‘ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ’
‘ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ’
နံနက်ခင်းတွင် ကျေးငှက်တို့ နိုးထလာသည်နှင့် တစ်ခဏကြာ အသံတစာစာ အော်မြည်လေ့ရှိပြီးနောက် အစာရှာထွက်ကြတော့သည်။ ညနေခင်း အိပ်တန်းပြန်ချိန်တွင်လည်း တစ်ခဏကြာ တစာစာအော်မြည်ပြီးနောက် အိပ်စက်ကြလေ၏။ တချို့သောရာသီများတွင် ၎င်းတို့မိတ်လိုက်၊ ဥဥကာ ငှက်ပေါက်လေးများကို ကျွေးမွေးပြုစုကြသည်။ အခြားတိရစ္ဆာန်တို့လည်း အလားတူပင် ကြိုတင်ခန့်မှန်းနိုင်သည့်ပုံစံအတိုင်း ပြုကြ၏။
ကျွန်ုပ်တို့လူသားများမူ တစ်မူထူးခြားသည်။ ကျွန်ုပ်တို့ စားသောက်၊ အိပ်စက်ကာ မျိုးပွားကြသည်မှန်သော်လည်း ထိုအရာများနှင့်သာ ကျေနပ်တင်းတိမ်မနေကြချေ။ ကျွန်ုပ်တို့ အဘယ်ကြောင့် ဤနေရာတွင် ရောက်ရှိနေရကြောင်း သိလိုကြသည်။ ဘဝအဓိပ္ပာယ်ကို ရှာဖွေကြသည်။ အနာဂတ်မျှော်လင့်ချက်ရှိမရှိ သိလိုကြ၏။ ဤသို့သော သိလိုစိတ်ပြင်းပြမှုတို့က လူသားများကို တစ်မူထူးစေသည့် အရည်အသွေးတစ်ခုဖြစ်သော ဝိညာဉ်ရေးရာ သို့မဟုတ် ဝိညာဉ်ရေးရာများအတွက် တောင့်တစိတ်ရှိကြောင်း ထောက်ပြနေသည်။
ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရ
လူ့သဘောသဘာဝအရ ဝိညာဉ်ရေးစိတ်ထားရှိရခြင်းအကြောင်းရင်းကို ကျမ်းစာက ဤသို့ရှင်းပြ၏– “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏၊ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်း” တော်မူ၏။ (ကမ္ဘာဦး ၁:၂၇) “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံရခြင်းကြောင့် ကျွန်ုပ်တို့သည် အပြစ်နှင့်မစုံလင်မှုများ စွန်းထင်းနေသော်လည်း ဘုရားသခင်၏ ဂုဏ်ရည်တော်တချို့ကို ရောင်ပြန်ဟပ်နိုင်သည်ဟု ဆိုလိုသည်။ (ရောမ ၅:၁၂) ဥပမာ၊ ကျွန်ုပ်တို့သည် ဖန်တီးနိုင်စွမ်းရှိကြ၏။ ထို့ပြင် ကျွန်ုပ်တို့တွင် ဉာဏ်ပညာ အတိုင်းအတာတစ်ခုအထိရှိပြီး တရားမျှတသည့်သဘောနှင့် တစ်ဦးကိုတစ်ဦး ကိုယ်ကျိုးစွန့်မေတ္တာ ပြသနိုင်စွမ်းတို့ရှိကြသည်။ ၎င်းပြင် အတိတ်ကိုပြန်တွေးတောကာ အနာဂတ်အတွက် စီမံနိုင်ကြ၏။—သု. ၄:၇; ဒေ. ၃:၁၊ ၁၁; မိက္ခာ ၆:၈; ယောဟန် ၁၃:၃၄; ၁ ယောဟန် ၄:၈။
