ယေဟောဝါအားမျှော်ကိုးသူများကို ကိုယ်တော်ကာကွယ်ပေး
ယေဟောဝါအားမျှော်ကိုးသူများကို ကိုယ်တော်ကာကွယ်ပေး
‘ကိုယ်တော်၏ချစ်ခင်ကြင်နာမှုနှင့် သစ္စာတရားသည် အကျွန်ုပ်ကို အစဉ်စောင့်ရှောက်ပါစေသော။’—ဆာလံ ၄၀:၁၁၊ ကဘ။
၁။ ယေဟောဝါထံ ဒါဝိဒ်မင်း အဘယ်အရာတောင်းလျှောက်ခဲ့သနည်း၊ ယင်းကို ယခု မည်သို့ရရှိနေသနည်း။
‘ယေဟောဝါကို စေ့စေ့မျှော်လင့်’ ခဲ့သော ရှေးဣသရေလဘုရင်ဒါဝိဒ်က ယေဟောဝါသည် “[သူ့]ကိုမျက်နှာပြု၍ [သူ]အော်ဟစ်သောအသံကိုကြားတော်မူ၏” ဟုပြောဆိုရန် လှုံ့ဆော်ခံခဲ့ရသည်။ (ဆာလံ ၄၀:၁) ယေဟောဝါသည် ကိုယ်တော်အား ချစ်မြတ်နိုးသူများကို ကာကွယ်စောင့်ရှောက်ပေးကြောင်း ဒါဝိဒ် အကြိမ်ကြိမ်ကြုံတွေ့ခဲ့ဖူးသည်။ ထို့ကြောင့် မိမိကို အစဉ်စောင့်ရှောက်ပေးပါရန် ယေဟောဝါအား သူတောင်းလျှောက်နိုင်ခဲ့ခြင်းဖြစ်သည်။ (ဆာလံ ၄၀:၁၁) “သာ၍မြတ်သောထမြောက်ခြင်း” ကတိရရှိထားကြသော တည်ကြည်သူအမျိုးသားနှင့် အမျိုးသမီးများတွင်ပါဝင်သူ ဒါဝိဒ်သည် ယခုအချိန်တွင် ထိုဆုကျေးဇူးခံစားရမည့်သူတစ်ဦးအဖြစ် ယေဟောဝါ၏မှတ်ဉာဏ်၌ ဘေးကင်းလုံခြုံစွာရှိနေပါသည်။ (ဟေဗြဲ ၁၁:၃၂-၃၅) သို့ဖြင့် သူ၏အနာဂတ်မှာ စိတ်အချရဆုံးဖြစ်နေပါသည်။ ယေဟောဝါ၏ ‘အောက်မေ့ရာစာစောင်’ တွင် သူ့နာမည် စာရင်းဝင်လေပြီ။—မာလခိ ၃:၁၆။
၂။ ယေဟောဝါ၏ကာကွယ်မှုရခြင်းသည် အဘယ်အရာကိုဆိုလိုကြောင်း သမ္မာကျမ်းစာက မည်သို့နားလည်စေသနည်း။
၂ ဟေဗြဲအခန်းကြီး ၁၁ ပါ တည်ကြည်သူများသည် ယေရှုခရစ် ကမ္ဘာပေါ် ခေတ္တနေထိုင်ချိန်မတိုင်မီတွင် အသက်ရှင်ခဲ့ကြသူများဖြစ်သော်လည်း ယေရှုသွန်သင်ခဲ့သည့် ဤအချက်အတိုင်း သူတို့အသက်ရှင်ခဲ့ကြသည်– “မိမိအသက်ကိုနှမြောသောသူသည် အသက်ရှုံး၏။ ဤလောက၌ အသက်ကိုမုန်းသောသူမူကား ထာဝရအသက်ရှင်ခြင်းအလို့ငှာ မိမိအသက်ကိုစောင့်ရှောက်လိမ့်မည်။” (ယောဟန် ၁၂:၂၅၊ သမ္မာ) ထို့ကြောင့် ယေဟောဝါ၏စောင့်ရှောက်ခြင်းခံရသူများသည် ဆင်းရဲဝေဒနာ သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှုတို့မှ လွတ်ကင်းမည်ဟုမဆိုလိုကြောင်း ထင်ရှားသည်။ ဘုရားသခင်ရှေ့ နာမည်ကောင်းဆက်ထိန်းသိမ်းနိုင်ဖို့ ဝိညာဉ်ရေးအရ လူတစ်ဦးကာကွယ်ခံရခြင်းကို ဆိုလိုပါသည်။
၃။ ယေဟောဝါသည် ခရစ်တော်ယေရှုကို စောင့်ရှောက်ပေးခဲ့ကြောင်း အဘယ်အထောက်အထားရှိသနည်း၊ အဘယ်အကျိုးရလဒ် ရခဲ့သနည်း။
