ယေဟောဝါ၏စကားတော်သည် “လင်းယုန်တိုင်းပြည်” တွင် တိုးပွား
ယေဟောဝါ၏စကားတော်သည် “လင်းယုန်တိုင်းပြည်” တွင် တိုးပွား
“လင်းယုန်တိုင်းပြည်။” အယ်လ်ဘေးနီးယားလူမျိုးများသည် မိမိတို့၏တိုင်းပြည်ကို ၎င်းတို့၏ဘာသာစကားဖြင့် ထိုသို့ခေါ်ဆိုကြလေသည်။ အေဒရီအက်ဒစ်ပင်လယ်ကို မျက်နှာမူနေသည့် ဘော်လကန်ကျွန်းဆွယ်ပေါ်တည်ရှိသော ဤနိုင်ငံသည် ယခင် ယူဂိုစလားဗီးယားနိုင်ငံနှင့် ဂရိနိုင်ငံအကြားတွင် တည်ရှိသည်။ အယ်လ်ဘေးနီးယားလူမျိုးများ၏ ဇာစ်မြစ်နှင့်ပတ်သက်၍ အယူအဆများစွာရှိသော်လည်း ဗြိတဲန်နီကာစွယ်စုံကျမ်းအရ အယ်လ်ဘေးနီးယားလူမျိုးများနှင့် ၎င်းတို့၏ဘာသာစကားသည် ဘီ.စီ.အီး. ၂၀၀၀ ပြည့်နှစ်က ယဉ်ကျေးမှုထွန်းကားခဲ့သည့် ရှေးဣလုရိတ်လူမျိုးများမှ ဆင်းသက်လာသည်ဟု သမိုင်းပညာရှင်အများစုက သဘောတူကြသည်။ အယ်လ်ဘေးနီးယားနိုင်ငံ၏ သဘာဝအလှအပသည် မြောက်ဘက် ယွန်းယွန်းတွင် ကျောက်ဆောင်ထူထပ်သည့် တောင်တန်းများနှင့် တောင်ဘက်တွင်သဲသောင်ဖြူလွှလွှရှိသည့် အေဒရီအက်ဒစ် ပင်လယ်ကမ်းခြေတို့ဖြစ်သည်။ သို့သော် အလှပဆုံးသောအရာကို လူတို့တွင် တွေ့ရှိရ၏။ လူတို့သည် လှိုက်လှဲပျူငှာ၍ ဧည့်ဝတ်ကျေပွန်သည်၊ ဖျတ်ဖျတ်လတ်လတ်နှင့် ရွှင်ရွှင်ပျပျရှိကြ၏၊ ၎င်းတို့သည် အတတ်မြန်သူများဖြစ်ကြကာ မိမိတို့၏ယူဆချက်များကို လက်ဟန်ခြေဟန်ဖြင့် အားတက်သရော ဖော်ပြတတ်ကြသည်။
ထင်ရှားကျော်ကြားသည့် ခရစ်ယာန်သာသနာပြုတစ်ဦး လည်ပတ်ရောက်ရှိခြင်း
လူတို့၏ ဆွဲဆောင်မှုရှိသော ကိုယ်ရည်ကိုယ်သွေးနှင့် လှပသောရှုခင်းတို့သည် လွန်ခဲ့သောရာစုနှစ်များစွာက ခရီးသည်တစ်ဦး၏အာရုံကို ဖမ်းစားခဲ့မည်မှာ သေချာသည်။ စီ.အီး. ၅၆ ခုနှစ်ခန့်က ခရီးအရောက်အပေါက်များသော တမန်တော်ပေါလုသည် “ဣလုရိတ်ပြည်တိုင်အောင် . . . ခရစ်တော်၏ဧဝံဂေလိတရားကို အကုန်အစင်ဟောပြောခဲ့ပြီ” ဟု ရေးသားခဲ့သည်။ (ရောမ ၁၅:၁၉) ဣလုရိတ်ပြည်၏တောင်ပိုင်းဒေသသည် မျက်မှောက်ခေတ် အယ်လ်ဘေးနီးယားနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့ဖြစ်၏။ ပေါလုသည် ဣလုရိတ်ပြည်တောင်ဘက်ရှိ ဂရိနိုင်ငံ၊ ကောရိန္သုမြို့မှ စာရေးနေခြင်းဖြစ်၏။ သူသည် “ဣလုရိတ်ပြည်တိုင်အောင်” အကုန်အစင်ဟောပြောခဲ့သည်ဟုဆိုခြင်းက ထိုဒေသ၏နယ်စပ်အထိ သို့မဟုတ် ထိုဒေသအတွင်းထဲထိတိုင် သွားရောက်ခဲ့ကြောင်း ဖော်ပြသည်။ မည်သို့ပင်ဖြစ်ပါစေ မျက်မှောက်ခေတ် အယ်လ်ဘေးနီးယားနိုင်ငံတောင်ပိုင်းတွင် သူဟောပြောခဲ့ရပေမည်။ ထို့ကြောင့် အယ်လ်ဘေးနီးယားနိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ဦးဆုံးဆောင်ရွက်သူမှာ ပေါလုဖြစ်နိုင်ပါသည်။
