ကမ္ဘာချီကျမ်းစာပညာပေးလုပ်ငန်းတွင် ကျွန်မပါဝင်ခွင့်ရ၍ ပျော်ရွှင်
ဘဝအတ္ထုပ္ပတ္တိ
ကမ္ဘာချီကျမ်းစာပညာပေးလုပ်ငန်းတွင် ကျွန်မပါဝင်ခွင့်ရ၍ ပျော်ရွှင်
အဲန်နာ မယ်သာအဲကစ် ပြောပြသည်
ကူးတို့သင်္ဘော မီးလောင်နေပြီ။ ၅၆၁ ပေ ရှည်တဲ့ ဒီကူးတို့သာနစ်သွားရင် ကျွန်မ ရေနစ်သေရတော့မှာပဲ။ ရိုက်ခတ်နေတဲ့လှိုင်းလုံးကြီးတွေကနေ ဘေးကင်းတဲ့နေရာကိုရောက်ဖို့ ကျွန်မ အားကြိုးမာန်တက်ကူးခဲ့ရတယ်။ ရေပေါ်,ပေါ်နေဖို့ အမျိုးသမီးတစ်ယောက်ရဲ့ အသက်ကယ်အင်္ကျီကို မြဲမြဲကိုင်ထားရတယ်။ခွန်အားနဲ့သတ္တိရှိဖို့အတွက် ဘုရားသခင်ဆီ ကျွန်မဆုတောင်းနေတယ်။ ကျွန်မ အဲဒါပဲတတ်နိုင်တယ်။
အချိန်ကတော့ ၁၉၇၁ ခုနှစ်၊ ခရစ်ယာန်သာသနာပြုလုပ်ငန်းမှာ တတိယမြောက်တာဝန်ကျတဲ့ အီတလီနိုင်ငံကို ကျွန်မပြန်သွားနေချိန်ဖြစ်တယ်။ သင်္ဘောပျက်တဲ့ အဲဒီအချိန်မှာ ကျွန်မပစ္စည်းအားလုံးနီးပါး ဆုံးရှုံးသွားတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ကျွန်မရဲ့အသက်၊ ချစ်ရတဲ့ညီအစ်ကိုအသင်းအပင်းနဲ့ ယေဟောဝါရဲ့အမှုတော်ထမ်းခွင့်တွေကိုတော့ ကျွန်မ,မဆုံးရှုံးခဲ့ဘူး။ အမှုတော်ထမ်းရလို့ ကျွန်မ တိုက်ကြီးသုံးတိုက်ဆီ ရောက်ဖူးခဲ့ပြီ၊ အတွေ့အကြုံစုံတဲ့ ကျွန်မဘဝမှာ သင်္ဘောပျက်တာက အဖြစ်အပျက်တစ်ခုပဲ။
၁၉၂၂ ခုနှစ်မှာ ကျွန်မမွေးတယ်။ ယေရုရှလင်မြို့မြောက်ဘက် ဆယ်မိုင်အကွာမှာရှိတဲ့ ရာမာလာမြို့မှာ ကျွန်မတို့မိသားစုနေထိုင်ကြတယ်။ ကျွန်မမိဘနှစ်ပါးစလုံးက ကရေတေကျွန်းကဖြစ်ပေမဲ့ အဖေကတော့ နာဇရက်မြို့မှာ ကြီးလာတယ်။ ယောက်ျားလေးသုံးယောက်နဲ့ မိန်းကလေးနှစ်ယောက်ထဲမှာ ကျွန်မကအငယ်ဆုံး။ ကျွန်မရဲ့ဒုတိယအစ်ကို ကျောင်းအပျော်ခရီးထွက်နေတုန်း ယော်ဒန်မြစ်ထဲရေနစ်သေဆုံးသွားလို့ ကျွန်မတို့မိသားစု ဝမ်းနည်းကြေကွဲခဲ့ရတယ်။ အဲဒီကြေကွဲဖွယ် နောက်ပိုင်းမှာ အမေက ရာမာလာမြို့မှာဆက်မနေချင်တော့တဲ့အတွက် ကျွန်မသုံးနှစ်သမီးအရွယ်မှာ ဂရိနိုင်ငံ အေသင်မြို့ကို ပြောင်းရွှေ့သွားခဲ့ကြတယ်။
ကျွန်မတို့မိသားစု ကျမ်းစာအမှန်တရားစကြား
ဂရိနိုင်ငံကိုကျွန်မတို့ရောက်ပြီး သိပ်မကြာခင်မှာ အဲဒီတုန်းက အသက် ၂၂ နှစ်ရှိတဲ့ ကျွန်မရဲ့အစ်ကိုအကြီးဆုံး နီကောစ်က ကျမ်းစာကျောင်းသားများလို့ အရင်ကလူသိများတဲ့ ယေဟောဝါသက်သေတွေနဲ့ စတွေ့တယ်။ ကျမ်းစာအသိပညာဆည်းပူးရလို့ သူပျော်ရွှင်မှုအများကြီးရပြီး ခရစ်ယာန်ဓမ္မအမှုမှာ တောက်လောင်တဲ့ဇွဲနဲ့ပါဝင်ခဲ့တယ်။ အဲဒါကြောင့် အဖေဒေါသအကြီးအကျယ်ထွက်ပြီး နီကောစ်ကို အိမ်ကနေနှင်ချလိုက်တယ်။ ဒါပေမဲ့ ပါလက်စတိုင်းကို အဖေခရီးထွက်တဲ့အခါ အမေ၊ အစ်မနဲ့ကျွန်မတို့က နီကောစ်နဲ့အတူ ခရစ်ယာန်အစည်းအဝေးတွေ သွားတက်ကြတယ်။ အဲဒီအစည်းအဝေးတွေမှာကြားခဲ့ရတဲ့အကြောင်းတွေကို အမေအားတက်သရောပြောတာတွေကို ကျွန်မအခုထိကြားယောင်နေတုန်းပဲ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကင်ဆာရောဂါနဲ့ အသက် ၄၂ နှစ်အရွယ်မှာ အမေသေဆုံးခဲ့တယ်။ အဲဒီခက်ခဲတဲ့အချိန်အတွင်း ကျွန်မရဲ့အစ်မ အေရီယက်နီက မိသားစုတာဝန်ကို မေတ္တာပါပါထမ်းဆောင်ခဲ့တယ်။ သူအသက်ငယ်သေးပေမဲ့ နှစ်အတော်ကြာ ကျွန်မရဲ့အမေလိုပဲ။
အေသင်မြို့မှာ အဖေရှိတဲ့အခါ ကျွန်မကိုသြသဒေါက်စ်ချာ့ခ်ျဆီ အမြဲခေါ်သွားတယ်၊ သူဆုံးပြီးတဲ့နောက်မှာ အရင်ကလောက်မမှန်ပေမဲ့ ချာ့ခ်ျဆက်တက်ပါတယ်။ ဒါပေမဲ့ ချာ့ခ်ျထဲမှာ ဘာသာတရားကိုင်းရှိုင်းတဲ့ အပြုအမူတွေမတွေ့ရလို့ နောက်ဆုံး ကျွန်မသွားမတက်တော့ဘူး။
အဖေဆုံးပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ စိတ်ချရတဲ့အလုပ်တစ်ခုရခဲ့တယ်။ ကျွန်မရဲ့အစ်ကိုကတော့ သူ့ရဲ့အသက်တာကို ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းမှာပဲ မြှုပ်နှံထားပြီး ဂရိမှာနှစ်ပေါင်းများစွာ အမှုဆောင်ခဲ့တယ်။ ၁၉၃၄ ခုနှစ်မှာ ဆိုက်ပရပ်စ်ကို သူပြောင်းရွှေ့သွားတယ်။ အဲဒီအချိန်မှာ နှစ်ခြင်းခံပြီးသား ယေဟောဝါသက်သေတစ်ယောက်မှ အဲဒီကျွန်းပေါ်မှာမရှိတဲ့အတွက် ဟောပြောခြင်းလုပ်ငန်းကို အဲဒီမှာ တိုးတက်စေခွင့်ရခဲ့တယ်။ သူအိမ်ထောင်ကျပြီးနောက် သူ့ဇနီးဂလာတီရာလည်း နှစ်ချီ အချိန်ပြည့်အမှုဆောင်ခဲ့တယ်။ * ကျွန်မတို့ဆီ ကျမ်းစာအခြေပြုစာအုပ်တွေနဲ့ မဂ္ဂဇင်းတွေကို နီကောစ် မကြာခဏပို့ပေးပေမဲ့ ကျွန်မတို့ ဖွင့်ကြည့်ခဲတယ်။ သူဆုံးတဲ့အထိ ဆိုက်ပရပ်စ်မှာပဲ နေထိုင်ခဲ့တယ်။
သမ္မာတရားကို ကျွန်မကိုယ်ပိုင်ဖြစ်စေခြင်း
၁၉၄၀ ပြည့်နှစ်မှာ အေသင်မြို့က စိတ်ထက်သန်တဲ့သက်သေခံတစ်ဦး၊ နီကောစ်ရဲ့သူငယ်ချင်း ဂျော့ဂျ် ဒူးရပ်စ်က ကျွန်မတို့ဆီလာလည်ပြီး သူ့အိမ်မှာကျင်းပတဲ့ ကျမ်းစာသင်တန်းလာတက်ဖို့ ကျွန်မတို့ကိုဖိတ်ခေါ်တယ်။ ဒါနဲ့ ဝမ်းသာအားရ လက်ခံလိုက်တယ်။ မကြာခင်မှာပဲ ကျွန်မတို့သင်ယူသိရှိလာတာတွေကို အခြားသူတွေကို စပြောကြရော။ ကျမ်းစာအသိပညာကို ကျွန်မနဲ့ကျွန်မအစ်မ သင်ယူသိရှိလာတာနဲ့ ကျွန်မတို့ရဲ့အသက်တာကို ယေဟောဝါဆီဆက်ကပ်အပ်နှံဖို့ လှုံ့ဆော်ခံခဲ့ရတယ်။ ၁၉၄၂ ခုနှစ်မှာ အေရီယက်နီနှစ်ခြင်းခံပြီး ကျွန်မကတော့ ၁၉၄၃ မှာ နှစ်ခြင်းခံခဲ့တယ်။