၃ ယေရှုကိုယ်တော်တိုင် ကိုယ်စိတ်ဆင်းရဲစေသော ညှဉ်းပန်းနှိပ်စက်မှုနှင့် ပြစ်တင်ရှုတ်ချမှုတို့ကို ခံခဲ့ရသည်၊ နောက်ဆုံးတွင် ရန်သူများသည် ကိုယ်တော်အား အရှက်တကွဲ၊ နာကျင်စွာသေဆုံးစေရန်သတ်ပစ်ခဲ့ကြသည်။ သို့သော် ယင်းက မေရှိယကိုစောင့်ရှောက်မည်ဟူသော ဘုရားသခင့်ကတိ မတည်ခြင်းမဟုတ်ပါ။ (ဟေရှာယ ၄၂:၁-၆) အရှက်တကွဲအသတ်ခံရပြီး သုံးရက်အကြာတွင် ယေရှုရှင်ပြန်ထမြောက်ခြင်းက ယေဟောဝါသည် ဒါဝိဒ်အော်ဟစ်သောအသံကို ကြားခဲ့သည့်နည်းတူ ယေရှုအကူအညီတောင်းခံသံကို ကြားတော်မူကြောင်း သက်သေထူ၏။ သမာဓိစောင့်သိနိုင်စေရန် ခွန်အားပေးခြင်းဖြင့် ယေရှု၏တောင်းခံသံကို ယေဟောဝါတုံ့ပြန်ခဲ့သည်။ (မဿဲ ၂၆:၃၉) ဤသို့စောင့်ရှောက်ခံရသဖြင့် ယေရှုသည် ကောင်းကင်တွင် မသေနိုင်သောအဖြစ်ကိုရရှိပြီး ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်းတင်ပြသည့် သန်းနှင့်ချီသောသူတို့သည် ထာဝရအသက်မျှော်လင့်ချက်ရရှိကြသည်။
၄။ ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် “အခြားသိုး” တို့ကို အဘယ်အာမခံချက်ပေးထားသနည်း။
၄ ယေဟောဝါသည် ဒါဝိဒ်နှင့် ယေရှုခေတ်ကကဲ့သို့ ယခုလည်း မိမိ၏ကျေးကျွန်များကို စောင့်ရှောက်ပေးရန် လိုလိုလားလားရှိပြီး ထိုသို့ပြုပေးနိုင်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။ (ယာကုပ် ၁:၁၇) ကမ္ဘာပေါ်တွင် အနည်းအကျဉ်းမျှ ကျန်ကြွင်းသော ယေရှု၏ ဝိညာဉ်တော်ဖွားညီတော်များသည် ယေဟောဝါ၏ ဤကတိတော်ကို ယုံကြည်စိတ်ချနိုင်ကြပါသည်– “ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သော . . . ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာပြင်ဆင်သော ကယ်တင်ခြင်းသို့ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏တန်ခိုးတော်သည် စောင့်ရှောက်တော်မူသောသင်တို့အဖို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသောအမွေတည်း။” (၁ ပေတရု ၁:၃-၅) မြေကြီးမျှော်လင့်ချက်ရှိသော “အခြားသိုး” တို့သည်လည်း ဘုရားသခင်ကိုလည်းကောင်း၊ ဆာလံဆရာမှတစ်ဆင့်ပေးခဲ့သော ဤကတိတော်ကိုလည်းကောင်း ယုံကြည်အားကိုးနိုင်ပါသည်– ‘ဘုရားသခင်၏သန့်ရှင်းသူအပေါင်းတို့ ယေဟောဝါကိုချစ်ကြလော့။ ဘုရားသခင်သည် သစ္စာရှိသောသူတို့ကို စောင့်မတော်မူ၏။’—ယောဟန် ၁၀:၁၆; ဆာလံ ၃၁:၂၃။
ဝိညာဉ်ရေးအရ ကာကွယ်ခံရ
၅၊ ၆။ (က) ဘုရားသခင်၏ မျက်မှောက်ခေတ်လူမျိုးတော်သည် မည်သို့ကာကွယ်စောင့်ရှောက်ခံရသနည်း။ (ခ) ဝိညာဉ်တော်ဖွားများသည် ယေဟောဝါနှင့် အဘယ်ဆက်ဆံရေး ရရှိထားကြသနည်း၊ မြေကြီးမျှော်လင့်ချက်ရှိသူများကော အသို့နည်း။
