မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာဖြင့် နားထောင်ပေးခြင်း အတတ်ပညာ

မေတ္တာဖြင့် နားထောင်ပေးခြင်း အတတ်ပညာ

မေတ္တာဖြင့် နားထောင်​ပေးခြင်း အတတ်ပညာ

“နားထောင်ပေး​တဲ့​အတွက် ကျေးဇူး​တင်​ပါ​တယ်” ဟု မကြာသေးမီ​က သင့်​အား တစ်ဦး​တစ်ယောက် ဆို​ခဲ့​ပါသလော။ ထိုသို့​အပြော​ခံရ​ခြင်း​သည် ချီးမွမ်းစရာ​ပင်။ ကောင်းစွာ​နားထောင်သူ​တစ်ဦး​ကို အားလုံးနီးပါး နှစ်သက်​တန်ဖိုး​ထား​ကြ​၏။ ကောင်းစွာ​နားထောင်ခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် စိတ်​ဆင်းရဲ​နေ​သူများ၊ ပြဿနာ​များ​ဖြင့် ဝန်ပိနေ​သူများကို လန်းဆန်း​စေနိုင်​သည်။ ကောင်းစွာ​နားထောင်​မပေး​လျှင် လူ​တို့ကို လန်းဆန်း​စေပါ​မည်​လော။ ခရစ်ယာန်​အသင်းတော်တွင် မေတ္တာဖြင့် နားထောင်​ပေးခြင်း​သည် ‘မေတ္တာ​စိတ်​ရှိစေရန်​နှင့် ကောင်းသော​အကျင့်ကို ကျင့်​စေရန် အချင်းချင်း တစ်ယောက်ကို​တစ်ယောက် ထောက်စာ​ကြည့်ရှု’ ရာ​တွင် မရှိမဖြစ်​လိုအပ်​၏။—ဟေဗြဲ ၁၀:၂၄

သို့ရာတွင် အများ​သော​သူတို့သည် ကောင်းစွာ​နားထောင်ပေး​သူများ မဟုတ်​ကြ​ချေ။ သူတို့သည် အခြားသူ​တို့​ပြောဆို​ရာ​ကို နားထောင်ပေး​မည့်​အစား မိမိတို့၏​ရှုမြင်ပုံကို တင်ပြ​လို​ကြ​၏။ မိမိတို့၏​အတွေ့အကြုံ​များ​ကို ပြန်​ပြောပြ​လို​ကြ​၏။ အကြံဉာဏ်​ပေး​လို​ကြ​၏။ နားထောင်​ပေးခြင်း​သည် အမှန်ပင် အတတ်ပညာ​တစ်ခု ဖြစ်​ပေ​သည်။ မေတ္တာဖြင့် နားထောင်ပေး​ရန် ကျွန်ုပ်​တို့ မည်သို့​သင်ယူ​နိုင်​သနည်း။

အဓိက​အချက်

ယေဟောဝါ​သည် ကျွန်ုပ်​တို့၏ “မဟာသွန်သင်ရှင်” ဖြစ်​တော်​မူ​၏။ (ဟေရှာယ ၃၀:၂၀က​ဘ) နားထောင်ခြင်း​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့အား ကိုယ်တော် များစွာ​သွန်သင်ပေး​နိုင်​တော်​မူ​၏။ ပရောဖက်​ဧလိယ​အား ယေဟောဝါ မည်သို့​ကူညီပေး​ခဲ့​ပုံ​ကို သုံးသပ်ကြည့်​ပါ။ မိဖုရား ယေဇဗေလ​၏ ခြိမ်းခြောက်​မှု​ကို ကြောက်လန့်​နေသည့် ဧလိယ​သည် တောကန္တာရ​ထဲ ထွက်ပြေး​သွားပြီး သေ​လို​ကြောင်း ဖော်ပြ​ခဲ့​၏။ ထို​တွင် ဘုရားသခင့်​ကောင်းကင်တမန်​သည် သူနှင့်​စကားပြော​ဆို​ခဲ့​၏။ ပရောဖက်​သည် မိမိ၏​ကြောက်ရွံ့​မှု​ကို ပြောပြ​သည့်​အခါ ယေဟောဝါ နားထောင်ပေး​ခဲ့​သည်။ ၎င်းနောက် မိမိ၏​ကြီးမားသော​အစွမ်း​တန်ခိုး​ကို ပြသ​တော်​မူ​ခဲ့​၏။ ရလဒ်​ကား​အဘယ်နည်း။ ဧလိယ​သည် မကြောက်ရွံ့​တော့​ဘဲ မိမိ၏​တာဝန်​ကို ပြန်​ထမ်းဆောင်​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၉:၂-၁၅) ယေဟောဝါ​သည် မိမိ​ကျေးကျွန်​များ​၏ စိုးရိမ်​ပူပန်​များ​ကို အဘယ်ကြောင့် အချိန်ပေး​၍ နားထောင်​တော်​မူ​သနည်း။ သူတို့ကို ကိုယ်တော်​ဂရုစိုက်​တော်​မူ​သောကြောင့် ဖြစ်၏။ (၁ ပေတရု ၅:၇) သို့​ဖြစ်၍ ကောင်းစွာ​နားထောင်သူ​တစ်ဦး​ဖြစ်​ရန် အဓိက​အချက်​မှာ အခြား​သူများကို ဂရုစိုက်​ပြီး သူတို့​အကျိုးကို အမှန်​လိုလား​ကြောင်း တင်ပြ​ရမည်။