ဒုတိယကမ္ဘာစစ်ပြီးတော့ နီကောစ်က ဆိုက်ပရပ်စ်ကိုလာဖို့ ကျွန်မတို့ကိုခေါ်တဲ့အတွက် ၁၉၄၅ ခုနှစ်မှာ နီကိုစီယာမြို့ကို ကျွန်မတို့ပြောင်းရွှေ့သွားတယ်။ ဂရိနဲ့မတူဘဲ ဆိုက်ပရပ်စ်မှာ ဟောပြောခြင်းလုပ်ငန်း မပိတ်ပင်ထားဘူး။ တစ်အိမ်မှတစ်အိမ် သက်သေခံခြင်းအပြင် လမ်းပေါ်သက်သေခံခြင်းလုပ်ငန်းမှာလည်း ကျွန်မတို့ပါဝင်ခဲ့တယ်။
နှစ်နှစ်ကြာတော့ အေရီယက်နီက ဂရိကိုပြန်သွားရတယ်။ အဲဒီမှာ ယေဟောဝါကိုကိုးကွယ်သူတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ခင်ပွန်းလောင်းနဲ့ဆုံတဲ့အတွက် အေသင်မှာပဲသူဆက်နေတယ်။ မကြာခင်မှာ ကျွန်မအစ်မနဲ့ခဲအိုက ဂရိကိုပြန်လာပြီး အေသင်မှာ အချိန်ပြည့်အမှုဆောင်ဖို့ ကျွန်မကိုအားပေးတယ်။ ရှေ့ဆောင်လုပ်ဖို့ ပန်းတိုင်အမြဲရှိခဲ့တဲ့အတွက် ပိုပြီးလိုအပ်တဲ့နေရာဖြစ်တဲ့ အေသင်ကို ကျွန်မပြန်လာခဲ့တယ်။
အခွင့်အရေးတံခါးသစ်များပွင့်လာ
၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှာ ရှေ့ဆောင်စလုပ်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ လစဉ်နာရီ ၁၅၀ ပါဝင်ခဲ့တယ်။ ကျွန်မတို့အသင်းတော်ရပ်ကွက်က ကျယ်ပြန့်တော့ ကျွန်မတော်တော်လေး လမ်းလျှောက်ရတယ်။ ဒါပေမဲ့ ကောင်းချီးတွေအများကြီး ခံစားခဲ့ရပါတယ်။ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်နေတဲ့ ဒါမှမဟုတ် ခရစ်ယာန်အစည်းဝေးတွေတက်နေတဲ့ ဘယ်သက်သေခံကိုမဆို ရဲတွေတွေ့တာနဲ့ မကြာခဏဖမ်းလေ့ရှိတာကြောင့် သိပ်မကြာခင်မှာပဲ ကျွန်မအဖမ်းခံခဲ့ရတယ်။
အဲဒီအချိန်တုန်းက ကြီးလေးတဲ့အပြစ်တစ်ခုဖြစ်တဲ့ တခြားသူတွေကို ဘာသာပြောင်းဖို့သွေးဆောင်တယ်ဆိုပြီး ကျွန်မကိုတရားစွဲတယ်။ အေသင် အေဗာရော့ဖ် အမျိုးသမီးအကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်လကျတယ်။ အဲဒီမှာ တခြားသက်သေခံအမျိုးသမီးတစ်ယောက်လည်းရှိနေတော့ ထောင်ထဲမှာပိတ်လှောင်ထားခံရပေမဲ့ တကယ်အားရစရာ တည်ဆောက်မှုဖြစ်တဲ့ ခရစ်ယာန်ပေါင်းသင်းမှုရခဲ့တယ်။ ပြစ်ဒဏ်ခံပြီးတဲ့နောက်မှာ ပျော်ရွှင်စွာနဲ့ပဲ ကျွန်မရှေ့ဆောင်ဆက်လုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မနဲ့ကျမ်းစာလေ့လာခဲ့တဲ့သူအတော်များများ အခုထိ ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်တွေဖြစ်နေဆဲပဲ၊ ဒါက ကျွန်မကို အရမ်းပျော်ရွှင်စေတယ်။
၁၉၄၉ ခုနှစ်မှာ အချိန်ပြည့်အမှုဆောင်တွေကို ခရစ်ယာန်သာသနာပြုလုပ်ငန်းအတွက် လေ့ကျင့်ပေးတဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ဂိလဒ်ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်းရဲ့ ၁၆ ကြိမ်မြောက်သင်တန်းကို တက်ဖို့ ဖိတ်ခေါ်စာရရှိခဲ့တယ်။ ကျွန်မနဲ့အတူ ကျွန်မရဲ့ဆွေမျိုးတွေပါ အရမ်းပျော်ခဲ့တယ်။ ၁၉၅၀ ပြည့်နှစ် နွေရာသီမှာ နယူးယောက်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာခရိုင်စည်းဝေးကြီးတစ်ခုကိုတက်ပြီးနောက် ဂိလဒ်ကျောင်းဆက်တက်ဖို့ ကျွန်မစီစဉ်ခဲ့တယ်။