၅ ယေဟောဝါသည် မျက်မှောက်ခေတ် မိမိ၏လူမျိုးတော်ကို ဝိညာဉ်ရေးအရ ကာကွယ်စောင့်ရှောက်ဖို့ အစီအစဉ်များပြုလုပ်ထားပါသည်။ နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် ဘဝအခက်အခဲများနှင့် ဝမ်းနည်းဖွယ်အဖြစ်ဆိုးတို့မှ သူတို့ကို ကာကွယ် မပေးသော်လည်း ကိုယ်တော်နှင့် ရင်းနှီးသောဆက်ဆံရေး ပြတ်တောက်မသွားစေဖို့ လိုအပ်သည့်အကူအညီနှင့် အားပေးမှုကို ပေးမြဲပေးလျက်ရှိသည်။ ထိုဆက်ဆံရေးသည် ဘုရားသခင်၏မေတ္တာပါသော ရွေးနုတ်ဖိုးပြင်ဆင်ချက်ကို ယုံကြည်ခြင်းအပေါ်အခြေပြုသည်။ တည်ကြည်သူ ဤခရစ်ယာန်များသည် ဘုရားသခင့်ဝိညာဉ်တော်ဖြင့် ဘိသိက်ပေးခံရပြီး ကောင်းကင်တွင် ခရစ်တော်နှင့်တွဲဖက်အုပ်စိုးရှင်များ ဖြစ်လာကြသည်။ သူတို့သည် ဝိညာဉ်ရေးအရ ဘုရားသခင့်သားများအဖြစ် ဖြောင့်မတ်သည်ဟုကြေညာခံရပြီး ဤစကားသည် သူတို့နှင့်သက်ဆိုင်လာလေသည်– “မှောင်မိုက်တန်ခိုးမှလည်းကောင်း ငါတို့ကိုနုတ်၍ ချစ်တော်မူသောသားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။ ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံရကြ၏။”—ကောလောသဲ ၁:၁၃၊ ၁၄။
၆ ဘုရားသခင်၏ ရွေးနုတ်ဖိုးပြင်ဆင်ပေးချက်မှ သန်းနှင့်ချီသော အခြားတည်ကြည်သူခရစ်ယာန်များလည်း အကျိုးရနိုင်ကြောင်း ယုံကြည်စိတ်ချကြသည်။ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသတည်း။” (မာကု ၁၀:၄၅) ထိုခရစ်ယာန်များသည် အချိန်တန်လျှင် “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွတ်ခြင်းချမ်းသာ” ကိုခံစားရဖို့ မျှော်လင့်ကြသည်။ (ရောမ ၈:၂၁) ဤအတောအတွင်း သူတို့သည် ဘုရားသခင်နှင့်ဆက်ဆံရေးရှိထားခြင်းကို တန်ဖိုးထားကြပြီး ထိုဆက်ဆံရေး တိုးတက်ခိုင်မြဲလာစေဖို့ စိတ်ရင်းမှန်ဖြင့် ကြိုးစားကြသည်။
၇။ ယနေ့ ယေဟောဝါသည် မိမိလူမျိုးတော်၏ဝိညာဉ်ရေးကောင်းကျိုးကို အဘယ်နည်းများဖြင့် စောင့်ရှောက်ပေးနေသနည်း။
၇ မိမိလူမျိုးတော်၏ ဝိညာဉ်ရေးကောင်းကျိုးချမ်းသာကို ယေဟောဝါစောင့်ရှောက်သည့်နည်းတစ်နည်းမှာ အဆင့်ဆင့်လေ့ကျင့်ပေးခြင်း အစီအစဉ်အားဖြင့်ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့သည် သာ၍တိကျမှန်ကန်သောအသိပညာကို ရရှိကြသည်။ ယေဟောဝါသည် ကိုယ်တော်၏နှုတ်မြွက်စကားတော်၊ ကိုယ်တော်၏အဖွဲ့အစည်းနှင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်း မပြတ်လမ်းညွှန်ပေးနေပါသည်။ ကမ္ဘာတစ်ဝန်းရှိ ဘုရားသခင့်လူမျိုးတော်သည် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ ၏လမ်းညွှန်မှုအောက်တွင် အပြည်ပြည်ဆိုင်ရာမိသားစုကြီးနှင့်တူ၏။ ဤကျွန်အတန်းအစားသည် ယေဟောဝါ၏ကျွန်များဖြင့်ဖွဲ့စည်းထားသော ထိုမိသားစုကြီး၏ ဝိညာဉ်ရေးလိုအပ်ရာများအပြင် အကြောင်းပေါ်လာသည့်အခါ ကာယရေးလိုအပ်ရာများကိုပင် နိုင်ငံနှင့် လူမှုရေးအဆင့်အတန်းမရွေး ဖြည့်စွက်ကြည့်ရှုပေးနေကြသည်။—မဿဲ ၂၄:၄၅။
