မှားယွင်းသော အတွေးအခေါ်ကိုတွန်းလှန်လော့
မှားယွင်းသော အတွေးအခေါ်ကိုတွန်းလှန်လော့
ရှေးဘိုးဘေးယောဘသည် ဘေးဆိုးကြုံတွေ့နေရစဉ် သူ့မိတ်ဆွေသုံးဦးဖြစ်သော ဧလိဖတ်၊ ဗိလဒဒ်နှင့် ဇောဖာတို့က သူ့ထံ သွားလည်ကြသည်။ သူ့ကိုစာနာမှုပြ၍ နှစ်သိမ့်ရန် သွားကြခြင်းဖြစ်သည်။ (ယောဘ ၂:၁၁) ထိုသူသုံးဦးအနက် ဧလိဖတ်သည် ဩဇာအရှိဆုံးနှင့် အသက်အကြီးဆုံးဖြစ်နိုင်သည်။ သူသည် ပထမဆုံးစကားပြောသူနှင့် ပြောစရာအများဆုံးရှိသူဖြစ်သည်။ သုံးကြိမ်တိုင် ဧလိဖတ်ပြောဆိုခဲ့သည့် စကားများတွင် အဘယ်အတွေးအခေါ်မျိုး ပေါ်လွင်ထင်ဟပ်သနည်း။
ဧလိဖတ်က “ဝိညာဉ်တစ်ပါးသည် ငါ့ရှေ့၌ကန့်လန့်လျှောက်သွား၍ ငါသည်ကြက်သီးမွေးညင်းထလေ၏။ ထိုဝိညာဉ်သည်ရပ်နေ၍ ပုံသဏ္ဌာန်လည်း သေချာစွာမထင်မရှား အရိပ်ကိုသာငါမြင်ရ၏။ ငြင်းသောအသံရှိ၍ ငါကြားသောစကားသံဟူမူကား” ဟုဆိုကာ သူတွေ့ကြုံခဲ့ဖူးသော သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ပြန်ပြောပြခဲ့သည်။ (ယောဘ ၄:၁၅၊ ၁၆) ဧလိဖတ်၏အတွေးအခေါ်ကို အဘယ်ဝိညာဉ်က လွှမ်းမိုးခဲ့သနည်း။ ပြစ်တင်သံဖြင့် ဆက်ပြောသောစကားအရ ထိုဝိညာဉ်သည် ဘုရားသခင်၏ဖြောင့်မတ်သော ကောင်းကင်တမန်တစ်ပါး လုံးဝမဟုတ်ကြောင်း ထင်ရှားသည်။ (ယောဘ ၄:၁၇၊ ၁၈) ထိုအသံရှင်မှာ ဆိုးညစ်သောဝိညာဉ် သတ္တဝါ ဖြစ်သည်။ သို့မဟုတ်ပါက မဟုတ်မမှန်ပြောဆိုမှုဖြင့် ဧလိဖတ်နှင့် သူ့အဆွေနှစ်ဦးကို ယေဟောဝါ အဘယ်ကြောင့်ပြစ်တင်ဆုံးမရမည်နည်း။ (ယောဘ ၄၂:၇) ဧလိဖတ်သည် နတ်ဆိုးဩဇာအောက် ရောက်ခဲ့သည်မှာ အမှန်ပင်။ သူ၏အပြောအဆိုက ဘုရားသခင်၏တရားတော်နှင့် မညီသောအတွေးအခေါ်ကို ထင်ဟပ်ပြသည်။
ဧလိဖတ်၏ဖော်ပြချက်များမှ အဘယ်အချက်များကို ကျွန်ုပ်တို့သိရသနည်း။ မှားယွင်းသောအတွေးအခေါ်ကို သတိပြုရှောင်ရှားဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။ ယင်းကို တွန်းလှန်နိုင်ရန် အဘယ်အရာများပြုလုပ်ရမည်နည်း။
“အမှုတော်ထမ်းတို့ကို ယုံတော်မမူ”
သုံးကြိမ်လုံးတွင် ဧလိဖတ်က ဘုရားသခင်သည် တင်းမာလွန်းအားကြီးသဖြင့် မိမိကျေးကျွန်များ၏ လုပ်ရပ်ဟူသမျှကို စိတ်တိုင်းမကျဟူသောသဘောကို ဖော်ပြခဲ့သည်။ “အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟုထင်တော်မူ၏” ဟု ယောဘကို သူပြောသည်။ (ယောဘ ၄:၁၈) ဘုရားသခင်နှင့်ပတ်သက်၍ နောက်ပိုင်းတွင် ဧလိဖတ်က “ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်း ရှေ့တော်၌မစင်ကြယ်” ဟုဆို၏။ (ယောဘ ၁၅:၁၅) ထို့နောက် ‘သင်ဖြောင့်မတ်သည်ကို အတိုင်းအဆမဲ့တန်ခိုးရှင်သည် အမှုထားတော်မူသလော’ ဟု မေးလေသည်။ (ယောဘ ၂၂:၃၊ သမ္မာ) အဆိုပါအတွေးအမြင်ကို ဗိလဒဒ်ကလည်း သဘောတူသည့်အနေဖြင့် “လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း [ဘုရားသခင့်] ရှေ့တော်၌မဖြူစင်” ဟုပြောလေသည်။—ယောဘ ၂၂:၃။
ထိုသို့သောအတွေးအခေါ်မျိုး လွှမ်းမိုးမခံရဖို့ ကျွန်ုပ်တို့သတိပြုကြရမည်။ ထိုသို့တွေးခေါ်ရှုမြင်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှ တောင်းဆိုလွန်းသည်ဟု ယူဆလာနိုင်သည်။ ယင်းက ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ထိခိုက်စေသည်။ ထို့အပြင် ယင်းသို့တွေးတောဆင်ခြင်မည်ဆိုလျှင် လိုအပ်၍ ဆုံးမခံရသည့်အခါ ကျွန်ုပ်တို့ မည်သို့တုံ့ပြန်မည်နည်း။ ပဲ့ပြင်မှုကို နှိမ့်ချစွာလက်ခံမည့်အစား ကျွန်ုပ်တို့၏စိတ်နှလုံးသည် ‘ယေဟောဝါကိုအမျက်ထွက်’ ပြီး ကိုယ်တော်အား နာကြည်းလာနိုင်သည်။ (သု. ၁၉: ၃၊ ကဘ) ဝိညာဉ်ရေး အန္တရာယ်ပါတကား။
‘လူသည် ဘုရားသခင်၌ အသုံးဝင်နိုင်သလော’
ဘုရားသခင်တင်းမာလွန်းသည်ဟူသော အယူအဆသည် လူသားများကို အသုံးမကျဟု ကိုယ်တော်သဘောထားသည်ဟူသော ရှုမြင်ပုံနှင့် အလွန်ပင်နီးစပ်၏။ ဧလိဖတ် တတိယအကြိမ် စကားပြောဆိုရာတွင် ဤမေးခွန်းပါဝင်သည်– “ပညာရှိသူပင် ဘုရားသခင်၌အသုံးကျအောင် လူသူသည် ဘုရားသခင့်ထံတော်တွင် အသုံးဝင်နိုင်သလော။” (ယောဘ ၂၂:၂၊ သမ္မာ) လူသည် ဘုရားသခင်အတွက် အသုံးမဝင်ဟု ဧလိဖတ်ဆိုနေခြင်းဖြစ်သည်။ ဗိလဒဒ်ကလည်း ထိုနည်းတူ ပြောလေသည်– “သို့ဖြစ်၍ လူသည် ဘုရားသခင့်ရှေ့တော်၌ အဘယ်သို့ဖြောင့်မတ်နိုင်သနည်း။ မိန်းမမှ ဖွားသောသူသည် အဘယ်သို့စင်ကြယ်နိုင်သနည်း။” (ယောဘ ၂၅:၄၊ သမ္မာ) ထိုဆင်ခြင်ပုံအရဆိုလျှင် သေမျိုးမျှဖြစ်သောယောဘသည် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောအနေအထား ရနိုင်ပါဦးမည်လော။