ယူနိုက်တက်စတိတ်ကိုရောက်ပြီးနောက် နယူးယောက်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ကမ္ဘာ့ဌာနချုပ်မှာ အိမ်မှုပြုစုသူအဖြစ် လအနည်းငယ် အမှုဆောင်ခွင့်ရခဲ့တယ်။ အဲဒီနေရာရဲ့ ဝန်းကျင်အခြေအနေဟာ သန့်ရှင်းသပ်ရပ်၊ ကြည်နူးစရာကောင်းပြီး တည်ဆောက်မှုဖြစ်တယ်၊ ပြီးတော့ ပြုံးပြုံးရွှင်ရွှင်ရှိတဲ့ညီအစ်ကို ညီအစ်မတွေကြားမှာ နေရတယ်။ အဲဒီမှာနေခဲ့တဲ့ခြောက်လကို ကျွန်မအမြဲသတိရနေမှာပါ။ အဲ့ဒီနောက် စူးစိုက်လေ့လာ၊ လေ့ကျင့်သင်ကြားခံရတဲ့ ဂိလဒ်ကျောင်းရဲ့ငါးလတာအချိန်ဟာ ခဏလေးကုန်သွားတယ်။ သမ္မာကျမ်းစာအသိပညာဟာ ဘယ်လောက်တောင် တန်ဖိုးရှိပြီး ကောင်းတယ်ဆိုတာကို ကျွန်မတို့ကျောင်းသားတွေ သဘောပေါက်နားလည်လာကြတယ်၊ အဲဒါကြောင့် အသက်ပေး သမ္မာတရားအသိပညာကို တခြားသူတွေကိုလည်း သိစေချင်ကြတဲ့စိတ် တိုးများလာစေတယ်။
ကျွန်မရဲ့ပထမခရစ်ယာန်သာသနာပြုတာဝန်
ကျွန်မတို့ခရစ်ယာန်သာသနာပြုဖို့ တာဝန်ကျမယ့်နေရာတွေကို မသိရခင် ကျွန်မတို့ တွဲဖက်အမှုဆောင်ချင်တဲ့သူတွေကို ရွေးခွင့်ရခဲ့တယ်။ ထူးချွန်တဲ့ညီအစ်မတစ်ယောက်ဖြစ်တဲ့ ရုသ်ဟဲမ်မစ်ဂ် (ယခု ဘော့စ်ဟာ့ဒ်) ကကျွန်မရဲ့တွဲဖက်ဖြစ်တယ်။ ဥရောပနဲ့အာရှ လမ်းဆုံလမ်းခွဖြစ်တဲ့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကျွန်မတို့တာဝန်ကျမှန်းသိရတဲ့အခါ အရမ်းပျော်ကြတယ်။ အဲဒီနိုင်ငံမှာ ဟောပြောခြင်းလုပ်ငန်းကို တရားဝင်ခွင့်မပြုသေးဘူးဆိုတာ ကျွန်မတို့သိပေမဲ့ ယေဟောဝါကျွန်မတို့ကို ထောက်မမယ်ဆိုတာ လုံးဝသံသယမဖြစ်ခဲ့ကြဘူး။
အစ္စတန်ဘူလ်ဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ လှပတဲ့မြို့ဖြစ်တယ်။ လူပြည့်ကျပ်နေတဲ့ဈေးတွေ၊ ကမ္ဘာတစ်ဝန်းက အကောင်းဆုံးချက်ပြုတ်နည်းတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ပြတိုက်တွေ၊ ဆွဲဆောင်မှုရှိတဲ့ လူနေရပ်ကွက်တွေနဲ့ ရှုမောလို့မဆုံးတဲ့ကမ်းနားတွေကို တွေ့ရှိခဲ့ရတယ်။ အဲ့ဒါထက် ဘုရားသခင်အကြောင်း သိချင်ကြတဲ့စိတ်ရင်းမှန်သူတွေကို ကျွန်မတို့တွေ့တယ်။ အစ္စတန်ဘူလ်မှာရှိတဲ့ သက်သေခံအုပ်စုငယ်လေးဟာ အများအားဖြင့် အာမေးနီးယန်း၊ ဂရိနဲ့ ဂျူးလူမျိုးတွေဖြစ်တယ်။ ဒါပေမဲ့ တခြားလူမျိုးတွေလည်းအများကြီးရှိတဲ့အတွက် တူရကီအပါအဝင် တခြားဘာသာစကားအမျိုးမျိုးကိုပြောတတ်ရင် အကူအညီဖြစ်တယ်။ သမ္မာတရားဆာငတ်နေတဲ့ လူမျိုးအသီးသီးတွေနဲ့ တွေ့ဆုံကြရတာကို ကျွန်မတို့အရမ်းပျော်တယ်။ အဲ့ဒီလူတွေအတော်များများ ယေဟောဝါကို အခုထိ ဆက်အမှုဆောင်နေကြတုန်းပဲ။
