မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်စုံတစ်ဦးသည်လောကကို အမှန်ပြောင်းလဲနိုင်မည်လော

တစ်စုံတစ်ဦးသည်လောကကို အမှန်ပြောင်းလဲနိုင်မည်လော

တစ်စုံ​တစ်ဦး​သည်​လောကကို အမှန်ပြော​င်း​လဲ​နိုင်​မည်​လော

“ဆင်းရဲသား​များ အတောင့်တဆုံး​မှာ​ငြိမ်သက်​လုံခြုံမှု​ဖြစ်သည်။ ထို့နောက်​၎င်း​တို့​ဘဝ တိုးတက်​ကောင်းမွန်​စေ​မည့် အခွင့်အလမ်း​များ ရ​လို​ကြသည်။ ချမ်းသာ​သော​နိုင်ငံ​များနှင့် ချမ်းသာ​သော​ကုမ္ပဏီ​များ​၏​ကြီးစိုးမှု​ကြောင့် ၎င်းတို့၏​ကြိုးစား​မှုများ မပျက်​ပြား​အောင် မျှတမှု​ရှိသော ပြည်တွင်း၊ အပြည်ပြည်ဆိုင်ရာ​နည်း​စနစ်​များ​ကို လိုလား​ကြသည်​ဟု ဆို​ကြသည်။”

ယင်းသည် နိုင်ငံတကာ​ကယ်ဆယ်​ရေး​အေဂျင်စီ​တစ်ခု​မှ ဒါရိုက်တာ​တစ်ဦး​က ဆင်းရဲသား​တို့၏ မျှော်လင့်​တောင့်တ​မှု​အကြောင်း ဖော်ပြချက်​ဖြစ်သည်။ သူ၏​စကား​များ​က ကမ္ဘာ​ပေါ်​ရှိ အဖြစ်ဆိုး​များနှင့် မတရားမှုများ​ကို ကြုံတွေ့​ခံစား​နေရသူ​တို့၏​ဆန္ဒ​ကို ကောင်းစွာ​ဖော်ပြ​သည်။ သူတို့​အားလုံး​သည် ငြိမ်သက်​လုံခြုံ​သော ကမ္ဘာ​တစ်ခု​ကို တမ်းတ​ကြသည်။ ထို​ကမ္ဘာ​မျိုး အမှန်​ဖြစ်လာ​နိုင်​ပါ​မည်​လော။ တစ်စုံ​တစ်ဦး​တွင် မတရား​သည့်​လောကကို အမှန်တကယ်​ပြောင်းလဲ​ပစ်​နိုင်​မည့် အစွမ်း​တန်ခိုး​ရှိပါ​သလော။

ပြောင်းလဲ​ရန် ကြိုးစား​မှုများ

လူများစွာ ကြိုးစား​ခဲ့​ကြပြီ။ ဥပမာ၊ ၁၉ ရာစု​မှ အင်္ဂလိပ်​အမျိုးသမီး ဖ​လောရင့်​နိုက်တင်ဂေး​သည် လူနာများ​ကို သန့်သန့်ရှင်းရှင်း၊ ကြင်ကြင်နာနာ​ပြုစုပေး​ရန် မိမိ​ဘဝကို မြှုပ်နှံ​ခဲ့​သည်။ ပိုးသတ်ဆေး​များ၊ ပဋိဇီဝဆေး​များ​မပေါ်မီ သူ့​ခေတ်​အခါ​က ဆေးရုံ​၏​လူနာ​ပြုစု​မှု​သည် ယခု​ခေတ်​နှင့်​မတူ​ချေ။ “သူနာပြု​များသည် ပညာ​မတတ်​ကြ၊ မသန့်ရှင်း​ကြ၊ မူးယစ်​သောက်​စား​ပြီး အကျင့်ပျက်​ခြင်း​ကြောင့် နာမည်​ဆိုး​ထွက်​ခဲ့​သည်” ဟု စာအုပ်​တစ်အုပ်​က​ဆို​၏။ သူနာပြု​လောကကို ပြောင်းလဲ​သွား​အောင် ဖ​လောရင့်​နိုက်တင်ဂေး​၏ ကြိုးစား​မှုများ အောင်မြင်​ခဲ့​ပါသလော။ အောင်မြင်​ခဲ့​သည်။ အလားတူ​ပင် ဂရုစိုက်​တတ်​ပြီး အနစ်နာခံ​တတ်​သည့် လူပေါင်း​များစွာကလည်း စာပေ​တတ်မြောက်​ရေး၊ ပညာရေး၊ ဆေးဝါး၊ အိုးအိမ်၊ ကျွေးမွေး​ရေး​အစီအစဉ်​အစ​ရှိသည့် ဘဝ​ကဏ္ဍ​များစွာ​တွင် ထူးထူးခြားခြား​အောင်မြင်မှု ရရှိခဲ့​ကြသည်။ ထို့​ကြောင့် အခွင့်မသာ​သူ သန်းပေါင်း​များစွာ​၏ ဘဝ​အရည်အသွေးကို ထူးထူးခြားခြား တိုးတက်​ကောင်းမွန်​စေ​ခဲ့​ပေ​ပြီ။

