စာတန်ကို ဆီးတားလော့၊ ထွက်ပြေးသွားလိမ့်မည်
စာတန်ကို ဆီးတားလော့၊ ထွက်ပြေးသွားလိမ့်မည်
‘ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ စာတန်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။’—ယာကုပ် ၄:၇။
၁၊ ၂။ (က) ဟေရှာယ အခန်းကြီး ၁၄ တွင်မှတ်တမ်းတင်ထားသည့် ပြောဆိုချက်၌ စာတန်၏အဘယ်စရိုက် ပေါ်လွင်ထင်ရှားသနည်း။ (ခ) အဘယ်မေးခွန်းများကို သုံးသပ်ကြမည်နည်း။
၁စာတန်သည် မာနထောင်လွှားခြင်း၏ ပြယုဂ်ဖြစ်သည်။ ဘုရားသခင်၏ပရောဖက် ဟေရှာယမှတ်တမ်းတင်ထားသည့် နှုတ်ထွက်စကားများတွင် သူ၏မာနထောင်လွှားမှု ပေါ်လွင်ထင်ရှား၏။ ဗာဗုလုန်သည် ထင်ရှားကျော်စောသော ကမ္ဘာ့အာဏာစက်မဖြစ်မီ နှစ်တစ်ရာကျော်က “ဗာဗုလုန်ရှင်ဘုရင်“ နှင့်ပတ်သက်၍ ယေဟောဝါ၏လူမျိုးသည် ဤသို့ကြေညာလိမ့်မည်ဟု ကြိုပြောခဲ့၏– ‘သင်ကလည်း “ကောင်းကင်ပေါ်သို့ ငါတက်မည်။ ဘုရားသခင်၏ကြယ်တို့ [ဒါဝိဒ်မင်းဆက်၏ဘုရင်များ] အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ . . . အမြင့်ဆုံးသောဘုရားသခင်ကဲ့သို့ ငါနေမည်” ဟုစိတ်အကြံရှိလေပြီ။’ (ဟေရှာယ ၁၄:၃၊ ၄၊ ၁၂-၁၅; တောလည်ရာ ၂၄:၁၇) “ဗာဗုလုန်ရှင်ဘုရင်” ၏မာနထောင်လွှားမှုသည် ‘ဤလောကကို အစိုးရသောဘုရားသခင်’ စာတန်၏စိတ်ထားနှင့် တစ်ထပ်တည်းဖြစ်၏။ (၂ ကောရိန္သု ၄:၄) ဗာဗုလုန်၏မင်းဆက် အရှက်တကွဲဇာတ်သိမ်းသွားသကဲ့သို့ စာတန်၏မာနထောင်လွှားမှုသည်လည်း ဇာတ်သိမ်းသွားရလိမ့်မည်။
၂ သို့သော် စာတန်တည်ရှိနေသရွေ့ အောက်ပါမေးခွန်းများနှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ပေမည်။ စာတန်ကို ကြောက်ရွံ့သင့်သလော။ သူသည် ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်ရန် လူတို့ကို အဘယ်ကြောင့် သွေးထိုးပေးသနည်း။ ကျွန်ုပ်တို့ကို စာတန် အနိုင်မယူစေရန် မည်သို့ပြုရမည်နည်း။
စာတန်ကိုကြောက်ရွံ့သင့်သလော
၃၊ ၄။ ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် သူတို့၏အပေါင်းပါများသည် အဘယ်ကြောင့် စာတန်ကို မကြောက်ရွံ့ကြသနည်း။
၃ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ယေရှုခရစ်၏ ဤစကားများကြောင့် အလွန်အားရှိကြသည်– ‘သင်သည် ခံရမည့်အရာတစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည်အကြောင်း၊ စာတန်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌လှောင်ထား၍ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲခြင်းကိုခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့်လော့။ သို့ဖြစ်လျှင် အသက်သရဖူကို ငါပေးမည်။’ (ဗျာ. ၂:၁၀) ဝိညာဉ်တော်ဖွားများနှင့် မြေကြီးမျှော်လင့်ချက်ရှိသော သူတို့၏အပေါင်းပါများသည် စာတန်ကို မကြောက်ရွံ့ ကြချေ။ ဤသို့မကြောက်ကြခြင်းမှာ မွေးရာပါသတ္တိကြောင့်မဟုတ်ဘဲ ဘုရားသခင်အား ကြောက်ရွံ့ရိုသေပြီး ကိုယ်တော်၏ “အတောင်တော်အရိပ်ကို ခိုလှုံလျက်နေ” ကြ၍ဖြစ်သည်။—ဆာလံ ၃၄:၉; ၃၆:၇။
