ကောင်းကင်ပေါ်နှင့် မြေကြီးပေါ်ရှိအရာများကို စုစည်းခြင်း
ကောင်းကင်ပေါ်နှင့် မြေကြီးပေါ်ရှိအရာများကို စုစည်းခြင်း
“မိမိသဘောတော်မြတ်နှင့်အညီ . . . ကောင်းကင်ပေါ်ရှိအရာများ၊ မြေကြီးပေါ်ရှိအရာများ ခပ်သိမ်းကို ခရစ်တော်၌ ပြန်လည်စုစည်းစေခြင်းပင်ဖြစ်သတည်း။”—ဧဖက် ၁:၉၊ ၁၀၊ ကဘ။
၁။ ကောင်းကင်၊ မြေကြီးနှင့်ပတ်သက်သည့် ယေဟောဝါ၏ “သဘောတော်မြတ်” ကား အဘယ်နည်း။
စကြဝဠာတစ်ခွင် ငြိမ်သက်မှု! ယင်းသည် “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်” ယေဟောဝါ၏ မွန်မြတ်သော ရည် ရွယ်တော်မူချက်ဖြစ်ပေသည်။ (ဟေဗြဲ ၁၃:၂၀) ကိုယ်တော်၏ “သဘောတော်မြတ်” သည် “ကောင်းကင်ပေါ်ရှိအရာများ၊ မြေကြီးပေါ်ရှိအရာများ ခပ်သိမ်းကို ခရစ်တော်၌ ပြန်လည်စုစည်းစေ” ရန်ဖြစ်ကြောင်း တမန်တော်ပေါလုရေးသားရန် ကိုယ်တော်မှုတ်သွင်းပေးတော်မူခဲ့၏။ (ဧဖက် ၁:၉၊ ၁၀၊ ကဘ) ဤအခန်းငယ်တွင် “ပြန်လည်စုစည်း” ဟူ၍ ဘာသာပြန်ဆိုထားသည့် ကြိယာက အဘယ်အရာကို ဖော်ညွှန်းသနည်း။ ကျမ်းပညာရှင် ဂျေ. ဘီ. လိုက်ဖွတ်က ဤသို့ဖော်ပြ၏– “အဆိုပါအသုံးအနှုန်းသည် စကြဝဠာတစ်ခုလုံး၏ သဟဇာတဖြစ်မှုနှင့်သက်ဆိုင်၏။ ယင်းတွင် ကွဲပြားခြားနားသောအရာများ ပါဝင်လိမ့်မည်မဟုတ်။ ယင်းတွင်ပါဝင်သည့် အရာမှန်သမျှ ခရစ်တော်၌ဗဟိုပြုပြီး ပေါင်းစည်းကြလိမ့်မည်။ အပြစ်နှင့်သေခြင်း၊ ဝမ်းနည်းခြင်းနှင့် စိတ်ထိခိုက်ခြင်းအပြင် ဆင်းရဲဝေဒနာခံရခြင်းတို့ ရှိတော့မည်မဟုတ်။”
“ကောင်းကင်ပေါ်ရှိအရာများ”
၂။ စုစည်းရန်လိုသည့် “ကောင်းကင်ပေါ်ရှိအရာများ” ကား မည်သူများနည်း။
၂ တမန်တော်ပေတရုသည် ခရစ်ယာန်စစ်များ၏ ထူးမြတ်သည့်မျှော်လင့်ချက်ကို ဤသို့အကျဉ်းရုံးရေးသားခဲ့သည်– “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) ဤတွင်ကတိပြုထားသည့် “မိုးကောင်းကင်သစ်” သည် အုပ်ချုပ်ခွင့်အာဏာအသစ်ဖြစ်သော မေရှိယနိုင်ငံတော်ကို ရည်ညွှန်း၏။ ဧဖက်မြို့သားများထံ ပေးပို့သည့်စာတွင် ပေါလုဖော်ပြခဲ့သော “ကောင်းကင်ပေါ်ရှိအရာများ” သည် “ခရစ်တော်၌” စုစည်းခြင်းခံရမည်ဖြစ်သည်။ ၎င်းတို့မှာ ခရစ်တော်နှင့်အတူ ကောင်းကင်ဘုန်းဝင်စားရန် ရွေးချယ်ခံရသည့် အရေအတွက် အကန့်အသတ်ရှိ လူသားများဖြစ်ကြသည်။ (၁ ပေတရု ၁:၃-၅) အရေအတွက် ၁၄၄,၀၀၀ ရှိသည့် အဆိုပါ ဝိညာဉ်တော်ဖွားခရစ်ယာန်များကို ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ တွဲဖက်အမွေခံများဖြစ်ရန် “မြေကြီးမှ၊” တစ်နည်းအားဖြင့် “လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” ရွေးနုတ်ထားသည်။—ဗျာ. ၅:၉၊ ၁၀; ၁၄:၃၊ ၄; ၂ ကောရိန္သု ၁:၂၁; ဧဖက် ၁:၁၁; ၃:၆။