သို့​တိုင် လျစ်လျူရှု​၍​မရနိုင်​သည့် မနှစ်မြို့ဖွယ်​ဖြစ်ရပ်မှန်များ​ရှိ​နေသည်။ သန်းပေါင်း​များစွာ​သည် စစ်၊ ရာဇဝတ်မှု၊ ရောဂါ၊ ငတ်မွတ်​ခြင်း​နှင့် အခြား​ဘေးဆိုးများ​ကို ခံစား​နေရ​ဆဲ​ဖြစ်သည်။ “ဆင်းရဲ​နွမ်းပါး​မှု​ကြောင့် နေ့စဉ် လူပေါင်း ၃၀,၀၀၀ သေဆုံး​ရသည်” ဟု​အိုင်ယာလန်​ထောက်ပံ့ရေး​အေဂျင်စီ​က ဆို​သည်။ ရာစုနှစ်​တစ်လျှောက် ပြုပြင်​ပြောင်းလဲရေး​ဝါဒီ​များစွာ ပစ်မှတ်​ထားခဲ့​သော ကျွန်​စနစ်​ပင် ယနေ့​ထိ​ရှိနေဆဲ​ဖြစ်သည်။ “အတ္တလန္တိတ်​ကျွန်​ကုန်ကူး​သည့်​ခေတ်တွင် အာဖရိက​မှ ခိုးယူ​သွား​သည့် ကျွန်​အားလုံး​ထက် ယနေ့ခေတ်​ကျွန်​က ပို​များနေ​သည်” ဟု​တစ်ခါ​သုံး​လူသား—ကမ္ဘာ့​စီးပွားရေး​စနစ်​၏ ကျေးကျွန်​သစ်​က ဖော်ပြ​သည်။

တည်မြဲ​ပြီး အပြီး​တိုင်​ပြောင်းလဲရေး​အတွက် လူတို့၏​ကြိုးပမ်းမှု​များ​ကို အဘယ်အရာက ဟန့်တား​နေသနည်း။ ချမ်းသာသူ​တို့၏​လုပ်ပိုင်ခွင့်​နှင့် ဩဇာ​ကြီးစိုး​ခြင်း​သက်​သက်​ကြောင့်​လော၊ ထို​ထက်မက ပါဝင်​ပတ်သက်​သလော။

ပြောင်းလဲ​ရန် အဟန့်အတား​များ

သမ္မာကျမ်းစာ​အရ အမှန်တကယ် တရား​မျှတ​သည့်​လောက​ဖြစ်စေ​ရန် လူ့​ကြိုးပမ်းမှု​မှန်သမျှ​အတွက် အကြီးမားဆုံး​အဟန့်အတား​မှာ စာတန်​ပင်​ဖြစ်သည်။ ‘လောကသား​အပေါင်းတို့သည် စာတန်​၏​လက်၌ ရှိကြသည်’ ဟု​တမန်​တော်​ယောဟန်​က ပြော​ခဲ့​သည်။ (၁ ယောဟန် ၅:၁၉) ယခု​ပင် စာတန်​သည် “လောက​တစ်နိုင်ငံ​လုံး​ကို လှည့်ဖြား” နေသည်။ (ဗျာ. ၁၂:၈) ၎င်း​၏​ဆိုးညစ်သော​လွှမ်းမိုးမှု​များ ဖယ်ရှား​မခံရ​မချင်း ဆိုးညစ်မှု​နှင့် မတရားမှု​ဒဏ်​ခံရ​သူများ ရှိနေ​ဦး​မည်​သာ။ ဤ​ဝမ်းနည်းဖွယ်​အခြေအနေ​မျိုး မည်သို့​ရောက်​ခဲ့​ရသနည်း။