ဘုရားသခင်ကိုဝတ်ပြုလိုသော မွေးရာပါဆန္ဒက ကျွန်ုပ်တို့၏ဝိညာဉ်ရေးအစွမ်းအစကို အထင်အရှားဖော်ပြသည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့် ဆက်သွယ်လိုစိတ်ကို မဖြည့်ဆည်းပေးလျှင် စစ်မှန်ပြီး တည်မြဲသောပျော်ရွှင်မှု မရှိနိုင်ပေ။ “ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုမိသူများသည် ပျော်ရွှင်ကြ၏” ဟုယေရှုမိန့်ဆိုခဲ့၏။ (မဿဲ ၅:၃၊ ကဘ) သို့သော် ကျွန်ုပ်တို့ဂရုစိုက်ရမည်မှာ ထိုလိုအပ်ရာကို ဘုရားသခင်အကြောင်းဖြစ်ရပ်မှန်များ၊ ကိုယ်တော်၏စံနှုန်းများ၊ လူသားတို့အတွက် ကိုယ်တော်၏ရည်ရွယ်တော်မူချက် စသည့် ဝိညာဉ်ရေးအမှန်တရားတို့ဖြင့် ဖြည့်ဆည်းပေးရန်ဖြစ်သည်။ ဝိညာဉ်ရေးအမှန်တရားကို အဘယ်မှာရှာတွေ့နိုင်မည်နည်း။ သမ္မာကျမ်းစာတွင် ရှာတွေ့နိုင်၏။
‘ကိုယ်တော်၏နှုတ်မြွက်တော်သည် အမှန်တရားဖြစ်’
တမန်တော်ပေါလုက ဤသို့ရေးသားခဲ့၏– ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ . . . ဆုံးမခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း ကျေးဇူးများကို ပြုတတ်၏။’ (၂ တိမောသေ ၃:၁၆၊ ၁၇) ပေါလု၏စကားက ‘ကိုယ်တော်၏နှုတ်မြွက်တော်သည် အမှန်တရားဖြစ်ပါ၏’ ဟူ၍ ဘုရားသခင်ထံ ဆုတောင်းခဲ့သော ယေရှု၏စကားနှင့် သဘောချင်းတူသည်။ ယနေ့ ထိုနှုတ်မြွက်တော်သည် သမ္မာကျမ်းစာဖြစ်ကြောင်း ကျွန်ုပ်တို့သိထားကြရာ မိမိတို့၏ယုံကြည်ချက်များ၊ စံနှုန်းများသည် ကျမ်းစာနှင့်ကိုက်ညီမညီ ဆန်းစစ်ခြင်းက ပညာရှိရာရောက်သည်။—ယောဟန် ၁၇:၁၇။
ကျွန်ုပ်တို့၏ယုံကြည်ချက်များကို ဘုရားသခင့်နှုတ်မြွက်တော်နှင့် နှိုင်းယှဉ်ကြည့်ခြင်းဖြင့် ပေါလု၏သွန်သင်ချက်များသည် ကျမ်းစာနှင့်ကိုက်ညီမညီ စစ်ဆေးခဲ့သော ရှေးဗေရိမြို့သားတို့ကို တုပရာရောက်ပေမည်။ လုကာသည် ဗေရိမြို့သားတို့ကို ပြစ်တင်ဝေဖန်မည့်အစား ၎င်းတို့၏သဘောထားကို ချီးမွမ်းခဲ့၏။ သူတို့သည် ‘အလွန်ကြည်ညိုသောစေတနာစိတ်နှင့် နှုတ်မြွက်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှာ ကျမ်းစာကို နေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုကြ၏’ ဟုသူရေးခဲ့သည်။ (တမန်တော် ၁၇:၁၁) ယနေ့ ဘာသာတရားနှင့် ကျင့်ဝတ်ဆိုင်ရာသွန်သင်ချက်တို့သည် များစွာဆန့်ကျင်ကွဲလွဲနေသည်ကို ကြည့်ခြင်းဖြင့် ဗေရိမြို့သားတို့၏ ထူးမြတ်သောစိတ်ထားကို တုပရန် အရေးကြီးသည်။
