မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မမျှမတ လူ့လောက

မမျှမတ လူ့လောက

မမျှမတ လူ့​လောက

တရား​မျှတမှု​မရှိသော လောကတွင် ကျွန်ုပ်​တို့​အသက်ရှင်နေ​ရ​ကြောင်း သင်​သဘောတူ​သလော။ လုံးဝ သဘောတူ​ပေမည်။ ကျွန်ုပ်​တို့​၌ မည်မျှ​ပင် ပင်ကို​အစွမ်းအစ​ရှိပါစေ၊ အသက်တာ​အတွက် မည်သို့​ပင် ပညာရှိရှိ​စီမံ​ထား​ပါစေ ဥစ္စာ​စည်းစိမ်၊ အောင်မြင်မှု၊ အစားအစာ​ပင်​လျှင် အာမခံချက်​မပေးနိုင်​ပေ။ ရှေးခေတ်​မှ ပညာရှိ​ဘုရင် ရှောလမုန် မိန့်ဆိုခဲ့​သည့်​အတိုင်း ဖြစ်လေ့​ရှိ၏– “ပညာရှိ​သော​သူသည် ဝ​စွာ​မစား​တတ်။ ဉာဏ်​ကောင်းသော​သူသည် စည်းစိမ်​ကို​မရ​တတ်။ လိမ္မာ​သော​သူသည် သူတစ်ပါး​ရှေ့၌ မျက်နှာ​မရ​တတ်။” အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ “ခပ်သိမ်း​သော​သူတို့၌ ကာလ​အချိန်စေ့​ခြင်း၊ အဆင်သင့်​ခြင်း​ရှိသည်​အတိုင်း ဖြစ်တတ်​သည်” ဟု​ရှောလမုန်​ဆက်ဆို​ခဲ့​၏။—ဒေ. ၉:၁၁

“ဘေးပြု​ရာ​ကာလ​ထဲ​သို့ အမှတ်တမဲ့​ရောက်”

“အချိန်စေ့​ခြင်း၊ အဆင်သင့်​ခြင်း” ဟူသည် လူတို့သည် မရှိသင့်​သော​နေရာတွင် မရှိသင့်​သော​အချိန်၌ ရောက်နေ​ကြသည်​ကို ဆိုလို​နိုင်သော​ကြောင့် ကျွန်ုပ်​တို့ သေချာ​ပြင်ဆင်​ထား​သည့်​အစီအစဉ်​နှင့် အဖြစ်ချင်ဆုံး​မျှော်လင့်ချက်များ ပျက်ပြား​သွား​တတ်​သည်။ ရှောလမုန်​၏​အဆို​အရ ကျွန်ုပ်​တို့သည် “ပိုက်ကွန်​အုပ်မိ​သော ငါး​ကဲ့သို့​လည်းကောင်း၊ ညွှတ်​ကွင်း​၌​မိ​သော ငှက်​ကဲ့သို့​လည်းကောင်း . . . ဘေးပြု​ရာ​ကာလ​ထဲ​သို့ အမှတ်တမဲ့​ရောက်​တတ်ကြ​၏။” (ဒေ. ၉:၁၂) ဥပမာ၊ လူ​သန်းပေါင်း​များစွာ​သည် မိသားစု​ဝမ်း​ရေး​အတွက် မမော​နိုင်​မ​ပန်း​နိုင်​ကြိုးစား​ကာ လယ်ယာ​စိုက်​ပျိုး​ကြသော်လည်း မိုးခေါင်​ရေ​ရှား​သောကြောင့် ကောက်ပဲသီးနှံ​များ ပျက်စီး​သွား​သည့်​အခါ “ဘေးပြု​ရာ​ကာလ” ထဲ ကျော့မိ​ခဲ့​ကြသည်။

အခြားသူ​တို့သည် ကြိုးစား​ကူညီ​ကြသော်လည်း “ဘေးပြု​ရာ​ကာလ” ထဲ​ကျော့မိ​သွား​သူများကို ကျန်​လူ့​ဘောင်​အဖွဲ့အစည်း​က​ပေး​သော အကူအညီ​ပင် မမျှမတ​ဖြစ်လေ့​ရှိသည်။ ဥပမာ၊ မကြာသေးမီ​နှစ်​တစ်နှစ်​က ငတ်မွတ်​ဘေးတိုက်​ဖျက်​ရေး​အတွက် “[အာ​ဖရိ] တစ်​တိုက်​လုံး ရရှိခဲ့​သော ငွေ​ပမာဏ​သည် ပင်လယ်ကွေ့​စစ်ပွဲ​တွင်​သုံး​ရန် သတ်မှတ်​ထား​သည့် ငွေ​၏​ငါး​ပုံ​တစ်​ပုံ​သာ ရှိသည်” ဟု​ကယ်ဆယ်​ရေး​အေဂျင်စီ ခေါင်းဆောင်​တစ်ဦး​က ဆို​သည်။ ငတ်မွတ်မှု​ကြောင့်​ဖြစ်သော စိတ်မချ​မ်းမြေ့​မှု​နှင့် ဆင်းရဲ​ခက်ခဲ​မှု​တို့ကို လျော့နည်းစေ​ရန် တိုက်​တစ်​တိုက်​လုံး​အတွက် အသုံးပြုသည့်​ငွေ​သည် နိုင်ငံ​တစ်ခု​တွင်​ဖြစ်သော စစ်ပွဲ​၌ အသုံးပြုသည့်​ငွေ​၏ ငါး​ပုံ​တစ်​ပုံ​သာ​ရှိ​ခြင်း​သည် တရား​မျှတပါ​သလော။ လူများစွာ​သည် ချမ်းသာ​ကြွယ်ဝ​နေကြ​ချိန်​ဝယ် ကမ္ဘာ့​လူဦးရေ လေး​ပုံ​တစ်​ပုံ​မှာ ဆင်းရဲ​မွဲတေ​နေကြ​ခြင်း သို့​မဟုတ် သန်းနှင့်ချီ​သောက​လေး​များ​မှာ ကာကွယ်​တားဆီး​နိုင်​သည့်​ရောဂါ​ဖြင့် နှစ်စဉ်​သေဆုံး​နေရ​ခြင်း​သည် တရား​မျှတပါ​သလော။ လုံးဝ မမျှတ​ချေ။