ရာစုနှစ်များစွာ ကုန်လွန်ခဲ့ပေပြီ။ အင်ပါယာများ တစ်ခုပြီးတစ်ခု တက်လာပြီး ပြန်ကျသွားကြပြီ။ အယ်လ်ဘေးနီးယားနိုင်ငံသည် ၁၉၁၂ ခုနှစ်တွင် လွတ်လပ်သည့်နိုင်ငံ မဖြစ်လာမီအထိ ဥရောပတိုက်၏ ဤအစွန်အဖျားဒေသလေးကို တိုင်းတစ်ပါးက အကြိမ်ကြိမ်နယ်ချဲ့၍အုပ်စိုးခဲ့ကြသည်။ ဆယ်စုနှစ်တစ်ခုခန့်ကြာပြီးနောက် ယေဟောဝါ၏နိုင်ငံတော်အကြောင်းကို အယ်လ်ဘေးနီးယားနိုင်ငံတွင် ထပ်မံကြားသိခဲ့ရလေသည်။
စိတ်လှုပ်ရှားဖွယ်ကောင်းသည့် မျက်မှောက်ခေတ် အစပြုပုံ
၁၉၂၀ ပြည့်လွန်နှစ်များတွင် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်နေထိုင်ကာ အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားများဟု ထိုစဉ်က လူသိများသည့် ယေဟောဝါသက်သေများနှင့် ပေါင်းသင်းခဲ့ကြသော အယ်လ်ဘေးနီးယားလူမျိုး တချို့သည် ၎င်းတို့သင်ယူသိရှိထားရာကို ဝေမျှရန် အယ်လ်ဘေးနီးယားနိုင်ငံသို့ ပြန်လာခဲ့ကြသည်။ ထိုသူတို့အထဲတွင် နာရှို အီဒရီဇီလည်း ပါဝင်၏။ လိုလိုလားလား တုံ့ပြန်သူတချို့ ရှိသည့်အတွက် ပို၍စိတ်ဝင်စားလာစေရန် ၁၉၂၄ ခုနှစ်တွင် ရိုမေးနီးယားဌာနခွဲသည် အယ်လ်ဘေးနီးယားနိုင်ငံရှိ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲခဲ့ရလေသည်။
ထိုနှစ်များအတွင်း အယ်လ်ဘေးနီးယားနိုင်ငံတွင် ယေဟောဝါအကြောင်း သိရှိခဲ့ကြသူတို့တွင် သာနက်စ် ဒူလီ (အေသန် ဒူးလိစ်) လည်း ပါဝင်၏။ သူဤသို့ ပြန်ပြောပြခဲ့သည်– “၁၉၂၅ ခုနှစ်တုန်းက အယ်လ်ဘေးနီးယားနိုင်ငံမှာ စနစ်တကျ ဖွဲ့စည်းထားတဲ့ အသင်းတော် သုံးခုရှိတယ်၊ ဒါ့အပြင် ကျမ်းစာကျောင်းသားတွေနဲ့ စိတ်ဝင်စားသူတွေက နိုင်ငံရဲ့ ဒေသအသီးသီးမှာ ပြန့်နေတယ်။ သူတို့ရဲ့ချစ်ခြင်းမေတ္တာက ပတ်ဝန်းကျင်က လူတွေနဲ့ တခြားစီပဲ၊ အရမ်းကွာတယ်။” *
လမ်းကောင်းကောင်းမရှိသည့်အတွက် ခရီးသွားလာရ အလွန်ခက်ခဲလှ၏။ သို့တိုင်၊ စိတ်အားထက်သန်သော ကြေညာသူများသည် ခက်ခဲသည့်တာဝန်ကို လက်ခံခဲ့ကြသည်။ ဥပမာ၊ တောင်ဘက်ကမ်းရိုးတန်းပေါ်ရှိ ဗလိုရာမြို့မှ အသက် ၁၈ နှစ်အရွယ် အာရာတီ ပီနာသည် ၁၉၂၈ ခုနှစ်တွင် နှစ်ခြင်းခံခဲ့၏။ သူသည် ကျမ်းစာကိုကိုင်ပြီး ကြမ်းတမ်းသောတောင်တန်းများတွင် တစ်တောင်တက် တစ်တောင်ဆင်း ဟောပြောခဲ့သည်။ သူသည် ၁၉၃၀ ပြည့်လွန်နှစ်များက ဗလိုရာမြို့ရှိ စိတ်အားထက်သန်သော အသင်းတော်မှ ကြေညာသူတစ်ဦးဖြစ်၏။