ယနေ့ မိမိတို့ကိုယ်နှင့်ပတ်သက်၍ အပျက်သဘောထားများ ဖိစီးနှောက်ယှက်ခြင်းခံနေရသူ အချို့ရှိ၏။ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းများမှာ မိသားစုကြီးပြင်းလာပုံ၊ ဘဝဖိစီးမှုများ သို့မဟုတ် လူမျိုးရေးမုန်းတီးမှုကို ခံစားခဲ့ရခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။ သို့သော် စာတန်နှင့် သူ၏နတ်ဆိုးများသည် လူတစ်ဦးကို နာလန်မထူနိုင်အောင်လုပ်ဖို့ အားရနှစ်သက်ကြသည်။ မိမိပြုလေသမျှကို အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်စိတ်တိုင်းကျမည်မဟုတ်ဟု လူတစ်ဦးယူမှတ်သည်အထိ ဩဇာလွှမ်းနိုင်ပါက ထိုသူသည် စိတ်ပျက်အားလျော့သွားရန် ပို၍လွယ်ကူသည်။ ထိုသို့ယူဆသွားသူသည် အတန်ကြာသော် အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသည့်အထိ လမ်းလွဲသွားနိုင်သည်။—ဟေဗြဲ ၂:၁၊ သမ္မာ; ဟေဗြဲ ၃:၁၂။
အသက်ကြီးရင့်လာခြင်းနှင့် ကျန်းမာရေးပြဿနာများကလည်း ကျွန်ုပ်တို့ကို ကန့်သတ်သည်။ ယခု ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း၌ ကျွန်ုပ်တို့၏ပါဝင်မှုသည် ငယ်ရွယ်နုပျို၍ ကျန်းမာသန်စွမ်းစဉ်က ပြုလုပ်ခဲ့ရာများနှင့်နှိုင်းယှဉ်လျှင် သေးသိမ်နေပုံရှိမည်။ ကျွန်ုပ်တို့ကို ဘုရားသခင်စိတ်တိုင်းကျမည်မဟုတ်ဟု စာတန်နှင့် သူ၏နတ်ဆိုးများက ယူဆစေလိုကြောင်း သိထားဖို့ အရေးကြီးလိုက်လေခြင်း။ ထိုသို့သောအတွေးအခေါ်မျိုးကို ကျွန်ုပ်တို့တွန်းလှန်ကြရမည်။
အပျက်မြင်အတွေးအခေါ်ကို တွန်းလှန်နိုင်ပုံ
ယောဘသည် စာတန်ကြောင့် ဝေဒနာများခံစားနေရသော်လည်း “ငါသည် သေသည့်တိုင်အောင် ငါ့သမာဓိကိုမစွန့်လွှတ်” ဟုပြောခဲ့သည်။ (ယောဘ ၂၇:၅၊ ကဘ) ယောဘသည် ဘုရားသခင်ကိုချစ်သောကြောင့် မည်သည့်အရာဖြစ်လာပါစေ သူ၏သမာဓိကို ဆက်၍စောင့်ထိန်းရန် စိတ်ပိုင်းဖြတ်ထားသည်။ ထိုစိတ်ပိုင်းဖြတ်ချက်ကို ဘယ်အရာကမျှ မပြောင်းလဲနိုင်ပါ။ ဤတွင် အပျက်မြင်အတွေးအခေါ်ကို တွန်းလှန်ဖို့ အရေးပါသောအချက်ကို တွေ့ရသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်မေတ္တာတော်အကြောင်းကို ကောင်းစွာနားလည်ရန် ကြိုးစားကာ ထိုအတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်တတ်သည့်စိတ်ကို မွေးမြူကြရမည်။ ကိုယ်တော်အား နှစ်နှစ်ကာကာချစ်ဖို့လည်းလိုသည်။ ဘုရားသခင့်စကားတော်ကို မှန်မှန်လေ့လာခြင်းနှင့် သိရှိလာရာများကို ဆုတောင်း၍ တွေးတောဆင်ခြင်ခြင်းအားဖြင့် ထိုသို့ချစ်လာနိုင်သည်။
