ငွေနှင့် ကိုယ်ကျင့်တရား သမိုင်းပေးသင်ခန်းစာ
ငွေနှင့် ကိုယ်ကျင့်တရား သမိုင်းပေးသင်ခန်းစာ
သင်္ဘောလေးစင်းပေါ်ရှိ လူလေးရာကျော်သည် ၁၆၃၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက်တွင် အင်္ဂလန်နိုင်ငံမှ အမေရိကတိုက်သို့ ရွက်လွှင့်ခဲ့ကြသည်။ ၎င်းတို့မှအများစုမှာ ပညာတတ်များဖြစ်ပြီး အချို့မှာ အောင်မြင်ကျော်ကြားသော စီးပွားရေးသမားများဖြစ်ကြသည်။ အခြားသူတို့မှာ ပါလီမန်လွှတ်တော်အဖွဲ့ဝင်များပင်ဖြစ်ကသည်။ ဥရောပတွင် အနှစ်သုံးဆယ်စစ်ပွဲ (၁၆၁၈-၁၆၄၈) မပြီးဆုံးသေးသောကြောင့် ဗြိတိန်နိုင်ငံ၏စီးပွားရေးမှာ အကြီးအကျယ်ဆုတ်ယုတ်ကျဆင်းနေ၏။ ထို့ကြောင့် သူတို့သည် ဘဝတိုးတက်လမ်းကိုရှာဖွေရန် အိုးအိမ်၊ အလုပ်အကိုင်နှင့် ဆွေမျိုးသားချင်းများကိုချန်ရစ်ကာ စွန့်စားထွက်ခွာခဲ့ကြသည်။
မျှော်လင့်ချက်ကြီးသော ဤလူစုသည် စီးပွားရှာအခွင့်အရေးသမားများမျှသာ မဟုတ်ကြချေ။ သူတို့သည် ဇွဲထက်သန်သော ပြူရီတန်များဖြစ်ကြပြီး ဘာသာရေးညှဉ်းပန်းနှိပ်စက်မှုကြောင့်လည်း ထွက်ပြေးတိမ်းရှောင်နေကြရ၏။ * သူတို့၏တကယ့်ရည် ရွယ်ချက်မှာ မိမိတို့နှင့် မိမိတို့၏သားစဉ်မြေးဆက်သည် ကျမ်းစာစံနှုန်းများကို ချိုးဖောက်ခြင်းမရှိဘဲ ကြီးပွားချမ်းသာသည့် ဘာသာတရားကိုင်းရှိုင်းသော လူ့အဖွဲ့ အစည်းတစ်ခုကို တည်ထောင်ရန်ဖြစ်သည်။ မက်ဆာချူးဆက်ပြည်နယ်၊ စေလမ်မြို့သို့ရောက်ပြီးမကြာမီ ကမ်းရိုးတန်းရှိ မြေကွက်ငယ်ကို မိမိတို့ပိုင်နက်အဖြစ် သူတို့ကြေညာလိုက်သည်။ သူတို့အခြေချသော ထိုနေရာကို ဘောစတွန်ဟု အမည်ပေးခဲ့ကြသည်။
ဟန်ချက်ညီရန် ခက်ခဲ
ထိုအုပ်စု၏ခေါင်းဆောင်ဖြစ်သော အုပ်ချုပ်ရေးမှူး ဂျွန်ဝင်သရော့ဖ်သည် နယ်မြေသစ်တွင် ကြွယ်ဝချမ်းသာရေးနှင့် အများပြည်သူကောင်းစားရေးအတွက် အစွမ်းကုန်ကြိုးစားလုပ်ဆောင်ခဲ့သည်။ သူသည် ထိုသူတို့ကို ကိုယ်ကျင့်တရားကောင်းမွန်သော ဓနရှင်များ ဖြစ်စေလို၏။ သို့သော် ယင်းသို့ ဟန်ချက်ညီစွာလုပ်ဆောင်ရန် ခက်ခဲလှကြောင်း သိမြင်လာလေသည်။ ရှေ့တွင်ကြုံတွေ့ရမည့် အခက်အခဲများကိုကြိုမြင်ပြီး သူ၏ရောင်းရင်းတို့အား ဘာသာတရားကိုင်းရှိုင်းသော အဖွဲ့အစည်းတွင် ဥစ္စာဓန၏ကဏ္ဍကို ရှင်းပြခဲ့သည်။