ကျွန်ုပ်​တို့၏​ကနဦး​မိဘ အာဒံ​နှင့်​ဧဝ​တို့သည် လူ့​မိသားစု​တစ်စုလုံး​အတွက် “အလွန်​ကောင်း” ၍​ပြီးပြည့်စုံ​သော ကမ္ဘာ့​ပရဒိသု​စံအိမ်​ဖြစ်လာ​မည့် မြေကြီးကို လက်ဆောင်​ရခဲ့​သည်။ (ကမ္ဘာဦး ၁:၃၁) အဘယ်ကြောင့် ပြောင်းလဲ​သွား​သနည်း။ စာတန်​ကြောင့်​ဖြစ်၏။ ဘုရားသခင်​သည် လူယောက်ျား​မိန်းမ​တို့ အသက်ရှင်​နေထိုင်​သင့်​သော စည်းမျဉ်း​များ​ချ​ပိုင်ခွင့်​ရှိသည်​ကို စာတန်​စောဒကတက်​ခဲ့​သည်။ ထို့နောက် ဘုရားသခင့်​အုပ်ချုပ်ပုံ​သည် တရား​မျှတမှု​မရှိ​ဟု သူ​စွပ်စွဲ​ခဲ့​သည်။ ထို့​ပြင် အာဒံ​နှင့်​ဧဝ​တို့အား ကောင်း​မကောင်း​ကို မိမိတို့​ဘာသာ​ဆုံးဖြတ်​နိုင်​ရန်​အ​လို့​ငှာ လွတ်လပ်​သော​လမ်းစဉ်​ကို ရွေးချယ်​ဖို့ စာတန်​သွေးဆောင်​ခဲ့​သည်။ (ကမ္ဘာဦး ၃:၁-၆) တရား​မျှတ​သည့်​လောကကို ဆောင်ကြဉ်း​နိုင်​ရန် လူ​တို့​လုပ်ဆောင်မှုများ​အတွက် ဒုတိယ​အတားအဆီး​မှာ အပြစ်​နှင့်​မစုံလင်မှု​တို့​ဖြစ်သည်။—ရောမ ၅:၁၂

အဘယ်ကြောင့် ခွင့်ပြု​ခဲ့​သနည်း

‘ဒါပေမဲ့ ဒီလို​အပြစ်နဲ့​မစုံလင်​တဲ့ အခြေအနေ​ရောက်တဲ့​အထိ ဘုရားသခင် ဘာကြောင့်​ခွင့်ပြု​ထား​သလဲ။ ဒီ​ပုန်ကန်​သူတွေကို ရှင်းပစ်​ပြီး အသစ်​ပြန်​စ​ဖို့ ကိုယ်တော်​ရဲ့ အကန့်အသတ်​မရှိတဲ့​တန်ခိုး​ကို ဘာကြောင့်​မ​သုံးခဲ့​တာလဲ’ ဟု​အချို့​က မေး​ပေမည်။ ယင်း​သို့​ပြုခြင်း​သည် ရိုးရှင်း​သော​ဖြေရှင်း​နည်း ဖြစ်ပုံရ​သည်။ သို့ရာတွင် တန်ခိုး​ကို​သုံးပါ​က လေးနက်​သည့်​မေးခွန်းများ ပေါ်လာ​သည်။ တန်ခိုး​ကို​အလွဲသုံးစား​ပြုခြင်း​က ဤ​လောကတွင်​ရှိသော နွမ်းပါး​သူများ​နှင့် ဖိနှိပ်ခံနေ​ရသူ​တို့အား နာကြည်း​စေသည့် အဓိက​အကြောင်းရင်း ဖြစ်သည်​မဟုတ်လော။ အာဏာ​ရှိသူ​တချို့​သည် မိမိ​စည်းမျဉ်း​မူများ​နှင့် မကိုက်ညီ​သူ​တစ်ဦးဦး​ကို အာဏာ​သုံး​၍ ရှင်းပစ်​သည့်​အခါ စိတ်​ရိုး​ဖြောင့်​သူများ​၏​စိတ်​တွင် သံသယဝင်​လာ​သည် မဟုတ်လော။