၄ ယေရှုခရစ်၏ကြောက်ရွံ့ခြင်းမရှိသော ကနဦးတပည့်များသည် ဆင်းရဲခက်ခဲမှုများကြားမှ သေသည့်တိုင် သစ္စာစောင့်ခဲ့ကြသည်။ ယေဟောဝါသည် မိမိအပေါ် သစ္စာစောင့်သူများကို ဘယ်တော့မျှ စွန့်ပစ်လိမ့်မည်မဟုတ်ကြောင်းကို သူတို့သိထားကြရာ စာတန်ပြုလုပ်နိုင်ရာကို မကြောက်ရွံ့ကြချေ။ အလားတူ ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် သူတို့၏ အပ်နှံထားသောအပေါင်းပါများသည် ယနေ့ စာတန်၏ ပြင်းထန်သော နှိပ်စက်ညှဉ်းပန်းမှုများကို ရင်ဆိုင်ရစဉ် သူတို့၏ သမာဓိကို မချိုးဖောက်ရန် သန္နိဋ္ဌာန်ချထားကြသည်။ သို့သော် မည်သို့ပင်ဖြစ်စေ၊ စာတန်သည် ကျွန်ုပ်တို့ကို သေစေနိုင်ကြောင်း တမန်တော်ပေါလုက ဖော်ပြခဲ့သည်။ ၎င်းကြောင့် ကျွန်ုပ်တို့ ကြောက်ရွံ့သင့်သည်မဟုတ်လော။
၅။ ဟေဗြဲ ၂:၁၄၊ ၁၅ မှအဘယ်သင်ခန်းစာ ရရှိကြသနည်း။
၅ ယေရှုသည် ‘အသေခံတော်မူသောအားဖြင့် သေခြင်းတရားကို အစိုးရသောသူတည်းဟူသော စာတန်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာလည်းကောင်း၊ သေဘေးကိုကြောက်၍ တစ်သက်လုံးကျွန်ခံရသောသူတို့ကို ကယ်လွှတ်ခြင်းငှာလည်းကောင်း . . . အသွေးအသားကို ဆောင်ယူတော်မူ၏’ ဟုပေါလုက ပြောခဲ့သည်။ (ဟေဗြဲ ၂:၁၄၊ ၁၅) “သေခြင်းတရားကို အစိုးရသောသူ” စာတန်သည် ယုဒရှကာရုတ်မှတစ်ဆင့် ဂျူးခေါင်းဆောင်များနှင့် ရောမလူတို့ကို အသုံးချ၍ ယေရှုကို ကွပ်မျက်ခဲ့သည်။ (လုကာ ၂၂:၃; ယောဟန် ၁၃:၂၆၊ ၂၇) သို့သော် ယေရှုသည် ပူဇော်ရာယဇ်အနေနှင့် အသေခံခြင်းအားဖြင့် အပြစ်ရှိလူသားများကို စာတန်၏ချုပ်ကိုင်မှုအောက်မှ လွတ်မြောက်စေပြီး ထာဝရအသက်ရရှိစေသည်။—ယောဟန် ၃:၁၆။
၆၊ ၇။ စာတန်သည် သေခြင်းတရားကို အဘယ်အတိုင်းအတာအထိ အစိုးရတော်မူသနည်း။
၆ စာတန်သည် သေခြင်းတရားကို အဘယ်အတိုင်းအတာအထိ အစိုးရတော်မူသနည်း။ ဆိုးသွမ်းမှုကို စာတန် အစပြုကတည်းက သူ၏လိမ်လည်လှည့်ဖြားမှုနှင့် လမ်းညွှန်မှုတို့ကြောင့် လူတို့ သေခဲ့ကြရသည်။ ထိုသို့ဖြစ်ရခြင်းမှာ အာဒံ အပြစ်ပြုခြင်းကြောင့် လူ့မိသားစုသည် အပြစ်နှင့်သေခြင်းကို အမွေရရှိခဲ့၍ဖြစ်သည်။ (ရောမ ၅:၁၂) ထို့ပြင် စာတန်၏လူသားအစေအပါးများသည် ယေရှုခရစ်အား ညှဉ်းပန်းနှိပ်စက်ပြီး ကွပ်မျက်ခဲ့သကဲ့သို့ပင် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများကို ထိုသို့ပြုလုပ်တတ်ကြသည်။