ဥစ္စာရှာဖွေခြင်းသည် မမှားကြောင်း အခြားပြူရီတန်ခေါင်းဆောင်များနည်းတူ ဝင်သရော့ဖ်လည်း ယုံကြည်သည်။ ချမ်းသာကြွယ်ဝခြင်း၏ အဓိကရည်ရွယ်ချက်မှာ သူတစ်ပါးကို ကူညီရန်ဖြစ်သည်ဟု သူဆွေးနွေးတင်ပြခဲ့သည်။ သို့ဖြင့် ပိုချမ်းသာကြွယ်ဝလေ ပိုကောင်းမှုပြုနိုင်လေ ဖြစ်သည်။ “ဥစ္စာဓနလောက် ပြူရီတန်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည့်အရာ မရှိပေ။ ချမ်းသာကြွယ်ဝခြင်းသည် ဘုရားသခင့်ကောင်းချီးရသည့် လက္ခဏာလည်းဖြစ်၊ မာန်တက်စေကာ . . . အပြစ်များကျူးလွန်မိစေနိုင်ရန် အကြီးအကျယ် သွေးဆောင်မှုလည်းဖြစ်သည်” ဟုသမိုင်းပညာရှင် ပက်ထရီရှာ အိုတူလ်က ဖော်ပြခဲ့သည်။
ဥစ္စာစည်းစိမ်နှင့် ဇိမ်ခံပစ္စည်းများကြောင့် ဖြစ်ပေါ်လာသော အပြစ်များကို ရှောင်ရှားနိုင်ရန် အစွန်းမရောက်ဘဲ ကိုယ့်ကိုယ်ကိုထိန်းချုပ်ကြဖို့ ဝင်သရော့ဖ်တိုက်တွန်းခဲ့သည်။ သို့သော် မကြာမီပင် ဘာသာတရားကိုင်းရှိုင်းစွာ ကျင့်ကြံရန်၊ အချင်းချင်းချစ်ကြရန် သူ၏တိုက်တွန်းအားပေးချက်များသည် စီးပွားတက်သည်ထက်တက်လိုသော ရောင်းရင်းတို့၏သဘောထားနှင့် မတိုက်ဆိုင်တော့ပေ။ သို့နှင့် ၎င်းတို့၏ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်သရော့ဖ် ဝင်ရောက်စွက်ဖက်သည်ဟုယူဆပြီး အငြင်းပွားကြလေတော့သည်။ အချို့မှာ ပူးပေါင်းဆုံးဖြတ်ပေးမည့် လူတစ်စုကို ရွေးကောက်တင်မြှောက်ရန် သွေးထိုးလှုံ့ဆော်ကြသည်။ အခြားသူတို့မူ ကိုယ့်စီးပွားကိုယ်ရှာရန် အနီးရှိ ကနက်ခ်တီကတ်ပြည်နယ်သို့ ပြောင်းရွှေ့သွားခြင်းဖြင့် ဆန္ဒပြကြသည်။