“ဘေးပြု​ရာ​ကာလ” တွင် “အချိန်စေ့​ခြင်း၊ အဆင်သင့်​ခြင်း” တို့​သာ ပါဝင်​ပတ်သက်​သည် မဟုတ်ပါ။ အင်အားစု​ကြီး​များ​က ကျွန်ုပ်​တို့၏​အသက်တာကို လွှမ်းမိုး​ကြီးစိုး​နေခြင်း​ကြောင့်​လည်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်၊ ဆောင်းဦး​ရာသီ​တွင် မြောက်​အို​ဆက်​ရှား​ရှိ ဘတ်​စ​လ​န်​မြို့မှ အဖြစ်အပျက်​တစ်ခု​သည် ယင်း​အတိုင်း​ပင်​ဖြစ်၏။ ကျောင်း​ဖွင့်​သည့်​နေ့တွင် အကြမ်းဖက်​သမားများ​နှင့် လုံခြုံရေး​တပ်ဖွဲ့​တို့​ကြား တိုက်ခိုက်မှု​တွင် လူ​ရာ​နှင့်​ချီ​သေဆုံး​ခဲ့​ရပြီး အများစုမှာ ကလေး​များ​ဖြစ်​ကြသည်။ ထို​အဖြစ်ဆိုး​ကြီး​တွင် သေဆုံး​သွား​သူ၊ လွတ်မြောက်သွား​သူတို့သည် အဆင်သင့်​ခြင်း​ကြောင့်​ဟု အများအားဖြင့် သတ်မှတ်​ကြသော်လည်း ထို “ဘေးပြု​ရာ​ကာလ” ဖြစ်​ရသည့် အဓိက​အကြောင်းရင်း​မှာ လူတို့၏​ပဋိပက္ခ​ကြောင့်​ဖြစ်၏။

ဤ​အတိုင်း အမြဲ​ဖြစ်နေ​မည်​လော

တရား​မျှတမှု​မရှိခြင်း​အကြောင်း ပြောဆို​သည့်​အခါ အချို့​က “ဘဝ​ဆိုတာ ဒီလိုပဲ အမြဲ​ဖြစ်နေ​မှာ​ပါ။ ဒီအတိုင်း​ဖြစ်​ခဲ့​သလို ဒီလိုပဲ ဆက်​ဖြစ်သွား​မှာ​ပါ” ဟု​ပြော​ပေမည်။ သူတို့​အဆို​အရ ကြီး​နိုင်​ငယ်​ညှဉ်း​ခြင်း၊ ချမ်းသာသူ​က လူ​မွဲ​တို့ကို ခေါင်းပုံဖြတ်​အမြတ်​ထုတ်ခြင်း​တို့ ဆက်​ရှိနေ​မည်​သာ။ သူတို့​အဆိုကို “အချိန်စေ့​ခြင်း၊ အဆင်သင့်​ခြင်း” တို့​နှင့်​ပေါင်း​လိုက်​လျှင် ယင်း​တို့သည် လူသား​တို့​တည်ရှိ​နေသရွေ့ ကျွန်ုပ်​တို့ကို ထိခိုက်​နေ​မည်​ဖြစ်သည်။

အမှန်ပင် ထို​အတိုင်း ဆက်​ဖြစ်နေ​မည်​လော။ ကိုယ့်​အစွမ်းအစ​ကို ပညာရှိရှိ​အသုံးပြု​နေသူတို့​သည် ကြိုးစား​လုပ်ဆောင်​ရကျိုးနပ်​ပါ​မည်​လော။ တစ်စုံ​တစ်ဦး​သည် တရား​မျှတမှု​မရှိသော လောကတွင် ရေရှည်​တည်တံ့​သော အပြောင်းအလဲ​ကို ဆောင်ကြဉ်း​ပေး​နိုင်​မည်​လော။ ဤ​အကြောင်း​နှင့်​ပတ်သက်​၍ နောက်​ဆောင်းပါး​က မည်သို့​ဆို​ထား​ကြောင်း သုံးသပ်ကြည့်​ပါ​လေ။

[Picture Credit Line on page 2]

မျက်နှာဖုံး– ကလေး​ချီ​ထားသော​အမျိုးသား– UN PHOTO 148426/McCurry/Stockbower

[Picture Credit Line on page 3]

MAXIM MARMUR/AFP/Getty Images