၃။ ဝိညာဉ်တော်ဖွားများသည် မြေကြီးပေါ်ရှိစဉ်တွင်ပင် ‘ကောင်းကင်အရပ်၌ နေရာ’ ရသည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၃ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ယေဟောဝါ၏ဝိညာဉ်သားများဖြစ်လာရန် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တစ်ဖန်မွေးဖွားခံရကြသည်။ (ယောဟန် ၁:၁၂၊ ၁၃; ၃:၅-၇) “သား” များအဖြစ် ယေဟောဝါမွေးစားလိုက်ရာ သူတို့သည် ယေရှု၏ညီတော်များဖြစ်လာကြ၏။ (ရောမ ၈:၁၅; ဧဖက် ၁:၅) ထို့ကြောင့် သူတို့သည် မြေကြီးပေါ်ရှိစဉ်တွင်ပင် ‘ယေရှုခရစ်အားဖြင့် ထမြောက်၍ ကောင်းကင်အရပ်၌ နေရာ’ ရသည်ဟုဆိုနိုင်သည်။ (ဧဖက် ၁:၃; ၂:၆) မြင့်မားသော ဤဝိညာဉ်ရေးအခွင့်အရာကို သူတို့ရရှိခြင်းမှာ ကောင်းကင်တွင် သီးသန့်ဖယ်ထားသည့် “[သူတို့] အမွေ၏စရန်၊” “ကတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရကြ” ခြင်းကြောင့်ဖြစ်သည်။ (ဧဖက် ၁:၁၃၊ ၁၄; ကောလောသဲ ၁:၅) ထို့ကြောင့် “ကောင်းကင်ပေါ်ရှိအရာများ” ဟူသည် ဤသူတို့ပင်ဖြစ်သည်။ စုစည်းရန်လိုသည့် သူတို့၏အရေအတွက်ကို ယေဟောဝါ သတ်မှတ်ထားပြီးသားဖြစ်၏။
စုစည်းခြင်းစတင်
၄။ “ကောင်းကင်ပေါ်ရှိအရာများ” စုစည်းခြင်းကို မည်သည့်အချိန်တွင် မည်သို့စတင်ခဲ့သနည်း။
၄ ယေဟောဝါ၏ “စီမံခန့် ခွဲမှု” သို့မဟုတ် စီမံအုပ်ချုပ်ပုံနှင့်အညီ “ကောင်းကင်ပေါ်ရှိအရာများ” စုစည်းခြင်းကို “ချိန်းချက်သောအချိန်ကာလများ ပြည့်စုံသည့်အခါ” စတင်ရန်ဖြစ်၏။ (ဧဖက် ၁:၁၀၊ ကဘ) သတ်မှတ်ထားသော ထိုအချိန်သည် အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ဆိုက်ရောက်လာ၏။ ထိုနေ့ရက်တွင် တမန်တော်များနှင့် တပည့်နောက်လိုက်များဖြစ်သော အမျိုးသား၊ အမျိုးသမီးများအပေါ် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခဲ့သည်။ (တမန်တော် ၁:၁၃-၁၅; ၂:၁-၄) ယင်းက ပဋိညာဉ်သစ် စတင်လာပြီဖြစ်ကြောင်း သက်သေထူ၏။ သို့ဖြင့် ခရစ်ယာန်အသင်းတော်နှင့် ဝိညာဉ်ရေးဣသရေလလူမျိုးသစ်ဖြစ်သော “ဘုရားသခင်၏ဣသရေလအမျိုး” စတင်ပေါ်ပေါက်လာသည်။—ဂလာတိ ၆:၁၆; ဟေဗြဲ ၉:၁၅; ၁၂:၂၃၊ ၂၄။