၈။ တည်ကြည်သူများကို ယေဟောဝါမည်သို့ ယုံကြည်စိတ်ချထားသနည်း၊ သူတို့ကို အဘယ်အာမခံချက်ပေးထားသနည်း။
၈ ယေဟောဝါသည် ယေရှုကို ကာယရေးအရ ရန်သူများ၏တိုက်ခိုက်မှုမှ မကာကွယ်ခဲ့သကဲ့သို့ ယနေ့ ခရစ်ယာန်များကိုလည်း ထိုနည်းဖြင့် ကာကွယ်မပေးပါ။ သို့သော် ယင်းက ဘုရားသခင့်မျက်နှာသာတော်မရဟု အဓိပ္ပာယ်မဆောင်ပါ။ ထိုသို့ဖြစ်ဖို့ ဝေးလေစွ! မဟာစကြဝဠာအရေးကိစ္စတွင် ကိုယ်တော်ဘက် သူတို့ရပ်တည်ကြမည်ဟု ကိုယ်တော်ယုံကြည်စိတ်ချကြောင်း သိသာထင်ရှားစေသည်။ (ယောဘ ၁:၈-၁၂; သု. ၂၇:၁၁) ယေဟောဝါသည် တည်ကြည်သူများကို ဘယ်သောအခါမျှ စွန့်မည်မဟုတ်၊ ‘အကြောင်းမူကား ယေဟောဝါသည် တရားကိုနှစ်သက်တော်မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။’—ဆာလံ ၃၇:၂၈။
ချစ်ခင်ကြင်နာမှုနှင့် မှန်ကန်မှုဖြင့် စောင့်ရှောက်ခံရ
၉၊ ၁၀။ (က) ယေဟောဝါ၏မှန်ကန်မှုသည် ကိုယ်တော့်လူမျိုးကို မည်သို့ကာကွယ်ပေးသနည်း။ (ခ) ယေဟောဝါသည် မိမိ၏တည်ကြည်သူများကို ကိုယ်တော်၏ချစ်ခင်ကြင်နာမှုဖြင့် ကာကွယ်ပေးကြောင်း သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။
၉ ဆာလံ ၄၀ ပါ ဆုတောင်းချက်တွင် ဒါဝိဒ်သည် ယေဟောဝါ၏ချစ်ခင်ကြင်နာမှုနှင့် မှန်ကန်မှုဖြင့် စောင့်ရှောက်ခံရဖို့ တောင်းလျှောက်ခဲ့သည်။ ယေဟောဝါသည် စစ်မှန်သော၊ ဖြောင့်မတ်ခြင်းတရားကိုမြတ်နိုးသော ဘုရားသခင်ဖြစ်ရာ ကိုယ်တော်၏စံနှုန်းများကို ရှင်းလင်းပြတ်သားစွာ ဖော်ပြပေးဖို့လိုအပ်သည်။ ထိုစံနှုန်းများအတိုင်း အသက်ရှင်သူတို့သည် ၎င်းတို့ကိုလျစ်လျူရှုသူများ ကြုံတွေ့ရသည့် စိတ်ဆင်းရဲမှုများ၊ ကြောက်ရွံ့မှုများနှင့် ပြဿနာများတို့မှ အတော်အတန်ကာကွယ်ခံရကြသည်။ ဥပမာ၊ မူးယစ်ဆေးဝါးနှင့် အရက်ကိုအလွဲသုံးခြင်း၊ လိင်ရှုပ်ပွေမှုနှင့် ကြမ်းကြုတ်သောဘဝပုံစံတို့ကို ရှောင်မည်ဆိုလျှင် ကိုယ်တိုင်နှင့် ကိုယ်ချစ်မြတ်နိုးရသူများကို ကြေကွဲဖွယ်ပြဿနာများစွာမှ ကာကွယ်ပေးနိုင်ပါသည်။ ယေဟောဝါ၏မှန်ကန်သောလမ်းစဉ်မှ ဒါဝိဒ်ကဲ့သို့ တစ်ခါတစ်ရံ လမ်းလွဲသွားသည့် နောင်တရသောအပြစ်ပြုသူများအတွက်ပင်လျှင် ဘုရားသခင်သည် “ခိုလှုံရာ” ဖြစ်ဆဲပင်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။ ‘ကိုယ်တော်သည် အကျွန်ုပ်ကို ဘေးလွတ်စေခြင်းငှာ ကွယ်ကာစောင့်မတော်မူလိမ့်မည်’ ဟု သူတို့ဝမ်းသာအားရ အော်ဟစ်နိုင်ကြသည်။ (ဆာလံ ၃၂:၇) ဘုရားသခင်၏ချစ်ခင်ကြင်နာမှု ကြီးမားလိုက်လေခြင်း!