ဘိုလီးဗီးယား​နိုင်ငံ​ရှိ အမျိုးသား​တစ်ဦး​သည် ကြီး​လေး​သော​အမှား​တစ်ခု​ကို ကျူးလွန်​မိ​သောအခါ ထိုသို့​သော​ဂရုစိုက်​မှု​ကို ယုံကြည်သူချင်း​တစ်ဦးထံ​မှ လက်ခံရ​ရှိသည့်​အတွက် ကျေးဇူး​တင်​ခဲ့​၏။ ထို​အမျိုးသား​က ဤသို့​ရှင်းပြသည်– “ကျွန်တော့်​ဘဝမှာ အဲဒီ​အချိန်​ဟာ စိတ်​ဆင်းရဲ​စ​ရာ​အကောင်းဆုံး အချိန်​ပဲ။ ကျွန်တော်​ပြော​တာတွေကို အချိန်ပေး​ပြီး နားထောင်​ခဲ့​တဲ့ ညီအစ်ကို​တစ်ယောက်​မရှိဘူး​ဆိုရင် ယေဟောဝါ​ရဲ့ အမှုတော်ကို​ထမ်းဆောင်​ဖို့ မကြိုးစား​တော့​ဘဲ လွယ်လွယ်ကူကူ လက်လျှော့​လိုက်​မိ​မှာ။ အဲဒီ​ညီအစ်ကို​က စကား​တော့ များများ​မပြောဘူး၊ ဒါပေမဲ့ ကျွန်တော်​ပြော​တာ​ကို ဂရုတစိုက် နားထောင်ပေး​တယ်​ဆို​တဲ့​အသိ​က ကျွန်တော့်​ကို တကယ်ပဲ အားရှိစေ​ခဲ့တယ်။ ကျွန်တော့်​ပြဿနာ​အတွက် ဖြေရှင်း​နည်းကို သူ​ပြောပြ​ဖို့ မလိုပါဘူး။ ကျွန်တော်​ဘာလုပ်​ရမယ်ဆိုတာ ကျွန်တော်​သိထားလို့ပဲ။ ကျွန်တော့်​ရဲ့​ခံစားချက်​ကို တစ်ယောက်ယောက်​က ဂရုစိုက်​ပေး​တယ်​ဆိုတာ သိလိုက်ရ​ရင်​ပဲ ကျေနပ်​ပါ​ပြီ။ သူ​နားထောင်ပေး​တဲ့​အတွက် စိတ်ပျက်​အားလျော့​မှု​ကို ကျွန်တော်​ကျော်လွှား​နိုင်​ခဲ့တယ်။”

