ကျွန်ုပ်တို့ကို အခြားသူများရှုမြင်ပုံသည် အရေးပါသလော
ကျွန်ုပ်တို့ကို အခြားသူများရှုမြင်ပုံသည် အရေးပါသလော
လူတိုင်းလိုလို ချီးမွမ်းခံလိုကြပါသည်။ ချီးမွမ်းစကားများက ပျော်ရွှင်စေပြီး အောင်မြင်ပြီးမြောက်သည့် ခံစားချက်ရှိစေသည်။ နှစ်သက်သဘောကျကြောင်း သိရခြင်းက ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို ပိုကောင်းစွာလုပ်ကိုင်စေလိုသည်။ အခြားသူများ၏ နှစ်သက်မှုမရခြင်းကမူ ထိုသို့မဖြစ်စေပါ။ အေးတိအေးစက်တုံ့ပြန်မှု သို့မဟုတ် ပြစ်တင်စကားက ကျွန်ုပ်တို့ကို စိတ်ဓာတ်ကျစေသည်။ မိမိကို အခြားသူများရှုမြင်ပုံက မိမိကိုယ်ကိုရှုမြင်ပုံအပေါ် များစွာအကျိုးသက်ရောက်သည်။
အခြားသူများ မိမိအားရှုမြင်ပုံကို လျစ်လျူရှုလျှင် မှားပေလိမ့်မည်။ ကျွန်ုပ်တို့၏အမူအကျင့်ကို အခြားသူများအား ဆန်းစစ်ဝေဖန်စေခြင်းမှ အကျိုးများစွာရရှိနိုင်ပါသည်။ အခြားသူများ၏ ရှုမြင်ပုံသည် မြင့်မားသောကျင့်ဝတ်မူများအပေါ် အခြေခံမည်ဆိုလျှင် ယင်းသည် အကျိုးဖြစ်ထွန်းစေနိုင်ပြီး မှန်ရာကိုပြုလုပ်စေပေမည်။ (၁ ကောရိန္သု ၁၀:၃၁-၃၃) သို့သော်လည်း လူတို့၏ရှုမြင်ပုံသည် အများအားဖြင့် မမျှတပေ။ ဥပမာ၊ ယဇ်ပုရောဟိတ်အကြီးနှင့် အခြားသူများက ယေရှုခရစ်အား “လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါဟု ဟစ်ကြော်” သောအခါ သူတို့၏တလွဲရှုမြင်ပုံကို သတိရပါ။ (လုကာ ၂၃:၁၃၊ ၂၁-၂၅) မဟုတ်မမှန်သတင်းများ သို့မဟုတ် မနာလိုမှု၊ ဘက်လိုက်မှုအပေါ်အခြေခံသော ရှုမြင်ပုံများကို ပယ်ရှားလိုက်ဖို့လိုပေမည်။ ထို့ကြောင့် အခြားသူများ၏အမြင်ကို ကောင်းစွာချင့်ချိန်ပြီး ပညာရှိရှိတုံ့ပြန်ဖို့လိုသည်။
မည်သူ၏ရှုမြင်ပုံ အရေးပါသနည်း
စစ်မှန်သောဝတ်ပြုရေးတွင် ကျွန်ုပ်တို့နှင့်နီးစပ်သူများ၏ မျက်နှာသာကို ကျွန်ုပ်တို့ရလိုကြသည်။ ဤသူတို့တွင် မိသားစုမှ ယုံကြည်ချင်းတူသူများနှင့် ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မများ ပါဝင်သည်။ (ရောမ ၁၅:၂; ကောလောသဲ ၃:၁၈-၂၁) ယုံကြည်သူချင်းများ၏ မေတ္တာနှင့် ရိုသေလေးစားမှုအပြင် ‘အချင်းချင်းအားရသက်သာစေခြင်း’ တို့က ကျွန်ုပ်တို့ကို များစွာအကျိုးပေးသည်။ (ရောမ ၁:၁၁၊ ၁၂) “သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်” နှင့်ထင်မှတ်ကြရမည်။ (ဖိလိပ္ပိ ၂:၂-၄) ထို့ပြင် ကျွန်ုပ်တို့ကို ဦးဆောင်နေသော အသင်းတော်အကြီးအကဲများ၏ မျက်နှာသာရရန်ကြိုးစားကြပြီး ယင်းကို တန်ဖိုးထားကြသည်။—ဟေဗြဲ ၁၃:၁၇။