သာဓကအနေနှင့်၊ ‘ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကိုချစ်တော်မူ၏’ ဟု ယောဟန် ၃:၁၆ ကဆို၏။ ယေဟောဝါသည် လူသားများကို အလွန်ချစ်တော်မူ၏။ ခေတ်များတစ်လျှောက် လူသားများနှင့်ကိုယ်တော်ဆက်ဆံပုံက ထိုမေတ္တာတော်ကို ပေါ်လွင်စေသည်။ အတိတ်မှ ပုံနမူနာများကို တွေးတောဆင်ခြင်ခြင်းက ယေဟောဝါအား ကျေးဇူးတင်စိတ်နှင့် ကိုယ်တော့်အား ချစ်မြတ်နိုးစိတ် တိုးပွားစေသင့်သည်။ သို့ဖြင့် မှားယွင်းသော သို့မဟုတ် အပျက်သဘောဆန်သော အတွေးအခေါ်ကို တွန်းလှန်ရန် ထောက်ကူပေးသည်။
သောဒုံနှင့် ဂေါမောရမြို့ကို ဖျက်ဆီးခါနီးအချိန်တွင် အာဗြဟံနှင့် ယေဟောဝါဆက်ဆံပုံကို သုံးသပ်ကြည့်ပါ။ အာဗြဟံသည် ယေဟောဝါ၏ တရားစီရင်ပုံနှင့်ပတ်သက်၍ ရှစ်ကြိမ်တိုင် မေးမြန်းခဲ့သည်။ စိတ်အနှောင့်အယှက်ဖြစ်ကြောင်း သို့မဟုတ် စိတ်ပျက်ကြောင်း ယေဟောဝါတစ်ခါမျှ မဖော်ပြခဲ့ပါ။ ကိုယ်တော့်အဖြေများက အာဗြဟံကို အားပေးနှစ်သိမ့်မှု ဖြစ်စေခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၂-၃၃) နောက်ပိုင်း လောတနှင့် သူ့မိသားစုကို သောဒုံမြို့မှ ဘုရားသခင်ကယ်လွှတ်ချိန်တွင် လောတက တောင်ပေါ်ပြေးမည့်အစား အနီးအနားရှိမြို့တစ်မြို့သို့ပြေးပါရစေဟု တောင်းပန်ခဲ့သည်။ ယေဟောဝါက “ကြည့်ပါ။ ဤအမှုအရာ၌လည်း သင်၏စကားကိုငါနားထောင်စေခြင်းငှာ၊ ထိုမြို့အတွက်တောင်းပန်သောကြောင့် ငါမဖျက်ဆီး” ဟုမိန့်တော်မူ၏။ (ကမ္ဘာဦး ၁၉:၁၈-၂၂) ဤမှတ်တမ်းများက ယေဟောဝါကို တင်းမာ၍ မေတ္တာမဲ့သော အာဏာရှင်အဖြစ် သရုပ်ဖော်ထားသလော။ မဖော်ထားပါ။ ကိုယ်တော်သည် အမှန်အားဖြင့် မေတ္တာရှိ၍ သနားကြင်နာတတ်ပြီး နားလည်ပေးတတ်သော ပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း ယင်းတို့က ဖော်ပြသည်။