၅။ ယေဟောဝါသည် ဇာတိဣသရေလလူမျိုးအစား ‘လူမျိုး’ သစ်တစ်မျိုးကို အဘယ်ကြောင့် ဖြစ်ပေါ်စေခဲ့သနည်း။
၅ ဇာတိဣသရေလလူမျိုးနှင့်ဖွဲ့ခဲ့သည့် ပညတ်ပဋိညာဉ်သည် ကောင်းကင်တွင် အစဉ်အမြဲအမှုဆောင်မည့် “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး [“ယဇ်ပုရောဟိတ်နိုင်ငံ၊” သမ္မာ]၊ သန့်ရှင်းသောလူမျိုး” ကို မဖြစ်ပေါ်စေခဲ့ချေ။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) ဂျူးဘာသာရေးခေါင်းဆောင်များကို ယေရှုက “ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏အသီးကို သီးအံ့သောလူမျိုးအား ပေးရလတ္တံ့” ဟုမိန့်ဆိုခဲ့၏။ (မဿဲ ၂၁:၄၃) အဆိုပါဝိညာဉ်ရေး ဣသရေလလူမျိုးကို ပဋိညာဉ်သစ်ထဲ ဆောင်ကြဉ်းခံရသည့် ဝိညာဉ်တော်ဖွားခရစ်ယာန်များဖြင့် ဖွဲ့စည်းထား၏။ ထိုသူတို့ထံ တမန်တော်ပေတရု ဤသို့စာရေးခဲ့သည်– “သင်တို့မူကား မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်ထဲသို့ ခေါ်သွင်းတော်မူသောအရှင်၏ ဂုဏ်ကျေးဇူးတော်များကို ဖော်ပြစေခြင်းငှာ ရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။ ယဇ်ပုရောဟိတ်နိုင်ငံ၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ဆိုင်တော်မူသောလူမျိုးဖြစ်ကြ၏။ အထက်ကလူမျိုးမဟုတ်သော်လည်း ယခုတွင် ဘုရားသခင်၏လူမျိုးတော်ဖြစ်ကြ၏။” (၁ ပေတရု ၂:၉၊ ၁၀၊ သမ္မာ) ဇာတိဣသရေလလူမျိုးသည် ယေဟောဝါနှင့်ပဋိ ညာဉ်ဖွဲ့ထားသောလူမျိုး မဟုတ်တော့ချေ။ (ဟေဗြဲ ၈:၇-၁၃) ယေရှုကြိုဟောခဲ့သည့်အတိုင်း မေရှိယနိုင်ငံတော်တွင်ပါဝင်ရသည့် အခွင့်ထူးကို ထိုသူတို့ထံမှနုတ်ယူကာ ၁၄၄,၀၀၀ အရေအတွက်ရှိသော ဝိညာဉ်ရေးဣသရေလလူမျိုးအား ပေးအပ်ခဲ့သည်။—ဗျာ. ၇:၄-၈။
ဘုရားသခင့်နိုင်ငံတော်ပဋိညာဉ်ထဲ ဆောင်ကြဉ်းခံရ
၆၊ ၇။ ယေရှုသည် ဝိညာဉ်တော်ဖွားညီတော်များနှင့် အဘယ်အထူးပဋိညာဉ်ဖွဲ့ခဲ့ပြီး ယင်းက သူတို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၆ အောက်မေ့ရာပွဲကို ယေရှုအစပြုကျင်းပသောညတွင် သစ္စာရှိတမန်တော်များကို ကိုယ်တော် ဤသို့မိန့်တော်မူခဲ့သည်– “ငါသည် စုံစမ်းနှောင့်ယှက်ခြင်းကိုခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။ ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကိုပေးတော်မူသည်နှင့်အညီ၊ သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သောအခွင့်ကိုလည်းကောင်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတစ်ဆယ့်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကိုလည်းကောင်း ငါသည် သင်တို့အားပေးမည်။” (လုကာ ၂၂:၂၈-၃၀) ဤတွင် ယေရှုသည် “သေသည်တိုင်အောင် သစ္စာစောင့်” ကာ ‘အောင်မြင်သူများ’ ဖြစ်ကြမည့် ဝိညာဉ်တော်ဖွားညီတော် ၁၄၄,၀၀၀ နှင့် ဖွဲ့ခဲ့သည့် အထူးပဋိညာဉ်တစ်ခုကို ရည်ညွှန်းနေခြင်းဖြစ်သည်။—ဗျာ. ၂:၁၀; ၃:၂၁။
၇ အကန့်အသတ်ရှိ အဆိုပါအုပ်စုသည် အသွေးအသားရှိ လူသားများအဖြစ် မြေကြီးပေါ် ထာဝစဉ်နေထိုင်ရမည့် မျှော်လင့်ချက်အားလုံးကို လက်လွှတ်လိုက်ကြသည်။ သူတို့သည် ကောင်းကင်တွင် ခရစ်တော်နှင့်အတူစိုးစံကာ ပလ္လင်များပေါ်ထိုင်၍ လူသားတို့ကို တရားစီရင်ကြမည်။ (ဗျာ. ၂၀:၄၊ ၆) အောက်မေ့ရာပွဲတွင်အသုံးပြုသည့် မုန့် နှင့်စပျစ်ဝိုင်ကို ဝိညာဉ်တော်ဖွားများသာ သုံးဆောင်ကြပြီး “အခြားသိုး” မူ အဘယ်ကြောင့် မသုံးဆောင်ကြကြောင်း ဖော်ပြသည့် ကျမ်းချက်တချို့ကို ယခု ဆန်းစစ်ကြည့်ကြပါစို့။—ယောဟန် ၁၀:၁၆။
၈။ မုန့်ကို ဝိညာဉ်တော်ဖွားများ သုံးဆောင်ကြခြင်းက အဘယ်အရာကို ညွှန်ပြသနည်း။ (စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်ကိုရှု။)
၈ အဆိုပါဝိညာဉ်တော်ဖွားများသည် ခရစ်တော်နည်းတူ ဆင်းရဲခြင်းကိုခံကာ ကိုယ်တော်ကဲ့သို့ အသေခံရန်အသင့်ရှိကြသည်။ ထိုအုပ်စုအဝင်ဖြစ်သော ပေါလုက သူသည် “ထမြောက်တော်မူခြင်း၏ တန်ခိုးကိုလည်းကောင်း၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ၍ခံခြင်းကိုလည်းကောင်း သိကျွမ်းခြင်းငှာ . . . ခရစ်တော်ကိုအမြတ်ရ” ရန် မည်သည့်အရာကိုမဆို စွန့်လွှတ်ဖို့အသင့်ရှိကြောင်း ဖော်ပြခဲ့၏။ မှန်ပါသည်၊ ‘ကိုယ်တော် အသေခံတော်မူသည်နည်းတူ’ ပေါလုလည်း အသေခံရန်အသင့်ရှိ၏။ (ဖိလိပ္ပိ ၃:၁၁) ဝိညာဉ်တော်ဖွားခရစ်ယာန်များစွာသည် သူတို့၏အသွေးအသားခန္ဓာတွင် “ယေရှု၏အသေခံတော်မူခြင်းကို . . . တင်ဆောင်လျက်နေရကြ၏။”—၂ ကောရိန္သု ၄:၁၀၊ သမ။
၉။ အောက်မေ့ရာမုန့်သည် အဘယ်ခန္ဓာကိုယ်ကို ကိုယ်စားပြုသနည်း။