၁၀ မကြာမီ ဘုရားသခင်ဖျက်ဆီးတော့မည့် ဆိုးညစ်သောလောကနှင့် သီးခြားနေရန် မိမိ၏ကျေးကျွန်များကို ကိုယ်တော်သတိပေးခြင်းသည် ဘုရားသခင့်ချစ်ခင်ကြင်နာမှု ပုံနမူနာနောက်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကိုချစ်ခြင်းမေတ္တာမရှိ။ လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လော[က]စည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။” ဤသတိပေးချက်ကို အလေးဂရုပြုပြီး ထိုအတိုင်းပြုမူခြင်းအားဖြင့် ကျွန်ုပ်တို့၏အသက်ကို အမှန်တကယ် ထာဝစဉ်စောင့်ရှောက်နိုင်ပါလိမ့်မည်၊ အကြောင်းမှာ– ‘လောကနှင့်လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ ထာဝရတည်၏’ ဟုကျမ်းချက်က ဆက်ပြောထားသည်။—၁ ယောဟန် ၂:၁၅-၁၇။
စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ပိုင်းခြားသိမြင်မှုနှင့် ဉာဏ်ပညာတို့ဖြင့် ကာကွယ်ခံရ
၁၁၊ ၁၂။ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ပိုင်းခြားသိမြင်မှုနှင့် ဉာဏ်ပညာတို့က ကျွန်ုပ်တို့ကို မည်သို့ကာကွယ်ပေးကြောင်း ရှင်းပြပါ။
၁၁ ဒါဝိဒ်၏သားရှောလမုန်သည် ဘုရားသခင့်မျက်နှာသာရလိုသူများထံ ဤသို့ရေးသားရန် မှုတ်သွင်းခံခဲ့ရသည်– “စဉ်းစားဆင်ခြင်နိုင်သောစွမ်းရည်သည် သင့်ကိုစောင့်ရှောက်၍ ပိုင်းခြားသိမြင်ခြင်းသည်လည်း အကာအကွယ်ပေးလိမ့်မည်။” ဤသို့လည်းတိုက်တွန်းခဲ့သေးသည်– “[ဉာဏ်]ပညာကိုဆည်းပူးလော့။ . . . မစွန့်နှင့်။ သူသည် သင့်ကိုထိန်းသိမ်းလိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကိုစောင့်မလိမ့်မည်။”—သု. ၂:၁၁၊ ကဘ; သု. ၄:၅၊ ၆။
၁၂ သမ္မာကျမ်းစာမှ သိရှိခဲ့ရာများကို တွေးတောဆင်ခြင်သောအခါ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကျွန်ုပ်တို့ အသုံးပြုကြသည်။ ထိုသို့ပြုခြင်းသည် ပိုင်းခြားသိမြင်မှုတိုးစေသည်ဖြစ်ရာ ဦးစားပေးရမည့်အရာများကို တော်လျော်စွာသတ်မှတ်စေနိုင်သည်။ ထိုသို့သတ်မှတ်တတ်ဖို့ အရေးကြီး၏၊ အကြောင်းမှာ တမင်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ဦးစားပေးရာများကို မဆင်မခြင် သတ်မှတ်သောအခါ ပြဿနာများပေါ်လာတတ်ကြောင်း ကိုယ်ကိုယ်တိုင်၏တွေ့ကြုံမှုမှ ကျွန်ုပ်တို့အများစု သိထားကြပြီးဖြစ်သည်။ စာတန့်လောကသည် ကျွန်ုပ်တို့ရှေ့တွင် ရုပ်ပစ္စည်းကြွယ်ဝမှု၊ ကျော်ကြားမှု၊ ဩဇာအာဏာ ပန်းတိုင်များချပေးထား၏၊ ယေဟောဝါကမူ သာ၍အရေးကြီးသောဝိညာဉ်ရေးစံများကို အာရုံစိုက်စေသည်။ အဆိုပါပန်းတိုင်များကို ဝိညာဉ်ရေးစံများထက် ပို၍ဦးစားပေးခြင်းသည် မိသားစုများကို ဖရိုဖရဲပြိုကွဲစေနိုင်သည်၊ မိတ်ပျက်စေပြီး ဝိညာဉ်ရေးပန်းတိုင်များကို မှေးမှိန်သွားစေနိုင်သည်။ ရလဒ်အနေနှင့် ထိုသို့သောသူသည် ယေရှုဆိုသည့်အတိုင်း “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း” ဟူသော ဝမ်းနည်းဖွယ်အဖြစ်မှန်ကိုသာ ကြုံတွေ့ရနိုင်သည်။ (မာကု ၈:၃၆) ယေရှု၏ ဤညွှန်ကြားချက်ကို ဉာဏ်ပညာက လိုက်နာစေသည်– “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့။”—မဿဲ ၆:၃၃။
ကိုယ့်ကိုယ်ကိုအဓိကထားခြင်းအန္တရာယ်