ဝိညာဉ်ရေးအမှန်တရားကို ခွဲခြားသိမြင်နိုင်သော နောက်တစ်နည်းမှာ လူတို့အသက်တာတွင် ၎င်း၏အကျိုးသက်ရောက်ပုံကို အကဲခတ်ခြင်းဖြစ်သည်။ (မဿဲ ၇:၁၇) ဥပမာ၊ ကျမ်းစာအမှန်တရားနှင့်အညီနေထိုင်ခြင်းက လူတစ်ဦးကို ပိုကောင်းသောလင်ယောက်ျား၊ ပိုကောင်းသောဖခင်၊ ပိုကောင်းသောဇနီး၊ ပိုကောင်းသောမိခင် ဖြစ်စေသင့်သောကြောင့် မိသားစုပျော်ရွှင်မှု တိုးပွားစေ၍ ကျေနပ်ရောင့်ရဲမှု တိုးများလာစေသည်။ ‘ဘုရားသခင့်နှုတ်မြွက်တော်ကို ကြားနာ၍ စောင့်ရှောက်သောသူတို့သည် ပျော်ရွှင်ကြ၏’ ဟုယေရှုဆိုခဲ့သည်။—လုကာ ၁၁:၂၈၊ ကဘ။
ယေရှု၏စကားများက ရှေးဣသရေလလူတို့အား ကောင်းကင်ခမည်းတော် မိန့်ဆိုခဲ့သော ဤစကားများကို ပြန်အမှတ်ရစေသည်– ‘သင့်ကိုရွေးနုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသောအရှင်ထာဝရဘုရားသခင် မိန့်တော်မူသည်ကား “ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင်ဖြစ်၏။ သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်း . . . သည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။”’ (ဟေရှာယ ၄၈:၁၇၊ ၁၈) ကောင်းမြတ်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးသူခပ်သိမ်းသည် အဆိုပါလှိုက်လှဲသောဖိတ်ခေါ်ချက်ကို မြတ်နိုးပေလိမ့်မည်!
အချို့က ‘နားကျပ်ပေးခြင်း’ ကိုနှစ်သက်
ဣသရေလလူတို့သည် ဘာသာရေးလိမ်လည်လှည့်ဖြားမှုများဖြင့် လမ်းလွဲနေသောကြောင့် ဘုရားသခင်က ထိုသို့လှိုက်လှဲစွာ ဖိတ်ခေါ်ရခြင်းဖြစ်၏။ (ဆာလံ ၁၀၆:၃၅-၄၀) ကျွန်ုပ်တို့လည်း မှားယွင်းမှုများကို သတိပြုရမည်။ ခရစ်ယာန်အမည်ခံများနှင့်စပ်လျဉ်း၍ ပေါလု ဤသို့ရေးခဲ့၏– ‘လူတို့သည် စင်ကြယ်သောဆုံးမစကားကို နားမခံလို၊ ကိုယ်သဘောအတိုင်း နားကျပ်ပေးမည့် . . . ဆရာတို့ကို မိမိတို့အဖို့ ရှာဖွေကြလိမ့်မည်။ အမှန်တရားကိုနားမထောင်ဘဲ ဒဏ္ဍာရီစကားကိုနားထောင်၍ လွဲသွားကြလိမ့်မည်။’—၂ တိမောသေ ၄:၃၊ ၄၊ ကဘ။
အိမ်ထောင်ဖက်မဟုတ်သူနှင့်လိင်ဆက်ဆံခြင်း၊ လိင်တူဆက်ဆံခြင်း၊ သောက်ကြူးခြင်းစသည့် မကောင်းသောဆန္ဒများကို အာသာပြေစေမည့် အကျင့်အကြံတို့ကို လျစ်လျူရှုထားခြင်းဖြင့် [ခရစ်ယာန်]ဘာသာရေးခေါင်းဆောင်များသည် လူတို့၏နားကို ကျပ်ပေးကြသည်။ အဆိုပါအကျင့်များကို လက်ခံပြုကျင့်သူတို့သည် “ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ” ဟုကျမ်းစာက ရှင်းလင်းစွာဆို၏။—၁ ကောရိန္သု ၆:၉၊ ၁၀; ရောမ ၁:၂၄-၃၂။
