ယေဟောဝါသည် ကျွန်ုပ်တို့၏သိုးထိန်းရှင်
ယေဟောဝါသည် ကျွန်ုပ်တို့၏သိုးထိန်းရှင်
‘ထာဝရဘုရားသခင်သည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါ၌အဘယ်အရာမျှမလိုရ။’—ဆာလံ ၂၃:၁၊ သမ္မာ။
၁-၃။ ဒါဝိဒ်သည် ယေဟောဝါအား သိုးထိန်းတစ်ဦးနှင့် ပုံခိုင်းခြင်းသည် အဘယ်ကြောင့် အံ့အားသင့်စရာမဟုတ်သနည်း။
မိမိ၏လူတို့အား ယေဟောဝါ ဂရုစိုက်စောင့်ရှောက်ပုံကို ဖော်ပြရမည်ဆိုလျှင် သင်မည်သို့ဖော်ပြမည်နည်း။ မိမိ၏သစ္စာရှိကျေးကျွန်များအား ကိုယ်တော်တင်ပြသော ကြင်နာယုယသည့်စောင့်ရှောက်မှုကို အဘယ်အရာဖြင့် ပုံခိုင်းပြနိုင်သနည်း။ လွန်ခဲ့သောနှစ်ပေါင်း ၃,၀၀၀ ကျော်က ဆာလံဆရာ ရှင်ဘုရင်ဒါဝိဒ်သည် မိမိငယ်စဉ်က လုပ်ကိုင်ခဲ့သည့် အလုပ်တစ်ခုနှင့်ပုံခိုင်း၍ ယေဟောဝါအကြောင်း ကြည်နူးဖွယ်ကောင်းအောင် ဖွဲ့နွဲ့သီကုံးခဲ့သည်။
၂ ဒါဝိဒ်ငယ်ရွယ်စဉ်က သိုးထိန်းခဲ့သည်။ ထို့ကြောင့် သူသည် သိုးများကို ကြည့်ရှုစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ သိနားလည်ခဲ့ခြင်းဖြစ်၏။ သိုးများသည် ဂရုစိုက်မခံရလျှင် အလွယ်တကူ ပျောက်သွားနိုင်ကြောင်း သို့မဟုတ် ဓားပြများ၊ တောရိုင်းတိရစ္ဆာန်များ၏လက်ထဲ ပါသွားနိုင်ကြောင်း သူကောင်းစွာသိသည်။ (၁ ဓမ္မရာဇဝင် ၁၇:၃၄-၃၆) ဂရုစိုက်တတ်သော သိုးထိန်းမရှိလျှင် သိုးများသည် ၎င်းတို့၏စားကျက်ကို ရှာတွေ့နိုင်မည်မဟုတ်ပေ။ ဒါဝိဒ်သည် သိုးများကို လမ်းပြ၊ ကာကွယ်၊ ကျွေးမွေးခဲ့သည့်အချိန်များကို အသက်ကြီးလာချိန်တွင် ပြန်ပြောင်းအမှတ်ရနေမည်မှာ သေချာ၏။
၃ ယေဟောဝါသည် မိမိ၏လူတို့ကို ဂရုစိုက်ကြောင်း ဖော်ပြရန် ဒါဝိဒ် လှုံ့ဆော်ခံရသောအခါ သိုးထိန်းလုပ်ငန်းကို သူပြန်အမှတ်ရခဲ့ခြင်းမှာ အံ့အားသင့်စရာမဟုတ်ပေ။ ဒါဝိဒ်ရေးသားခဲ့သည့် ဆာလံ အခန်းကြီး ၂၃ [သမ္မာ] ကိုဤစကားများဖြင့် စတင်၏– ‘ထာဝရဘုရားသခင်သည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါ၌အဘယ်အရာမျှမလိုရ။’ ယင်းသည် အဘယ်ကြောင့် ဆီလျော်သော ဖော်ပြချက်ဖြစ်ရကြောင်းကို သုံးသပ်ကြည့်ကြစို့။ သိုးများကို ဂရုစိုက်ကြည့်ရှုသည့် သိုးထိန်းတစ်ဦးနည်းတူ ယေဟောဝါသည် မိမိအား ဝတ်ပြုသူများကို အဘယ်နည်းများဖြင့် ဂရုစိုက်ကြည့်ရှုကြောင်း ဆာလံ အခန်းကြီး ၂၃ ၏အကူအညီဖြင့် ကျွန်ုပ်တို့ သိမြင်လာပါလိမ့်မည်။—၁ ပေတရု ၂:၂၅။
ဆီလျော်သောပုံခိုင်းချက်
၄၊ ၅။ သမ္မာကျမ်းစာက သိုးတို့၏သဘောသဘာဝကို မည်သို့ဖော်ပြသနည်း။
၄ သမ္မာကျမ်းစာတွင် ယေဟောဝါအား ဘွဲ့နာမအမျိုးမျိုးဖြင့် ခေါ်ဝေါ်သော်လည်း “သိုးထိန်း” ဟူသော ဘွဲ့နာမသည် ယုယကြင်နာမှုအရှိဆုံးသူနှင့် ကိုက်ညီ၏။ (ဆာလံ ၈၀:၁) အောက်ပါအချက်နှစ်ချက်ကို သိရှိထားလျှင် ယေဟောဝါအား သိုးထိန်းဟု အဘယ်ကြောင့်ခေါ်ဆိုရကြောင်းကို သဘောပေါက်ရန် အထောက်အကူရလိမ့်မည်။ ပထမတစ်ချက်အနေနှင့် သိုးတို့၏သဘောသဘာဝ၊ ဒုတိယအချက်အနေနှင့် သိုးထိန်းကောင်းတစ်ဦး၏ တာဝန်များနှင့် အရည်အချင်းများဖြစ်သည်။