ဒါပေမဲ့ ရုသ်က သူ့ရဲ့နေထိုင်ခွင့်ကို အသစ်လဲလို့မရတဲ့အတွက် ထွက်ခွာသွားခဲ့ရတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ သူဆက်ပါဝင်နေဆဲပဲ။ နှစ်တွေဒီလောက်ကြာခဲ့ပေမဲ့ သူနဲ့အတူနေခဲ့ရတဲ့ ပျော်စရာ၊ အားရှိစရာအချိန်ကို ကျွန်မအခုထိသတိရသေးတယ်။
ကမ္ဘာ့နောက်တစ်ဖက်ခြမ်းသို့ပြောင်းရွှေ့ရခြင်း
၁၉၆၃ ခုနှစ်မှာ ကျွန်မရဲ့တူရကီမှာနေထိုင်ခွင့်ကို အသစ်လဲမပေးဘူး။ အခက်အခဲတွေကို ရုန်းကန်ကျော်လွှားရင်း ဝိညာဉ်ရေးဘက်တိုးတက်လာတဲ့ ခရစ်ယာန်ညီအစ်ကိုချင်းတွေကို ထားရစ်ခဲ့ရတာ အတော်ခက်တယ်။ ကျွန်မကိုအားပေးဖို့ ဆွေမျိုးတွေက နယူးယောက်မှာခရိုင်စည်းဝေးကြီးသွားတက်နိုင်ဖို့ ခရီးစရိတ်ခံပေးခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ နောက်ဘယ်မှာတာဝန်ကျမယ်ဆိုတာ ကျွန်မ,မသိရသေးဘူး။
ခရိုင်စည်းဝေးကြီးပြီးမှ ပီရူးနိုင်ငံ၊ လီမာမြို့မှာ တာဝန်ကျတာသိခဲ့တယ်။ ကျွန်မရဲ့တွဲဖက်ဖြစ်မယ့် ညီအစ်မငယ်တစ်ယောက်နဲ့အတူ နယူးယောက်ကနေ တာဝန်ကျတဲ့နေရာအသစ်ကို တန်းသွားခဲ့တယ်။ ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးအပေါ်ထပ်မှာရှိတဲ့ ခရစ်ယာန်သာသနာပြုအိမ်မှာ ကျွန်မနေပြီး စပိန်စကားကိုသင်ယူခဲ့ရတယ်။ ဒေသခံညီအစ်ကိုညီအစ်မတွေကို သိကျွမ်းလာပြီး အဲဒီမှာဟောပြောရတာ တကယ့်ကိုပျော်စရာကောင်းတယ်။
တာဝန်နောက်တစ်ခု၊ ဘာသာစကားနောက်တစ်ခု
အတန်ကြာတော့ ဂရိမှာရှိတဲ့ကျွန်မရဲ့ဆွေမျိုးတွေက ဇရာထောင်းမှုနဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကို ရင်ဆိုင်လာကြရတယ်။ သူတို့ကိုကူညီပေးဖို့ အချိန်ပြည့်အလုပ်ကထွက်ပြီး သာမန်ဘဝအသက်တာလို့ခေါ်တဲ့ဘဝမျိုးကို ပြန်သွားဖို့ ကျွန်မကိုသူတို့တစ်ခါမှ မတိုက်တွန်းဘူး။ ဒါပေမဲ့ အသေအချာဆုတောင်းသုံးသပ်ပြီးတဲ့နောက် ကျွန်မရဲ့မိသားစုနဲ့နီးနီးနားနားမှာ အမှုဆောင်တာပိုကောင်းလိမ့်မယ်ဆိုတာ သဘောပေါက်သွားတယ်။ တာဝန်ခံညီအစ်ကိုတွေက မေတ္တာနဲ့သဘောတူကြပြီး အီတလီမှာ တာဝန်ချပေးတယ်၊ ကျွန်မရဲ့ဆွေမျိုးတွေက ပြောင်းရွှေ့ဖို့ ခရီးစရိတ်ထုတ်ပေးကြတယ်။ တကယ်တော့ အီတလီမှာသတင်းကောင်းဟောပြောမယ့်သူတွေ အကြီးအကျယ်လိုအပ်နေတယ်။