၁၉၃၀ ပြည့်နှစ်ရောက်သော်အယ်လ်ဘေးနီးယားနိုင်ငံရှိ ဟောပြောခြင်းလုပ်ငန်းကို ဂရိနိုင်ငံ၊ အေသင်ဌာနခွဲရုံးက လမ်းညွှန်ပေးသည်။ ၁၉၃၂ ခုနှစ်တွင် ဂရိနိုင်ငံမှ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးသည် ညီအစ်ကိုများကို အားပေးတည်ဆောက်ရန် အယ်လ်ဘေးနီးယားနိုင်ငံသို့ ရောက်ရှိလာသည်။ ထိုစဉ်က ကျမ်းစာအမှန်တရားကို သင်ယူလေ့လာထားသူအများစုသည် ကောင်းကင်မျှော်လင့်ချက်ရှိထားကြ၏။ သူတို့သည် သန့်ရှင်းဖြောင့်မတ်သူများအဖြစ် နာမည်ရထားသည့်အတွက် ရောက်လေရာရာတွင် ရိုသေလေးစားခံခဲ့ရသည်။ ထိုတည်ကြည်သော ညီအစ်ကိုများ၏လုပ်ဆောင်မှုသည် အလွန်အကျိုးဖြစ်ထွန်းခဲ့၏။ ၁၉၃၅ ခုနှစ်နှင့် ၁၉၃၆ ခုနှစ်အသီးသီးတွင် အယ်လ်ဘေးနီးယားနိုင်ငံ၌ ကျမ်းစာ,စာပေ ၆,၅၀၀ ခန့်ဝေငှခဲ့ကြသည်။
တစ်နေ့တွင် နာရှို အီဒရီဇီသည် ဗလိုရာမြို့လယ်ကောင်၌ ဂျေ. အက်ဖ်. ရက်သဖို့ဒ်၏ ဟောပြောချက်များကို ဓာတ်စက်ဖြင့် ဖွင့်ပြခဲ့၏။ လူတို့သည် မိမိတို့၏အလုပ်များကို ရပ်ထားလိုက်ကြပြီး ညီအစ်ကိုအီဒရီဇီက အယ်လ်ဘေးနီးယားဘာသာစကားဖြင့် ဘာသာပြန်ပေးသည်ကို လာရောက်နားထောင်ခဲ့ကြသည်။ ဤအစောပိုင်း ဇွဲကောင်းသော ကျမ်းစာသွန်သင်သူများ၏ စိတ်အားထက်သန်မှုကြောင့် အကျိုးရရှိခဲ့၏။ ၁၉၄၀ ပြည့်နှစ်ရောက်သော် အယ်လ်ဘေးနီးယားနိုင်ငံတွင် သက်သေခံအယောက် ၅၀ ရှိနေလေပြီ။
ဘုရားသခင်မဲ့ဝါဒကို လက်ကိုင်ထားသည့်နိုင်ငံ
၁၉၃၉ ခုနှစ်တွင် အီတလီဖက်ဆစ်ဝါဒီများသည် အယ်လ်ဘေးနီးယားနိုင်ငံကို သိမ်းပိုက်လိုက်ကြသည်။ ယေဟောဝါသက်သေများ၏ တရားဝင်အသိအမှတ်ပြုချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဟောပြောခြင်းလုပ်ငန်းကိုလည်း ပိတ်ပင်လိုက်၏။ ထို့နောက် များမကြာမီတွင် ဂျာမန်စစ်တပ်သည် အယ်လ်ဘေးနီးယားနိုင်ငံထဲ ကျူးကျော်ဝင်ရောက်လာခဲ့၏။ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားသောအခါ ဩဇာအာဏာရှိ စစ်ဘက်ခေါင်းဆောင်တစ်ဦးဖြစ်သူ အင်ဗာ ဟိုဂျာ နာမည်ရလာခဲ့သည်။ ၎င်း၏ကွန်မြူနစ်ပါတီသည် ၁၉၄၆ ခုနှစ် ရွေးကောက်ပွဲများတွင် အနိုင်ရရှိလိုက်ရာ သူသည် ဝန်ကြီးချုပ်ဖြစ်လာခဲ့၏။ ထိုအချိန်နောက်ပိုင်းနှစ်များကို လွတ်လပ်ရေးကာလဟု ခေါ်ဆိုခဲ့ကြသော်လည်း ယေဟောဝါ၏လူမျိုးတော်အတွက်မူကား ယင်းသို့သောအဓိပ္ပာယ် မထွက်ချေ။
ဘာသာတရားအပေါ် အစိုးရ၏အလျှော့ပေးလိုက်လျောမှုမှာ တဖြည်းဖြည်း လျော့နည်းသည်ထက် လျော့နည်းလာသည်။ ခရစ်ယာန်ကြားနေမှုကြောင့် အယ်လ်ဘေးနီးယားနိုင်ငံရှိ ယေဟောဝါသက်သေများသည် လက်နက်စွဲကိုင်ဖို့၊ နိုင်ငံရေးတွင်ပါဝင်ဖို့ ငြင်းဆန်ခဲ့ကြသည်။ (ဟေရှာယ ၂:၂-၄; ယောဟန် ၁၅:၁၇-၁၉) ညီအစ်ကိုများစွာကို ထောင်ချခဲ့ပြီး သူတို့သည် အစားအစာ သို့မဟုတ် အခြေခံလိုအပ်ရာများ မရရှိခဲ့ကြပါ။ များသောအားဖြင့် ထောင်ချမခံရသည့် ဝိညာဉ်ရေးညီအစ်မများက သူတို့အတွက် အဝတ်လျှော်ဖွပ်ပေး၊ ချက်ပြုတ်ပေးခဲ့ကြရ၏။