၅ သိုးထိန်း၏မေတ္တာပြမှုကို တလိုတလားခံယူတတ်ခြင်း (၂ ဓမ္မရာဇဝင် ၁၂:၃)၊ ရန်မလိုတတ်ခြင်း (ဟေရှာယ ၅၃:၇)၊ အန္တရာယ်ကို မခုခံမကာကွယ်တတ်ခြင်း (မိက္ခာ ၅:၈) အစရှိသော သိုးတို့၏သဘောသဘာဝကို သမ္မာကျမ်းစာက မကြာခဏ ဖော်ပြတတ်သည်။ သိုးများကို နှစ်ပေါင်းများစွာ မွေးမြူခဲ့သော စာရေးဆရာတစ်ဦးက ဤသို့ဖော်ပြထားသည်– “အချို့သူများ ထင်မှတ်ကြသကဲ့သို့မဟုတ်ဘဲ သိုးများသည် ‘မိမိတို့ကိုယ်ကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း’ မရှိချေ။ အခြားခြံမွေးတိရစ္ဆာန်များထက် သူတို့ကို အမြဲမပြတ် အထူးဂရုစိုက်ကြည့်ရှုပေးဖို့လိုသည်။” မိမိဘာသာအသက်ဆက်ရန် မတတ်စွမ်းနိုင်သော အဆိုပါသတ္တဝါများအတွက် သိုးထိန်းတစ်ဦး၏ ဂရုစိုက်စောင့်ရှောက်မှုလို၏။—ယေဇကျေလ ၃၄:၅။
၆။ သမ္မာကျမ်းစာအဘိဓာန်တစ်အုပ်က ရှေးခေတ်သိုးထိန်းဘဝ၏ နေ့ရက်တစ်ရက်အကြောင်း မည်သို့ရှင်းပြသနည်း။
၆ ရှေးခေတ်သိုးထိန်းတစ်ဦးအတွက် တစ်နေ့တာအခြေအနေသည် မည်သို့ရှိသနည်း။ သမ္မာကျမ်းစာအဘိဓာန်တစ်အုပ်က ဤသို့ရှင်းပြသည်– “သိုးထိန်းသည် နံနက်နေမထွက်မီ သိုးခြံထဲမှ သိုးတို့ကို ခေါ်ထုတ်ပြီး ၎င်းတို့၏ရှေ့မှ ဦးဆောင်ကာ စားကျက်ရှိရာသို့ ခေါ်ဆောင်သွားသည်။ ဤတွင် သိုးအုပ်ထဲမှ သိုးတစ်ကောင်မျှ အုပ်စုနှင့်မကွဲသွားစေရန် တစ်နေ့လုံး စောင့်ကြည့်ရသည်။ သူသည် တစ်ချက်သတိလစ်သွား၍ သိုးတစ်ကောင်ကောင် ပျောက်သွားလျှင် မတွေ့မချင်း သဲသဲမဲမဲလိုက်ရှာကာ သိုးအုပ်ထဲသို့ ပြန်ခေါ်ဆောင်လာသည်။ . . . နေဝင်ချိန်တွင် သိုးအုပ်ကို သိုးခြံသို့ ပြန်ခေါ်လာပြီး တစ်ကောင်မျှ မပျောက်ကြောင်း သေချာစေရန် သိုးခြံဝရှိတန်းအောက်မှ ဖြတ်ဝင်သွားသော သိုးများကို ရေတွက်၏။ . . . တောရိုင်းတိရစ္ဆာန်များ သို့မဟုတ် သိုးသူခိုးများ၏ရန်ကြောင့် ညပိုင်းတွင်လည်း သိုးခြံကို စောင့်ကြပ်ရလေ့ရှိသည်။” *
၇။ သိုးထိန်းတစ်ဦးသည် တစ်ခါတစ်ရံ စိတ်ရှည်မှုနှင့် နူးညံ့ကြင်နာမှုတို့ကို ပုံမှန်ထက်ပိုပြဖို့ အဘယ်ကြောင့်လိုသနည်း။
၇ သိုးများကို၊ အထူးသဖြင့် ဇီးရှိသောသိုးမများနှင့် သိုးသငယ်များကို စိတ်ရှည်မှု၊ နူးညံ့ကြင်နာမှု ပုံမှန်ထက်ပိုပြရန်လိုသည့် အချိန်များလည်းရှိသည်။ (ကမ္ဘာဦး ၃၃:၁၃) သမ္မာကျမ်းစာဆိုင်ရာ အကိုးအကားစာအုပ်တစ်အုပ်က ဤသို့ဖော်ပြသည်– “ဇီးရှိသောသိုးမများသည် သိုးခြံနှင့် ခပ်လှမ်းလှမ်းရှိတောင်စောင်းတွင် သားမွေးတတ်လေ့ရှိ၏။ သိုးထိန်းသည် မိခင်သိုးမ အကူအညီမဲ့နေချိန်များတွင် အထူးကာကွယ်စောင့်ရှောက်ပေးပြီး သိုးသငယ်ကို ကောက်ချီကာ သိုးခြံသို့ ပြန်သယ်ယူလာသည်။ ပေါက်ခါစသိုးသငယ် လမ်းမလျှောက်နိုင်မီ ရက်အနည်းငယ်အတွင်း သိုးထိန်းသည် သူ့ကို ပွေ့ချီထားပေမည် သို့မဟုတ် အပေါ်အင်္ကျီထဲထည့်၍ ပွေ့ပိုက်ထားပေမည်။” (ဟေရှာယ ၄၀:၁၀၊ ၁၁) သိုးထိန်းကောင်းတစ်ဦးတွင် ကြံ့ခိုင်သန်စွမ်းမှုနှင့် နူးညံ့ကြင်နာမှု အရည်အချင်းနှစ်မျိုးစလုံးရှိဖို့လိုကြောင်း ထင်ရှားသည်။
၈။ ယေဟောဝါအား မိမိယုံကြည်စိတ်ချကြောင်း အဘယ်အချက်များကို ဒါဝိဒ်ဖော်ပြသနည်း။
၈ ‘ယေဟောဝါသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏’ ဟူသော ဖော်ပြချက်သည် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်နှင့် အပ်စပ်သည်မဟုတ်လော။ ဆာလံ အခန်းကြီး ၂၃ ကိုဆန်းစစ်ကြသည့်အခါ ဘုရားသခင်သည် သိုးထိန်းတစ်ဦးတွင်ရှိသော ကြံ့ခိုင်သန်စွမ်းမှုနှင့် နူးညံ့ကြင်နာမှုတို့ဖြင့် ကျွန်ုပ်တို့ကို ဂရုစိုက်ကြည့်ရှုကြောင်း သိမြင်ရပါလိမ့်မည်။ ဘုရားသခင်သည် မိမိ၏သိုးများ “အဘယ်အရာမျှမလို” ရလေအောင် လိုအပ်ရာမှန်သမျှ ဖြည့်ဆည်းပေးမည်ကို ဒါဝိဒ်ယုံကြည်စိတ်ချကြောင်း အခန်းငယ် ၁ တွင်ဖော်ပြထား၏။ ဤသို့ယုံကြည်စိတ်ချနိုင်သည့် အကြောင်းသုံးချက်ကို နောက်အခန်းငယ်များတွင် ဒါဝိဒ် ဖော်ပြထားသည်။ ယေဟောဝါသည် မိမိ၏သိုးများကို လမ်းပြပေးသည်။ ကာကွယ်ပေးသည်။ ကျွေးမွေးတော်မူသည်။ ၎င်းတို့ကို တစ်ချက်ချင်းစီ ဆွေးနွေးသုံးသပ်ကြည့်ကြစို့။
