ရွေးနုတ်ဖိုး—ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားဖော်ပြ
ရွေးနုတ်ဖိုး—ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားဖော်ပြ
အာဒံနှင့်ဧဝတို့ ပုန်ကန်ပြီးနောက် ဖနောင့်ကိုအကြိတ်ခံရမည့် မျိုးနွယ်ပေါ်လာစေမည်ဟူသော ကိုယ်တော်၏ရည်ရွယ်ချက်အကြောင်း ယေဟောဝါမိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) ယင်းသည် ဘုရားသခင့်ရန်သူတို့က ယေရှုခရစ်အား သစ်တိုင်ပေါ်အသေသတ်ခဲ့ချိန်တွင် ပြည့်စုံခဲ့သည်။ (ဂလာတိ ၃:၁၃၊ ၁၆) ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့် အပျိုကညာတစ်ဦး၏သားအိမ်တွင် အံ့ဖွယ်သန္ဓေတည်ခဲ့သောကြောင့် အပြစ်ကင်းတော်မူ၏။ ယင်းကြောင့် ကိုယ်တော်သွန်းခဲ့သောအသွေးသည် အာဒံထံမှ အပြစ်နှင့်သေခြင်းကို အမွေရခဲ့သော လူသားများကိုကယ်လွတ်ရန် ရွေးနုတ်ဖိုးအဖြစ် အသုံးတော်ခံနိုင်ခဲ့သည်။—ရောမ ၅:၁၂၊ ၁၉။
အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရားသခင်၏ရည်ရွယ်ချက် မပြည့်စုံအောင် အဘယ်အရာမျှ မတားဆီးနိုင်ချေ။ ထို့ကြောင့် လူသားတို့ အပြစ်သားဘဝ ရောက်သွားပြီးနောက် ရွေးနုတ်ဖိုးသည် ယေဟောဝါ၏အမြင်တွင် ပေးပြီးသားအရာကဲ့သို့ဖြစ်ကာ ကိုယ်တော်၏ကတိတော်များကို ယုံကြည်ကြောင်းတင်ပြသူတို့နှင့် ဆက်ဆံနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်မှုကို အစွန်းအထင်းမဖြစ်စေဘဲ ဧနောက်၊ နောဧ၊ အာဗြဟံအစရှိသည့် အပြစ်ရှိသောအာဒံ၏သားမြေးတို့သည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းကာ ကိုယ်တော်၏မိတ်ဆွေဖြစ်နိုင်ခဲ့ကြသည်။—ကမ္ဘာဦး ၅:၂၄; ၆:၉; ယာကုပ် ၂:၂၃။
ယေဟောဝါအား ယုံကြည်သူအချို့သည် ကြီးလေးသောအမှားများ ကျူးလွန်ခဲ့ကြသည်။ တစ်ဦးမှာ ဘုရင်ဒါဝိဒ်ဖြစ်၏။ ‘ဒါဝိဒ်ဟာ ဗာသရှေဘနဲ့မှားယွင်းပြီး သူ့ခင်ပွန်းဥရိယကိုသတ်တဲ့အပြစ် ကျူးလွန်ခဲ့တာတောင် ဘုရားသခင် ဘာကြောင့်ကောင်းချီးဆက်ပေးရတာလဲ’ ဟုသင်မေးပေမည်။ အရေးကြီးသည့်အချက်မှာ ဒါဝိဒ်သည် စစ်မှန်သောနောင်တနှင့် ယုံကြည်ခြင်းတင်ပြသောကြောင့်ဖြစ်၏။ (၂ ဓမ္မရာဇဝင် ၁၁:၁-၁၇; ၁၂:၁-၁၄) အနာဂတ်တွင် ယေရှုခရစ်ပေးဆက်မည့် ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကိုအခြေခံ၍ ဒါဝိဒ်၏အပြစ်ကို ဘုရားသခင်ခွင့်လွှတ်နိုင်ခဲ့သည့်အထိ မိမိ၏တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို ဆက်ထိန်းထားတော်မူသည်။ (ဆာလံ ၃၂:၁၊ ၂) ယေရှု၏ရွေးနုတ်ဖိုးက ဖြစ်မြောက်စေသည့် အထူးခြားဆုံးအရာကို သမ္မာကျမ်းစာတွင် ဤသို့ရှင်းပြ၏– “ယခုကာလ” နှင့် “လွန်ခဲ့ပြီးသောအပြစ်များကို မှတ်တော်မမူရာတွင် [ဘုရားသခင်၏] ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှာ” ဖြစ်သည်။—ရောမ ၃:၂၅၊ ၂၆။