၇ မည်သို့ပင်ဖြစ်ပါစေ၊ စာတန်သည် သူသတ်လိုသူများကို သတ်နိုင်မည်ဟု ကျွန်ုပ်တို့ မယူမှတ်သင့်ချေ။ ဘုရားသခင်သည် မိမိပိုင်ဆိုင်သူများကို ကာကွယ်ပေးပြီး မြေကြီးပေါ်မှ စစ်မှန်သောဝတ်ပြုသူအားလုံးကို စာတန်ဖျက်ဆီးပစ်ရန် ဘယ်တော့မျှ ခွင့်ပြုမည်မဟုတ်ချေ။ (ရောမ ၁၄:၈) ယေဟောဝါသည် မိမိလူမျိုးအားလုံးကို ညှဉ်းပန်းနှိပ်စက်ခံခွင့်ပြုသည့်အတွက် ကျွန်ုပ်တို့မှ တချို့သည် သေရသည့်အထိပင် စာတန်၏တိုက်ခိုက်မှုကို ခံကြရသည်။ သို့သော် ဘုရားသခင်၏ “သတိရအောက်မေ့ရာစာစောင်” တွင်ရေးမှတ်ခံရသူများကို အံ့ချီးဖွယ်ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ပေးထားကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသဖြင့် ဤသို့အသက်ပြန်ရှင်စေခြင်းကို စာတန် လုံးဝဟန့်တားနိုင်မည်မဟုတ်ချေ။—မာလခိ ၃:၁၆၊ ကဘ; ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅။
စာတန် အဘယ်ကြောင့် ညှဉ်းပန်းနှိပ်စက်ရသနည်း
၈။ စာတန်သည် ဘုရားသခင်၏ကျေးကျွန်များကို အဘယ်ကြောင့် ညှဉ်းပန်းနှိပ်စက်ရသနည်း။
၈ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သစ္စာရှိကျေးကျွန်များဖြစ်မည်ဆိုလျှင် ကျွန်ုပ်တို့ကို စာတန် ညှဉ်းပန်းနှိပ်စက်စရာအကြောင်းရှိသည်။ သူ၏ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ကို ယုံကြည်ခြင်းလမ်းမှ သွေဖည်သွားစေရန်ဖြစ်သည်။ ကျွန်ုပ်တို့တွင် ကောင်းကင်ခမည်းတော်နှင့် တန်ဖိုးဖြတ်မရသော ဆက်ဆံရေးရှိကြရာ ယင်းကို စာတန်ဖျက်ဆီးလို၏။ ယင်းသည် အံ့အားသင့်စရာမဟုတ်ချေ။ ဧဒင်ဥယျာဉ်တွင် ယေဟောဝါသည် မိမိ၏ပုံဆောင် “မိန်းမ” နှင့် “မြွေ” စပ်ကြား၊ သူတို့၏အမျိုးအနွယ်များစပ်ကြား ရန်ငြိုးရှိလိမ့်မည်ဟု ကြိုဟောခဲ့သည်။ (ကမ္ဘာဦး ၃:၁၄၊ ၁၅) သမ္မာကျမ်းစာက စာတန်ကို “ရှေးမြွေဟောင်း” ဟုခေါ်ဆိုပြီး ယခု သူ၏ကာလ တစ်ခဏသာရှိတော့၍ အလွန်အမျက်ထွက်လျက်ရှိကြောင်း ဖော်ပြ၏။ (ဗျာ. ၁၂:၉၊ ၁၂) “အမျိုးအနွယ်” နှစ်ခုစပ်ကြား ရန်ငြိုးရှိနေသောကြောင့် ယေဟောဝါ၏အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်နေသူများသည် ညှဉ်းပန်းနှိပ်စက်ခံရဖို့အကြောင်းရှိသည်။ (၂ တိမောသေ ၃:၁၂) ဤသို့စာတန်ညှဉ်းပန်းနှိပ်စက်ရသည့် အခြေခံအကြောင်းရင်းကို သင်သိသလော။
၉၊ ၁၀။ စာတန်သည် အဘယ်အရေးကိစ္စကို ပေါ်ပေါက်စေခဲ့သနည်း။ ၎င်းသည် လူသားများ၏အပြုအမူနှင့် မည်သို့ဆက်နွှယ်သနည်း။
၉ စာတန်သည် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှု အရေးကိစ္စကို ပေါ်ပေါက်စေခဲ့ပြီ။ ၎င်းအရေးကိစ္စနှင့်ဆက်နွှယ်၍ ဖန်ဆင်းရှင်အပေါ်ထားရှိသည့် လူသားများ၏သမာဓိကိုပါ သူစောဒကတက်ခဲ့သည်။ သို့ဖြစ်၍ ဖြောင့်မတ်သောသူ ယောဘကို စာတန် ညှဉ်းပန်းနှိပ်စက်ခဲ့၏။ အဘယ်ကြောင့်နည်း။ ယေဟောဝါအပေါ်ထားရှိသည့် ယောဘ၏သမာဓိကို ချိုးဖျက်လို၍ဖြစ်သည်။ ယောဘ၏ဇနီးနှင့် နှစ်သိမ့်ပေးလိုသော နှောင့်ယှက်သူ သုံးဦးတို့သည် ထိုအချိန်က