နောက်ထပ်တစ်ခါ ဘာသာစကားအသစ်တစ်ခုဖြစ်တဲ့ အီတလီစကားကို ကျွန်မသင်ယူရမယ်။ ကျွန်မပထမဦးဆုံးတာဝန်ကျတဲ့နေရာကတော့ ဖိုဂျီယာမြို့မှာဖြစ်တယ်။ နောက်ပိုင်းမှာ ပိုလိုအပ်တဲ့ နေပယ်မြို့ကို ပြောင်းရွှေ့ခဲ့ရတယ်။ ကျွန်မရဲ့ရပ်ကွက်က နေပယ်မြို့ရဲ့အလှဆုံးအပိုင်းဖြစ်တဲ့ ပေါ်စီလီပိုဖြစ်တယ်။ ရပ်ကွက်ကတော်တော်ကြီးပြီး အဲဒီမှာ ကြေညာသူတစ်ယောက်ပဲရှိတယ်။ အဲဒီမှာအမှုဆောင်ရတာ အရမ်းပျော်စရာကောင်းတယ်၊ ယေဟောဝါအကူအညီနဲ့ ကျမ်းစာသင်အံမှုတွေ အများကြီးရခဲ့တယ်။ အချိန်တန်တော့ အဲဒီနေရာမှာ အသင်းတော်ကြီးတစ်ခုဖြစ်ပေါ်လာတယ်။
ကျွန်မ စကျမ်းစာသင်ပေးခဲ့တဲ့ ဒေသခံတွေထဲမှာ မိခင်တစ်ဦးနဲ့သူ့သားသမီးလေးဦးပါဝင်တယ်။ သူနဲ့သမီးနှစ်ဦးဟာ အခုထိယေဟောဝါသက်သေတွေဖြစ်နေဆဲပဲ။ သမီးငယ်လေးရှိတဲ့ မောင်နှံတစ်စုံနဲ့လည်း ကျွန်မကျမ်းစာလေ့လာခဲ့တယ်။ မိသားစုတစ်စုလုံး သမ္မာတရားမှာတိုးတက်လာပြီး ဆက်ကပ်အပ်နှံ ရေမှာနှစ်ခြင်းခံခဲ့ကြတယ်။ အခု သူတို့သမီးဟာ ယေဟောဝါကျေးကျွန်တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး အတူတကွ ဘုရားသခင်အမှုဆောင်နေကြတယ်။ မိသားစုကြီးတစ်စုနဲ့ ကျမ်းစာသင်နေတုန်းမှာ သမ္မာကျမ်းစာရဲ့တန်ခိုးကို ကျွန်မအထင်အရှားမြင်ခဲ့ရတယ်။ ရုပ်ပုံတွေနဲ့ကိုးကွယ်တာကို ဘုရားသခင်မကြိုက်ဘူးဆိုတဲ့ ကျမ်းချက်အချို့လည်း ဖတ်ပြီးရော အမေဖြစ်သူက သင်အံမှုပြီးတဲ့အထိတောင် မစောင့်တော့ဘူး။ သူ့အိမ်မှာရှိတဲ့ရုပ်ပုံတွေအားလုံးကို ချက်ချင်းပဲရှင်းပစ်ခဲ့တယ်!
ပင်လယ်ပြင်၌ကြုံရသောအန္တရာယ်များ
အီတလီနဲ့ဂရိကို ကူးတိုင်း ကျွန်မအမြဲသင်္ဘောစီးတယ်။ အဲ့ဒီရေကြောင်းခရီးစဉ်ဟာ အမြဲသာယာတယ်။ ဒါပေမဲ့ ၁၉၇၁ ခုနှစ် နွေရာသီ ခရီးစဉ်တစ်ခုကတော့ ထူးခြားတယ်။ အယ်လီယာနာ ကူးတို့သင်္ဘောနဲ့ အီတလီကိုပြန်လာနေချိန်ပေါ့။ ဩဂုတ်လ ၂၈ ရက်ရဲ့ မနက်စောစောမှာ သင်္ဘောရဲ့မီးဖိုချောင်မှာ မီးလောင်ပါလေရော။ မီးကူးစက်လာသလို ခရီးသည်တွေလည်း ပိုစိုးရိမ်ထိတ်လန့်လာကြတယ်။ အမျိုးသမီးတွေ မူးဝေနေကြတာ၊ ကလေးတွေငိုယိုနေကြတာ၊ ယောက်ျားတွေ အပြစ်တင်ပြောဆို အော်ဟစ်ခြိမ်းခြောက်နေကြတာတွေ့ရတယ်။ သင်္ဘောကုန်းပတ်နှစ်ဖက်စလုံးမှာရှိတဲ့ အသက်ကယ်လှေတွေဆီ လူတွေပြေးသွားကြတယ်။ ဒါပေမဲ့ အသက်ကယ်အင်္ကျီအလုံအလောက်မရှိဘူး၊ အသက်ကယ်လှေတွေကို ပင်လယ်ထဲချပေးတဲ့စက်ကလည်း ကောင်းကောင်းအလုပ်မလုပ်ဘူး။ ကျွန်မမှာအသက်ကယ်အင်္ကျီမရှိဘူး၊ ဒါပေမဲ့ မီးတောက်တွေက အပေါ်ကိုမြင့်တက်လာနေတာကြောင့် ပင်လယ်ထဲခုန်ချတာ အကောင်းဆုံးဖြစ်တယ်။