၉ သခင့်ညစာစားပွဲကို စတင်ကျင်းပစဉ် ယေရှုက “ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏” ဟုမိန့်တော်မူသည်။ (မာကု ၁၄:၂၂) ကိုယ်တော်သည် မကြာမီ သွေးထွက်သည်အထိ ရိုက်နှက်ခံရတော့မည့် မိမိ၏ပကတိခန္ဓာကိုယ်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။ တဆေးမဲ့မုန့်သည် ထိုခန္ဓာကိုယ်ကို လျောက်ပတ်စွာတင်စား၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သမ္မာကျမ်းစာတွင် တဆေးကို အပြစ် သို့မဟုတ် ဆိုးညစ်မှုအဖြစ် တင်စားဖော်ပြထားသည်။ (မဿဲ ၁၆:၄၊ ၁၁၊ ၁၂; ၁ ကောရိန္သု ၅:၆-၈) ယေရှုသည် စုံလင်သူဖြစ်ရာ ကိုယ်တော်၏လူ့ခန္ဓာကိုယ်သည် အပြစ်နှင့်ကင်းစင်တော်မူ၏။ ကိုယ်တော်သည် ထိုစုံလင်သောခန္ဓာကိုယ်ကို အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်မည်ဖြစ်သည်။ (ဟေဗြဲ ၇:၂၆; ၁ ယောဟန် ၂:၂) ထိုသို့ကိုယ်တော်လုပ်ဆောင်ခြင်းက ကောင်းကင်အသက်တာမျှော်လင့်သူဖြစ်စေ၊ ပရဒိသုမြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်သူဖြစ်စေ သစ္စာရှိခရစ်ယာန်အားလုံးအတွက် အကျိုးရှိမည်ဖြစ်ပေသည်။—ယောဟန် ၆:၅၁။
၁၀။ အောက်မေ့ရာစပျစ်ဝိုင်ကို သုံးဆောင်သူတို့သည် “ခရစ်တော်၏အသွေးတော်ကို” အဘယ်နည်းဖြင့် “ဆက်ဆံသုံးဆောင်” ကြသနည်း။
၁၀ အောက်မေ့ရာပွဲတွင် ဝိညာဉ်တော်ဖွားခရစ်ယာန်များ သုံးဆောင်ကြသည့် စပျစ်ရည်နှင့်စပ်လျဉ်း၍ ပေါလုက “ငါတို့ကောင်းချီးပေးကြသော မင်္ဂလာဖလားတော်သည် ခရစ်တော်၏အသွေးတော်ကို ဆက်ဆံသုံးဆောင်ခြင်းမဟုတ်လော” ဟုရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၀:၁၆၊ သမ) စပျစ်ရည်သုံးဆောင်သူများသည် အဘယ်နည်းဖြင့် “ခရစ်တော်၏အသွေးတော်ကို ဆက်ဆံသုံးဆောင်” ကြသနည်း။ သူတို့ကိုယ်တိုင် ရွေးနုတ်ခံရဖို့လိုနေသည်ဖြစ်ရာ ရွေးနုတ်ဖိုးပူဇော်ရာယဇ် ဆက်သရာတွင် သူတို့ လုံးဝမပါဝင်နိုင်ကြချေ။ ခရစ်တော်အသွေး၏ ကယ်တင်ခြင်းတန်ခိုးကို ယုံကြည်ခြင်းအားဖြင့် သူတို့သည် အပြစ်လွှတ်ခံရပြီး ဖြောင့်မတ်ရာသို့ရောက်ကာ ကောင်းကင်အသက်တာကို ရရှိကြသည်။ (ရောမ ၅:၈၊ ၉; တိတု ၃:၄-၇) ခရစ်တော်သွန်းလောင်းခဲ့သော အသွေးတော်အားဖြင့် ခရစ်တော်နှင့်ပူးတွဲအမွေခံမည့်သူ ၁၄၄,၀၀၀ တို့သည် အပြစ်ကင်းစင်၍ “စင်ကြယ်” ကာ ‘သန့်ရှင်းသူများ’ ဖြစ်လာကြ၏။ (ဟေဗြဲ ၁၀:၂၉; ဒံယေလ ၇:၁၈၊ ၂၇; ဧဖက် ၂:၁၉) ခရစ်တော်သည် မိမိသွန်းလောင်းခဲ့သည့် အသွေးတော်အားဖြင့် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍ . . . ဘုရားသခင်အဖို့ ရွေးနုတ်တော်မူ၏။ အကျွန်ုပ်တို့၏ဘုရားသခင်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထား၍ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။”—ဗျာ. ၅:၉၊ ၁၀။