ဘုရားသခင်သည် အပြစ်ရှာတတ်ပြီး မည်သူ့ကိုမျှ စိတ်တိုင်းမကျနိုင်ဟူသောအယူအဆ မှားယွင်းကြောင်းကို ရှေးဣသရေလနိုင်ငံမှ အာရုန်၊ ဒါဝိဒ်နှင့် မနာရှေတို့၏ပုံနမူနာက ထင်ရှားစေသည်။ အာရုန်သည် ကြီးလေးသောအပြစ် သုံးခုကို ကျူးလွန်ခဲ့သည်။ သူသည် ရွှေနွားရုပ်သွန်းလုပ်ပြီး အစ်မမိရိအံနှင့်အတူ မောရှေကိုပြစ်တင်ဝေဖန်ကာ ဘုရားသခင်ကို ရိုသေလေးမြတ်ရန်နှင့် ဂုဏ်တင်ရန် ပျက်ကွက်ခဲ့သည်။ သို့ရာတွင် ယေဟောဝါသည် သူ၏ကောင်းကွက်ကိုကြည့်ပြီး သေဆုံးချိန်အထိ ယဇ်ပုရောဟိတ်မင်းအဖြစ် ဆက်အမှုထမ်းစေခဲ့သည်။—ထွက်မြောက်ရာ ၃၂:၃၊ ၄; တောလည်ရာ ၁၂:၁၊ ၂; ၂၀:၉-၁၃။
ဘုရင်ဒါဝိဒ်လည်း သူ၏နန်းသက်အတွင်း ကြီးလေးသောအပြစ်များ ကျူးလွန်ခဲ့သည်။ သူ့သားအိမ်ရာပြစ်မှားခြင်း၊ အပြစ်မဲ့သူတစ်ဦးကိုသတ်ရန် ကြံစည်ခြင်းနှင့် တရားမဝင် လူရေတွက်ခြင်းတို့ဖြစ်သည်။ သို့သော် ယေဟောဝါသည် ဒါဝိဒ်၏နောင်တကို သတိပြုမိပြီး သူသေဆုံးချိန်အထိ ဘုရင်ဖြစ်ခွင့်ပေးခြင်းဖြင့် ဘုရားသခင့်နိုင်ငံတော်ပဋိညာဉ်ကို သစ္စာရှိရှိ အကောင်အထည်ဖော်ခဲ့သည်။—၂ ဓမ္မရာဇဝင် ၁၂:၉; ၁ ရာဇဝင်ချုပ် ၂၁:၁-၇။
ယုဒဘုရင် မနာရှေသည် ဗာလအဖို့ ယဇ်ပလ္လင်တို့ကိုတည်၏။ မိမိသားတို့ကို မီးဖြင့်ပူဇော်၏။ နတ်ဆိုးအတတ်များကို အားပေးအားမြှောက်ပြုပြီး ဝတ်ပြုရာအိမ်တော်တံတိုင်းအတွင်း မှားယွင်းသောဘာသာရေး ယဇ်ပလ္လင်များကို တည်ဆောက်ခဲ့သည်။ သို့သော် စိတ်ရင်းမှန်ဖြင့် နောင်တယူပြီးနောက် သူ့ကို ယေဟောဝါခွင့်လွှတ်ခဲ့သည်။ အချုပ်အနှောင်မှ လွတ်မြောက်စေခဲ့ပြီး သူ၏နိုင်ငံကို ပြန်ပေးခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၃:၁-၁၃) မည်သူ့ကိုမျှ စိတ်တိုင်းမကျသော ဘုရားသခင်တစ်ပါးသည် ဤလုပ်ရပ်များကိုလုပ်ပါမည်လော။ ဝေးလေစွ။
မတော်မတရားစွပ်စွဲသူကိုသာ အပြစ်တင်ထိုက်
စာတန်ကိုယ်၌က ယေဟောဝါအား သူစွပ်စွဲထားချက်မှန်သမျှ၏ အထင်ရှားဆုံးပြယုဂ်ဖြစ်နေခြင်းကို မအံ့သြသင့်ပါ။ စာတန်သည် ရက်စက်တင်းမာသူဖြစ်သည်။ ထိုသို့အမှန်ဖြစ်ကြောင်းကို အတိတ်ကာလက မှားယွင်းသောဝတ်ပြုရေးနှင့်ဆက်နွှယ်သော ကလေးပူဇော်ခြင်းအလေ့အထတွင် အထင်အရှားတွေ့နိုင်ပါသည်။ အယူဖောက်ပြန်သော ဣသရေလလူတို့သည် မိမိတို့သားသမီးများကို မီးရှို့ခဲ့ကြသည်။ ယင်းသည် ယေဟောဝါ တစ်ခါမျှမစဉ်းစားဖူးသည့် လုပ်ရပ်တစ်ခုပင်။—ယေရမိ ၇:၃၁၊ ကဘ။