နှိပ်စက်ညှဉ်းပန်းခံရငြား မကြောက်ရွံ့
၁၉၄၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ပါမတ်ခရိုင်အနီးရှိ ရွာတစ်ရွာမှ ဖရိုစီနာ ဂျာကာဟုခေါ်သည့် ဆယ်ကျော်သက်တစ်ဦးသည် နာရှို ဒိုရီဟုခေါ်သော သက်သေခံ ဖိနပ်ချုပ်လုပ်ငန်းရှင်တစ်ဦးထံမှ ၎င်း၏အစ်ကိုများ သင်ယူသိရှိလာရာကို ကြားသိခဲ့သည်။ * အာဏာပိုင်များက သက်သေခံများကို ဖိနှိပ်ချုပ်ချယ်နေသည့်အပြင် မိဘများ မနှစ်သက်သည့်ကြားမှ ဖရိုစီနာ၏ယုံကြည်ခြင်းသည် ပို၍ခိုင်မာလာသည်။ “ခရစ်ယာန်အစည်းအဝေးတွေကို ကျွန်မသွားတက်မယ်ဆိုရင် ကျွန်မရဲ့ဖိနပ်တွေကို ဝှက်ထားတတ်တယ်၊ ကျွန်မကို ရိုက်လည်းရိုက်တယ်။ ကျွန်မကို မယုံကြည်သူတစ်ဦးနဲ့ အိမ်ထောင်ချပေးဖို့ အတင်းကြိုးစားကြတယ်။ ကျွန်မငြင်းလိုက်တော့ ကျွန်မကို အိမ်ကနေ နှင်ချလိုက်တယ်။ အဲ့ဒီနေ့က ဆီးနှင်းတွေကျတဲ့နေ့ပဲ။ နာရှို ဒိုရီက ကျွန်မကို ကူညီပေးဖို့ ဂျီရိုကက်စတာမြို့က ညီအစ်ကို ဂိုလာ ဖလိုကို,ကို အကူအညီတောင်းလိုက်တယ်။ သူ့ရဲ့မိသားစုနဲ့ အတူနေဖို့ သူတို့စီစဉ်ပေးခဲ့တယ်။ ကျွန်မရဲ့အစ်ကိုတွေလည်း ကြားနေမှုကြောင့် နှစ်နှစ် ထောင်ချခံခဲ့ရတယ်။ သူတို့လွတ်လာပြီးတဲ့နောက် သူတို့နဲ့အတူနေဖို့ ဗလိုရာမြို့ကို ကျွန်မပြောင်းသွားတယ်။
“နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ဖို့ ကျွန်မကို ရဲတွေက အတင်းဖိအားပေးကြတယ်။ ကျွန်မငြင်းလိုက်တယ်။ ကျွန်မကို သူတို့ဖမ်းသွားပြီး အခန်းတစ်ခန်းထဲ ခေါ်သွားတယ်၊ ပြီးတော့ ကျွန်မကို ဝိုင်းထားလိုက်ကြတယ်။ အဲဒီလူတွေထဲက တစ်ယောက်က ‘မင်းကို ငါတို့ ဘာလုပ်နိုင်တယ်ဆိုတာ သိသလား’ လို့ ကျွန်မကို ခြိမ်းခြောက်တယ်။ ကျွန်မကလည်း ‘ယေဟောဝါခွင့်ပြုတာကိုပဲ ရှင်တို့လုပ်နိုင်မှာပါ’ လို့ ပြန်ဖြေလိုက်တယ်။ ဒါနဲ့ သူက ‘မင်းတော့ရူးနေပြီ။ ဒီကနေ ထွက်သွား’ လို့ ပြန်အော်ပြောတယ်။”
ထိုနှစ်များတစ်လျှောက် အယ်လ်ဘေးနီးယားညီအစ်ကိုများသည် သစ္စာစောင့်သိခဲ့ကြ၏။ ၁၉၅၇ ခုနှစ်ရောက်သော် အများဆုံးကြေညာသူ ၇၅ ယောက်အထိ ရောက်ရှိသွားခဲ့၏။ ၁၉၆၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ခရစ်ယာန်လုပ်ငန်းကို စနစ်တကျဖွဲ့စည်းရန် ယေဟောဝါသက်သေများ၏ ဌာနချုပ်သည် အမေရိကန်ပြည်ထောင်စုတွင် လာရောက်နေထိုင်နေသည့် အယ်လ်ဘေးနီးယားလူမျိုးဖြစ်သူ ဂျော်န် မာ့ခ်စ်အား တီရာနာမြို့သို့ လည်ပတ်စေခဲ့သည်။ * သို့သော် များမကြာမီတွင် လူချီ ဂျာကာ၊ မီဟဲလ် စဗာဇီ၊ လာအိုနီသာ ပိုပါနှင့် အခြားသော တာဝန်ရှိညီအစ်ကိုများသည် အလုပ်ကြမ်းစခန်းများသို့ အပို့ခံလိုက်ရလေသည်။