ရေထဲရောက်တာနဲ့ ကျွန်မအနားမှာ အသက်ကယ်အင်္ကျီဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်တယ်။ သူရေကူးတတ်ပုံမရတဲ့အတွက် သူ့လက်ကိုဆွဲပြီး နစ်တော့မယ့်သင်္ဘောကနေ အဝေးကိုဆွဲခေါ်သွားလိုက်တယ်။ ပင်လယ်လှိုင်းတွေပိုထန်လာတယ်၊ ရေပေါ်,ပေါ်နေဖို့ရုန်းကန်ရတာ အတော်လေးပင်ပန်းတယ်။ အခြေအနေက မျှော်လင့်ချက်ရှိပုံမရဘူး၊ ဒါပေမဲ့ သတ္တိပေးဖို့ယေဟောဝါဆီ ဆက်အသနားခံခဲ့တယ်၊ ဒါနဲ့ ကျွန်မခွန်အားရလာတယ်။ တမန်တော်ပေါလုကြုံခဲ့တဲ့ သင်္ဘောပျက်တဲ့အတွေ့အကြုံကို ကျွန်မသတိမရဘဲမနေနိုင်ခဲ့ဘူး။—တမန်တော်၊ အခန်းကြီး ၂၇။
ကျွန်မရဲ့အဖော်ကိုကိုင်ထားပြီး ခွန်အားရှိတဲ့အခါရေကူးလိုက်၊ အကူအညီရဖို့ ယေဟောဝါဆီဆုတောင်းလိုက်နဲ့ လှိုင်းလုံးတွေကြား လေးနာရီကြာ ရုန်းကန် ခဲ့ရတယ်။ နောက်ဆုံးတော့ လှေငယ်တစ်စီး လှမ်းမြင်လိုက်တယ်။ ကျွန်မကိုကယ်ဆယ်လိုက်ကြပေမဲ့ ကျွန်မရဲ့အဖော်က သေဆုံးနေပြီ။ အီတလီနိုင်ငံ ဘာရီမြို့ကို ကျွန်မတို့ရောက်တော့ ကျွန်မကိုဆေးရုံတင် ကုသပေးခဲ့ကြတယ်။ ဆေးရုံမှာရက်အနည်းငယ်နေလိုက်ရတယ်၊ သက်သေခံအတော်များများ လာလည်ပတ်ကြတယ်၊ ကျွန်မလိုအပ်တာတွေကို ကြင်ကြင်နာနာပေးကမ်းခဲ့ကြတယ်။ သူတို့ပြခဲ့တဲ့ခရစ်ယာန်မေတ္တာကို ဆေးရုံလူနာဆောင်က တခြားသူတွေ အရမ်းအံ့သြကြတယ်။ *
ကျွန်မနာလန်ထူလာတဲ့အခါ ရောမမြို့မှာ တာဝန်ကျတယ်။ မြို့လယ်ခေါင် စီးပွားရေးရပ်ကွက်မှာ အမှုဆောင်ဖို့ကျွန်မကို တာဝန်ပေးတယ်၊ ယေဟောဝါရဲ့အကူအညီနဲ့ အဲဒီမှာ ငါးနှစ်အမှုဆောင်ခဲ့ရတယ်။ စုစုပေါင်းအနှစ် ၂၀ အီတလီမှာအမှုဆောင်ရတာ တကယ်ပျော်တယ်၊ အီတလီလူမျိုးကိုလည်း တကယ်ချစ်တယ်။
ကျွန်မစတင်ခဲ့သောနေရာသို့ပြန်ရောက်
အချိန်အတန်ကြာလာတော့ အေရီယက်နီနဲ့သူ့အမျိုးသားတို့ရဲ့ ကျန်းမာရေး ချို့ယွင်းလာကြတယ်။ သူတို့အနီးမှာ ကျွန်မနေထိုင်မယ်ဆိုရင် သူတို့မေတ္တာပါပါလုပ်ပေးခဲ့တဲ့အရာတွေအတွက် အတိုင်းအတာတစ်ခုအထိ သူတို့ကိုပြန်ပေးဆပ်နိုင်မယ်လို့ ကျွန်မယူဆတယ်။ အီတလီနိုင်ငံက ထွက်ခွာလာရတာ တကယ်ဝမ်းနည်းကြေကွဲစရာပဲ။ ဒါပေမဲ့ တာဝန်ခံညီအစ်ကိုတွေက ခွင့်ပြုလို့ ၁၉၄၇ ခုနှစ်တုန်းက အချိန်ပြည့်အမှုဆောင်စတင်ခဲ့တဲ့ အေသင်မြို့မှာ ၁၉၈၅ ခုနှစ် နွေရာသီကစပြီး ကျွန်မရှေ့ဆောင်ပြန်လုပ်နေပါတယ်။
ကျွန်မအသင်းတော်ရပ်ကွက်မှာ ဟောပြောတယ်၊ အဲ့ဒီအပြင် မြို့လယ် စီးပွားရေးရပ်ကွက်မှာ ဟောလို့ရမလားလို့ ဌာနခွဲကညီအစ်ကိုတွေကို ခွင့်တောင်းတယ်။ ရှေ့ဆောင်ညီအစ်မတစ်ယောက်နဲ့ အဲဒီမှာ သုံးနှစ်အမှုဆောင်ခဲ့တယ်။ ဒီလိုနဲ့ အိမ်မှာတွေ့ရခဲတဲ့လူတွေကို စေ့စေ့စပ်စပ်သက်သေခံနိုင်ခဲ့တယ်။