ယေရှု၏အဖိုးထိုက်အသွေးတော်ကြောင့် လူသားများ အကျိုးများစွာခံစားခဲ့ရသည်။ ရွေးနုတ်ဖိုးကိုအခြေခံပြီး နောင်တယူသောအပြစ်သားများသည် ဘုရားသခင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိနိုင်ကြသည်။ ထို့ပြင် ရွေးနုတ်ဖိုးသည် ဘုရားသခင့်ကမ္ဘာသစ်တွင် သေလွန်သူများ ရှင်ပြန်ထမြောက်လာစေရန် လမ်းဖွင့်ပေးခဲ့သည်။ ထိုသူတို့တွင် ယေရှုရွေးနုတ်ဖိုးမပေးမီ သေဆုံးခဲ့ကြသော ဘုရားသခင်၏သစ္စာရှိကျေးကျွန်များ၊ ကိုယ်တော်အား မသိသူများ၊ မကိုးကွယ်သူများပင် ပါဝင်ကြမည်။ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်” ဟုသမ္မာကျမ်းစာတွင် ဆိုထားသည်။ (တမန်တော် ၂၄:၁၅) ထိုအချိန်တွင် ယေဟောဝါသည် ရွေးနုတ်ဖိုးကိုအခြေခံကာ နာခံသူလူသားအားလုံးကို ထာဝရအသက် ပေးတော်မူမည်။ (ယောဟန် ၃:၃၆) ယေရှုကိုယ်တော်တိုင် ဤသို့ဆိုသည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကိုချစ်တော်မူ၏။” (ယောဟန် ၃:၁၆) ရွေးနုတ်ဖိုးကို ဘုရားသခင်စီစဉ်ပေးထားသောကြောင့် ယင်းအကျိုးကျေးဇူးများကို လူသားတို့ ခံစားရမည်။
သို့သော် ရွေးနုတ်ဖိုးနှင့်ပတ်သက်သည့် အထူးခြားဆုံးအချက်မှာ ယင်းမှ ကျွန်ုပ်တို့ရရှိသည့် အကျိုးကျေးဇူးများ မဟုတ်ပါ။ ပို၍အရေးကြီးသည်မှာ ယေဟောဝါ၏နာမအတွက် ခရစ်တော်၏ရွေးနုတ်ဖိုးက ဖြစ်မြောက်စေသည့်အရာဖြစ်၏။ ယင်းက ယေဟောဝါသည် ကိုယ်တော်၏သန့်ရှင်းစင်ကြယ်ခြင်းကို မထိခိုက်ဘဲ အပြစ်သားလူသားတို့နှင့် ဆက်ဆံနိုင်သည့် ပြည့်ဝစုံလင်သောတရားမျှတရှင် ဘုရားသခင်ဖြစ်တော်မူကြောင်း သက်သေထူသည်။ ယေဟောဝါသာ ရွေးနုတ်ဖိုးကို မစီစဉ်ပေးခဲ့ပါက အာဒံ၏ မည်သည့်သားမြေးမဆို၊ ဧနောက်၊ နောဧ၊ အာဗြဟံတို့ပင် ဘုရားသခင်နှင့်အတူ မိတ်ဆွေအဖြစ် လျှောက်လှမ်းနိုင်မည်မဟုတ်ချေ။ ယင်းကို ဆာလံဆရာအသိအမှတ်ပြုကာ ဤသို့ရေးခဲ့သည်– ‘ထာဝရဘုရားသခင် ကိုယ်တော်သည် အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူခံရပ်နိုင်ပါမည်နည်း။’ (ဆာလံ ၁၃၀:၃) ကိုယ်တော်ချစ်တော်မူသောသားတော်ကို မြေကြီးပေါ်သို့ စေလွှတ်ခဲ့သည့် ယေဟောဝါနှင့် ကျွန်ုပ်တို့အတွက် မိမိအသက်ကို ရွေးနုတ်ဖိုးအဖြစ် တလိုတလားပေးဆပ်ခဲ့သည့် ယေရှုတို့နှစ်ပါးစလုံးကို အလွန်ကျေးဇူးတင်သင့်ပေသည်။—မာကု ၁၀:၄၅။