၁၁။ အောက်မေ့ရာစပျစ်ဝိုင် သောက်သုံးခြင်းအားဖြင့် ဝိညာဉ်တော်ဖွားများသည် အဘယ်အရာကို ဖော်ပြကြသနည်း။
၁၁ ယေရှုသည် မိမိသေခြင်းအောက်မေ့ရာပွဲကို အစပြုကျင်းပခဲ့စဉ်က သစ္စာရှိတမန်တော်များအား စပျစ်ဝိုင်ခွက်ကို ကမ်းပေးပြီး ဤသို့မိန့်ဆိုခဲ့၏– “သင်တို့ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွှတ်စေခြင်းငှာသွန်းသော ငါ၏အသွေးဖြစ်၏။” (မဿဲ ၂၆:၂၇၊ ၂၈) ဣသရေလလူမျိုးနှင့် ဘုရားသခင်ဖွဲ့တော်မူခဲ့သော ပညတ်ပဋိညာဉ်ကို နွားအသွေး၊ ဆိတ်အသွေးတို့ဖြင့် အတည်ပြုခဲ့သည့်နည်းတူ ယေရှု၏အသွေးတော်သည်လည်း အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် စတင်ပေါ်ပေါက်လာသည့် ဝိညာဉ်ရေးဣသရေလလူမျိုးနှင့် ယေဟောဝါဖွဲ့တော်မူမည့် ပဋိညာဉ်သစ်ကို အတည်ပြုပေးသည်။ (ထွက်မြောက်ရာ ၂၄:၅-၈; လုကာ ၂၂:၂၀; ဟေဗြဲ ၉:၁၄၊ ၁၅) “ပဋိညာဉ်တရား၏အသွေး” ကိုပုံဆောင်သည့် စပျစ်ဝိုင်သောက်သုံးခြင်းအားဖြင့် ဝိညာဉ်တော်ဖွားများသည် ပဋိညာဉ်သစ်ထဲ ဆောင်ကြဉ်းခံရပြီး ယင်း၏အကျိုးကျေးဇူးများကို ခံစားနေရကြောင်း ဖော်ပြသည်။
၁၂။ ဝိညာဉ်တော်ဖွားများသည် ခရစ်တော်၏သေခြင်း၌ မည်သို့နှစ်ခြင်းခံကြသနည်း။
၁၂ ဝိညာဉ်တော်ဖွားများသည် အခြားအရာတစ်ခုကိုလည်း သတိရကြသည်။ မိမိ၏သစ္စာရှိတပည့်များကို ယေရှုက “ငါသောက်သောခွက်ကို သင်တို့သည်သောက်ရကြလိမ့်မည်။ ငါခံသောဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြလိမ့်မည်” ဟုမိန့်တော်မူ၏။ (မာကု ၁၀:၃၈၊ ၃၉) နောက်ပိုင်းတွင် တမန်တော်ပေါလုက ခရစ်ယာန်များသည် “[ခရစ်တော်၏] အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြ” ရကြောင်း ပြောဆိုခဲ့သည်။ (ရောမ ၆:၃) ဝိညာဉ်တော်ဖွားများသည် ကိုယ်ကျိုးစွန့်၍ အသက်ရှင်ကြ၏။ သူတို့သည် မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရန် မည်သည့်မျှော်လင့်ချက်ကိုမဆို စွန့်လွှတ်ရသောကြောင့် သူတို့၏သေခြင်းသည် ကိုယ်ကျိုးစွန့်သေခြင်းဖြစ်၏။ ခရစ်တော်၏သေခြင်း၌ အဆိုပါဝိညာဉ်တော်ဖွား ခရစ်ယာန်များ နှစ်ခြင်းခံခြင်းသည် တည်ကြည်စွာသေဆုံးပြီး ကောင်းကင်တွင် ခရစ်တော် “နှင့်အတူ စိုးစံ” ရန် ဝိညာဉ်သတ္တဝါများအဖြစ် ထမြောက်လာသည့်အခါ ပြီးပြည့်စုံသွားသည်။—၂ တိမောသေ ၂:၁၀-၁၂; ရောမ ၆:၅; ၁ ကောရိန္သု ၁၅:၄၂-၄၄၊ ၅၀။