ခက်ခဲသောအခြေအနေမှ မျှော်လင့်ချက်ရောင်ခြည်
၁၉၆၇ ခုနှစ်မတိုင်မီက အယ်လ်ဘေးနီးယားနိုင်ငံတွင် ဘာသာတရားအားလုံးကို မနှစ်သက်ကြပါ။ နောက်ပိုင်းတွင် လုံးဝခွင့်မပြုတော့ချေ။ ကက်သလစ်ဘုန်းကြီးများ၊ ဩသဒေါက်စ်ဘုန်းကြီးများ သို့မဟုတ် မွတ်စလင်ဆရာကြီးများသည် ဘာသာရေးထုံးတမ်းများကို ဆောင်ရွက်ခွင့်မရကြတော့ပေ။ ချာ့ခ်ျများနှင့် ဗလီများ အပိတ်ခံလိုက်ရ၏၊ သို့မဟုတ် အားကစားရုံများ၊ ပြတိုက်များနှင့် ဈေးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ မည်သူမျှ ကျမ်းစာအုပ် ကိုင်ဆောင်ခွင့်မရှိတော့။ ဘုရားသခင်အား ယုံကြည်ပါသည်ဟုလည်း ထုတ်ဖော်ပြောဆိုခွင့် မရကြတော့ချေ။
ဟောပြောဖို့၊ အတူတကွ ဝတ်ပြုစည်းဝေးဖို့ဟူမူကား မဖြစ်နိုင်တော့ပေ။ သက်သေခံညီအစ်ကိုများသည် တစ်သီးတခြားစီ ရှိနေကြသော်လည်း ယေဟောဝါ၏အမှုတော်ကို အတတ်နိုင်ဆုံး ကြိုးစားထမ်းဆောင်ခဲ့ကြသည်။ ၁၉၆၀ ပြည့်လွန်နှစ်များမှစ၍ ၁၉၈၀ ပြည့်လွန်နှစ်များတစ်လျှောက် သက်သေခံအရေအတွက်မှာ လက်တစ်ဆုပ်စာသာရှိသော်လည်း ဝိညာဉ်ရေးတွင်မူ ခိုင်ခံ့ခဲ့ကြ၏။
၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် အယ်လ်ဘေးနီးယားနိုင်ငံ၏ နိုင်ငံရေးသည် တဖြည်းဖြည်း ပြောင်းလဲလာခဲ့၏။ စားစရာ၊ ဝတ်စရာ ရှားပါးလာ၏။ လူတို့မှာ မပျော်မရွှင်ဖြစ်နေကြ၏။ အရှေ့ဥရောပတစ်ဝန်းလုံးသို့ အဟုန်ပြင်းစွာ ပျံ့နှံ့နေသည့် ပြုပြင်ပြောင်းလဲမှုများသည် ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် အယ်လ်ဘေးနီးယားနိုင်ငံသို့ ရောက်ရှိလာလေသည်။ ၄၅ နှစ်ကြာ အကြွင်းမဲ့အာဏာရှင်စနစ် ကျင့်သုံးပြီးနောက် အစိုးရအသစ်သည် ဘာသာရေးလွတ်လပ်ခွင့်ကို တစ်ဖန် ပေးခဲ့သည်။
ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်မှုဖြင့် ဩစတြီးယားဌာနခွဲရုံးနှင့် ဂရိဌာနခွဲရုံးတို့သည် ဒေသခံ အယ်လ်ဘေးနီးယား ညီအစ်ကိုများနှင့် အလျင်အမြန် ဆက်သွယ်လေတော့၏။ အယ်လ်ဘေးနီးယားဘာသာစကားတတ်ကြသည့် ဂရိညီအစ်ကိုများသည် ဘာသာပြန်ဆိုပြီးခါစ ကျမ်းစာ,စာပေတချို့ကို တီရာနာနှင့် ဘရက်မြို့သို့ ယူဆောင်လာခဲ့ကြသည်။ နှစ်ပေါင်းများစွာကြာမှ ဦးဆုံးအကြိမ်အနေနှင့် တိုင်းတစ်ပါးမှ ညီအစ်ကိုများကို တွေ့ဆုံလိုက်ရသည့်အခါ ယခင်က လူစုကွဲခဲ့ကြသည့် ဒေသခံညီအစ်ကိုများခမျာ ဝမ်းမြောက်မဆုံး ဖြစ်ရလေတော့သည်။
စိတ်အားထက်သန်သော တိုင်းတစ်ပါး ရှေ့ဆောင်များလုပ်ငန်းတော်ကို ဦးဆောင်