စာတန်၏ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ကြသည်။ ယောဘကျမ်းတွင် ဖော်ပြထားသည့်အတိုင်း စာတန်သည် လူတို့ကို စမ်းသပ်ခွင့်ရမည်ဆိုလျှင် အဘယ်သူမျှ ဘုရားသခင်အပေါ် သစ္စာရှိမည်မဟုတ်ဟု ကိုယ်တော်အား စိန်ခေါ်ခဲ့သည်။ သို့သော် ယောဘသည် သမာဓိစောင့်ထိန်းခဲ့ခြင်းဖြင့် စာတန်သည် မုသာကောင်ဖြစ်ကြောင်း သက်သေထူလိုက်၏။ (ယောဘ ၁:၈–၂:၉; ၁၆:၂; ၂၇:၅; ၃၁:၆) ယနေ့ ယေဟောဝါသက်သေများ၏သမာဓိကို ချိုးဖျက်ပြီး သူ၏စိန်ခေါ်ချက် မှန်ကန်ကြောင်း သက်သေထူရန် သူတို့ကို စာတန် ညှဉ်းပန်းလျက်ရှိသည်။
၁၀ ဘုရားသခင်အပေါ်ထားရှိသည့် ကျွန်ုပ်တို့၏သမာဓိကို စာတန် ချိုးဖျက်လိုစိတ်အားကြီး၍ ညှဉ်းပန်းနှိပ်စက်နေကြောင်း သိရှိထားခြင်းကြောင့် ကျွန်ုပ်တို့ အားယူ၍ ရဲရင့်နိုင်ကြသည်။ (တရားဟောရာ ၃၁:၆) ကျွန်ုပ်တို့၏ဘုရားသခင်သည် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်ရာ ကျွန်ုပ်တို့ သမာဓိစောင့်ထိန်းနိုင်ရန် ကူညီပေးတော်မူလိမ့်မည်။ ကျွန်ုပ်တို့သည် သမာဓိစောင့်ထိန်းသူများဖြစ်ခြင်းဖြင့် ယေဟောဝါ၏စိတ်တော်ကို ရွှင်လန်းစေပြီး ကဲ့ရဲ့ရှုတ်ချသူကြီး စာတန်၏စကားကို ချေပရန် အမြဲကြိုးစားနိုင်ကြပါစေ။—သု. ၂၇:၁၁။
“မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါ”
၁၁။ “အပြစ်သွေးဆောင်ရာသို့ မလိုက်ပါစေ” နှင့်ဟူသော တောင်းဆိုချက်သည် အဘယ်အရာကို ဆိုလိုသနည်း။
၁၁ သမာဓိစောင့်ထိန်းသူတစ်ဦးဖြစ်ခြင်းသည် သာမန်အရေးကိစ္စမဟုတ်ချေ။ စိတ်အားထက်သန်စွာ ဆုတောင်းဖို့လို၏။ စံပြဆုတောင်းချက်သည် အထူးသဖြင့် အထောက်အကူပြုသည်။ တစ်နည်းအားဖြင့် ယေရှုက “အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါ” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၆:၁၃) ယေဟောဝါသည် ကျွန်ုပ်တို့ကို အပြစ်သို့ သွေးဆောင်တော်မူမည်မဟုတ်ချေ။ (ယာကုပ် ၁:၁၃) သို့သော် ကိုယ်တော် ပြုလုပ်သည်၊ ဖြစ်ပေါ်စေသည်ဟု တစ်ခါတစ်ရံ သမ္မာကျမ်းစာဆိုသော အရာများသည် အမှန်မှာ ကိုယ်တော်ခွင့်ပြုလိုက်ခြင်းမျှသာဖြစ်သည်။ (ရုသ ၁:၂၀၊ ၂၁) သို့ဖြစ်၍ ယေရှုဖော်ပြထားသည့်အတိုင်း ဆုတောင်းခြင်းအားဖြင့် အပြစ်သွေးဆောင်ရာသို့ မကျရောက်စေပါနှင့်ဟု ယေဟောဝါအား တောင်းလျှောက်နေကြခြင်းဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အပြစ်သွေးဆောင်ရာသို့ အမှန်ပင် ကျရောက်ခွင့်ပြုမည်မဟုတ်ချေ။ အကြောင်းမှာ သမ္မာကျမ်းစာက ဤသို့အာမခံထားသည်– “ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။”—၁ ကောရိန္သု ၁၀:၁၃။
၁၂။ “မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါ” ဟူ၍ ကျွန်ုပ်တို့ အဘယ်ကြောင့် ဆုတောင်းကြသနည်း။