အချိန်တွေကုန်လွန်လာလေ အမှုဆောင်ချင်တဲ့စိတ်က ပိုထက်သန်လာပေမဲ့ ကာယခွန်အားကတော့ လျော့ လျော့သွားတယ်။ အခုဆို ကျွန်မရဲ့ခဲအို သေဆုံးသွားပြီ။ ကျွန်မအတွက်အမေနဲ့တူတဲ့ အေရီယက်နီလည်း မျက်စိကွယ်သွားပြီ။ ကျွန်မကျတော့ အချိန်ပြည့်အမှုဆောင်နေတုန်းက ကျန်းမာရေးကောင်းခဲ့တယ်။ ဒါပေမဲ့ မကြာခင်က စကျင်ကျောက်လှေကားထစ်ပေါ်ကနေ ပြုတ်ကျပြီး ညာဖက်လက်မောင်းကျိုးသွားတယ်။ အဲဒီနောက် ထပ်လဲပြီး တင်ပါးဆုံရိုးကျိုးသွားတယ်။ ခွဲစိတ်ကုသခံလိုက်ရပြီး အတော်ကြာကြာ အိပ်ရာထဲ နေခဲ့ရတယ်။ အခုဆို လွတ်လွတ်လပ်လပ်မသွားလာနိုင်တော့ဘူး။ တုတ်ကောက်သုံးနေရပြီး အဖော်မပါပဲ အပြင်မထွက်နိုင်တော့ဘူး။ ဒါပေမဲ့လည်း ကျွန်မရဲ့ကျန်းမာရေးအခြေအနေ ပြန်ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ပြီး အတတ်နိုင်ဆုံး ကြိုးစားအမှုဆောင်နေပါတယ်။ ကျမ်းစာပညာပေးလုပ်ငန်းမှာ နည်းနည်းလေးဖြစ်ပါစေ ပါဝင်ရခြင်းက ကျွန်မကိုပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုရစေတဲ့ အဓိကနည်းပဲ။
အချိန်ပြည့်ဓမ္မအမှုဆောင်ခဲ့ရတဲ့ ပျော်ရွှင်စရာနှစ်တွေကို ပြန်တွေးမိတိုင်း ယေဟောဝါကိုကျေးဇူးတင်စိတ်တွေ ပြည့်လျှံလာတယ်။ ကိုယ်တော်နဲ့ ကိုယ်တော့်မြေကြီးအဖွဲ့အစည်းက မှန်မှန်လမ်းညွှန် ကူညီပေးခဲ့လို့ ကိုယ်တော်ရဲ့အမှုဆောင်လုပ်ငန်းမှာ ကျွန်မရဲ့ဘဝကို အပြည့်အဝအသုံးပြုနိုင်ခဲ့တာ။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ကျွန်မဆက်ပါဝင်နိုင်ဖို့ ကျွန်မကို ကိုယ်တော်ခွန်အားပေးပါစေလို့ စိတ်ဆန္ဒအပြည့်ဆုတောင်းတယ်။ ကိုယ်တော်ညွှန်ကြားနေတဲ့ ကမ္ဘာချီကျမ်းစာပညာပေးလုပ်ငန်းမှာ အနည်းအကျဉ်း ပါဝင်ခွင့်ရတဲ့အတွက် ကျွန်မအရမ်းဝမ်းသာတယ်။—မာလခိ ၃:၁၀။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 10 ယေဟောဝါသက်သေများထုတ်ဝေသော ၁၉၉၅ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ် (လိပ်) စာမျက်နှာ ၇၃-၈၉ တွင်ရှု။
^ အပိုဒ်၊ 34 အသေးစိတ်အချက်အလက်များအတွက် ၁၉၇၂၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် နိုးလော့! (လိပ်) စာမျက်နှာ ၁၂-၁၆ တွင်ရှု။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဂိလဒ်သွားခါနီး ကျွန်မအစ်မ အေရီယက်နီ၊ သူ့အမျိုးသား မိုက်ကာလစ္စတို့နှင့်အတူ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ရုသ်ဟဲမ်မစ်ဂ်နဲ့ကျွန်မတို့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ တာဝန်ကျ
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
၁၉၇၀ ပြည့်လွန်နှစ်များအစောပိုင်း၌ အီတလီတွင်
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ယနေ့ ကျွန်မအစ်မအေရီယက်နီနှင့်အတူ