၁၉၉၂ ခုနှစ် အစောပိုင်းတွင် အုပ်ချုပ်ရေးအဖွဲ့သည် အယ်လ်ဘေးနီးယားနောက်ခံရှိသည့် ခရစ်ယာန်သာသနာပြုဇနီးမောင်နှံ မိုက်ကယ်လ်နှင့် လင်ဒါ ဒီဂရီဂေါ်ရီယိုတို့အား အယ်လ်ဘေးနီးယားနိုင်ငံသို့ ပြောင်းရွှေ့စေခဲ့၏။ ထိုဇနီးမောင်နှံသည် အသက်အရွယ်ကြီးရင့်နေသော တည်ကြည်သူတို့ကို အဆက်အသွယ်လုပ်ကာ အပြည်ပြည်ဆိုင်ရာ ဝိညာဉ်ရေးမိသားစုထဲသို့ ပြန်၍ပါဝင်စေခဲ့ကြသည်။ အလုပ်ကြိုးစားသော အီတလီလူမျိုး အထူးရှေ့ဆောင် ၁၆ ဦးပါ အုပ်စုတစ်စုသည် ဂရိရှေ့ဆောင်လေးဦးနှင့်အတူ နိုဝင်ဘာလတွင် ရောက်ရှိလာကြ၏။ ဒေသခံဘာသာစကားကို ထိုရှေ့ဆောင်များ ပြောတတ်ဆိုတတ်ရန် ဘာသာစကားသင်တန်း ပေးခဲ့သည်။
ထိုတိုင်းတစ်ပါးရှေ့ဆောင်များအတွက် နေ့စဉ်ဘဝက ခက်ခဲကြမ်းတမ်းလှ၏။ လျှစ်စစ်မီးက မမှန်၊ ဆောင်းရာသီတွင်လည်း အေး၍ စွတ်စိုထိုင်းမှိုင်းသည်။ လူတို့သည် အစားအစာနှင့် အခြားသော ဘဝလိုအပ်ရာများအတွက် နာရီနှင့်ချီ၍ တန်းစီစောင့်နေကြရ၏။ ထို့ပြင် ညီအစ်ကိုများအတွက် အကြီးမားဆုံး အခက်အခဲမှာ အမှန်တရားကို တုံ့ပြန်လာကြသည့် စိတ်ဝင်စားသူလူအုပ်ကြီး နေထိုင်နိုင်လောက်အောင် ကြီးမားသော နေအိမ်များ ရှာတွေ့ရန်ဖြစ်လေသည်။
ဘာသာစကားသည် ရည်ရွယ်ချက်ကို ပေါက်မြောက်စေသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း အယ်လ်ဘေးနီးယားဘာသာစကားကို ကြိုးစားပြောဆိုနေကြသည့် ရှေ့ဆောင်များ သဘောပေါက်လာကြ၏။ အတွေ့အကြုံရှိ ကျမ်းစာသွန်သင်သူတစ်ဦးက ဤသို့ဆိုလေသည်– “ညီအစ်ကိုတွေနဲ့ ခင်မင်ရင်းနှီးလာဖို့ဆိုတာက စကားကို သဒ္ဒါနည်းကျကျ ပြောတတ်ဖို့မလိုပါဘူး။ အယ်လ်ဘေးနီးယားလူမျိုးတွေက သဒ္ဒါနည်းကျကျ ပြောတတ်တာကိုမဟုတ်ဘဲ သင့်ရဲ့မေတ္တာကို တုံ့ပြန်ကြမှာဖြစ်တယ်။ စိတ်မပူနဲ့၊ သူတို့ နားလည်ကြမှာပါ။”
ပထမအကြိမ် ဘာသာစကားသင်တန်းပြီးနောက် ရှေ့ဆောင်များသည် ဘရက်၊ ဒူရက်စ်၊ ဂျီရိုကက်စတာမြို့၊ ရှခိုဒါ၊ တီရာနာနှင့် ဗလိုရာမြို့များတွင် အမှုဆောင်ခဲ့ကြသည်။ များမကြာမီ ထိုမြို့များတွင် အသင်းတော်များ တစ်ဟုန်ထိုး ပေါ်ပေါက်လာခဲ့၏။ ယခု အသက် ၈၀ ရှိနေပြီဖြစ်ကာ ကျန်းမာရေးချို့တဲ့နေသော အာရာတီ ပီနာသည် ဗလိုရာမြို့တွင် နေထိုင်ဆဲရှိသည်။ အထူးရှေ့ဆောင်နှစ်ဦးကို အာရာတီနှင့်အတူ ဟောပြောရန် ထိုမြို့သို့ စေလွှတ်လိုက်ကြ၏။ လူတို့သည် တိုင်းတစ်ပါးသားများ အယ်လ်ဘေးနီးယားဘာသာစကား ပြောဆိုနေမှုကြောင့် အံ့ဩတကြီးဖြင့် ဤသို့ပြောဆိုကြသည်– “တခြားဘာသာရေးအုပ်စုက သာသနာပြုတွေဟာ ကျွန်တော်တို့ ဆန္ဒရှိမယ်ဆိုရင် အင်္ဂလိပ် ဒါမှမဟုတ် အီတလီဘာသာစကားတစ်ခုခုကို သင်ယူစေတယ်။ ခင်ဗျားတို့ကျတော့ အယ်လ်ဘေးနီးယားဘာသာစကားကို