မေတ္တာဖြင့် နားထောင်​ပေးခြင်း အတတ်ပညာ​တွင် ကြီးမြတ်သော စံနမူနာရှင်​တစ်ဦး​မှာ ယေရှု​ခရစ်​ဖြစ်၏။ ယေရှု​သေဆုံး​ပြီး​နောက်​မကြာမီ တပည့်​နှစ်ဦး​သည် ယေရုရှလင်​မှ ခု​နစ်​မိုင်​ဝေး​သော ရွာ​တစ်ရွာ​သို့ ခရီး​သွား​နေကြ​သည်။ သူတို့သည် အမှန်ပင် စိတ်အား​လျော့​နေကြ၏။ ထို့​ကြောင့် ရှင်ပြန်ထမြောက်​ပြီ​ဖြစ်သော ယေရှု​ခရစ်​သည် သူတို့​နားချ​ဉ်း​ကပ်​၍ အတူ​သွားလေသည်။ ကိုယ်တော်​သည် သူတို့၏​စိုးရိမ်​ပူပန်မှု​များ​ကို ထုတ်ပြော​စေရန် အသေအချာ​သုံးနှုန်းထား​သည့် မေးခွန်းများ မေးခဲ့​ရာ တပည့်​များ​က​လည်း တုံ့ပြန်​ဖြေဆို​ခဲ့​ကြ​၏။ သူတို့​မျှော်လင့်​ခဲ့​ရာ​နှင့် ယခု သူတို့ စိတ်ပျက်​အားလျော့​ကာ ဇဝေဇဝါ​ဖြစ်နေ​ကြသည်​ကို ပြောပြ​ခဲ့​ကြသည်။ ယေရှု၏​ဂရုစိုက်​မှု​နှင့် မေတ္တာဖြင့် နားထောင်ပေး​မှု​တို့​က တပည့်​နှစ်ဦး​အား ကိုယ်တော်​၏​စကား​ကို နားထောင်​စေ​ခဲ့​သည်။ ထို့နောက် ယေရှုသည် “ကျမ်းစာ​များ​၌ ကိုယ်တော်​ကို​ရည်​မှတ်၍ ရေးထားသမျှ​သော ကျမ်းစာ​ချက်​အနက်​ကို ရှင်းလင်းစွာ ဖော်ပြ​တော်​မူ​၏။”—လုကာ ၂၄:၁၃-၂၇

ကိုယ်တိုင်​အစပြု​၍ နားထောင်​ပေးခြင်း​က ကျွန်ုပ်​တို့၏​စကား​ကို အခြားသူများ နားထောင်​စေသည့် မေတ္တာပါ​သော နည်း​တစ်နည်း​ဖြစ်သည်။ ဘိုလီးဗီးယား​နိုင်ငံသူ အမျိုးသမီး​တစ်ဦး​က ဤသို့​ဆို​၏– “ကျွန်မ​သားသမီးတွေကို ပြုစု​ပျိုးထောင်​ပုံ​နဲ့​ပတ်သက်ပြီး ကျွန်မ​ရဲ့​မိဘ​နဲ့ ယောက္ခမ​တွေ​က ကန့်ကွက်​လာကြတယ်။ သူတို့ရဲ့​ဝေဖန်ချက်​တွေ​က ကျွန်မ​ကို မခံ​ချိ​မခံ​သာ​ဖြစ်စေ​ပေမဲ့ မိဘ​တစ်ယောက်​အနေ​နဲ့ ကိုယ့်​ကိုယ်ကို​လည်း သံသယဝင်​မိတယ်။ အဲဒီအချိန်မှာ ယေဟောဝါသက်သေ​တစ်ယောက် ကျွန်မ​တို့​အိမ်ကို ရောက်လာ​ပြီး ဘုရားသခင့်​ကတိတော်​တွေ​အကြောင်း ပြောပြ​တယ်။ ကျွန်မ​ရဲ့​သဘောထားကို သူ​မေးမြန်းခဲ့​ပုံ​က သူဟာ တလိုတလား​နားထောင်ပေး​သူ​ဖြစ်တယ်​လို့ ကျွန်မ​သိလိုက်​ရတယ်။ ဒါနဲ့ သူ့ကို အိမ်ထဲ​ဝင်​ခိုင်း​လိုက်ပြီး ကျွန်မ​ရဲ့ ပြဿနာ​ကို ပြောပြ​လိုက်တယ်။ စိတ်ရှည်ရှည်​နဲ့ သူ​နားထောင်ပေး​တယ်။ ကျွန်မ​ရဲ့​သားသမီးတွေကို ကျွန်မ ဘယ်လို​ဖြစ်စေချင်​သလဲ၊ အဲဒါနဲ့​ပတ်သက်ပြီး ကျွန်မ​ခင်ပွန်း​က ဘယ်လို​ယူမှတ်​မလဲ​ဆိုပြီး သူ​မေးတယ်။ ကျွန်မ​ကို ကြိုးစား​နားလည်​ပေး​လို​စိတ်​ရှိသူနဲ့ အတူ​ရှိနေ​ရတာ စိတ်​ချမ်းသာ​စ​ရာ​ပဲ။ မိသားစု​ဘဝနဲ့​ပတ်သက်ပြီး ကျမ်းစာ​ပြောဆို​ရာတွေကို သူ​ပြပေး​တဲ့​အခါ ကျွန်မ​ဟာ ကျွန်မ​ရဲ့​အခြေအနေ​ကို ဂရုစိုက်​ပေး​တတ်​သူနဲ့ စကားပြော​နေပါ​လား​ဆိုတာ သိလိုက်​ရတယ်။”