အထိမ်းအမှတ်များကို သုံးဆောင်ခြင်း
၁၃။ မြေကြီးမျှော်လင့်ချက်ရှိသူတို့သည် အောက်မေ့ရာပွဲ အထိမ်းအမှတ်များကို အဘယ်ကြောင့် မသုံးဆောင်ကြသနည်း။ သို့သော် အောက်မေ့ရာပွဲကို အဘယ်ကြောင့် တက်ရောက်ကြသနည်း။
၁၃ အောက်မေ့ရာပွဲကျင်းပစဉ် လက်ဆင့်ကမ်းသည့် မုန့် နှင့်စပျစ်ဝိုင်ကို သုံးဆောင်ခြင်း၌ အထက်ပါအရာအားလုံး အကျုံးဝင်သည့်အတွက် ယင်းအထိမ်းအမှတ်များကို မြေကြီးမျှော်လင့်ချက်ရှိသူတို့ သုံးဆောင်ခြင်းသည် လုံးဝမသင့်လျော်ပေ။ မြေကြီးမျှော်လင့်ချက်ရှိသူများကိုယ်တိုင် မိမိတို့သည် ခရစ်တော်၏ခန္ဓာကိုယ်အဝင် ဝိညာဉ်တော်ဖွားများမဟုတ်ကြောင်း၊ ယေရှုခရစ်နှင့်အတူ စိုးစံမည့်သူများနှင့် ယေဟောဝါဖွဲ့တော်မူခဲ့သည့် ပဋိညာဉ်သစ်တွင်လည်း မပါဝင်ကြောင်း သိရှိကြသည်။ စပျစ်ဝိုင် “ခွက်” သည် ပဋိ ညာဉ်သစ်ကို ကိုယ်စားပြုရာ အဆိုပါပဋိညာဉ်သစ်တွင် ပါဝင်သူတို့သာလျှင် အထိမ်းအမှတ်များကို သုံးဆောင်ကြသည်။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် မြေကြီးပေါ်တွင် စုံလင်သူများအဖြစ် ထာဝစဉ်အသက်ရှင်လိုသူတို့သည် ယေရှု၏သေခြင်း၌ နှစ်ခြင်းခံစရာမလိုသည့်အပြင် ကောင်းကင်တွင်လည်း ကိုယ်တော်နှင့်အတူစိုးစံရန် ခေါ်တော်မူခြင်းမခံကြရပေ။ မုန့်နှင့်စပျစ်ဝိုင်ကို သူတို့သုံးဆောင်ကြမည်ဆိုလျှင် သူတို့နှင့်မသက်ဆိုင်သည့်အရာကို ပြုလုပ်နေရာကျမည်။ ထို့ကြောင့် သူတို့သည် ရိုသေလေးစားစွာ ရှုစားသူများအဖြစ် အောက်မေ့ရာပွဲကို တက်ရောက်ကြသော်လည်း မုန့်နှင့်စပျစ်ဝိုင်ကိုမူ မသုံးဆောင်ကြချေ။ သူတို့သည် ခရစ်တော်သွန်းလောင်းတော်မူခဲ့သည့် အသွေးတော်ကြောင့် ခွင့်လွှတ်ခံရခြင်းအပါအဝင် သားတော်အားဖြင့် မိမိတို့အတွက် ယေဟောဝါပြုလုပ်ပေးတော်မူသမျှကို ကျေးဇူးတင်လေးမြတ်ကြသည်။
၁၄။ ဝိညာဉ်တော်ဖွားများသည် မုန့်နှင့်စပျစ်ဝိုင် သုံးဆောင်ခြင်းဖြင့် ဝိညာဉ်ခွန်အား မည်သို့ရရှိကြသနည်း။
၁၄ ကောင်းကင်တွင် ခရစ်တော်နှင့်အတူစိုးစံရန် ခေါ်တော်မူခြင်းခံရသည့် ခရစ်ယာန်အနည်းစုကို နောက်ဆုံးတံဆိပ်ခတ်ခြင်းသည် အပြီးသတ်လုပြီ။ ဝိညာဉ်တော်ဖွားများသည် မြေကြီးပေါ် သူတို့၏ကိုယ်ကျိုးစွန့်အသက်တာ ကုန်ဆုံးသည်အထိ အောက်မေ့ရာပွဲ အထိမ်းအမှတ်များကို သုံးဆောင်ခြင်းဖြင့် ဝိညာဉ်ခွန်အားရရှိကြ၏။ သူတို့သည် ခရစ်တော်၏ခန္ဓာကိုယ်အဝင်ဖြစ်သော အခြားညီအစ်ကိုညီအစ်မများနှင့် စည်းလုံးပြီး သံယောဇဉ်တွယ်နေကြသည်။ အထိမ်းအမှတ်အဖြစ် မုန့်နှင့်စပျစ်ဝိုင်ကို သုံးဆောင်ခြင်းက သေသည့်တိုင် သစ္စာတည်ကြည်ကြရန် သူတို့တွင်တာဝန်ရှိကြောင်း သတိပေး၏။—၂ ပေတရု ၁:၁၀၊ ၁၁။
