မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

လက်နက်ကိုင်​ဆောင်​ရသည့် အလုပ်အကိုင်​မျိုးကို ခရစ်ယာန်​တစ်ဦး လက်ခံ​မည်​ဆိုပါ​က ကိုယ်ကို​ကိုယ်​သိသောစိတ် ကြည်လင်​နိုင်​ပါ​မည်​လော။

ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များသည် မိသားစု​၏​စား​ဝတ်​နေ​ရေး​ကို ထောက်ပံ့​ပေး​ရန်​ဟူသော ဘုရားသခင်​ပေး​တာဝန်​ကို အလေးအနက်​ထား​ကြ​ပါ​သည်။ (၁ တိမောသေ ၅:၈) သို့ရာတွင် အချို့​သော​အလုပ်အကိုင်​မျိုးမှာ ကျမ်းစာ​မူများ​ကို လုံးလုံး​ချိုးဖောက်​ရာ​ရောက်​သဖြင့် ရှောင်ကြဉ်​သင့်​ပေ​သည်။ ထို​တွင် လောင်းကစားခြင်း၊ သွေး​ကို​အလွဲသုံးစား​ပြုခြင်း​နှင့် ဆေး​ရွက်​ကြီး​ထွက်​ပစ္စည်း​များ​သုံး​ရန် အားပေး​အား​မြှောက်​ပြုခြင်း​တို့​နှင့်​ဆက်နွှယ်သော အလုပ်အကိုင်​များ​ပါဝင်​သည်။ (ဟေရှာယ ၆၅:၁၁; တမန်​တော် ၁၅:၂၉; ၂ ကောရိန္သု ၇:၁; ကောလောသဲ ၃:၅) သမ္မာကျမ်းစာ​တွင် အတိအလင်း​တားမြစ်​ထားခြင်း မရှိ​သော်လည်း လူတစ်ဦး​၏​ကိုယ်ကို​သိသောစိတ်​ကို​ဖြစ်စေ၊ အခြားသူများ​၏​စိတ်​ကို​ဖြစ်စေ အနှောင့်အယှက်​ပေး​နိုင်​သည့် အလုပ်အကိုင်​မျိုး​လည်း​ရှိပါ​သေး​သည်။

သေနတ် သို့​မဟုတ် အခြား​လက်နက်​တစ်မျိုး ကိုင်ဆောင်​ရသည့် လောက​အလုပ် လုပ်ကိုင်​ခြင်း​သည် ကိုယ်ပိုင်​ဆုံးဖြတ်ချက်​ဖြစ်၏။ သို့သော် လက်နက်ကိုင်​ဆောင်​ရသော​အလုပ်​သည် လက်နက်​သုံးဖို့​လိုအပ်​လာ​ပါ​က လူတစ်ဦးကို သွေးပြစ်​မကင်း​သူ​ဖြစ်လာ​စေရန် အကြောင်း​များသည်။ ထို့​ကြောင့် ခရစ်ယာန်​တစ်ဦး​သည် လူ့​အသက် ပါဝင်​ပတ်သက်​နေသော အရေးပေါ်​ဆုံးဖြတ်ချက်​ချ​ရမည့်​ကိစ္စ​ကို လက်ခံ​နိုင်​မ​နိုင် ဆုတောင်း​ပြီး​သုံးသပ်​ဖို့​လို​သည်။ ထို့​ပြင် လက်နက်ကိုင်​ဆောင်ထား​ခြင်း​သည် တိုက်ခိုက်​သည့်​အခါ သို့​မဟုတ် ခုခံ​သည့်​အခါ ဒဏ်ရာ​ရစေ သို့​မဟုတ် သေစေနိုင်​သည်။