၁၃၊ ၁၄။ ကိုယ့်ကိုယ်ကိုအဓိကထားခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း၊ ထိုသို့ဖြစ်လာခြင်းသည် အဘယ်ကြောင့် ပညာမဲ့ရာရောက်သနည်း။
၁၃ မိမိကိုယ်ကို စိတ်ဝင်စားခြင်းသည် သဘာဝဖြစ်သည်။ သို့သော် ဘဝတွင် ကိုယ့်လိုဘ၊ ကိုယ့်အကျိုးကိုသာ အဓိကထားလာလျှင် စိတ်သောကရောက်ရကြ၏။ ထို့ကြောင့် ယေဟောဝါနှင့်ဆက်ဆံရေးကို ကာကွယ်စောင့်ရှောက်ဖို့ ကိုယ့်ကိုယ်ကိုအဓိကထားခြင်းကိုရှောင်ရန် ကိုယ်တော်ညွှန်ကြားပါသည်။ ကိုယ့်ကိုယ်ကိုအဓိကထားခြင်းဟူသည် “မိမိဆန္ဒများ၊ မိမိလိုအပ်ရာများ သို့မဟုတ် မိမိအကျိုးကိုသာ စိတ်ဝင်စားခြင်း” ကိုဆိုလိုသည်။ ယနေ့ လူအများ၌ရှိသော သဘောထားကို အတိအကျဖော်ပြနေခြင်းမဟုတ်ပေလော။ စာတန့်ဆိုးညစ်သောအစီအစဉ်၏ ‘နောက်ဆုံးကာလ’ တွင် “လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ . . . ဖြစ်ကြလိမ့်မည်” သို့မဟုတ် ကိုယ့်ကိုယ်ကိုအဓိကထားလာကြလိမ့်မည်ဟု သမ္မာကျမ်းစာကြိုပြောထားခြင်းက ထူးခြားပေသည်။—၂ တိမောသေ ၃:၁၊ ၂။
၁၄ သူတစ်ပါးကို ကိုယ်နှင့်အမျှချစ်ပြီး သူ့အကျိုးကို စိတ်ဝင်စားပါဟူသော ကျမ်းစာမိန့်မှာချက်ကို လိုက်နာခြင်းသည် ဉာဏ်ပညာရှိကြောင်း ခရစ်ယာန်များ သိရှိနားလည်ထားကြသည်။ (လုကာ ၁၀:၂၇; ဖိလိပ္ပိ ၂:၄) လူအများစုက ယင်းကို လက်တွေ့မကျဟု ယူဆပေမည်၊ သို့သော် အိမ်ထောင်ရေးသာယာပြီး မိသားစုဆက်ဆံရေးကောင်းဖို့နှင့် အားရကျေနပ်ဖွယ်မိတ်ဖွဲ့မှုများရှိလိုလျှင် ယင်းသည် မရှိ၍မဖြစ်ချေ။ ထို့ကြောင့် ယေဟောဝါ၏ကျေးကျွန်စစ်တစ်ဦးသည် သာ၍အရေးကြီးသောအရာများကို ဘေးချိတ်ထားသည့်အထိ ကိုယ်ကျိုးကို ဘယ်သောအခါမျှ အဓိကမထားရပါ။ ရှေးဦးထားရမည်မှာ သူဝတ်ပြုကိုးကွယ်သောဘုရားသခင် ယေဟောဝါ၏အမှုရေးရာများကို ဖြစ်သည်။
၁၅၊ ၁၆။ (က) ကိုယ့်ကိုယ်ကိုအဓိကထားသည့်စိတ်ထားသည် အဘယ်သို့ဦးတည်စေနိုင်သနည်း၊ ယင်းကို မည်သူ သာဓကပြခဲ့သနည်း။ (ခ) သူတစ်ပါးကို အဆောတလျင် စစ်ကြောစီရင်သူသည် အမှန်အားဖြင့် အဘယ်သို့ပြုရာကျသနည်း။
၁၅ ကိုယ့်ကိုယ်ကို အဓိကထားသည့်သဘောထားသည် မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု ထင်မြင်ယူဆစေသည်ဖြစ်ရာ လူတစ်ဦးကို အမြင်ကျဉ်းသူ၊ ရောင့်တက်သူဖြစ်လာစေနိုင်၏။ သမ္မာကျမ်းစာဤသို့ဆိုသည်မှာ သင့်လျော်ပါသည်– “သူတစ်ပါးကိုစစ်ကြောစီရင်တတ်သောသူ၊ သင်သည် ကိုယ်အပြစ်ကိုမဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည် စစ်ကြောစီရင်သောအမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတစ်ပါးကိုစစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။” (ရောမ ၂:၁; ၁၄:၄၊ ၁၀) ယေရှုခေတ်မှ ဘာသာရေးခေါင်းဆောင်များသည် မိမိတို့၏ဖြောင့်မတ်မှုကို စိတ်ချလွန်းအားကြီးသဖြင့် ယေရှုနှင့် ကိုယ်တော့်နောက်လိုက်များကို ပြစ်တင်ဝေဖန်ပိုင်ခွင့်ရှိသည်ဟု ယူဆခဲ့ကြသည်။ ထိုသို့ပြုခြင်းဖြင့် တရားသူကြီးများအလား ပြုမူခဲ့ကြသည်။ ကိုယ့်အပြစ်ကိုယ်မမြင်ကြရာ နောက်ဆုံး မိမိကိုယ်ကို အပြစ်စီရင်ရာရောက်လေသည်။