တကယ်တတ်အောင်သင်ယူတာက ကျွန်တော်တို့ကို တကယ်ချစ်ပြီး အရေးကြီးတဲ့သတင်းပြောပြချင်လို့ ဖြစ်ရမယ်။” အာရာတီသည် ၁၉၉၄ ခုနှစ် ဇန်နဝါရီလတွင် သူ၏မြေကြီးအသက်တာကို တည်ကြည်စွာ ကုန်ဆုံးစေခဲ့ပြီး နောက်ဆုံးလအထိ တက်တက်ကြွကြွ ဟောပြောခဲ့သည်။ သူနှင့် ရှေ့ဆောင်များ တင်ပြခဲ့ကြသည့် စိတ်အားထက်သန်မှုကြောင့် ကောင်းချီးခံစားခဲ့ရ၏။ ၁၉၉၅ ခုနှစ်တွင် ဗလိုရာမြို့၌ အသင်းတော်တစ်ခုကို ပြန်လည်တည်ထောင်ခဲ့သည်။ ယနေ့ ထိုဆိပ်ကမ်းမြို့တွင် တိုးတက်သည့် အသင်းတော်သုံးခုသည် ဟောပြောခြင်းတွင် အလုပ်များလျက်ရှိနေလေပြီ။
ထိုနိုင်ငံတစ်ဝန်းလုံးရှိ လူတို့သည် ဝိညာဉ်ရေးတွင် ဆာငတ်မွတ်သိပ်နေကြပြီး ဘာသာရေးစိတ်စွန်းကွက်မှု မရှိသလောက်ဖြစ်၏။ လူတို့သည် သက်သေခံများမှတစ်ဆင့် ရရှိလာသည့် ကျမ်းစာအခြေပြု စာပေမျိုးစုံကို လက်ခံကာ အငမ်းမရ ဖတ်ရှုကြသည်။ လူငယ်လူရွယ်များစွာ ကျမ်းစာလေ့လာကြပြီး မြန်မြန်ဆန်ဆန်ပင် တိုးတက်လာကြ၏။
နိုင်ငံတစ်ဝန်းလုံးရှိ အသင်းတော်နှင့် အုပ်စုပေါင်း ၉၀ ကျော်တို့သည် “ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြ၏။” (တမန်တော် ၁၆: ၅) အယ်လ်ဘေးနီးယားနိုင်ငံရှိ သက်သေခံ ၃,၅၁၃ ဦးတွင် လုပ်ဆောင်စရာများစွာ ရှိနေပါသေးသည်။ ၂၀၀၅ ခုနှစ် မတ်လ၌ ခရစ်တော်၏သေခြင်း သတိရအောက်မေ့ပွဲကို ၁၀,၁၄၄ ဦး တက်ရောက်ခဲ့ကြသည်။ ဟောပြောခြင်းလုပ်ငန်းတွင် ဧည့်ဝတ်ကျေပွန်သူများနှင့် ဆွေးနွေးခဲ့ရသည့်အတွက် ကျမ်းစာသင်အံမှုပေါင်း ၆,၀၀၀ ကျော် ရရှိခဲ့ကြသည်။ မကြာသေမီးက အယ်လ်ဘေးနီးယားဘာသာစကားဖြင့် ကမ္ဘာသစ် ဘာသာပြန်ကျမ်းကို ထုတ်ဝေခဲ့ရာ လူထောင်ပေါင်းများစွာ အကျိုးရရှိပါလိမ့်မည်။ ယေဟောဝါအား ချီးမွမ်းသည့်အနေနှင့် “လင်းယုန်တိုင်းပြည်” တွင် ယေဟောဝါ၏စကားတော်သည် အမှန်ပင်တိုးပွားနေလေပြီ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 8 သာနက်စ် ဒူလီ၏ ဘဝအတ္ထုပ္ပတ္တိကို ၁၉၆၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်တွင် ရှု။
^ အပိုဒ်၊ 16 နာရှို ဒိုရီ၏ဘဝအတ္ထုပ္ပတ္တိကို ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်တွင် ရှု။
^ အပိုဒ်၊ 18 ဂျော်န် မာ့ခ်စ်၏ဇနီး ဟယ်လင်၏ ဘဝအတ္ထုပ္ပတ္တိကို ၂၀၀၂ ခုနှစ် ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်ကို ရှု။
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]
ကိုဆိုဗိုတွင် လူမျိုးစုပဋိပက္ခ ပပျောက်သွား