လူတစ်ဦး​၏​ဆုံးဖြတ်ချက်​သည် အခြားသူများ​ကိုလည်း အကျိုး​သက်ရောက်​နိုင်​သည်။ ဥပမာ၊ ခရစ်ယာန်​တစ်ဦး၏​အဓိက​တာဝန်​မှာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​ဖြစ်သည်။ (မဿဲ ၂၄:၁၄) လက်နက်ကိုင်​ဆောင်​သည့်​အလုပ်​ဖြင့် အသက်မွေး​ဝမ်း​ကြောင်း​ပြု​နေစဉ် “လူအပေါင်း​တို့​နှင့် အသင့်အတင့်​နေ” ရန် အခြား​သူများကို သူ​သွန်သင်ပေး​နိုင်​ပါ​မည်​လော။ (ရောမ ၁၂:၁၈) သူ၏​သားသမီး​များနှင့် ကျန်​မိသားစုဝင်​များနှင့်​ပတ်သက်​၍​ကော။ အိမ်​တွင် သေနတ်​ရှိ​ထားခြင်း​က သူတို့​အတွက် အသက်​အန္တရာယ်​ရှိ​နိုင်​မည်​လော။ ထို့​ထက်​ကား အဆိုပါ​ကိစ္စ​တွင် သူ၏​ရပ်တည်​ပုံ​ကြောင့် အခြား​သူများကို ထိမိ​၍​လဲ​စေနိုင်​သလော။—ဖိလိပ္ပိ ၁:၁၀၊ ၁၁

ဤ “နောက်ဆုံးသော​နေ့ရက်​များ” တွင် ‘ကြမ်းကြုတ်​သော၊ အကောင်း​ကို​မုန်း​သော’ သူများ များသည်ထက်​များ​လာ​သည်။ (၂ တိမောသေ ၃:၁၊သမ္မာ) ယင်းကို​သိရှိ​ထား​သူ​တစ်ဦး​သည် ထိုသို့​သော​သူများ​နှင့် ပဋိပက္ခ​ဖြစ်စေ​နိုင်သော လက်နက်ကိုင်​ဆောင်​ရသည့်​အလုပ်ကို လုပ်ကိုင်​မည်​ဆိုလျှင် “အပြစ်တင်​ခွင့်​နှင့်​ကင်းလွတ်” နိုင်​ပါ​မည်​လော။ (၁ တိမောသေ ၃:၁၀) ဝေးလေစွ။ ထို​အကြောင်းကြောင့် သမ္မာကျမ်းစာ​ဖြင့် ကြင်နာ​စွာ​ဆုံးမ​ခံရ​ပြီး​နောက် ဆက်၍​လက်နက်ကိုင်​ဆောင်​နေ​သူ​တစ်ဦး​ကို အသင်းတော်က ‘အပြစ်ဆိုဖွယ်​မရှိသူ’ အဖြစ် ယူမှတ်​လိမ့်​မည်​မဟုတ်ပါ။ (၁ တိမောသေ ၃:၂; တိတု ၁:၅၊ ၆) ထို့​ကြောင့် ထိုသို့​သော​အမျိုးသား၊ အမျိုးသမီး​တစ်ဦး​သည် အသင်းတော်တွင် မည်သည့်​အခွင့်အရေး​ကို​မျှ ရရှိ​မည်​မဟုတ်ပါ။

မိမိတို့​ဘဝတွင် ဘုရားသခင့် နိုင်ငံတော်​အကျိုး​စီးပွား​ကို ဦးစား​ထား​ပါ​က ဘဝ​လိုအပ်ရာ​များ​အတွက် အစိုးရိမ်လွန်​ဖို့​မလို​ကြောင်း တပည့်​များ​ကို ယေရှု​အာမခံခဲ့​သည်။ (မဿဲ ၆:၂၅၊ ၃၃) မှန်ပါသည်၊ ယေဟောဝါ​၌ အကြွင်းမဲ့ယုံ​ကြည်​ကိုးစား​ပါ​က “[ကျွန်ုပ်​တို့] ကို မစ​တော်​မူ​မည်။ ဖြောင့်မတ်​သော​သူကို အစဉ်အမြဲ လှုပ်ရှား​စေ​တော်​မ​မူ​ရာ။”—ဆာလံ ၅၅:၂၂