၁၂ ယေရှုသည် စံပြဆုတောင်းချက်တွင် သွေးဆောင်မှုအကြောင်း ဖော်ပြပြီးနောက် ဤသို့လျောက်ပတ်စွာ မိန့်ဆိုခဲ့သည်– “မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါ။” ဘာသာပြန်ကျမ်းအချို့တွင် ဤသို့ဖတ်ရ၏– “အဆိုးမှ ကယ်လွှတ်တော်မူပါ” (သမ) သို့မဟုတ် “စာတန်ဘေးမှ ကာကွယ်တော်မူပါ။” (ခေတ်သုံးမြန်မာစကား) သို့သော် သမ္မာကျမ်းစာတွင် ‘မှကယ်နုတ်တော်မူပါ’ ဟူသော အသုံးအနှုန်းကို များသောအားဖြင့် လူတို့နှင့်ပတ်သက်၍သာ အသုံးပြုပြီး စာတန်ကို “သွေးဆောင်သူ” ပုဂ္ဂိုလ်တစ်ဦးအဖြစ် မဿဲခရစ်ဝင်ကျမ်းက ရည်ညွှန်းဖော်ပြသည်။ (မဿဲ ၄:၃၊ ၁၁) ထို့ကြောင့် “မကောင်းသောအမှုအရာ” စာတန်မှ ကယ်နုတ်တော်မူပါဟု ဆုတောင်းဖို့အရေးကြီး၏။ ဘုရားသခင်ကို ကျွန်ုပ်တို့ ပြစ်မှားမိရန် စာတန် ကြိုးစားအကွက်ဆင်လျက်ရှိသည်။ (၁ သက်သာလောနိတ် ၃:၅) “မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါ” ဟုဆုတောင်းသည့်အခါ ကျွန်ုပ်တို့ကို စာတန် အနိုင်မယူရန် လမ်းညွှန်ကူညီပေးပါဟု ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ကို တောင်းလျှောက်နေကြခြင်းဖြစ်သည်။
စာတန်ကို အနိုင်မပေးနှင့်
၁၃၊ ၁၄။ ကောရိန္သုမြို့သားများသည် အသင်းတော်ရှိ အကျင့်ပျက်သူတစ်ဦးနှင့် ပေါင်းသင်းဆက်ဆံပုံပြောင်းလဲဖို့ အဘယ်ကြောင့်လိုသနည်း။
၁၃ ပေါလုသည် ကောရိန္သုမြို့ရှိ ခရစ်ယာန်များကို အချင်းချင်း ခွင့်လွှတ်ကြရန် တိုက်တွန်းချိန်က ဤသို့စာရေးခဲ့သည်– “အကြင်သူ၏အပြစ်ကို သင်တို့သည်လွှတ်၏၊ ထိုသူ၏အပြစ်ကို ငါသည်လည်းလွှတ်၏။ အကြောင်းမူကား ငါသည် တစ်စုံတစ်ယောက်သောသူ၏အပြစ်ကို လွှတ်ဖူးလျှင် သင်တို့ကိုထောက်၍ ခရစ်တော်၏အခွင့်နှင့်လွှတ်ဖူး၏။ သို့မဟုတ်လျှင် စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။” (၂ ကောရိန္သု ၂:၁၀၊ ၁၁) စာတန်သည် ကျွန်ုပ်တို့ကို နည်းအမျိုးမျိုးဖြင့် အနိုင်ယူနိုင်သော်လည်း ပေါလုသည် အထက်ပါကိုးကားချက်ကို အဘယ်ကြောင့် ဖော်ပြခဲ့သနည်း။
၁၄ ကောရိန္သုမြို့သားများသည် ကိုယ်ကျင့်တရားပျက်ပြားသူတစ်ဦးကို အသင်းတော်မှ မနှင်ထုတ်သည့်အတွက် သူတို့ကို ပေါလု ဆုံးမခဲ့သည်။ ထိုသို့မနှင်ထုတ်ခြင်းကို စာတန် သဘောကျမည်ဖြစ်သည်။ အကြောင်းမှာ “သာသနာပလူတို့တွင်ပင် မကြားရသော မေထုန်၌မှီဝဲသောသူ” ကိုလက်ခံထားသည့်အတွက် အသင်းတော်ကို ကဲ့ရဲ့စရာဖြစ်ခဲ့သည်။ နောက်ဆုံးတွင် အပြစ်ပြုသူကို အသင်းတော်မှ နှင်ထုတ်လိုက်၏။ (၁ ကောရိန္သု ၅:၁-၅၊ ၁၁-၁၃) ထိုသူသည် နောက်ပိုင်းတွင် နောင်တယူပြောင်းလဲလာသည်။ ကောရိန္သုမြို့သားများသည် ထိုသူကို ခွင့်မလွှတ်၊ ပြန်လက်မခံပါကလည်း သူတို့ကို နောက်တစ်နည်းဖြင့် စာတန်အနိုင်ယူသွားလိမ့်မည်။ မည်သို့အားဖြင့်နည်း။ သူတို့သည် စာတန်နည်းတူ ခက်ထန်ပြီး ကရုဏာကင်းမဲ့ရာကျလိမ့်မည်။ အဆိုပါနောင်တယူသူသည် “ဝမ်းနည်းခြင်းအားကြီးလျက် မိန်းမောတွေဝေ” သွားပြီး ဘုရားသခင်ကို လုံးဝစွန့်ခွာသွားလျှင် အထူးသဖြင့် အကြီးအကဲများသည် ကရုဏာရှင်ဘုရားသခင် ယေဟောဝါ၏ရှေ့မှောက်တော်တွင် ၎င်းအတွက် စာရင်းရှင်းကြရလိမ့်မည်။ (၂ ကောရိန္သု ၂:၇; ယာကုပ် ၂:၁၃; ၃:၁) အမှန်ဆိုသော် အဘယ်ခရစ်ယာန်စစ်တစ်ဦးမျှ ကြမ်းတမ်းခက်ထန်ပြီး ကရုဏာကင်းမဲ့ခြင်းအားဖြင့် စာတန်ကို အတုယူလိုကြမည်မဟုတ်ပေ။
ဘုရားသခင်ပြင်ဆင်ပေးသောလက်နက်စုံဖြင့် အကာအကွယ်ရ
၁၅။ ကျွန်ုပ်တို့သည် အဘယ်စစ်ပွဲကို ဆင်နွှဲနေကြသနည်း။ အောင်ပွဲခံရန် အဘယ်အရာအပေါ် မူတည်သနည်း။
၁၅ စာတန်၏လက်မှ လွတ်လိုလျှင် နတ်ဆိုးများနှင့် ကျွန်ုပ်တို့ ဝိညာဉ်ရေးတိုက်ပွဲ ဆင်နွှဲကြရမည်။ တန်ခိုးကြီးမားသောနတ်ဆိုးများအပေါ် အောင်ပွဲခံလိုလျှင် “ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို” ဝတ်ဆင်ထားကြရမည်။ (ဧဖက် ၆:၁၁-၁၈) အဆိုပါလက်နက်စုံတွင် ‘ဖြောင့်မတ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာ’ ပါရှိသည်။ (ဧဖက် ၆:၁၄) ရှေးဣသရေလရှင်ဘုရင် ရှောလုသည် ဘုရားသခင်၏စကားတော်ကို နားမထောင်သောကြောင့် သန့်ရှင်းသောဝိညာဉ်တော် မရတော့ချေ။ (၁ ဓမ္မရာဇဝင် ၁၅:၂၂၊ ၂၃) သို့သော် ကျွန်ုပ်တို့သည် ဖြောင့်မတ်ပြီး ဝိညာဉ်ရေးလက်နက်စုံကို ဝတ်ဆင်ထားမည်ဆိုလျှင် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ရမည့်အပြင် စာတန်နှင့် သူ၏နတ်ဆိုးများရန်မှ အကာအကွယ်ရရှိကြလိမ့်မည်။—သု. ၁၈:၁၀။
၁၆။ နတ်ဆိုးများ၏ရန်မှ မည်သို့အမြဲမပြတ် အကာအကွယ်ရနိုင်သနည်း။
၁၆ ကျွန်ုပ်တို့သည် နတ်ဆိုးများ၏ရန်မှ အမြဲမပြတ်အကာအကွယ်ရရှိနေရန် အခြားအရာများအပြင် သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုလေ့လာပြီး ‘သစ္စာရှိသောကျွန်’ ပြင်ဆင်ပေးထားသည့် စာပေများကို ကောင်းစွာအသုံးချကြရမည်။ (လုကာ ၁၂:၄၂) သို့ဆိုလျှင် ပေါလု၏ဤအကြံပြုချက်အတိုင်း ကျွန်ုပ်တို့စိတ်တွင် အကျိုးပြုဝိညာဉ်ရေးရာများ ပြည့်ဝနေပေလိမ့်မည်– ‘ညီအစ်ကိုတို့၊ အမှန်တရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသောသတင်းတစ်ပါးပါးနှင့်ဆိုင်သော အကျင့်တို့ကိုလည်းကောင်း နှလုံးသွင်းကြလော့။’—ဖိလိပ္ပိ ၄:၈။
၁၇။ အဘယ်အရာက ကျွန်ုပ်တို့ကို ထိရောက်သော သတင်းကောင်းကြွေးကြော်သူများ ဖြစ်စေနိုင်မည်နည်း။