ကိုယ်တော်​သည် တန်ခိုး​ကို နိုင်ထက်စီးနင်း​အသုံးပြု​မည်​မဟုတ်​ကြောင်း စိတ်​ရိုး​ဖြောင့်​သူများ​စိတ်ချ​စေရန် ဘုရားသခင်​သည် စာတန်​နှင့် ပုန်ကန်​သူ​လူသားများ​ကို ကိုယ်တော်​၏​ပညတ်​နှင့်​မူများ​မှ လွတ်လပ်​စွာ လုပ်ဆောင်ခွင့်​ပြု​ခဲ့​သည်။ သို့သော် အချိန်​အကန့်အသတ်​တစ်ခု​အထိ​သာ​ဖြစ်သည်။ ဘုရားသခင်​၏​အုပ်ချုပ်ပုံ​နည်းလမ်း​သာ မှန်ကန်ကြောင်း အချိန်​က သက်သေပြပါ​လိမ့်​မည်။ ကိုယ်တော်​ချမှတ်​သည့် မည်သည့်​ကန့်သတ်ချက်​မဆို​သည် ကျွန်ုပ်​တို့​ကောင်းကျိုး​အတွက်သာ​ဖြစ်​ကြောင်း ဖော်ပြ​မည်။ အမှန်​မှာ၊ ဘုရားသခင့်​အုပ်ချုပ်မှု​ကို ဆန့်ကျင်ခြင်း​၏ ကြေကွဲဖွယ်​အကျိုးဆက်များ​က ယင်း​အချက်​မှန်ကန်ကြောင်း ထင်ရှား​ခဲ့​ပြီး​ဖြစ်သည်။ ထို့​ပြင် ဘုရားသခင်​သည် ဆိုးသွမ်းမှု​အားလုံး​ကို ဖယ်ရှားပစ်​ရန် မိမိ၏​တန်ခိုး​ကို​သုံး​သည့်​အခါ ယင်း​သို့​ပြုခြင်း​သည် လုံးဝ​တရား​မျှတ​ကြောင်း သက်သေထူ​သည်။ ဆိုးသွမ်းမှု​အားလုံး​ကို မကြာမီ​ဖယ်ရှား​တော့​မည်။— ကမ္ဘာဦး ၁၈:၂၃-၃၂; တရားဟောရာ ၃၂:၄; ဆာလံ ၃၇:၉၊ ၁၀၊ ၃၈

ဘုရားသခင် အရေးယူ​လုပ်ဆောင်​တော်​မ​မူ​မီ​အထိ ဤ​မမျှတ​သည့်​လောကတွင် ကျွန်ုပ်​တို့​ပိတ်မိ​နေပြီး “တညီတညွတ်​တည်း ညည်းတွား​၍ ဆင်းရဲခြင်း​ဝေဒနာ​ကို​ခံရ​သည်။” (ရောမ ၈:၂၂) ပြောင်းလဲ​ရန် မည်မျှ​ပင်​ကြိုးစား​နေ​စေ​ကာ​မူ စာတန်​ကို မဖယ်ရှား​နိုင်​သကဲ့သို့ ကျွန်ုပ်​တို့​ခံစား​နေရ​သည့် ဆင်းရဲ​ခက်ခဲ​မှု​၏​အရင်းခံ မစုံလင်မှုကို အမြစ်ပါ​မကျန်​ဖယ်ရှား​ရန် မတတ်နိုင်​ကြ​ပါ။ အာဒံ​ထံ​မှ​အမွေ​ရခဲ့​သည့် အပြစ်​၏​အကျိုးဆက်များ​ကို ဖယ်ရှား​ရန် ကျွန်ုပ်​တို့​မတတ်နိုင်​ကြ​ပါ။—ဆာလံ ၄၉:၇-၉