အထူးသဖြင့် လှောင်ပြောင်ခံရသည့်အခါ သမ္မာကျမ်းစာ၏စံနှုန်းနှင့်အညီ အသက်ရှင်နေထိုင်ရန် သတ္တိရှိဖို့လိုမည်မှန်သော်လည်း ယင်းသို့ပြုနိုင်ပါသည်။ ယေဟောဝါသက်သေများထဲမှ လူများစွာသည် တစ်ချိန်က မူးယစ်ဆေးစွဲသူ၊ အရက်သမား၊ မတရားမေထုန်ပြုသူ၊ လမ်းသရဲ၊ သူခိုး၊ လူလိမ်လူညာတို့ ဖြစ်ခဲ့ဖူးကြသည်။ သို့တိုင် သူတို့သည် သမ္မာကျမ်းစာကိုနှလုံးသွင်းကာ သန့်ရှင်းသောဝိညာဉ်တော်၏ အကူအညီဖြင့် ‘ယေဟောဝါနှင့်ထိုက်လျောက်စွာကျင့်ကြံ’ နိုင်ရန် ဘဝပြောင်းလဲလိုက်ကြသည်။ (ကောလောသဲ ၁:၉၊ ၁၀; ၁ ကောရိန္သု ၆:၁၁) ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခဲ့ပြီဖြစ်ရာ အတွင်းငြိမ်သက်မှုရှိကြသည့်အပြင် အနာဂတ်အတွက် စစ်မှန်သောမျှော်လင့်ချက်လည်း ရှိလာကြသည်။
ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်
ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကျမ်းစာမျှော်လင့်ချက်ဖြစ်သော နာခံမှုရှိလူသားများအတွက် တည်မြဲသည့်ငြိမ်သက်ခြင်း ရှိလာလိမ့်မည်။ ယေရှုသည် မိမိ၏စံပြဆုတောင်းချက်တွင် “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေ” ဟုဆိုခဲ့သည်။ (မဿဲ ၆:၁၀) မှန်ပါသည်၊ ဘုရားသခင့်နိုင်ငံတော်တစ်ခုတည်းကသာ မြေကြီးပေါ်၌ ဘုရားသခင့်အလိုတော်ကို ပြည့်စုံစေနိုင်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေရှုခရစ်အုပ်စိုးမည့် အစိုးရတစ်ခုဖြစ်သော ဤကောင်းကင်နိုင်ငံတော်သည် ကမ္ဘာမြေကို ဘုရားသခင် အကြွင်းမဲ့ပိုင်သအုပ်စိုးထိုက်ကြောင်းဖော်ပြမည့် နည်းလမ်းဖြစ်၍တည်း။—ဆာလံ ၂:၇-၁၂; ဒံယေလ ၇:၁၃၊ ၁၄။
ဤကောင်းကင်နိုင်ငံတော်ဘုရင်အနေဖြင့် ယေရှုခရစ်သည် နာခံမှုရှိလူသားတို့ကို အာဒံ၏အပြစ်နှင့် အဖျားအနာ၊ သေခြင်းအမွေတို့အပါအဝင် အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်စေပါလိမ့်မည်။ ဗျာ. ၂၁:၃၊ ၄ တွင် ဤသို့ဆိုထားသည်– “ကောင်းကင်မှကြီးသောအသံကား ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ . . . [ယေဟောဝါ] ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”
ကမ္ဘာတစ်ဝန်း တည်မြဲသောငြိမ်သက်မှု ရှိလာပါလိမ့်မည်။ ယင်းကို အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်ကြသနည်း။ အကြောင်းရင်းကို ဟေရှာယ ၁၁:၉ တွင်ဖော်ပြထား၏– “[ဘုရားသခင့်နိုင်ငံတော်သားများသည်] ငါ၏သန့်ရှင်းသော တောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားသခင်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။” ကမ္ဘာသားအားလုံး ဘုရားသခင့်အကြောင်း တိကျမှန်ကန်စွာသိလာကြမည်ဖြစ်ပြီး ကိုယ်တော်အား နာခံမှုတင်ပြကြပါလိမ့်မည်။ ဤအလားအလာက သင့်အား ကြည်နူးအားရစေသလော။ သို့ဆိုလျှင် အဖိုးထိုက်လှသည့် “ယေဟောဝါနှင့်ပတ်သက်သော အသိပညာ” ကိုစတင်ဆည်းပူးရန် ယခုအချိန်တန်လေပြီ။