“ဦးဆောင်လမ်းပြတော်မူ၏”
၉။ ဒါဝိဒ်သည် အဘယ်အေးဆေးငြိမ်သက်သောမြင်ကွင်းကို ဖော်ပြသနည်း။ သိုးများသည် ဤသို့သောနေရာသို့ မည်သို့ရောက်လာကြသနည်း။
၉ ပထမတစ်ချက်အနေနှင့် ယေဟောဝါသည် မိမိ၏လူတို့ကို ဦးဆောင်လမ်းပြတော်မူ၏။ ဒါဝိဒ်က “စိမ်းလန်းသောကျက်စားရာအရပ်၌ ငါ့ကိုအိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏။ ငါ့ဝိညာဉ်ကိုအားဖြည့်၍ နာမတော်အဖို့အလိုငှာ တရားလမ်းထဲ၌ သွေးဆောင် [“ဦးဆောင်လမ်းပြ၊” ကဘ] တော်မူ၏” ဟုရေးသားခဲ့သည်။ (ဆာလံ ၂၃:၂၊ ၃) သိုးအုပ်တစ်အုပ်သည် အစာရေစာဝလင်လျက် အေးဆေးငြိမ်သက်စွာ လဲလျောင်းနေသည်။ ဒါဝိဒ်သည် အဆိုပါစကားများဖြင့် ကျေနပ်ရောင့်ရဲမှု၊ လန်းဆန်းမှု၊ လုံခြုံမှုရှိသောမြင်ကွင်းကို သရုပ်ဖော်ထားသည်။ “ကျက်စားရာ” ဟုပြန်ဆိုသော ဟေဗြဲစကားလုံးသည် “သာယာချမ်းမြေ့ဖွယ်နေရာ” ဟုအဓိပ္ပာယ်ရနိုင်သည်။ သိုးများသည် အေးဆေးငြိမ်သက်စွာ လဲလျောင်းရန် လန်းဆန်းသာယာသောနေရာကို ၎င်းတို့ကိုယ်တိုင် ရှာတွေ့နိုင်မည်မဟုတ်ပေ။ ဤသို့သော “သာယာချမ်းမြေ့ဖွယ်နေရာ” ကို၎င်းတို့၏သိုးထိန်းက ဦးဆောင်လမ်းပြပေးရ၏။
၁၀။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယုံကြည်စိတ်ချမှုရှိကြောင်း မည်သို့ဖော်ပြသနည်း။
၁၀ ယနေ့ ယေဟောဝါသည် ကျွန်ုပ်တို့ကို မည်သို့ဦးဆောင်လမ်းပြသနည်း။ ကိုယ်တော် ဦးဆောင်လမ်းပြသည့်နည်းတစ်နည်းမှာ ပုံသက်သေအားဖြင့်ဖြစ်သည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို “ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့” ဟုတိုက်တွန်း၏။ (ဧဖက် ၅:၁) အဆိုပါစကားများ၏ရှေ့နောက်စကားများက သနားညှာတာခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ချစ်ခြင်းတို့ကို ဖော်ပြသည်။ (ဧဖက် ၄:၃၂; ၅:၂) ယေဟောဝါသည် ဤသို့သောနှစ်လို့ဖွယ်အရည်အချင်းများကို တင်ပြခြင်းတွင် အကောင်းဆုံးပုံသက်သေဖြစ်၏။ မိမိကို တုပရန် ကိုယ်တော်တောင်းဆိုခြင်းသည် လက်တွေ့မကျရာရောက်သလော။ မရောက်ပါ။ အမှန်မှာ အဆိုပါ မှုတ်သွင်းခံဆုံးမစကားက ကျွန်ုပ်တို့ကို ကိုယ်တော် ယုံကြည်စိတ်ချမှုရှိကြောင်း ထူးကဲကောင်းမွန်သောနည်းဖြင့် ဖော်ပြလိုက်ခြင်းဖြစ်သည်။ မည်သို့အားဖြင့်နည်း။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ကျွန်ုပ်တို့ ဖန်ဆင်းခံထားရသည်။ ဆိုလိုသည်မှာ ကျင့်ဝတ်ဆိုင်ရာအရည်အသွေးများနှင့် ဝိညာဉ်ရေးရာကို ခံယူနိုင်သည့်စွမ်းရည်တို့ဖြင့် ကျွန်ုပ်တို့ကို ပြုလုပ်ထား၏။ (ကမ္ဘာဦး ၁:၂၆) ထို့ကြောင့် ယေဟောဝါပုံသက်သေပြခဲ့သော အဆိုပါအရည်အချင်းများကို ကျွန်ုပ်တို့သည် မစုံလင်သည့်ကြားမှ ပျိုးထောင်နိုင်စွမ်းရှိကြောင်း ကိုယ်တော်သိရှိတော်မူသည်။ ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင်သည် မိမိနည်းတူ ကျွန်ုပ်တို့ကျင့်နိုင်ကြောင်း ယုံကြည်စိတ်ချမှုရှိသည်ကို စဉ်းစားကြည့်လိုက်ပါ။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပုံသက်သေကို လိုက်လျှောက်ကြလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ပုံဆောင်သဘောအရ ‘သာယာသောနေရာ’ သို့ဦးဆောင်လမ်းပြပေးလိမ့်မည်။ ကျွန်ုပ်တို့သည် ဤအကြမ်းဖက်လောကတွင် “လုံခြုံစွာနေရ” ပြီး ဘုရားသခင်၏မျက်နှာသာ ခံစားရသည်ဟူသော အသိကြောင့် စိတ်ငြိမ်သက်မှုရရှိပါလိမ့်မည်။—ဆာလံ ၄: ၈; ၂၉:၁၁။