၁၇ ယေဟောဝါသည် “ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောပြောအံ့သောငှာ ပြင်ဆင်သောအဖြစ်တည်းဟူသော ခြေစွပ်ကို” ကျွန်ုပ်တို့အား စွပ်ခိုင်းထား၏။ (ဧဖက် ၆:၁၅) ခရစ်ယာန်အစည်းအဝေးများကို မှန်မှန်တက်ခြင်းက ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကြွေးကြော်ရန် အသင့်ရှိစေ၏။ သူတစ်ပါးကို ဘုရားသခင်၏အမှန်တရား သင်ပေးပြီး ဝိညာဉ်ရေးအရ လွတ်မြောက်မှုရရှိရန် ကူညီပေးလိုက်ရသည့်အတွက် ကျွန်ုပ်တို့ အလွန်အားရရွှင်လန်းကြသည်တကား။ (ယောဟန် ၈:၃၂) သွန်သင်ချက်အမှားများကို မခံယူမိရန်နှင့် “မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်” ရန် ‘ဘုရားသခင်၏စကားတော်တည်းဟူသော ဝိညာဉ်တော်၏ဓား’ သည် မရှိမဖြစ်လိုအပ်၏။ (ဧဖက် ၆:၁၇; ၂ ကောရိန္သု ၁၀:၄၊ ၅) သမ္မာကျမ်းစာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်ခြင်းက သူတစ်ပါးအား အမှန်တရား သွန်သင်ပေးစေနိုင်သည့်ပြင် ကျွန်ုပ်တို့ကို စာတန်၏ပရိယာယ်ထဲ မကျော့မိစေရန်လည်း ကာကွယ်ပေး၏။
၁၈။ “စာတန်၏ပရိယာယ်တို့ကို” မည်သို့ “ဆီးတား” နိုင်ကြမည်နည်း။
၁၈ ပေါလုသည် ဝိညာဉ်ရေးလက်နက်စုံအကြောင်းကို ဤသို့စတင်ဆွေးနွေးခဲ့သည်– ‘သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန်အားဖြင့်လည်းကောင်း ခိုင်ခံ့ခြင်းရှိကြလော့။ စာတန်၏ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။’ (ဧဖက် ၆:၁၀၊ ၁၁) “ဆီးတား” ဟူ၍ ပြန်ဆိုထားသော ဂရိစကားလုံးသည် စစ်သားတစ်ဦး မိမိ၏နေရာတွင် ရှိမြဲရှိနေခြင်းနှင့် ဆက်စပ်သည်။ ကျွန်ုပ်တို့၏စည်းလုံးမှု ပြိုကွဲရန်၊ ကျွန်ုပ်တို့၏သွန်သင်ချက်များ ပျက်ပြားရန်၊ ဘုရားသခင်အပေါ်ထားရှိသည့် ကျွန်ုပ်တို့၏သမာဓိကို ချိုးဖျက်ရန် နည်းပရိယာယ်အမျိုးမျိုးကို စာတန်ကြိုးစားအသုံးပြုသော်လည်း ဝိညာဉ်ရေးစစ်ပွဲကို ကျွန်ုပ်တို့ ကြံ့ကြံ့ခံဆင်နွှဲလျက်ရှိကြသည်။ စာတန်၏တိုက်ခိုက်မှုများသည် ယခုရော၊ နောင်ပါ ဘယ်သောအခါမျှ အောင်မြင်မည်မဟုတ်ချေ။ *
စာတန်ကို ဆီးတားလော့၊ထွက်ပြေးသွားလိမ့်မည်
၁၉။ စာတန်ကိုဆီးတားရာတွင် အနိုင်ရရှိနိုင်သည့် နည်းတစ်နည်းကား အဘယ်နည်း။
၁၉ စာတန်နှင့် သူ၏ညွှန်ကြားမှုအောက်ရှိ နတ်ဆိုးများနှင့်ဆင်နွှဲသည့် ဝိညာဉ်ရေးတိုက်ပွဲတွင် ကျွန်ုပ်တို့ အနိုင်ရရှိနိုင်ကြသည်။ စာတန်ကို ကြောက်ဒူးတုန်စရာ အကြောင်းမရှိပါ။ အကြောင်းမှာ တပည့်ဖြစ်သူယာကုပ်က ဤသို့ရေးသားခဲ့သည်– ‘ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ စာတန်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။’ (ယာကုပ် ၄:၇) စာတန်နှင့် သူ၏အပေါင်းပါ နတ်ဆိုးများကို ဆီးတားနိုင်သည့်နည်းတစ်နည်းမှာ ကိုယ်ပျောက်အတတ်၊ မှော်အတတ်တို့နှင့် ၎င်းအတတ်များကို လိုက်စားသူတို့နှင့် ကင်းရှင်းစွာ နေထိုင်ခြင်းအားဖြင့်ဖြစ်သည်။ ယေဟောဝါ၏ကျေးကျွန်များသည် နိမိတ်ဖတ်ခြင်း၊ နက္ခတ်ဗေဒင်ကြည့်ခြင်း၊ အနာဂတ်ဟောခြင်းနှင့် နတ်ဝိဇ္ဇာအတတ်လိုက်စားခြင်းတို့ကို ငြင်းပယ်ရမည်ဟု သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးတွင် တက်ကြွခိုင်ခံ့နေမည်ဆိုလျှင် တစ်ဦးတစ်ယောက်က ကျွန်ုပ်တို့အား ပြုစားမည်ကို ကြောက်စရာမလိုချေ။—တောလည်ရာ ၂၃:၂၃; တရားဟောရာ ၁၈:၁၀-၁၂; ဟေရှာယ ၄၇:၁၂-၁၅; တမန်တော် ၁၉:၁၈-၂၀။
