆုံး ကျွန်တော့်လယ်သမား မိတ်ဆွေရဲ့ တောင်ယာမှာ သူရင်းငှားအဖြစ် အလုပ်လုပ်ခဲ့တယ်။ ၁၉၄၆ ခုနှစ် ဧပြီလမှာ အမေရိကန်သိမ်းပိုက်ရေးတပ်က ကြားဝင်ပေးပြီးတဲ့နောက် ကျွန်တော့်ရဲ့ကျန်ရှိတဲ့အသက်တာဟာ စိုက်ပျိုးရေးအလုပ်ကြမ်းလုပ်ဖို့ တာဝန်ကနေ ကင်းလွတ်သွားတယ်။
စစ်ပြီးသွားတော့ ဘတ် အစ်ရှယ်လ်နဲ့ အနီးအနားခရိုင်က ခရစ်ယာန်ညီအစ်ကိုတွေဟာ အစည်းအဝေးတွေ ပုံမှန်ကျင်းပခဲ့ကြတယ်။ ဟောပြောခြင်းလုပ်ငန်းကို အားအင်သစ်နဲ့ စတင်ခဲ့ကြတယ်။ စက်ရုံတစ်ရုံက ကျွန်တော့်ကို ညစောင့်လုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့အတွက် ရှေ့ဆောင်ဆက်လုပ်နိုင်ခဲ့တယ်။ နောက်ဆုံးကျတော့ စိန့် ဝို့ဖ်ဂန်းဒေသမှာ အခြေချနေထိုင်ပြီး ၁၉၄၉ ခုနှစ်မှာ ထရေစီယာ ကာ့တ်စ်နဲ့ လက်ထပ်လိုက်တယ်၊ သူ့မှာ အရင်အိမ်ထောင်နဲ့ရခဲ့တဲ့ သမီးတစ်ယောက်ရှိတယ်။ ကျွန်တော်ချစ်ရတဲ့ဇနီး ၁၉၈၁ ခုနှစ်မှာ ကွယ်လွန်သွားတဲ့အထိ ၃၂ နှစ်ကြာ အတူတူ နေထိုင်ခဲ့ကြတယ်။ သူ့ကို ခုနစ်နှစ်ကျော်ကျော် ပြုစုပေးခဲ့ရတယ်။
ထရေစီယာ သေဆုံးပြီးတဲ့နောက် ရှေ့ဆောင်လုပ်ငန်းကို ပြန်ဝင်ခဲ့လို့ အကြီးအကျယ် ဆုံးရှုံးခဲ့ရမှုဒဏ်ကနေ သက်သာမှုပြန်ရခဲ့တယ်။ လောလောဆယ်တော့ ဘတ် အစ်ရှယ်လ်မှာရှိတဲ့ ကျွန်တော့် အသင်းတော်မှာ အကြီးအကဲ ရှေ့ဆောင်အဖြစ် အမှုဆောင်နေပါတယ်။ ကျွန်တော်ဟာ ဘီးတပ်ကုလားထိုင်နဲ့သွားလာနေရပေမဲ့ ဘတ် အစ်ရှယ်လ်ပန်းခြံ ဒါမှမဟုတ် ကျွန်တော့်အိမ်ရှေ့မှာ ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်အကြောင်း လူတွေကို ပြောပြပြီး ကျမ်းစာ,စာပေတွေ ဝေငှတယ်။ ကျမ်းစာအကြောင်း ကောင်းကောင်းဆွေးနွေးရတာတွေဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ရွှင်လန်းမှု ရင်းမြစ်ပါပဲ။
နောက်ကြောင်းကို ပြန်ပြောင်းသုံးသပ်ကြည့်ရင် ကြိတ်မှိတ်ခံစားခဲ့ရတဲ့ ဆိုးဝါးလှတဲ့ အတွေ့အကြုံတွေကြောင့် စိတ်မနာခဲ့ဘူးဆိုတာကို ရဲရဲကြီး ပြောနိုင်ပါတယ်။ စမ်းသပ်မှုတွေကြောင့် စိတ်ဓာတ်ကျခဲ့တဲ့အချိန်တွေတော့ ရှိခဲ့တာပေါ့။ ဒါပေမဲ့ ယေဟောဝါဘုရားသခင်နဲ့ ကျွန်တော် နွေးထွေးတဲ့ဆက်ဆံရေးရှိနေတာကြောင့် အဲ့လိုခါးသီးလှတဲ့ အချိန်ကာလတွေကို လွန်မြောက်နိုင်ခဲ့ပါတယ်။ “ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်” လို့ ပေါလုကိုပြောခဲ့တဲ့ သခင့်ဆုံးမစကားက ကျွန်တော့်ဘဝအသက်တာမှာလည်း မှန်ကန်နေခဲ့တယ်လေ။ အခုဆိုရင် ကျွန်တော့်အသက်က ၁၀၀ နားနီးနေပြီ၊ ‘ခရစ်တော်ကြောင့်ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဆင်းရဲဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏’ လို့ တမန်တော်ပေါလုနဲ့အတူ ကျွန်တော်ပြောနိုင်ပါပြီ။—၂ ကောရိန္သု ၁၂:၉၊ ၁၀။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံများ]
၁၉၃၉ ခုနှစ် ဧပြီလမှာ ဂက်စတာပိုတွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရ
၁၉၃၉ ခုနှစ် မေလ၊ ဂက်စတာပိုတို့၏စွဲချက်များပါသည့် စာရွက်စာတမ်း
[Credit Line]
ရုပ်ပုံနှစ်ပုံစလုံး– Privatarchiv; B. Rammerstorfer
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
အနီးအနားရှိ တောင်တန်းများတွင် ခိုလှုံခဲ့ရ
[Picture Credit Line on page 23]
Foto Hofer, Bad Ischl, Austria