“မေတ္တာသည် . . . ကိုယ်​အကျိုးကို​မ​ရှာ​တတ်” ဟု ကျမ်းစာ​က​ဆို​၏။ (၁ ကောရိန္သု ၁၃:၄၊ ၅) ထို့​ကြောင့် မေတ္တာဖြင့် နားထောင်​ပေးခြင်း​သည် ကိုယ်ကျိုး​ကို ဘေးချိတ်​ထားခြင်း​ဟူ​သည့် သဘော​သက်ရောက်​သည်။ ယင်း​တွင် အခြားသူ​တို့​က ကျွန်ုပ်​တို့အား အရေးကြီး​ကိစ္စ ပြောဆို​သည့်​အခါ ရုပ်မြင်သံကြား​ပိတ်​လိုက်ခြင်း၊ သတင်းစာ​ချ​လိုက်ခြင်း သို့​မဟုတ် ဆဲလ်ဖုန်း​ပိတ်​လိုက်ခြင်း​တို့ လို​ပေမည်။ မေတ္တာဖြင့် နားထောင်​ပေးခြင်း​ဟူသည် သူ​တစ်ဖက်သား​၏ သဘောထားကို အလွန်​စိတ်ဝင်စား​ပေးခြင်း​ကို ဆိုလို​၏။ ယင်း​တွင် “တစ်ချိန်က ကျွန်တော့်​ရဲ့​အဖြစ်အပျက်​တစ်ခု​ကို အမှတ်ရမိ​တယ်” ဟု​ပြော​ကာ မိမိ​အကြောင်း အစပြု​ပြောဆိုခြင်း​မျိုးကို ရှောင်​ဖို့​လို​၏။ ယင်း​သို့ အပြန်အလှန်​ပြောဆိုခြင်း​သည် မိတ်ဆွေများ​နှင့် စကား​လက်ဆုံ​ပြောဆို​ရာ​တွင် လက်ခံနိုင်ဖွယ်​ဖြစ်သော်လည်း တစ်စုံ​တစ်ယောက်​က အရေးကြီး​ကိစ္စ ပြောဆို​နေသည့်​အခါ ကိုယ်ကျိုး​ကို ဘေးချိတ်​ထား​ဖို့​လို​သည်။ အခြားသူ​တို့​အပေါ် အမှန်​စိတ်ဝင်စား​ကြောင်း နောက်တစ်နည်း​ဖြင့် ဖော်ပြ​နိုင်​ပါ​သေး​သည်။