အပြစ်ရှာသူမှာ ယေဟောဝါမဟုတ်၊ စာတန်ပင်ဖြစ်သည်။ ဗျာ. ၁၂:၁၀ တွင် “ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညမပြတ် အပြစ်တင်သောရန်သူ” အဖြစ် စာတန်ကို ဖော်ပြထားသည်။ ယေဟောဝါနှင့်ပတ်သက်၍မူ ဆာလံဆရာက ဤသို့သီဆိုခဲ့သည်– ‘အိုဘုရားရှင်ထာဝရဘုရားသခင် ကိုယ်တော်သည် အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည် အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။’—ဆာလံ ၁၃၀:၃၊ ၄။
မှားယွင်းသောအတွေးအခေါ် မရှိတော့မည့်အချိန်
စာတန်နှင့် သူ၏နတ်ဆိုးများ ကောင်းကင်မှပစ်ချခံခဲ့ရချိန်တွင် ကောင်းကင်တမန်များ စိတ်ချမ်းသာလိုက်မည်ဖြစ်ခြင်း။ (ဗျာ. ၁၂:၇-၉) ထို့နောက်တွင် ဤဆိုးညစ်သောဝိညာဉ်များသည် ယေဟောဝါ၏ ကောင်းကင်မိသားစု၏လုပ်ဆောင်မှုများအပေါ် မည်သည့်သက်ရောက်မှုကိုမျှ မဖြစ်စေနိုင်တော့ချေ။—ဒံယေလ ၁၀:၁၃။
မဝေးတော့သည့်အနာဂတ်တွင် မြေကြီးသားများ ရွှင်လန်းရတော့မည်။ မကြာမီ ကောင်းကင်တမန်တစ်ပါးသည် အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်မှဆင်းသက်လာပြီး စာတန်နှင့် သူ၏နတ်ဆိုးများကို ချည်နှောင်ကာ တွင်းနက်ထဲပစ်ချပါလိမ့်မည်။ (ဗျာ. ၂၀:၁-၃) ထိုအခါ ကျွန်ုပ်တို့ စိတ်ချမ်းသာလိုက်မည်ဖြစ်ခြင်း။
ဤအတောအတွင်း မှားယွင်းသောအတွေးအခေါ်ကို ကျွန်ုပ်တို့ သတိပြုရကြမည်။ မှားယွင်းသော သို့မဟုတ် အပျက်သဘောဆန်သော အတွေးများ ဝင်ရောက်လာသည့်အခါတိုင်း ယေဟောဝါ၏မေတ္တာတော်ကို အာရုံစူးစိုက်ထားခြင်းဖြင့် ယင်းတို့ကို တွန်းလှန်ဖို့လိုသည်။ သို့ပြုလျှင် ‘အဘယ်သူမျှ ကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့၏စိတ်နှလုံးများနှင့် အကြံအစည်များကို စောင့်ထိန်းလိမ့်မည်။’—ဖိလိပ္ပိ ၄:၆၊ ၇၊ သမ္မာ။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
အပျက်မြင်အတွေးအခေါ်ကို ယောဘတွန်းလှန်ခဲ့
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ယေဟောဝါသည် နားလည်ပေးတတ်သောပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း လောတသိရှိခဲ့