ပိုင်နက်အငြင်းပွားမှုများနှင့် အမြစ်တွယ်နေသည့် လူမျိုးစု မုန်းတီးမှုတို့ကြောင့် စစ်ဖြစ်ခဲ့ရပြီး အပြည်ပြည်ဆိုင်ရာမှ ကြားဝင်စွက်ဖက်ခြင်း ခံခဲ့ရသည့် ကိုဆိုဗိုသည် ၁၉၉၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် နိုင်ငံတကာသိ ဖြစ်လာလေ၏။
ဘော်လ်ကန်ဒေသတွင် စစ်ဖြစ်နေစဉ်အတွင်း သက်သေခံများစွာသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ၏။ စစ်ရှိန်လျော့သွားသောကြောင့် အုပ်စုလေးတစ်စုသည် ကိုဆိုဗိုသို့ ပြန်လာပြီး သက်သေခံရန် အဆင်သင့်ဖြစ်နေကြသည်။ အယ်လ်ဘေးနီးယားလူမျိုးနှင့် အီတလီလူမျိုး အထူးရှေ့ဆောင်များသည် လူဦးရေ ၂,၃၅၀,၀၀၀ ကိုအကူအညီပေးရန် ကိုဆိုဗိုသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ဤနယ်မြေရှိ အသင်းတော်လေးခုနှင့် တက်ကြွသည့် အုပ်စုခြောက်ခုတွင် ကြေညာသူ ၁၃၀ ခန့်ရှိကာ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်လျက်ရှိ၏။
၂၀၀၃ ခုနှစ် နွေဦးတွင် ပရီရှ်တီနာမြို့၌ အထူးစည်းဝေးနေ့ကျင်းပရာ ၂၅၂ ဦး တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာသူတို့မှာ အယ်လ်ဘေးနီးယားလူမျိုး၊ ဂျာမန်လူမျိုး၊ ဂျစ်ပစီလူမျိုး၊ အီတလီလူမျိုးနှင့် ဆားဗီးယားလူမျိုး နောက်ခံများမှ ဖြစ်ကြ၏။ နှစ်ခြင်းဟောပြောချက်အပြီးတွင် ဟောပြောသူက မေးခွန်းနှစ်ခု မေးခဲ့သည်။ အယ်လ်ဘေးနီးယားလူမျိုးစုဝင်တစ်ဦး၊ ဂျစ်ပစီလူမျိုးတစ်ဦးနှင့် ဆားဗီးယားလူမျိုးတစ်ဦးတို့က အဖြေပေးရန် မတ်တတ်ရပ်လိုက်ကြသည်။
နှစ်ခြင်းယူမည့်သူသုံးဦးက “ဗာ၊” “ဒါ၊” နှင့် “ပို” ဟူ၍ ကျယ်လောင်စွာ သံပြိုင်ဖြေဆိုကြသည်ကို ပရိသတ်ကြားပြီးသည့်နောက် မိုးခြိမ်းသံပမာ လက်ခုပ်တီးသံများ ထွက်ပေါ်လာလေသည်။ ထို့နောက် သူတို့သုံးဦးသည် တစ်ဦးကိုတစ်ဦး ပွေ့ဖက်လိုက်ကြသည်။ သူတို့နေထိုင်သောဒေသကို အတိဒုက္ခရောက်စေခဲ့သည့် နက်ရှိုင်းစွာ အမြစ်တွယ်နေသော လူမျိုးစုပြဿနာများအတွက် သူတို့ အဖြေရသွားကြပြီ။
[စာမျက်နှာ ၁၇ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
မြေထဲပင်လယ်
အီတလီ
အယ်လ်ဘေးနီးယား
ဂရိ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
အသက်ကြီးသူများ၏ စိတ်အားထက်သန်မှုကိုသက်သေခံလူငယ်များ အတုယူကြ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
အာရာတီ ပီနာသည် ၁၉၂၈ ခုနှစ်မှစ၍ ၁၉၉၄ ခုနှစ်၊ သူသေဆုံးချိန်အထိတည်ကြည်စွာ အမှုဆောင်ခဲ့
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
တိုင်းတစ်ပါးရှေ့ဆောင်များမှ ပထမဦးဆုံးအုပ်စုဘာသာစကားသင်တန်း တက်ရောက်နေကြ
[Picture Credit Line on page 16]
လင်းယုန်– © Brian K. Wheeler/VIREO