ခံစားချက်​များ​ကို ပိုင်းခြား​သိမြင်​ရန် နားထောင်ပေး​ပါ

ယောဘ​၏​အပေါင်းအဖော်​များသည် အနည်းဆုံး သူ၏​မြွက်ဆို​ချက် ဆယ်ခု​ကို ကြားနာ​ခဲ့​ရ၏။ သို့​တိုင် ယောဘ​က “တစ်စုံ​တစ်ယောက်​သော​သူသည် ငါ့​စကား​ကို နားထောင်ပါ​စေသော” ဟူ၍ မြည်တမ်း​ခဲ့​သည်။ (ယောဘ ၃၁:၃၅) အဘယ်ကြောင့်​နည်း။ သူတို့၏ နားထောင်​ပေးခြင်း​က သူ့​အတွက် နှစ်သိမ့်မှု​မဖြစ်စေ​ခဲ့​သောကြောင့် ဖြစ်သည်။ သူတို့သည် ယောဘ​၏​အကျိုးကို မလိုလား​သည့်​အပြင် သူ၏​ခံစားချက်​များ​ကိုလည်း နားလည်​ပေး​လို​စိတ်​မရှိကြ​ချေ။ ကိုယ်ချင်းစာ​နာ​မှု​ရှိသော နားထောင်သူ​များ တင်ပြ​ကြ​သည့် စိတ်​ကြင်နာ​မှု​မျိုး သူတို့တွင် မရှိခဲ့​ကြ​ချေ။ သို့သော် တမန်​တော်​ပေတရု​က ဤသို့​အကြံပေး​၏– “သင်တို့​အပေါင်း​သည် စိတ်​တညီတညွတ်​တည်း​ရှိကြလော့။ စိတ်​ကြင်နာ​ခြင်း၊ ညီအစ်ကို​ချင်း​ကဲ့သို့​ချစ်ခြင်း၊ သနားစုံမက်​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း​ရှိကြလော့။” (၁ ပေတရု ၃:၈) စိတ်​ကြင်နာ​မှု​ကို ကျွန်ုပ်​တို့ မည်သို့​ဖော်ပြ​နိုင်​ကြ​သနည်း။ တစ်နည်း​မှာ သူ​တစ်ဖက်သား​၏ ခံစားချက်​များ​ကို အရေးစိုက်​ပေး​ပြီး နားလည်​ပေးခြင်း​ဖြင့်​ဖြစ်၏။ ကျွန်ုပ်​တို့​အရေးစိုက်​ကြောင်း ဖော်ပြ​သည့် နည်း​တစ်နည်း​မှာ “စိတ်မကောင်း​ဖြစ်​ခဲ့​မှာပဲ​နော်” သို့​မဟုတ် “အထင်မှား​ခံ​ခဲ့​ရတာ ဖြစ်​မှာ” စ​သည်​ဖြင့် စာနာမှု​ရှိ​ရှိ ပြောဆိုခြင်း​ဖြစ်သည်။ နောက်တစ်နည်း​မှာ သူ​ပြောလိုက်​သည့်​စကား​ကို ကိုယ့်​စကား​ဖြင့် ပြန်​ဖော်ပြ​ပြောဆိုခြင်း​ဖြစ်သည်။ ဤသို့ဖြင့် သူ​ပြောဆို​ရာ​ကို ကျွန်ုပ်​တို့​နားလည်​ပေး​ကြောင်း ဖော်ပြ​ရာ​ရောက်​၏။ မေတ္တာဖြင့် နားထောင်​ပေးခြင်း​ဟူသည် ပြောဆို​သည့်​စကား​ကို​သာမက စကား​နောက်ကွယ်​မှ စိတ်​ခံစားမှု​များ​ကို​ပါ ဂရုပြု​ခြင်း​ကို​ဆိုလို​သည်။

ရောဘတ် *သည် အတွေ့အကြုံ​ရှိ အချိန်ပြည့်​ဓမ္မ​အမှုဆောင် ယေဟောဝါသက်သေ​တစ်ဦး ဖြစ်သည်။ သူ ဤသို့​ပြန်​ပြောပြ​သည်– “တစ်ခါ​က ကျွန်တော့်​ရဲ့ အမှုဆောင်ခြင်းနဲ့​ပတ်သက်ပြီး စိတ်ဓာတ်ကျ​လာတယ်။ ဒါနဲ့ နယ်လှည့်​ကြီးကြပ်မှူး​နဲ့ စကားပြော​လို​ကြောင်း တောင်းဆို​လိုက်တယ်။ သူဟာ တကယ်ပဲ နားထောင်ပေး​ခဲ့တယ်၊ ဒါ့အပြင် ကျွန်တော့်​ရဲ့​ခံစားချက်​တွေ​ကို နားလည်​ဖို့ ကြိုးစား​ခဲ့တယ်။ ကျွန်တော့်​ရဲ့​သဘောထားကို သူများ​ဝေဖန်​လေ​မလား​ဆို​တဲ့ စိုးရိမ်စိတ်​ကို​တောင် သူ​နားလည်ခဲ့​တယ်။ သူ​ကိုယ်နှိုက်​က ကျွန်တော့်​လို​ပဲ ခံစား​ခဲ့​ဖူး​တဲ့​အတွက် ကျွန်တော့်​ရဲ့ ခံစားချက်​တွေ​ကို နားလည်တယ်​ဆိုပြီး ယုံကြည်​စိတ်ချ​စေ​ခဲ့တယ်။ အဲဒါ​က ကျွန်တော့်​ကို ဆက်​အမှုဆောင်​စေ​ခဲ့​ပါ​တယ်။”