ယေရှု​ခရစ်​သည် တည်မြဲ​သည့်​ပြောင်းလဲမှု​ကို​ဖြစ်ပေါ်​စေ

ယင်းကြောင့် အခြေအနေ​မှာ မျှော်လင့်ချက်​မရှိတော့​ဟု ဆိုလို​သလော။ လုံးဝ​မဟုတ်ပါ။ သေမျိုး​ဖြစ်သော​လူသား​တို့​ထက် သာလွန်​သူ​တစ်ဦး​က တည်မြဲသော​ပြောင်းလဲမှု​ကို ဆောင်ကြဉ်း​ပေး​ရန် တာဝန်ရ​ရှိ​ထား​သည်။ မည်သူ​နည်း။ ယေရှု​ခရစ်​ပင်​တည်း။ ကိုယ်တော်​သည် လူ့​မိသားစုကို ကယ်တင်ခြင်း​သို့ ပို့ဆောင်​တော်​မူ​သော​အရှင်ဖြစ်​သည်​ဟု ကျမ်းစာ​က​ဖော်ပြ​ထား​၏။—တမန်​တော် ၅:၃၁

ယခု ဘုရားသခင်​သတ်မှတ်​ထား​သည့် “အချိန်” ရောက်လာ​ရန် ကိုယ်တော် စောင့်ဆိုင်း​နေသည်။ (ဗျာ. ၁၁:၁၈) ကိုယ်တော်​သည် အဘယ်အရာ​လုပ်ဆောင်​မည်​နည်း။ ‘ကမ္ဘာဦး​မှ​စ၍ သန့်ရှင်းသော ပရောဖက်​ဆရာတော်​တို့​နှုတ်ဖြင့် ဘုရားသခင်​မိန့်တော်မူသော အလုံးစုံသော​အရာ​တို့ကို အသစ်​ပြုပြင်​တော်​မူ​သော​ကာလ’ ဖြစ်လာ​စေမည်။ (တမန်​တော် ၃:၂၁) ဥပမာ၊ ယေရှုသည် “ငတ်မွတ်​သော​သူ အော်ဟစ်​သောအခါ ထို​သူကိုလည်း​ကောင်း၊ ကိုးကွယ်​ရာ​မ​ရှိ၍ ဆင်းရဲသော​သူကိုလည်း​ကောင်း ချမ်းသာပေး​တော်​မူ​လိမ့်​မည်။ . . . သူတို့​အသက်ကို လှည့်စားခြင်း​နှင့် ညှဉ်းဆဲခြင်း​၏​လက်​မှ​ရွေးနုတ်​၍ သူတို့​အသွေးကို နှမြော​တော်​မူ​လိမ့်​မည်။” (ဆာလံ ၇၂:၁၂-၁၆) ဘုရားသခင်​သည် ယေရှု​ခရစ်​အားဖြင့် “မြေကြီးစွန်း​တိုင်အောင် စစ်မှု​ကို​ငြိမ်း​စေ” မည်​ဟု ကတိပေး​တော်​မူ​သည်။ (ဆာလံ ၄၆:၉) “[သန့်စင်​ထားသော​ကမ္ဘာ​တွင်] မြို့သား​က​လည်း ‘ငါ​နာ​သည်’ ဟု​မဆို​ရ” ဟု​ကတိပြု​ထား​၏။ မျက်စိကန်း​သော​သူ၊ နားပင်း​သော​သူ၊ ခြေဆွံ့​သော​သူတို့သည် ဒေါင်ဒေါင်မြည်​ကျန်းမာ​လာ​ကြ​မည်။ (ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆; ဗျာ. ၂၁:၃၊ ၄) အတိတ်​က သေဆုံး​ခဲ့​သူများ​ပင် အကျိုး​ခံစားရ​လိမ့်​မည်။ တရား​မမျှတ​မှု​နှင့် ဖိနှိပ်မှု​ခံ​ခဲ့​ရသူများကို ကိုယ်တော် အသက်ပြန်ရှင်​စေတော်မူ​မည်​ဟု ကတိပေး​ထား​သည်။—ယောဟန် ၅:၂၈၊ ၂၉

ယေရှု​ခရစ်​သည် တစ်ပိုင်း​တစ်စ၊ ယာယီ​သာ​ဖြစ်သော ပြောင်းလဲမှု​မျိုးကို ဆောင်ကြဉ်း​ပေး​မည်​မဟုတ်။ အမှန်ပင် တရား​မျှတသော လောက​ဖြစ်​လာအောင် တားဆီး​သည့်​အရာများ​ကို လုံးဝ​ဖယ်ရှား​ပေး​မည်။ ကိုယ်တော်​သည် အပြစ်​နှင့်​မစုံလင်မှုကို​ဖယ်ရှား​ပြီး စာတန်​နှင့် သူ၏​ပုန်ကန်​သည့်​လမ်းစဉ်​လိုက်​သူ အားလုံး​ကို ဖျက်ဆီး​ပါ​လိမ့်​မည်။ (ဗျာ. ၁၉:၁၉၊ ၂၀; ၂၀:၁-၃၊ ၁၀) ဘုရားသခင်​ယာယီ​ခွင့်ပြု​ထား​သည့် ဝေဒနာ​ခံစား​ရခြင်း​နှင့် ဆင်းရဲ​ခက်ခဲ​ခြင်း​တို့ကို “တစ်ဖန် နှိပ်​နင်း​စ​ရာ​အကြောင်း” ရှိတော့မည်​မဟုတ်ပါ။ (နာဟုံ ၁:၉) ယင်းသည် ဘုရားသခင့်​နိုင်ငံတော် တည်ထောင်​ရန်​နှင့် ဘုရားသခင့်​အလိုတော်သည် “ကောင်းကင်​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ” ရန်​ဆုတောင်း​ကြဖို့ သင်ပေး​သည့်​အခါ ယေရှု၏​စိတ်ထဲ ရှိသည့်​အရာ​ဖြစ်၏။—မဿဲ ၆:၁၀

‘ဒါပေမဲ့ “ဆင်းရဲသော​သူတို့သည် သင်တို့၌ အစဉ်​ရှိကြ​၏” လို့​ယေရှု​ပြော​ခဲ့တယ်​မဟုတ်လား။ မတရားမှုနဲ့ နွမ်းပါး​မှု​ဟာ အမြဲ​ရှိနေမယ်​ဆို​တဲ့ သဘော​မဟုတ်လား’ ဟု​အချို့​က ပြော​ပေမည်။ (မဿဲ ၂၆:၁၁) ဆင်းရဲသား​များ အစဉ်​ရှိနေ​မည်​ဟု ယေရှု​ပြော​ခဲ့​သည်​မှာ မှန်ပါသည်။ သို့သော် ကျမ်းစာ​ကတိတော်​များနှင့်​အတူ ကိုယ်တော်​၏​ရှေ့နောက်စကား​က ဤ​အစီအစဉ်​စနစ်​အဆုံးအထိ နွမ်းပါး​သူများ အစဉ်​ရှိနေ​မည်​ဖြစ်​ကြောင်း ဖော်ပြ​သည်။ နွမ်းပါး​ပြီး တရား​မျှတမှု​ကင်း​သည့် လောကကို မည်သည့်​လူသား​မျှ ဖယ်ရှား​ပေး​နိုင်​မည်​မဟုတ်​ကြောင်း ကိုယ်တော်​သိထား​သည်။ ယင်း​အရာများ​အားလုံး​ကို မိမိ​ပြောင်းလဲ​ပေး​နိုင်​ကြောင်းကို​လည်း ကိုယ်တော်​သိတော်မူ​သည်။ ကိုယ်တော်​သည် နာကျင်ခြင်း၊ ဖျားနာခြင်း၊ နွမ်းပါး​ခြင်း​နှင့် သေခြင်း​မရှိတော့​မည့် “ကောင်းကင်သစ်​နှင့် မြေကြီး​သစ်” ဖြစ်သော အစီအစဉ်​သစ်​ကို မကြာမီ ဆောင်ကြဉ်း​ပေး​တော့​မည်​ဖြစ်သည်။—၂ ပေတရု ၃:၁၃; ဗျာ. ၂၁:၁

‘ကျေးဇူးပြု​ခြင်း​ကို မမေ့​မ​လျော့​နှင့်’