ဘုရားသခင့်နိုင်ငံတော်သတင်းကို သင်နားထောင်မည်လော
ဘုရားသခင့်နိုင်ငံတော်က စာတန်၏လုပ်ရပ်အားလုံးကို ဖျက်ဆီးပစ်ကာ ကိုယ်တော်၏ဖြောင့်မတ်သော နည်းလမ်းတော်များအတိုင်း လူတို့ကို သင်ကြားပေးပါလိမ့်မည်။ သို့ဖြစ်၍ ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှု အဓိကထားသွန်သင်ရခြင်းဖြစ်၏။ “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို . . . ငါဟောပြောရမည်။ ထိုသို့အလို့ငှာ ငါ့ကိုစေလွှတ်လျက်ရှိသည်” ဟုယေရှုမိန့်ဆိုခဲ့၏။ (လုကာ ၄:၄၃၊ ၄၄) ဤသတင်းကို အခြားသူတို့အားပြောပြရန် မိမိတပည့်များကို ခရစ်တော်မိန့်မှာခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ကိုယ်တော် ဤသို့ကြိုတင်မိန့်ဆိုခဲ့၏– ‘လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။’ (မဿဲ ၂၄:၁၄) ယင်းအဆုံးသည် လျင်မြန်စွာချဉ်းကပ်လာနေပြီ။ ထို့ကြောင့် စိတ်ရိုးမှန်သူများ အသက်ပေးသတင်းကောင်းကို နားထောင်ရန် အလွန်အရေးကြီးလှ၏!
ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့သော အဲလ်ဘတ်သည် ဇနီးနှင့်သားဖြစ်သူတို့ ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာချိန်တွင် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို စတင်ကြားဖူးခဲ့၏။ အစပိုင်းတွင် အဲလ်ဘတ် သံသယဖြစ်မိသည်။ ဒေသခံဘာသာရေးခေါင်းဆောင်တစ်ဦးအား မိမိ၏ဇနီးနှင့်သားထံ လာရောက်လည်ပတ်ပြီး ယေဟောဝါသက်သေတို့မှားကြောင်း ဖော်ထုတ်ရန် တောင်းဆိုခဲ့သေး၏။ သို့သော် [ခရစ်ယာန်]ဘာသာရေးခေါင်းဆောင်က မပတ်သက်လိုခဲ့ပါ။ သို့နှင့် အမှားများကိုထောက်ပြရန် ကျမ်းစာဆွေးနွေးချိန်တွင်ပါဝင်မည်ဟု အဲလ်ဘတ် ဆုံးဖြတ်လိုက်သည်။ တစ်ကြိမ်သာဆွေးနွေးပြီးနောက် ပိုလေ့လာလို၍ သင်အံမှုတွင် ပါဝင်လေတော့သည်။ သူအဘယ်ကြောင့် စိတ်ပြောင်းသွားကြောင်းကို နောက်ပိုင်းတွင် ဤသို့ရှင်းပြ၏– “ဒါကို ကျွန်တော် တစ်ချိန်လုံးရှာဖွေနေခဲ့တာပဲ။”