ပြောဆို​နေသည့်​အရာ​ကို သဘောမတူ​သော်လည်း နားထောင်ပေး​နိုင်​ပါသလော။ အဘယ်​သို့​ခံစား​နေရ​ကြောင်း ပြောပြ​ပေး​သည့်​အတွက် ကျွန်ုပ်​တို့​ကျေးဇူး​တင်​ကြောင်း တစ်ဦး​တစ်ယောက်ကို ပြောဆို​နိုင်​ပါသလော။ ပြောဆို​နိုင်​ပါ​သည်။ သားငယ်​တစ်ဦး​က ကျောင်းတွင် ရန်ဖြစ်​လာ​ကြောင်း သို့​မဟုတ် ဆယ်ကျော်သက်​သမီး​တစ်ဦး​က မိမိ​တွင် ရည်းစား​ရှိနေကြောင်း ပြော​လာ​လျှင်​ကော အသို့နည်း။ အဘယ်​အမူအကျင့်​က လျောက်ပတ်​သည်၊ မ​လျောက်ပတ်​ဟူ၍ မရှင်းပြ​ပေး​မီ နားထောင်ပေး​ပြီး လူငယ်တို့​၏ စဉ်းစား​တွေးခေါ်ပုံ​ကို နားလည်​ဖို့ ကြိုးစား​ခြင်း​က မိဘ​ဖြစ်သူ​အတွက် ပို​ကောင်း​မည်​မဟုတ်ပေ​လော။

“လူ့​စိတ်နှလုံး​၌ ပညာ​အကြံ​သည် နက်​သော​ရေ​နှင့်​တူ​သော်လည်း ဉာဏ်​ကောင်းသော​သူသည် ခပ်ယူ​လိမ့်​မည်” ဟု နယပုံပြင် ၂၀:၅ က​ဆို​၏။ ပညာရှိ​ပြီး အတွေ့အကြုံ​ရှိသူ​တစ်ဦး​သည် မ​တောင်းခံ​ဘဲ အကြံဉာဏ်​ပေး​လေ့​မ​ရှိလျှင် သူ့​ထံ​မှ အကြံဉာဏ်​ကို နှိုက်​ထု​က်​ယူ​နိုင်​သည်။ ကျွန်ုပ်​တို့သည် မေတ္တာဖြင့် နားထောင်ပေး​သည့်​အခါ​တွင်​လည်း အလားတူ​ပင်​ဖြစ်၏။ လူတစ်ဦး​၏​ခံစားချက်​ကို နှိုက်​ထုတ်​ရာ​တွင် ပိုင်းခြား​သိမြင်ဖို့​လို​သည်။ မေးခွန်းများ​မေး​ခြင်း​က အထောက်အကူ​ဖြစ်စေ​နိုင်​သော်လည်း အတွင်းရေး​ကိစ္စ​များ​ကို စပ်စု​သည့် မေးခွန်းများ​မဖြစ်ဖို့ သတိထား​ရမည်။ သူ့​အတွက် ပြော​ရ​ဆို​ရ​ကောင်း​သည့် အကြောင်းအရာများ​ဖြင့် အစပြု​ပြောဆို​စေခြင်း​က အကျိုးရှိ​ပေမည်။ ဥပမာ၊ မိမိ၏ အိမ်ထောင်ရေး​ပြဿနာ​များ​ကို ပြောပြ​လို​သော ဇနီးသည်​တစ်ဦး​သည် သူနှင့်​သူ၏​ခင်ပွန်း​တို့ မည်သို့​တွေ့ဆုံ​ခဲ့​ကြ​ပြီး လက်ထပ်ခဲ့​ကြ​ကြောင်း အစပြု​ပြောဆို​စေခြင်း​က ပို​၍​လွယ်ကူ​သည်ကို တွေ့ရှိ​ရ​ပေမည်။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် မလှုပ်မရှား​ဖြစ်လာ​သူ​တစ်ဦး​သည် အမှန်တရားကို သူ​မည်သို့​သင်ယူ​သိရှိ​လာ​ခဲ့​ကြောင်း အစပြု​ပြောဆို​စေခြင်း​သည် ပို​၍​လွယ်ကူ​ကြောင်း တွေ့ရှိ​ရ​ပေမည်။

မေတ္တာဖြင့် နားထောင်​ပေးခြင်း​သည် စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်