ယင်းကြောင့် အခြား​သူတို့ကို ကူညီ​ခြင်း​သည် အချည်းနှီး​ပါ​ဟု ဆိုလို​နေ​သလော။ မဆိုလို​ပါ။ စမ်းသပ်မှု၊ စိတ်ဖိစီးမှု​ခံရ​သူတို့ကို ကူညီ​ရန် သမ္မာကျမ်းစာ​က အားပေးထား​သည်။ ရှေးခေတ်​ဘုရင်​ရှောလမုန်က “ကျေးဇူး​ကို​ခံ​သင့်​သော​သူတို့အား ကျေးဇူးပြု​ရသော​အခွင့်​ရှိလျှင် မပြု​ဘဲ​မနေ​နှင့်” ဟု​ဆို​ထား​သည်။ (သု. ၃:၂၇) “ကျေးဇူးပြု​ခြင်း၊ ဥစ္စာ​ဝေမျှခြင်း​အမှုတို့​ကို မမေ့​မ​လျော့​ကြ​နှင့်” ဟု​တမန်​တော်​ပေါလု တိုက်တွန်း​ထား​သည်။—ဟေဗြဲ ၁၃:၁၆

အခြား​သူတို့အား တတ်နိုင်​သမျှ​ကူညီ​ရန် ယေရှု​ခရစ်​ကိုယ်တိုင် အားပေးထား​သည်။ ဓားပြ​တိုက်၊ ရိုက်နှက်​ခံရ​သူ​တစ်ဦး​နှင့် တွေ့ဆုံ​ခဲ့​သော ရှမာရိ​လူ​ပုံ​ဥပမာ​အကြောင်း ကိုယ်တော်​မိန့်ဆိုခဲ့သည်။ “ကရုဏာ​စိတ်​ရှိ” သော ရှမာရိ​လူသည် ရိုက်နှက်​ခံရ​သူ၏​ဒဏ်ရာ​ကို စည်းပေး​ရန် မိမိ​ပစ္စည်း​များ​အသုံးပြု​ကာ ပြန်​နာလန်ထူ​ရန် ကူညီ​ခဲ့​သည်​ဟု ယေရှု​မိန့်ဆိုခဲ့သည်။ စာနာစိတ်​ရှိသော ရှမာရိ​လူသည် လောကကို မပြောင်းလဲ​စေ​ခဲ့​သော်လည်း ပုဂ္ဂိုလ်​တစ်ဦး၏​ဘဝကို အပြောင်းအလဲ​ကြီး​ဖြစ်စေ​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း အလားတူ​ပြု​နိုင်​ကြသည်။

သို့သော် ယေရှု​ခရစ်​သည် တစ်ဦးချင်း​စီ​ကို ကူညီပေး​ရုံ​ထက်မက လုပ်ဆောင်​နိုင်​သည်။ ကိုယ်တော်​သည် ပြောင်းလဲမှု​ကို အမှန်​လုပ်ဆောင်ပေး​နိုင်​ပြီး မကြာမီ အကောင်အထည်ဖော်​တော့​မည်။ ကိုယ်တော်​လုပ်ဆောင်​သည့်​အခါ ယနေ့ တရား​မမျှတမှုများ ခါးစည်း​ခံ​နေရသူ​တို့၏​ဘဝကို တိုးတက်စေ​ကာ စစ်မှန်သော​ငြိမ်သက်မှု​နှင့်​လုံခြုံမှု ခံစား​စေပါ​လိမ့်​မည်။—ဆာလံ ၄:၈; ၃၇:၁၀၊ ၁၁

ယင်း​သို့​ဖြစ်ပျက်​လာ​မည်​ကို စောင့်မျှော်​နေစဉ် မတရားမှု​ခံစား​နေရသူ​များ​၏ ဝိညာဉ်​ရေး​နှင့် ကာယရေး​နှစ်တန်စလုံး​ကို တတ်နိုင်​သမျှ “ကျေးဇူးပြု” ရန် နောက်​မတွန့်​ကြ​ပါ​နှင့်။—ဂလာတိ ၆:၁၀

[စာမျက်နှာ ၅ ပါ ရုပ်ပုံများ]

ဖ​လောရင့်​နိုက်တင်ဂေး​သည် သူနာပြု​လောကတွင် ထူးခြားသော​ပြောင်းလဲမှု လုပ်ဆောင်ပေး​ခဲ့

[Credit Line]

Courtesy National Library of Medicine

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

ခရစ်တော်​၏​နောက်လိုက်​များသည် အခြား​သူတို့အား​ကျေးဇူးပြု​ကြ

[Picture Credit Line on page 4]

The Star, Johannesburg, S.A.