၂၀။ စာတန်ကို မည်သို့ဆီးတားနိုင်မည်နည်း။
၂၀ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာ၏စံနှုန်းများနှင့် အမှန်တရားကို စွဲကိုင်ထားပြီး စာတန်ကို ခုခံခြင်းဖြင့် သူ့ကို “ဆီးတား” ကြသည်။ စာတန်သည် ဤလောက၏ဘုရားသခင်ဖြစ်သောကြောင့် ဤလောကသည် သူနှင့်တစ်သဘောတည်းဖြစ်၏။ (၂ ကောရိန္သု ၄:၄) သို့ဖြစ်၍ မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အကျင့်ပျက်ပြားခြင်း၊ အကြမ်းဖက်ခြင်းနှင့် ရုပ်ဝါဒလိုက်စားခြင်းအစရှိသော ဤလောက၏စရိုက်များကို ကျွန်ုပ်တို့ ရှောင်ကြဉ်ကြသည်။ တောကန္တာရတွင် ယေရှုအား စာတန်သွေးဆောင်စဉ်က သမ္မာကျမ်းစာကိုအသုံးပြု၍ ယေရှုဆီးတားသည့်အခါ စာတန်ထွက်ပြေးသွားကြောင်း ကျွန်ုပ်တို့သိရှိကြသည်။ (မဿဲ ၄:၄၊ ၇၊ ၁၀၊ ၁၁) ထိုနည်းတူ ယေဟောဝါအား အကြွင်းမဲ့လက်အောက်ခံပြီး ဆုတောင်းခြင်းဖြင့် ကိုယ်တော့်ကို မှီခိုအားထားမည်ဆိုလျှင် စာတန်သည် ‘ကျွန်ုပ်တို့ထံက ပြေးသွားလိမ့်မည်။’ (ဧဖက် ၆:၁၈) ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်ချစ်မြတ်နိုးသော သားတော်တို့၏ ထောက်မကူညီမှုကြောင့် အဘယ်သူမျှမဆိုထားနှင့် စာတန်ပင်လျှင် ကျွန်ုပ်တို့ကို ရေရှည်အန္တရာယ်ပြုနိုင်မည်မဟုတ်ချေ။—ဆာလံ ၉၁:၉-၁၁။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 18 ဘုရားသခင်ပြင်ဆင်ပေးထားသော ဝိညာဉ်ရေးလက်နက်စုံနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်အတွက် ၁၉၉၂ ခုနှစ် မေလ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၁-၃ ကိုရှု။
သင်၏အဖြေကား အဘယ်နည်း
• စာတန်ကို ကျွန်ုပ်တို့ကြောက်ရွံ့သင့်သလော။
• ခရစ်ယာန်များကို စာတန် အဘယ်ကြောင့် ညှဉ်းပန်းနှိပ်စက်ရသနည်း။
• “မကောင်းသောအမှုအရာမှ” ကယ်နုတ်တော်မူပါဟု ကျွန်ုပ်တို့ အဘယ်ကြောင့် ဆုတောင်းကြသနည်း။
• ကျွန်ုပ်တို့သည် ဝိညာဉ်ရေးစစ်ပွဲတွင် မည်သို့အောင်ပွဲခံနိုင်မည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကြောက်ရွံ့ခြင်းမရှိသော ခရစ်တော်၏ ကနဦးနောက်လိုက်များသည် သေသည်တိုင်တည်ကြည်ခဲ့ကြ
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ယေဟောဝါ၏မှတ်ဉာဏ်ထဲရှိသူများရှင်ပြန်ထမြောက်လာခြင်းကို စာတန် မဟန့်တားနိုင်
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
“မကောင်းသောအမှုအရာမှ” ကယ်နုတ်တော်မူပါဟုသင်ဆုတောင်းသလော
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
“ဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကို” သင်ဝတ်ဆင်ထားသလော