နောက်ဆုံးတွင် အဲလ်ဘတ်၏ဝိညာဉ်ရေးလိုအပ်ရာများ ပြည့်ဝသွားခဲ့ရာ သူ လုံးဝနောက်မဆုတ်တော့ချေ။ ကျမ်းစာအမှန်တရားကြောင့် သူတစ်သက်လုံးရှာဖွေနေခဲ့သည့် လူ့ဘောင်တွင် စိမ့်ဝင်ပျံ့နှံ့နေသော မတရားမှု၊ ဖောက်ပြန်ယိုယွင်းမှုတို့အတွက် ဖြေရှင်းနည်းနှင့် အနာဂတ်မျှော်လင့်ချက်တို့ကို သိရှိခဲ့ရသည်။ ကျမ်းစာအမှန်တရားကြောင့် အတွင်းငြိမ်သက်မှုလည်း သူရရှိခဲ့၏။ သင့်ဝိညာဉ်ရေး လိုအပ်ရာလည်း ဖြည့်ဆည်းခံနေရပြီလော။ စာမျက်နှာ ၆ ရှိ လေးထောင့်ကွက်မှ မေးခွန်းများကို အချိန်ယူဖတ်ရှုကြည့်ပါလေ။ သင်ပိုမိုသိရှိလိုလျှင် ယေဟောဝါသက်သေများက ဝမ်းသာအားရကူညီပေးပါလိမ့်မည်။
[စာမျက်နှာ ၆ ပါလေးထောင့်ကွက်]
သင့်ဝိညာဉ်ရေးလိုအပ်ရာ ဖြည့်ဆည်းခံရပြီလော
သင်ရရှိထားသည့် ဝိညာဉ်ရေးအစာသည် အာသာပြေစေပါသလော။ အောက်ပါတို့ကိုဖတ်ရှုပြီး မှန်ကန်စွာဖြေဆိုနိုင်သော မေးခွန်းများကို အမှတ်ပေးပါလေ။
□ ဘုရားသခင်ကား မည်သူနည်း၊ ကိုယ်တော်၏နာမတော်ကား အဘယ်နည်း။
□ ယေရှုခရစ်ကား မည်သူနည်း။ ကိုယ်တော်သည် အဘယ်ကြောင့် အသေခံဖို့လိုသနည်း။ ကိုယ်တော်၏သေခြင်းက သင့်ကို မည်သို့အကျိုးပြုနိုင်သနည်း။
□ စာတန်ရှိသလော။ သို့ဆိုလျှင် သူအဘယ်ကဖြစ်လာသနည်း။
□ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း။
□ ကမ္ဘာမြေနှင့်လူသားတို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်း။
□ ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း။
□ ဘုရားသခင်၏ကျင့်ဝတ်စံနှုန်းများကား အဘယ်နည်း။
□ မိသားစုတွင် လင်ယောက်ျားနှင့်ဇနီးအတွက် ဘုရားပေးတာဝန်များကား အဘယ်နည်း။ မိသားစုပျော်ရွှင်မှုကို တိုးမြှင့်ပေးသော ကျမ်းစာမူအချို့ကား အဘယ်နည်း။
ဤမေးခွန်းများ၏အဖြေကို သေချာမသိပါက ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာတစ်စောင်ကို တောင်းဆိုနိုင်ပါသည်။ ယေဟောဝါသက်သေများသည် ဤဘရိုရှာကို ဘာသာစကား ၃၀၀ ကျော်ဖြင့် ထုတ်ဝေထားပြီး ကျမ်းစာ၏အခြေခံအကြောင်း ၁၆ ခုကို ဆွေးနွေးတင်ပြ၍ အထက်ပါမေးခွန်းအားလုံးအတွက် ကျမ်းစာအဖြေများ ဖော်ပြထားသည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံများ]
တိရစ္ဆာန်များနှင့်မတူဘဲ လူသားတို့သည် ဝိညာဉ်ရေးလိုအပ်ချက်ရှိကြ
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
‘လူတို့သည် နားကျပ်ပေးမည့် ဆရာများကို မိမိတို့အဖို့ ရှာဖွေကြလိမ့်မည်။’—၂ တိမောသေ ၄:၃၊ ကဘ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင်၏မေရှိယနိုင်ငံတော်ကတည်မြဲသောငြိမ်သက်မှုကို ရရှိစေမည်