“ပြင်ပလူတို့တွင် အသရေရှိသောသူ” ဖြစ်ခြင်းကလည်း ကောင်းပါသည်။ (၁ တိမောသေ ၃:၇) မယုံကြည်သူဆွေမျိုးများ၊ လုပ်ဖော်ကိုင်ဖက်များ၊ အိမ်နီးချင်းများ၏ ရိုသေလေးစားမှုခံရခြင်းသည်လည်း အလွန်ကျေနပ်ဖွယ်ကောင်းပေသည်! ကျွန်ုပ်တို့ဟောပြောသည့် ဘုရားသခင့်နိုင်ငံတော်သတင်းကို လူတို့လက်ခံစေရန် သူတို့စိတ်ထဲ စွဲမှတ်သွားစရာရှိစေဖို့ ကြိုးစားတတ်သည်မဟုတ်လော။ ရပ်ကွက်ထဲတွင် ကျွန်ုပ်တို့သည် ကိုယ်ကျင့်တရားစင်ကြယ်ပြီး ရိုးသားဖြောင့်မတ်ကြသူများအဖြစ် နာမည်ကောင်းရခြင်းက ဘုရားသခင့်ဘုန်းတော် ထင်ရှားစေသည်။ (၁ ပေတရု ၂:၁၂) သို့သော် အခြားသူများ၏ မျက်နှာသာရရန် ကျမ်းစာမူများကို ဘယ်သောအခါမျှ ချိုးဖောက်၍မရ၊ မိမိကို သူတစ်ပါးအထင်ကြီးစေရန် ဟန်ဆောင်၍လည်းမရချေ။ လူတိုင်း၏အလိုကို မလိုက်နိုင်ကြောင်း အသိအမှတ်ပြုရကြမည်။ ယေရှုက ‘သင်တို့သည် လောကနှင့်ဆက်ဆံလျှင် လောကသားတို့သည် မိမိတို့နှင့်ဆက်ဆံသောသင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကနှင့်မဆက်ဆံ၊ လောကထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့် လောကသားတို့သည် သင်တို့ကိုမုန်းကြ၏’ ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၅:၁၉) အတိုက်အခံပြုသူများ၏ လေးစားမှုကိုရရှိရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်သနည်း။
အတိုက်အခံပြုသူများ၏ လေးစားမှုရယူခြင်း
“လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်” ဟုယေရှုသတိပေးခဲ့သည်။ (မဿဲ ၁၀:၂၂) ဤသို့မုန်းတီးသည့်အတွက် မဟုတ်မမှန်စွပ်စွဲကြသည်။ ဘက်လိုက်တတ်သော အစိုးရအရာရှိများက ကျွန်ုပ်တို့ကို “ပုန်ကန်ရန်လှုံ့ဆော်သူများ၊” “အဖျက်သမားများ” ဟုနာမည်တပ်ကြပေမည်။ အတိုက်အခံပြုသူများက ကျွန်ုပ်တို့ကို နှိမ်နှင်းပစ်ဖို့လိုသည့် အန္တရာယ်ဂိုဏ်းဟု စွပ်စွဲပြောဆိုကြပေမည်။ (တမန်တော် ၂၈:၂၂) ဤစွပ်စွဲချက်များသည် မှားယွင်းကြောင်း တင်ပြနိုင်သည့်အခါများ ရှိတတ်သည်။ မည်သို့အားဖြင့်နည်း။ တမန်တော်ပေတရု၏ ဤအကြံပေးချက်ကို လိုက်နာခြင်းအားဖြင့်ဖြစ်သည်– “သင်တို့မျှော်လင့်ခြင်း၏အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့်ပြန်ပြောခြင်းငှာ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။” (၁ ပေတရု ၃:၁၅) ထို့ပြင် “အပြစ်တင်ဖွယ်မရှိ၊ စင်ကြယ်သောတရားစကားကို ဟောပြောခြင်းတို့ကိုပြုလော့။ သို့ဖြစ်၍၊ တစ်ဖက်၌နေသောသူသည် ငါတို့ကိုကဲ့ရဲ့စရာအခွင့်မရနိုင်သောကြောင့် ရှက်ကြောက်ခြင်းသို့ရောက်လိမ့်မည်။”—တိတု ၂:၈။