၁၁။ ယေဟောဝါသည် မိမိ၏သိုးများကို ဦးဆောင်လမ်းပြရာတွင် အဘယ်အရာကို ထည့်တွက်သနည်း။ ကိုယ်တော်၏တောင်းဆိုချက်တွင် ယင်းအချက်မည်သို့ပေါ်လွင်သနည်း။
၁၁ ယေဟောဝါသည် ကျွန်ုပ်တို့ကို ဦးဆောင်လမ်းပြသည့်အခါ ကြင်နာယုယပြီး စိတ်ရှည်တော်မူသည်။ သိုးထိန်းတစ်ဦးသည် မိမိသိုးများ၏အကန့်အသတ်ဖြစ်မှုများကို ထည့်စဉ်းစားတတ်သည့်အတွက် “တိရစ္ဆာန်များ . . . တတ်နိုင်သမျှအတိုင်း” လမ်းပြခေါ်ဆောင်သည်။ (ကမ္ဘာဦး ၃၃:၁၄) ထိုနည်းတူ ယေဟောဝါသည်လည်း မိမိ၏သိုးများ “တတ်နိုင်သမျှအတိုင်း” ဦးဆောင်လမ်းပြတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏လုပ်ကိုင်နိုင်စွမ်းနှင့် အခြေအနေတို့ကို ထည့်တွက်၏။ ကျွန်ုပ်တို့၏တတ်နိုင်စွမ်းကို ချင့်ချိန်ပြီး ကျွန်ုပ်တို့ပေးဆက်နိုင်သည်ထက် ဘယ်တော့မှ ပိုမတောင်းဆိုချေ။ ကျွန်ုပ်တို့ စိုးလ်အကြွင်းမဲ့လုပ်ဆောင်ခြင်းကိုသာ ကိုယ်တော် တောင်းဆိုတော်မူ၏။ (ကောလောသဲ ၃:၂၃) သင်သည် အသက်ကြီးလာပြီး ယခင်ကလောက် မလုပ်ဆောင်နိုင်လျှင်ကော အသို့နည်း။ သို့မဟုတ် သင်၏လုပ်ဆောင်မှုကို အကန့်အသတ်ဖြစ်စေသည့် ရောဂါကြီးတစ်မျိုး ခံစားနေရလျှင်ကော အသို့နည်း။ ဤတွင် ကျွန်ုပ်တို့ကို စိုးလ်အကြွင်းမဲ့လုပ်ဆောင်ဖို့ တောင်းဆိုခြင်းသည် တင့်တယ်လျောက်ပတ်လှပါပေသည်။ လူနှစ်ဦးသည် အတိအကျမတူနိုင်ပေ။ စိုးလ်အကြွင်းမဲ့ အမှုဆောင်ခြင်းဟူသည် ဘုရားသခင်၏လုပ်ငန်းတော်တွင် သင်၏ခွန်အားနှင့် စွမ်းအင်ရှိသမျှကို အတတ်နိုင်ဆုံး အပြည့်အဝအသုံးပြုခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်သည့် အားနည်းချက်များရှိလင့်ကစား ယေဟောဝါသည် ကျွန်ုပ်တို့၏ စိတ်နှလုံးအကြွင်းမဲ့ကိုးကွယ်ခြင်းကို တန်ဖိုးထားတော်မူသည်။—မာကု ၁၂:၂၉၊ ၃၀။
၁၂။ ယေဟောဝါသည် မိမိ၏သိုးများ “တတ်နိုင်သမျှအတိုင်း” ဦးဆောင်လမ်းပြကြောင်း မောရှေပညတ်မှ အဘယ်ပုံနမူနာက ဖော်ပြသနည်း။
၁၂ ယေဟောဝါသည် မိမိ၏သိုးများ “တတ်နိုင်သမျှအတိုင်း” သာဦးဆောင်လမ်းပြကြောင်း ပေါ်လွင်စေရန် မောရှေပညတ်မှ အပြစ်ဖြေရာယဇ်နှင့်ပတ်သက်၍ အဘယ်အရာဆိုထားသည်ကို သုံးသပ်ကြည့်ပါ။ ကျေးဇူးတင်စိတ်ဖြင့် ပူဇော်သော အနာအဆာမဲ့ယဇ်များကို ယေဟောဝါ အလိုရှိတော်မူသည်။ တစ်ချိန်တည်းတွင် ယဇ်ပူဇော်သူ တတ်နိုင်သောအတိုင်းအတာအလိုက် ယဇ်များကို အဆင့်ခွဲထားသည်။ ပညတ်က ဤသို့ဆိုသည်– “သိုးသငယ်ကို မတတ်နိုင်လျှင် . . . ခိုနှစ်ကောင် သို့မဟုတ် ချိုးကလေးနှစ်ကောင်ကို . . . ဆောင်ခဲ့၍ ဆက်ရမည်။” သူသည် ချိုးကလေးနှစ်ကောင်ပင် မတတ်နိုင်လျှင်ကော။ “မုန့်ညက်” အနည်းငယ်ကို ဆက်သနိုင်သည်။ (ဝတ်ပြုရာ ၅:၇၊ ၁၁) ယင်းက ယဇ်ပူဇော်သူ မတတ်နိုင်သောယဇ်ကို ဘုရားသခင် မတောင်းဆိုခဲ့ကြောင်း ဖော်ပြသည်။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိသောကြောင့် ကျွန်ုပ်တို့မတတ်နိုင်ရာကို ဘယ်တော့မှမတောင်းဆိုဘဲ ကျွန်ုပ်တို့ တတ်နိုင်သမျှပေးဆက်ရာကိုသာ နှစ်သက်လက်ခံကြောင်း သိရှိရသည့်အတွက် စိတ်သက်သာမှုရနိုင်ကြသည်။ (မာလခိ ၃:၆) ထိုသို့နားလည်ပေးတတ်သောသိုးထိန်းတစ်ဦး၏ ဦးဆောင်လမ်းပြမှုကိုခံယူခြင်းသည် တကယ့်ကိုရွှင်လန်းစရာပင်။