၁၆ ယေရှုကို သစ္စာဖောက်၍အပ်နှံခဲ့သော ကိုယ်တော့်နောက်လိုက် ယုဒသည် မိမိကိုယ်ကို သူတစ်ပါးအား တရားစီရင်သူ ဖြစ်လာစေခဲ့သည်။ ဗေသနိရွာတွင် လာဇရု၏အစ်မ မာရိက ယေရှုအပေါ်သို့ ဆီမွှေးသွန်းလောင်းသောအခါ ယုဒ အကြီးအကျယ်ကန့်ကွက်ခဲ့သည်။ သူ၏အမျက်ဒေါသကို ဤသို့ဖော်ပြခဲ့သည်– “ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဖိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အားအဘယ်ကြောင့် မပေးသနည်း။” သို့သော် ကျမ်းစာမှတ်တမ်းက ဤသို့ဆက်ရှင်းပြသည်– “ထိုသို့ဆိုသော်၊ ဆင်းရဲသောသူတို့အကျိုးကိုထောက်၍ ဆိုသည်မဟုတ်။ မိမိသည်သူခိုးဖြစ်လျက်၊ တပည့်တော်များသုံးရန်ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာဆိုသတည်း။” (ယောဟန် ၁၂:၁-၆) သူတစ်ပါးကို မနှေးအမြန် စစ်ကြောစီရင်နေစဉ် ကိုယ်ကိုယ်တိုင်ကို စီရင်ရာရောက်ကြသော ယုဒနှင့် ဘာသာရေးခေါင်းဆောင်များကဲ့သို့ ဘယ်တော့မျှဖြစ်မလာကြစို့နှင့်။
၁၇။ စိတ်ကြီးဝင်ခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုစိတ်ချလွန်းခြင်းနှင့် ဒွန်တွဲနေသောအန္တရာယ်ကို ဖော်ပြပါ။
၁၇ ဝမ်းနည်းစရာမှာ ကနဦးခရစ်ယာန်အချို့သည် ယုဒနည်းတူ ခိုးတတ်သူများမဟုတ်ကြသော်လည်း စိတ်ကြီးဝင်သည့် မာနထောင်လွှားသူများဖြစ်လာကြသည်။ သူတို့နှင့်ပတ်သက်၍ ယာကုပ်က “သင်တို့သည် မိမိထောင်လွှားခြင်း၌ ဝါကြွားကြသေး၏” ဟုရေးသားခဲ့သည်။ ထို့နောက် “ထိုသို့သောဝါကြွားခြင်းရှိသမျှသည် မကောင်းမသင့်” ဟုသူဆက်ပြောသည်။ (ယာကုပ် ၄:၁၆) ကျွန်ုပ်တို့၏ပြီးမြောက်အောင်မြင်မှုများ သို့မဟုတ် ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့ရရှိသောအခွင့်ထူးများအကြောင်း ဝါကြွားပြောဆိုခြင်းသည် မိမိကိုယ်ကိုရှုံးနိမ့်စေ၏။ (သု. ၁၄:၁၆) မိမိကိုယ်ကို စိတ်ချလွန်းသည့်အခိုက် “ဤသူရှိသမျှတို့သည် ကိုယ်တော်ကြောင့်စိတ်ပျက်ကြသော်လည်း၊ အကျွန်ုပ်သည် စိတ်အလျှင်းမပျက်ပါ၊ . . . ကိုယ်တော်နှင့်တကွသေရသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုမငြင်းမပယ်ပါ” ဟုဝါကြွားခဲ့သော တမန်တော်ပေတရု၏ အဖြစ်အပျက်ကို သတိရပေမည်။ အမှန်မှာ ကျွန်ုပ်တို့ကိုယ်၌ ဝါကြွားစရာ အဘယ်အရာမျှမရှိပါ။ ကျွန်ုပ်တို့ရရှိထားလေသမျှသည် ယေဟောဝါ၏ချစ်ခင်ကြင်နာမှုကြောင့်သာဖြစ်၏။ ယင်းကို သတိရခြင်းက စိတ်ကြီးဝင်စေမည်မဟုတ်ပါ။—မဿဲ ၂၆:၃၃-၃၅၊ ၆၉-၇၅။
၁၈။ မာနထောင်လွှားခြင်းကို ယေဟောဝါ မည်သို့ယူမှတ်သနည်း။
၁၈ ကျွန်ုပ်တို့သိရသည်မှာ “မာနသည် ပျက်စီးခြင်းအရင်၊ ထောင်လွှားသောစိတ်သည် တိုက်မိ၍လဲခြင်းအရင်” ဖြစ်၏။ အဘယ်ကြောင့်နည်း။ “မာနကြီးခြင်း၊ ထောင်လွှားခြင်း . . . ကို ငါမုန်း၏” ဟုယေဟောဝါအဖြေပေးသည်။ (သု. ၈:၁၃; ၁၆:၁၈၊ သမ္မာ) ထို့ကြောင့် “အာရှုရိဘုရင်၏ ရဲတင်းစွာထောင်လွှားပြောဆိုခြင်း၊ မော်သောမျက်နှာနှင့် စိတ်နေမြင့်ခြင်း” တို့ကို ယေဟောဝါအမျက်ထွက်ခဲ့ခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။ (ဟေရှာယ ၁၀:၁၂၊ သမ္မာ) အဆိုပါထောင်လွှားမောက်မာသူကို ယေဟောဝါအရေးယူခဲ့သည်။ မကြာမီ စာတန့်လောကနှင့်အတူ ယင်း၏ မျက်မြင်ရနှင့် မျက်မြင်မရသော မာနထောင်လွှား၊ စိတ်နေမြင့်သည့်ခေါင်းဆောင်အားလုံး ဒဏ်စီရင်ခံရကြလိမ့်မည်။ ယေဟောဝါရန်သူများ၏ ထင်ရာစိုင်းစိတ်သဘောထားကို ကျွန်ုပ်တို့ ဘယ်တော့မျှ မတင်ပြကြစို့နှင့်!