ကျွန်ုပ်တို့ နာမည်ဖျက်ခံရသောအခါ စိတ်ဓာတ်မကျသင့်ပါ။ ဘုရားသခင်၏ စုံလင်သောသားတော် ယေရှုပင် ဘုရားသခင်ကိုပြစ်မှားလွန်ကျူးသူ၊ ပုန်ကန်ရန်လှုံ့ဆော်သူ၊ နတ်ဆိုးစွဲသူဟူ၍ပင် စွပ်စွဲခံခဲ့ရ၏။ (မဿဲ ၉:၃; မာကု ၃:၂၂; ယောဟန် ၁၉:၁၂) တမန်တော်ပေါလုလည်း အသရေရှုတ်ချခံခဲ့ရ၏။ (၁ ကောရိန္သု ၄:၁၃) ယေရှုနှင့်ပေါလုတို့သည် ထိုသို့ပြစ်တင်ရှုတ်ချခံရခြင်းကို ဂရုမစိုက်ဘဲ မိမိတို့လုပ်စရာအလုပ်ကို ဆက်လုပ်ကိုင်ခဲ့ကြသည်။ (မဿဲ ၁၅:၁၄) ရန်သူများ၏ နှစ်သက်မှုကို သူတို့ ဘယ်သောအခါမျှ ရနိုင်မည်မဟုတ်ကြောင်း သိထားကြသည်၊ အကြောင်းမှာ ‘လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိ’ ၍တည်း။ (၁ ယောဟန် ၅:၁၉) ယနေ့ ကျွန်ုပ်တို့လည်း အလားတူအခက်အခဲ ကြုံနေရသည်။ အတိုက်အခံပြုသူများက ကျွန်ုပ်တို့အကြောင်း မဟုတ်မမှန်သတင်းလွှင့်သောအခါ ထိတ်လန့်သွားကြဖို့မဟုတ်ပါ။—မဿဲ ၅:၁၁။
အမှန်တကယ်အရေးပါသော ရှုမြင်ချက်များ
ကျွန်ုပ်တို့ကို အခြားသူများယူဆပုံသည် သူတို့၏သဘောထားများ၊ ကျွန်ုပ်တို့အကြောင်း ကြားခဲ့ဖူးရာများအပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားခြားနားလိမ့်မည်။ အချို့က ကျွန်ုပ်တို့ကို ချီးမွမ်းကြမည်၊ လေးစားကြမည်ဖြစ်သော်လည်း အခြားသူများမူ ကျွန်ုပ်တို့ကိုကဲ့ရဲ့ပြစ်တင် မုန်းတီးကြပေမည်။ သို့သော် ကျမ်းစာမူများကို ကျွန်ုပ်တို့လိုက်လျှောက်နေသရွေ့ ပျော်ရွှင်မှုရှိရန်၊ စိတ်ငြိမ်သက်မှုရှိရန် အကြောင်းများသည်။
တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဆုံးမခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။” (၂ တိမောသေ ၃:၁၆၊ ၁၇) အရာရာတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်၏ လမ်းညွှန်မှုကို ကျေးဇူးတင်လေးမြတ်စွာ လက်ခံခြင်းဖြင့် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော်၏ မျက်နှာသာတော်ကို ကျွန်ုပ်တို့ရရှိပါလိမ့်မည်။ အဆုံးတွင် ယေဟောဝါနှင့် ကိုယ်တော့်သားတော်တို့ ရှုမြင်ပုံကသာ အရေးကြီးဆုံးဖြစ်သည်။ ကိုယ်တော်နှင့်သားတော် ရှုမြင်ပုံသည် ကျွန်ုပ်တို့၏တန်ဖိုးအမှန်ကို ထင်ရှားစေပြီး သူတို့၏မျက်နှာသာရမှသာ ကျွန်ုပ်တို့အသက်ရမည်ဖြစ်သည်။—ယောဟန် ၅:၂၇; ယာကုပ် ၁:၁၂။
[စာမျက်နှာ ၃၀ ပါ အကျဉ်းဖော်ပြချက်]
“ချီးမွမ်းခံရခြင်းကို တမ်းတမိလို့၊ ချီးမွမ်းခံရတဲ့အခါ ရှက်မိတယ်။”—အိန္ဒိယလူမျိုး ကဗျာဆရာ၊ရာဘင်ဒရာနာသ်တဂိုး
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံများ]
ယုံကြည်သူချင်းများ၏ရှုမြင်ပုံသည် အရေးကြီး
[Picture Credit Line on page 30]
Culver Pictures