“ဘေးအန္တရာယ်ကိုမကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူသည်”
၁၃။ ဆာလံ ၂၃:၄ တွင်ဒါဝိဒ်သည် ယေဟောဝါနှင့် ပိုမိုရင်းနှီးစွာ မည်သို့ပြောဆိုလာသနည်း။ ယင်းသည် အဘယ်ကြောင့် အံ့အားသင့်စရာမဟုတ်သနည်း။
၁၃ ဒါဝိဒ်ယုံကြည်စိတ်ချရသည့် ဒုတိယအကြောင်းမှာ ယေဟောဝါသည် ကိုယ်တော်၏သိုးများကို ကာကွယ်တော်မူသည့်အတွက်ဖြစ်သည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။” (ဆာလံ ၂၃:၄) ယခု ဒါဝိဒ်သည် ယေဟောဝါအား “ကိုယ်တော်” ဟုခေါ်ဆိုခြင်းဖြင့် ယခင်ကထက် ပို၍ရင်းနှီးစွာ စကားပြောဆိုလာသည်။ ဆင်းရဲခက်ခဲမှုခံရပ်နိုင်ရန် မိမိကို ဘုရားသခင် မည်သို့ ကူညီပေးခဲ့ကြောင်း ဒါဝိဒ်ပြောဆိုနေခြင်းဖြစ်ရာ ယင်းသို့ခေါ်ဆိုခြင်းသည် အံ့အားသင့်စရာမဟုတ်ပေ။ ဒါဝိဒ်သည် အသက်ဘေးနှင့်ကြုံတွေ့ရချိန်များတွင် သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်များကို ဖြတ်ကျော်ခဲ့ရသည်။ သို့သော် သူမကြောက်ပါ။ အကြောင်းမှာ ဘုရားသခင်သည် မိမိနှင့်အတူ ရှိတော်မူပြီး လိုအပ်လာလျှင် ကိုယ်တော်၏ “လှံတံတော်” နှင့် “တောင်ဝှေးတော်” တို့ဖြင့် ကာကွယ်ပေးမည်ကို သူသိရှိသောကြောင့်ဖြစ်သည်။ ဒါဝိဒ်သည် ဤသို့ကာကွယ်ခံရမည်ဟူသော အသိကြောင့် စိတ်သက်သာမှုရပြီး ယေဟောဝါနှင့် ပို၍ရင်းနှီးလာ၏။ *
၁၄။ ယေဟောဝါ၏ကာကွယ်မှုနှင့်ပတ်သက်၍ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို အဘယ်အာမခံချက်ပေးထားသနည်း။ သို့သော် ယင်းအာမခံချက်က အဘယ်အရာကို ဆိုလိုခြင်းမဟုတ်သနည်း။
၁၄ ယခုအချိန်တွင် ယေဟောဝါသည် မိမိ၏သိုးများကို မည်သို့ကာကွယ်ပေးသနည်း။ စာတန်ဖြစ်စေ၊ လူဖြစ်စေ မည်သည့်ဆန့်ကျင်သူကမျှ ကမ္ဘာမြေပေါ်ရှိ ကိုယ်တော်၏သိုးများကို ပပျောက်စေနိုင်မည်မဟုတ်ဟု သမ္မာကျမ်းစာက အာမခံထားသည်။ ယေဟောဝါသည် ဘယ်တော့မျှ ထိုသို့အဖြစ်ခံမည်မဟုတ်ချေ။ (ဟေရှာယ ၅၄:၁၇; ၂ ပေတရု ၂:၉) သို့ဆိုသောကြောင့် ကျွန်ုပ်တို့၏သိုးထိန်းရှင်သည် ကပ်ဘေးတိုင်းမှ ကျွန်ုပ်တို့ကို ကာကွယ်ပေးမည်ဟု မဆိုလိုချေ။ ကျွန်ုပ်တို့သည် လူတို့ကြုံတွေ့နေကျ အကျပ်အတည်းများကို ကြုံကြရပြီး ခရစ်ယာန်စစ်အားလုံးအပေါ် ကျရောက်သည့် ဆန့်ကျင်မှုကို ရင်ဆိုင်ကြရသည်။ (၂ တိမောသေ ၃:၁၂; ယာကုပ် ၁:၂) ပုံဆောင်စကားအရ ကျွန်ုပ်တို့သည် “သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရ” သည့်အချိန်များရှိ၏။ ဥပမာ၊ ကျွန်ုပ်တို့သည် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သို့မဟုတ် ကျန်းမာရေးဖိစီးမှုတစ်ခုခုကြောင့် အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ပေမည်။ ကျွန်ုပ်တို့၏ ချစ်မြတ်နိုးသူတစ်ဦးဦးသည် အသက်ဆုံးလုနီးပါး သို့မဟုတ် အသက်ဆုံးပါးခြင်းပင် ဖြစ်ခဲ့ပေမည်။ ဘဝတွင် အမှောင်မိုက်ဆုံးဟုထင်ရသည့်အချိန်များ၌ ကျွန်ုပ်တို့၏သိုးထိန်းရှင်သည် ကျွန်ုပ်တို့နှင့်အတူရှိပြီး ကာကွယ်မှုပေးပါလိမ့်မည်။ မည်သို့အားဖြင့်နည်း။