၁၉။ ဘုရားသခင့်လူမျိုးတော်သည် အဘယ်နည်းဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်ကြသော်ငြား စိတ်နှိမ့်ချကြရမည်နည်း။
၁၉ စစ်မှန်သောခရစ်ယာန်များသည် ယေဟောဝါ၏ကျေးကျွန်များဖြစ်ရခြင်းကို ဂုဏ်ယူဝင့်ကြွားနိုင်စရာအကြောင်း များစွာရှိသည်။ (ယေရမိ ၉:၂၄) တစ်ကြိမ်တည်းတွင် စိတ်နှိမ့်ချဖို့ အကြောင်းများစွာလည်းရှိ၏။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား “လူအပေါင်းတို့သည် [အပြစ်]ပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။” (ရောမ ၃:၂၃) ထို့ကြောင့် ယေဟောဝါ၏ကျေးကျွန်များအဖြစ် ကျွန်ုပ်တို့၏အနေအထားကို ကာကွယ်စောင့်ရှောက်ရန် ဤသို့ပြောဆိုခဲ့သူ တမန်တော်ပေါလု၏စိတ်သဘောထားမျိုး ကျွန်ုပ်တို့၌ရှိရကြမည်– “ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းငှာ၊ ဤလောကသို့ကြွလာတော်မူ . . . ၏။ အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။”—၁ တိမောသေ ၁:၁၅။
၂၀။ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို ယခု မည်သို့ကာကွယ်တော်မူသနည်း၊ အနာဂတ်တွင် သူတို့ကို မည်သို့ကာကွယ်ပေးမည်နည်း။
၂၀ ယေဟောဝါ၏လူမျိုးတော်သည် မိမိတို့အကျိုးထက် ဘုရားသခင့်အကျိုးစီးပွားကို ဝမ်းမြောက်ဝမ်းသာ ရှေ့တန်းတင်ကြသည်ဖြစ်ရာ သူတို့၏ဝိညာဉ်ရေးကို ယေဟောဝါ ဆက်၍ကာကွယ်စောင့်ရှောက်ပေးမည်ဟု ကျွန်ုပ်တို့စိတ်ချနိုင်သည်။ ကြီးစွာသောဆင်းရဲခြင်း ကျရောက်သောအခါ မိမိလူမျိုးတော်၏ ဝိညာဉ်ရေးကိုသာမက ကာယရေးကိုပါ ယေဟောဝါကာကွယ်ပေးလိမ့်မည်ဟု ယုံကြည်စိတ်ချနိုင်ပါသည်။ ဘုရားသခင့်ကမ္ဘာသစ်ထဲ ဝင်ချိန်တွင် သူတို့ဤသို့ဟစ်ကြွေးနိုင်ကြပါလိမ့်မည်– ‘ကြည့်ရှုလော့။ ဤအရှင်ကား ငါတို့မျှော်လင့်သော ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။ ဤအရှင်ကား ငါတို့မျှော်လင့်သော ယေဟောဝါတည်း။ ကယ်တင်တော်မူခြင်းကျေးဇူးကြောင့် ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။’—ဟေရှာယ ၂၅:၉။
သင်မှတ်မိသလော
• ဒါဝိဒ်မင်းနှင့် ယေရှုခရစ်တို့သည် မည်သို့ကာကွယ်စောင့်ရှောက်ခံခဲ့ရကြသနည်း။
• ယေဟောဝါ၏လူမျိုးတော်သည် ယနေ့ မည်သို့ကာကွယ်ခံရကြသနည်း။
• မိမိကိုယ်ကို အလေးထားလွန်းခြင်းကို အဘယ်ကြောင့်ရှောင်သင့်သနည်း။
• ကျွန်ုပ်တို့သည် ဂုဏ်ယူဝင့်ကြွားနိုင်ကြသော်လည်း အဘယ်ကြောင့် နှိမ့်ချမှုရှိရမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၉ ပါ ရုပ်ပုံများ]
ဒါဝိဒ်နှင့် ယေရှုကို ယေဟောဝါမည်သို့ကာကွယ်ပေးခဲ့သနည်း
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံများ]
ယနေ့ ဘုရားသခင့်လူမျိုးတော်သည် ဝိညာဉ်ရေးအရ အဘယ်နည်းများဖြင့် ကာကွယ်စောင့်ရှောက်ခံရသနည်း
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံများ]
ယေဟောဝါအမှုတော်ထမ်းခွင့်ရသဖြင့် ကျွန်ုပ်တို့ ဂုဏ်ယူဝင့်ကြွားနိုင်ကြသော်လည်း အစဉ်သဖြင့် စိတ်နှိမ့်ချရကြမည်