“အခွင့်ကောင်းယူခြင်း၊ ကြီးပွားခြင်း၊ ဒီမိုကရေစီရရှိခြင်းတို့သည် မက်ဆာချူးဆက်ပြည်နယ်ရှိ ပြူရီတန်တို့၏အသက်တာကို လွှမ်းမိုးထားသည်။ ယင်းတို့က ဝင်သရော့ဖ်၏အကြံဉာဏ်ကို လျစ်လျူ ရှုပြီး ကိုယ်စီရည်မှန်းချက်အတိုင်း လုပ်ဆောင်ကြရန် မီးထိုးယပ်ခတ်ပေးသည်” ဟုအိုတူလ်ကဆိုသည်။ ၁၆၄၉ ခုနှစ်တွင် အသက် ၆၁ ရှိ ဝင်သရော့ဖ်သည် မွဲပြာကျပြီး သေဆုံးသွားရရှာသည်။ ယိုင် နဲ့နေသောထိုလူစုသည် အခက်အခဲများစွာကြားမှ ဆက်တည်ရှိနေသော်လည်း ဝင်သရော့ဖ်မူ မိမိအိပ်မက်ကို အကောင်အထည်မဖော်သွားနိုင်ခဲ့ချေ။
ရှာပုံတော်ဖွင့်နေကြဆဲ
သို့သော် လူ့ဘောင်တိုးတက်ကောင်းစားရေးကို ဂျွန် ဝင်သရော့ဖ် တစ်ဦးတည်းသာ တမ်းတခဲ့ခြင်းမဟုတ်ချေ။ နှစ်စဉ်ပင် သိန်းနှင့်ချီသောလူတို့သည် ဘဝတိုးတက်ကောင်းစားရေးအတွက် အာဖရိက၊ အရှေ့တောင်အာရှ၊ အရှေ့ဥရောပနှင့် လက်တင်အမေရိကတို့မှ ပြောင်းရွှေ့ လာခဲ့ကြသည်။ သူတို့အနက် အချို့မှာ သူဌေးဖြစ်နည်းပေးမည်ဟု ကတိထားသည့် နှစ်စဉ်ထုတ် ရာနှင့်ချီသော စာအုပ်သစ်များ၊ သင်တန်းကျောင်းများ၊ ဝက်ဘ်ဆိုက်များ၏ တိုက်တွန်းလှုံ့ဆော်မှုကြောင့်ဖြစ်၏။ လူများစွာသည် ကျင့်ဝတ်စံနှုန်းများ ချိုးဖောက်မည်မဟုတ်ဟူသော မျှော်လင့်ချက်ဖြင့် ငွေရှာနေကြဆဲဖြစ်ကြောင်း ရှင်းနေပါသည်။
ရှင်းရှင်းပြောရလျှင် စိတ်ပျက်စရာပင်။ ဥစ္စာစည်းစိမ်နောက် တကောက်ကောက်လိုက်သူများသည် အဆုံးတွင် ငွေအတွက် မိမိတို့၏ကိုယ်ကျင့်တရားသာမက တစ်ခါတစ်ရံ ယုံကြည်ခြင်းကိုပင် စွန့်လွှတ်လိုက်ကြသည်။ ထို့ကြောင့် “ခရစ်ယာန်စစ်တစ်ဦးဟာ ချမ်းသာကြွယ်ဝနိုင်ပါ့မလား။ ကာယရေးရော၊ ဝိညာဉ်ရေးပါ ကြွယ်ဝပြီး ဘုရားသခင်ကိုကြောက်ရွံ့တဲ့ လူ့အဖွဲ့အစည်း ရှိနိုင်ပါ့မလား” ဟုသင်သိလိုပေမည်။ နောက်ဆောင်းပါးက ဖော်ပြသည့်အတိုင်း ထိုမေးခွန်းများကို သမ္မာကျမ်းစာ ဖြေဆိုပေးထားသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ပြူရီတန်ဟူသည် ရိုမန်ကက်သလစ်ဩဇာအောက်မှ ကင်းကင်းနေလိုသည့် အင်္ဂလန်ချာ့ခ်ျမှ ပရိုတက်စတင့်များကို ၁၆ ရာစုတွင်ပေးခဲ့သော အမည်ဖြစ်သည်။
[Picture Credit Lines on page 3]
ရွက်လှေများ- The Complete Encyclopedia of Illustration/J. G. Heck; Winthrop: Brown Brothers