၁၅၊ ၁၆။ (က) ကျွန်ုပ်တို့သည် ရင်ဆိုင်ရနိုင်သည့် အခက်အခဲများကို ကိုင်တွယ်နိုင်ရန် မည်သည့်နည်းများဖြင့် ယေဟောဝါကူညီပေးသနည်း။ (ခ) ကျွန်ုပ်တို့ စမ်းသပ်မှုခံရချိန်များတွင် ယေဟောဝါ မည်သို့ကူညီပေးကြောင်းဖော်ပြသော တွေ့ကြုံမှုတစ်ခုကို ပြောပြပါ။
၁၅ ယေဟောဝါသည် အံ့ဖွယ်နည်းဖြင့် ကြားဝင်ဆောင်ရွက်ပေးမည်ဟု ကတိမပြုချေ။ * သို့သော် ကျွန်ုပ်တို့ရင်ဆိုင်နေရသည့် မည်သည့်အခက်အခဲကိုမဆို ကျော်လွှားအောင်မြင်နိုင်ရန် ယေဟောဝါ ကူညီပေးမည်ကို စိတ်ချနိုင်ကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို “အထူးထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်း” ကိုကျော်လွှားနိုင်ရန် ဉာဏ်ပညာကို ပေးသနားနိုင်သည်။ (ယာကုပ် ၁:၂-၅) သိုးထိန်းတစ်ဦးသည် သူ၏လှံတံ သို့မဟုတ် တောင်ဝှေးကို အသုံးပြု၍ မိမိသိုးများကို သားရဲတိရစ္ဆာန်များ၏ရန်မှ ကာကွယ်ပေးသည့်အပြင် လမ်းမှန်အတိုင်းသွားရန် အသာအယာ တို့ထိပေး၏။ ကျွန်ုပ်တို့၏အခြေအနေကို အကြီးအကျယ်ပြောင်းလဲပေးနိုင်သည့် ကျမ်းစာအခြေပြုဆုံးမစကားကို လိုက်လျှောက်ရန် ဝတ်ပြုသူချင်းတစ်ဦးအားဖြင့် ကျွန်ုပ်တို့ကို ယေဟောဝါ “တို့ထိ” ပေးနိုင်သည်။ ထို့ပြင် ယေဟောဝါသည် ကျွန်ုပ်တို့ ခံနိုင်ရည်ရှိနိုင်ရန်လည်း ခွန်အားပေးနိုင်သည်။ (ဖိလိပ္ပိ ၄:၁၃) ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကို “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ပေးသနားထားသည်။ (၂ ကောရိန္သု ၄:၇၊ ကဘ) ဘုရားသခင်၏ဝိညာဉ်တော်သည် စာတန်ဖြစ်ပေါ်စေသော မည်သည့်စမ်းသပ်မှုကိုမဆို ခံရပ်စေနိုင်သည်။ (၁ ကောရိန္သု ၁၀:၁၃) ယေဟောဝါသည် ကျွန်ုပ်တို့အား ကူညီပေးရန် အမြဲအသင့်ရှိနေကြောင်းကို သိရခြင်းသည် ကျွန်ုပ်တို့အတွက် စိတ်သက်သာစရာမဟုတ်ပေလော။
၁၆ မဲမှောင်သောမည်သည့်ချိုင့်ထဲတွင် ကျွန်ုပ်တို့ရောက်နေပါစေ၊ ကျွန်ုပ်တို့တစ်ဦးတည်း ယင်းကို ဖြတ်ကျော်ရမည်မဟုတ်ပါ။ ကျွန်ုပ်တို့၏သိုးထိန်းရှင်သည် ကျွန်ုပ်တို့နှင့်အတူရှိပြီး အစပိုင်းတွင် ကျွန်ုပ်တို့ အပြည့်အဝနားမလည်နိုင်သည့်နည်းများဖြင့် ကူညီပေးတော်မူသည်။ မိမိတွင် အသက်အန္တရာယ်ဖြစ်နိုင်သော ဦးနှောက်အကြိတ်ရှိကြောင်း သိရှိခဲ့သည့် ခရစ်ယာန်အကြီးအကဲတစ်ဦး၏ကိုယ်တွေ့ကို သုံးသပ်ကြည့်ပါ။ “ပထမတော့ ကျွန်တော့်ကို ယေဟောဝါ စိတ်ဆိုးနေတာလား၊ ဒါမှမဟုတ် ချစ်ကောချစ်ရဲ့လားဆိုပြီး သိချင်ခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ ယေဟောဝါနဲ့ဝေးကွာသွားဖို့ စိတ်မကူးခဲ့ဘူး။ ကိုယ်တော့်ကို ကျွန်တော့်ရဲ့စိုးရိမ်ပူပန်တွေ ပြောပြတယ်။ အဲ့ဒီအခါမှာ ညီအစ်ကို၊ ညီအစ်မတွေကနေတစ်ဆင့် ကျွန်တော့်ကို ယေဟောဝါကူညီပေးပြီး နှစ်သိမ့်ပေးတယ်။ ဆိုးရွားတဲ့ရောဂါကြီးတွေကို ထိုးထွင်းပိုင်းခြားဉာဏ်နဲ့ သူတို့ ဘယ်လိုကျော်လွှားနိုင်ခဲ့တယ်ဆိုတဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေကို ပြောပြကြတယ်။ သူတို့ရဲ့ အကျိုးသင့်အကြောင်းသင့်ဖြစ်တဲ့မှတ်ချက်တွေကြောင့် ကျွန်တော်ခံစားနေရတာ သူတို့ထက် ဘာမှပိုထူးတာမဟုတ်ဘူးဆိုတာ သတိပေးခံလိုက်ရတယ်။ တချို့သူတွေရဲ့ ကြင်ကြင်နာနာပေးတဲ့ လက်တွေ့ကျအကူအညီကြောင့် ကျွန်တော့်ကို ယေဟောဝါ စိတ်မဆိုးဘူးဆိုတာ သိလိုက်ရတယ်။ ကျွန်တော့်ရောဂါနဲ့တော့ တိုက်ပွဲဝင်နေရဦးမှာပဲ။ နောက်ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ယေဟောဝါဟာ ကျွန်တော်နဲ့အတူရှိပြီး ဒီစမ်းသပ်မှုတစ်လျှောက် ကျွန်တော့်ကို ကူညီပေးသွားမယ်ဆိုတာ ကျွန်တော်ယုံကြည်စိတ်ချတယ်။”