ကျွန်ုပ်​တို့​နှင့် စကား​များ​ထား​သူ​တစ်ဦး​ကို နားထောင်ပေး​ရန်​မှာ စိန်ခေါ်ချက်​ဖြစ်​နိုင်​သည်၊ အကြောင်း​မှာ ကျွန်ုပ်​တို့၏​ပင်ကိုသဘော​က ကိုယ့်​ဘက်​ကို ကာကွယ်​ပြောဆို​တတ်​၍​ဖြစ်၏။ ယင်း​စိန်ခေါ်ချက်​ကို မည်သို့​ကိုင်တွယ်​နိုင်​သနည်း။ “ဖြည်းညင်း​စွာ ပြန်​ပြော​ခြင်း​သည် ဒေါသကို ငြိမ်း​စေ​တတ်၏” ဟု နယပုံပြင် ၁၅:၁ [သမ္မာ] က​ဆို​သည်။ ဖြည်းညင်း​စွာ ပြန်​ပြော​သည့်​နည်း​တစ်နည်း​မှာ သူ​တစ်ဖက်သား​အား စကားပြော​ဆို​ဖို့ ကြင်နာ​စွာ ဖိတ်ခေါ်​ပြီး သူ၏​နာကြည်း​ချက်​ကို ထုတ်ဖော်​ပြောဆို​လာ​သည့်​အခါ စိတ်ရှည်​စွာ နားထောင်​ပေးခြင်း​ဖြစ်သည်။

လူ​နှစ်ဦး ဒေါသတကြီး စကား​များ​ရခြင်း​မှာ ၎င်း​တို့​ပြော​ပြီး​သားကို ထပ်ကျော့​ခြင်း​ကြောင့် ဖြစ်လေ့​ရှိသည်။ တစ်ဖက်​လူသည် မိမိကို နားထောင်​ပေးခြင်း​မရှိ​ဟု နှစ်ဦးစလုံး​က ယူမှတ်​ကြ​၏။ တစ်ဦးဦး​က အပြော​ရပ်​လိုက်ပြီး အမှန်​နားထောင်ပေး​မည်​ဆိုလျှင် အခြေအနေ​မှာ ပို​၍​ကောင်း​သွားပေ​မည်။ စိတ်​ချုပ်တည်း​ပြီး သတိရှိရှိ၊ မေတ္တာပါပါ ထုတ်ဖော်​ပြောဆို​ရန် အရေးကြီး​သည်။ သမ္မာကျမ်းစာ​က “နှုတ်​ကို ချုပ်တည်း​တတ်သော​သူ​မူ​ကား ပညာသတိ​ရှိ၏” ဟု​ဆို​သည်။—သု. ၁၀:၁၉သမ္မာ။

မေတ္တာဖြင့် နားထောင်​ပေးခြင်း​စွမ်းရည်​သည် အလိုအလျောက်​ဖြစ်လာ​ခြင်း​မဟုတ်ပေ။ သို့ရာတွင် ယင်းသည် ကြိုးစား​အားထုတ်မှု​နှင့် ကြပ်မတ်​မှု​တို့​ဖြင့် သင်ယူ​တတ်မြောက်​နိုင်​သည့် အတတ်ပညာ​တစ်ခု​ဖြစ်သည်။ ယင်းသည် အမှန်ပင် ကျင့်ယူ​ထိုက်သည့် အတတ်ပညာ​တစ်ခု​ဖြစ်၏။ အခြားသူများ​ပြောဆို​သည့်​အခါ အမှန်​နားထောင်​ပေးခြင်း​သည် မေတ္တာ​ရှိကြောင်း ဖော်ပြ​ရာ​ရောက်​သည်။ ကျွန်ုပ်​တို့ကို​လည်း ပျော်ရွှင်​စေ​သည်။ ထို့​ကြောင့် မေတ္တာဖြင့် နားထောင်​ပေးခြင်း အတတ်ပညာ​ကို ပြုစု​ပျိုးထောင်​ခြင်း​သည် အမှန်ပင် ပညာရှိရာ​ရောက်​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 အမည်​ကို ပြောင်း​ထား​ပါ​သည်။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

နားထောင်​သည့်​အခါ​ကိုယ်ကျိုး​ကို ဘေးချိတ်​ထား​ရ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

စကား​များ​ထား​သူကို နားထောင်​ပေးခြင်း​သည် စိန်ခေါ်ချက်​ဖြစ်​နိုင်