“အကျွန်ုပ်အဖို့ စားပွဲကိုခင်းတော်မူ၏”
၁၇။ ဒါဝိဒ်သည် ဆာလံ ၂၃:၅ တွင် ယေဟောဝါအား အဘယ်အရာနှင့်ပုံခိုင်းထားသနည်း။ ယင်းသည် သိုးထိန်းပုံခိုင်းချက်နှင့် အဘယ်ကြောင့် သဘောတရားတူသနည်း။
၁၇ ယခု ဒါဝိဒ်က မိမိ၏သိုးထိန်းရှင်ကို ယုံကြည်စိတ်ချရသည့် တတိယအကြောင်းကို ဖော်ပြ၏။ ယေဟောဝါသည် မိမိ၏သိုးများကို အလျှံပယ်ကျွေးမွေးတော်မူသည်။ ဒါဝိဒ်က “အကျွန်ုပ်၏ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဖို့ စားပွဲကိုခင်းတော်မူ၏။ အကျွန်ုပ်၏ခေါင်းကို ဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်ခွက်ဖလားသည် လျှံလျက်ရှိပါ၏” ဟုရေးသားသည်။ (ဆာလံ ၂၃:၅) ဒါဝိဒ်သည် ဤအခန်းငယ်တွင် မိမိ၏သိုးထိန်းရှင်ကို အလျှံပယ်ကျွေးမွေးတတ်သော ရက်ရောသည့်အိမ်ရှင်အဖြစ် ဖော်ပြထားသည်။ ဂရုစိုက်စောင့်ရှောက်သောသိုးထိန်းနှင့် ရက်ရောသောအိမ်ရှင်ဟူသည့် ပုံခိုင်းချက်နှစ်ခုစလုံးသည် သဘောတရားအတူတူပင်ဖြစ်၏။ သိုးထိန်းကောင်းတစ်ဦးသည် မိမိ၏သိုးအုပ် “အဘယ်အရာမျှမလို” စေရန် အစာရေစာပေါကြွယ်ဝသည့်စားကျက် အဘယ်နေရာတွင်ရှိကြောင်း သိရှိရမည်ဖြစ်သည်။—ဆာလံ ၂၃:၁၊ ၂၊ သမ္မာ။
၁၈။ ယေဟောဝါသည် ရက်ရောသောအိမ်ရှင်တစ်ဦးဖြစ်ကြောင်း အဘယ်အရာကဖော်ပြသနည်း။
၁၈ ကျွန်ုပ်တို့၏သိုးထိန်းရှင်သည် ရက်ရောသောအိမ်ရှင်လည်း ဖြစ်ပါသလော။ ယင်းနှင့်ပတ်သက်၍ စောဒကတက်စရာအကြောင်းမရှိပါ။ ယခု ကျွန်ုပ်တို့စားသုံးနေသော ဝိညာဉ်ရေးအစာ၏ အရည်အသွေး၊ ပမာဏနှင့် အမျိုးအမည်စုံလင်မှုကို စဉ်းစားကြည့်လိုက်ပါ။ ယေဟောဝါသည် သစ္စာနှင့်သတိပညာရှိကျေးကျွန်အတန်းအစားမှတစ်ဆင့် အကျိုးရှိစာပေများ၊ လမ်းညွှန်သွန်သင်မှုပေးသော အစည်းအဝေးများ၊ စည်းဝေးပွဲများ၊ စည်းဝေးကြီးများအားဖြင့် ဝိညာဉ်အစာကျွေးမွေးလျက်ရှိသည်။ ယင်းတို့အားလုံးသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်။ (မဿဲ ၂၄:၄၅-၄၇) ဝိညာဉ်အစာ ပြတ်လပ်သွားသည်ဟူ၍မရှိချေ။ ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ သည် သမ္မာကျမ်းစာနှင့် ကျမ်းစာလေ့လာရန် အထောက်အကူပြုစာအုပ်စာတမ်းများကို ထုတ်ဝေလျက်ရှိရာ ယခုအခါ ဤစာပေများကို ဘာသာစကားပေါင်း ၄၁၃ မျိုးထက်မက ရရှိနိုင်သည်။ ယေဟောဝါသည် “နို့” နှင့်တူသော အခြေခံကျမ်းစာသွန်သင်ချက်များမှ “ကြေခဲသောအစာ” နှင့်တူသည့် နက်နဲသောကျမ်းစာအကြောင်းအရာများအထိ ဝိညာဉ်ရေးအစာ အမျိုးမျိုးအဖုံဖုံကျွေးမွေးတော်မူသည်။ (ဟေဗြဲ ၅:၁၁-၁၄) ထို့ကြောင့် ကျွန်ုပ်တို့သည် အခက်အခဲများ သို့မဟုတ် ဆုံးဖြတ်စရာများနှင့် ရင်ဆိုင်ရသည့်အခါ လိုအပ်သည့်လမ်းညွှန်မှုကို ရှာဖွေတွေ့ရှိနိုင်သည်။ ထိုသို့သော ဝိညာဉ်အစာသာမရှိလျှင် ကျွန်ုပ်တို့ မည်သို့ဖြစ်သွားမည်နည်း။ ကျွန်ုပ်တို့၏သိုးထိန်းရှင်သည် အရက်ရောဆုံး ကျွေးမွေးထောက်ပံ့ပေးရှင်ဖြစ်သည်မှာ အမှန်ပင်။—ဟေရှာယ ၂၅:၆; ၆၅:၁၃။
‘အကျွန်ုပ်သည် ထာဝရဘုရားသခင်၏အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်’
၁၉၊ ၂၀။ (က) ဒါဝိဒ်သည် ဆာလံ ၂၃:၆ တွင်အဘယ်ယုံကြည်စိတ်ချမှုကိုဖော်ပြသနည်း။ ကျွန်ုပ်တို့သည် ထိုသို့သောယုံကြည်စိတ်ချမှုကို မည်သို့ရရှိနိုင်သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကို ဆွေးနွေးကြမည်နည်း။
၁၉ ဒါဝိဒ်သည် မိမိသိုးထိန်းရှင်၏ထိန်းကျောင်းပုံများနှင့် ထောက်ပံ့သူ၏ကျွေးမွေးပုံများကို သုံးသပ်ပြီးနောက် ဤသို့နိဂုံးချုပ်လိုက်၏– ‘အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးနှင့်ကရုဏာကို တစ်သက်လုံးခံစား၍ ထာဝရဘုရားသခင်၏အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။’ (ဆာလံ ၂၃:၆) ဒါဝိဒ်သည် အတိတ်ကိုပြန်အမှတ်ရပြီး အလွန်ကျေးဇူးတင်စွာဖြင့်၊ အနာဂတ်ကို ယုံကြည်မှုအပြည့်နှင့် စောင့်မျှော်ရင်းဖြင့် ဤစကားများကို လှိုက်လှိုက်လှဲလှဲပြောဆိုနေခြင်းဖြစ်သည်။ ယခင်က သိုးထိန်းလုပ်ခဲ့ဖူးသူ ဒါဝိဒ်သည် ယေဟောဝါ၏အိမ်တော်တွင် နေထိုင်နေသည်အလား မိမိ၏ကောင်းကင်သိုးထိန်းရှင်နှင့် ရင်းနှီးနေသရွေ့ ကိုယ်တော်၏မေတ္တာပါဂရုစိုက်စောင့်ရှောက်မှု အမြဲခံစားရမည်ဟူသောအသိဖြင့် လုံခြုံမှုရှိခဲ့၏။
၂၀ ဆာလံ အခန်းကြီး ၂၃ တွင်မှတ်တမ်းတင်ထားသည့် လှပတင့်တယ်သောစကားများအတွက် ကျွန်ုပ်တို့ အမှန်ပင် ကျေးဇူးတင်ကြပါသည်။ ယေဟောဝါသည် မိမိ၏သိုးများကို ဦးဆောင်လမ်းပြပြီး ကာကွယ်ကာ အစာကျွေးမွေးပုံတို့ကို အဆီလျော်ဆုံးပုံခိုင်းချက်ဖြင့် ဒါဝိဒ်ဖော်ပြနိုင်ခဲ့သည်။ ကျွန်ုပ်တို့လည်း ယေဟောဝါအား ကျွန်ုပ်တို့၏သိုးထိန်းရှင်အဖြစ် အားထားနိုင်သည့် ယုံကြည်စိတ်ချမှုမျိုးရှိစေရန် ဒါဝိဒ်၏နှစ်လို့ဖွယ်စကားများကို သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားခဲ့သည်။ ယေဟောဝါနှင့် ကျွန်ုပ်တို့ ရင်းနှီးနေသရွေ့ မေတ္တာရှိသိုးထိန်းရှင်အနေဖြင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကို “အစဉ်အမြဲ” ထာဝရကာလပတ်လုံး ဂရုစိုက်စောင့်ရှောက်သွားပါလိမ့်မည်။ သို့သော် ကြီးမြတ်သောသိုးထိန်းရှင် ယေဟောဝါ၏သိုးများအနေနှင့် ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ လျှောက်လှမ်းရန် တာဝန်ရှိ၏။ ၎င်းတွင် အဘယ်အရာပါဝင်ကြောင်း နောက်ဆောင်းပါးတွင် ဆွေးနွေးကြမည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 6 ကမ္ဘာဦး ၂၉:၇; ယောဘ ၃၀:၁; ယေရမိ ၃၃:၁၃; လုကာ ၁၅:၄; ယောဟန် ၁၀:၃၊ ၄ တို့ကိုရှု။
^ အပိုဒ်၊ 13 ဒါဝိဒ်သည် မိမိ၏အသက်အန္တရာယ်မှ ကယ်နုတ်ပေးသော ယေဟောဝါအား ချီးမွမ်းထားသည့် ဆာလံသီချင်းများစွာ စပ်ဆိုခဲ့သည်။ ဥပမာ၊ ဆာလံ အခန်းကြီး ၁၈၊ ၃၄၊ ၅၆၊ ၅၇၊ ၅၉၊ ၆၃ တို့၏ခေါင်းစီးများကိုရှု။
^ အပိုဒ်၊ 15 ၂၀၀၃၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင်မှ “ဘုရားသခင် ကြားဝင်ဆောင်ရွက်ပေးမှု မည်သို့ပြုမည်ဟု ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း” ဆောင်းပါးကိုရှု။
သင်မှတ်မိသလော
• ဒါဝိဒ်သည် ယေဟောဝါအား သိုးထိန်းတစ်ဦးနှင့် ပုံခိုင်းခြင်းသည် အဘယ်ကြောင့်ဆီလျော်သနည်း။
• ယေဟောဝါသည် ကျွန်ုပ်တို့ကို စာနာစွာဖြင့် မည်သို့ဦးဆောင်လမ်းပြသနည်း။
• စမ်းသပ်မှုများကို ကျွန်ုပ်တို့ ခံရပ်နိုင်ရန် အဘယ်နည်းများဖြင့် ယေဟောဝါ ကူညီပေးသနည်း။
• ယေဟောဝါသည် ရက်ရောသောအိမ်ရှင်တစ်ဦးဖြစ်ကြောင်း အဘယ်အရာက ဖော်ပြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဣသရေလသိုးထိန်းတစ်ဦးကဲ့သို့ ယေဟောဝါသည် မိမိ၏သိုးများကို ဦးဆောင်လမ်းပြတော်မူ၏