“မြေကြီးပေါ်ရှိအရာများ” ကိုစုစည်းခြင်း
၁၅။ ဝိညာဉ်တော်ဖွား ခရစ်ယာန်များဘက်တွင် မည်သူတို့စု ရုံးခဲ့ကြ ပြီ နည်း။
၁၅ ၁၉၃၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းလောက်ကတည်းက “သိုးစုငယ်” အဝင်မဟုတ်သော မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်ရှိသူ “အခြားသိုး” အရေအတွက်မှာ တိုးများလာပြီး ဝိညာဉ်တော်ဖွားများကို ကူညီထောက်မပေးနေကြသည်။ (ယောဟန် ၁၀:၁၆; လုကာ ၁၂:၃၂; ဇာခရိ ၈:၂၃) သူတို့သည် ခရစ်တော်၏ညီတော်များ၏ သစ္စာရှိအပေါင်းပါများ ဖြစ်လာကြကာ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း ‘ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်း’ ဟောပြောရာတွင် တန်ဖိုးမဖြတ်နိုင်သောအကူအညီ ပေးလျက်ရှိသည်။ (မဿဲ ၂၄:၁၄; ၂၅:၄၀) ထိုသို့လုပ်ဆောင်ကြခြင်းဖြင့် လူမျိုးအပေါင်းကို တရားစီရင်ရန် ခရစ်တော်ကြွလာသောအခါ မျက်နှာသာရသည့် “လက်ယာတော်ဘက်” ရှိ “သိုး” များအဖြစ် သူတို့စီရင်ခံရလိမ့်မည်။ (မဿဲ ၂၅:၃၃-၃၆၊ ၄၆) ခရစ်တော်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ‘ကြီးစွာသောဆင်းရဲခြင်း’ ကိုကပ်ကျော်မည့် ‘လူအုပ်ကြီး’ တွင် သူတို့ပါဝင်ကြပေမည်။—ဗျာ. ၇:၉-၁၄။
၁၆။ “မြေကြီးပေါ်ရှိအရာများ” တွင် မည်သူများပါဝင်ကြပြီး “ဘုရားသခင်သား” များဖြစ်ခွင့်ကို သူတို့အားလုံး မည်သို့ရရှိကြမည်နည်း။
၁၆ ၁၄၄,၀၀၀ ကို အပြီးသတ်တံဆိပ်ခတ်ပြီးသည်နှင့် မြေကြီးပေါ်ရှိ စာတန့်စနစ်ဆိုးအပေါ် ဖျက်ဆီးခြင်း “လေ” ကိုလွှတ်ရန် လမ်းပွင့်သွားမည်ဖြစ်သည်။ (ဗျာ. ၇:၁-၄) ခရစ်တော်နှင့် ကိုယ်တော်၏တွဲဖက် ဘုရင်ယဇ်ပုရောဟိတ်များအုပ်စိုးသည့် အနှစ်တစ်ထောင်အတွင်း ရှင်ပြန်ထမြောက်လာမည့် မရေမတွက်နိုင်သောသူများသည် လူအုပ်ကြီးနှင့်အတူ ပူးပေါင်းကြမည်။ (ဗျာ. ၂၀:၁၂၊ ၁၃) ထိုသူတို့သည် မြေကြီးပေါ်တွင် မေရှိယဘုရင် ခရစ်တော်ယေရှု၏ လက်အောက်ခံများအဖြစ် အစဉ်အမြဲ နေခွင့်ရကြမည်။ အနှစ်တစ်ထောင်အုပ်ချုပ်မှု ကုန်ဆုံးသွားသောအခါ အဆိုပါ “မြေကြီးပေါ်ရှိအရာများ” သည် နောက်ဆုံးစမ်းသပ်ခံကြရမည်။ သစ္စာရှိသူများသည် မြေကြီးဆိုင်ရာ “ဘုရားသခင်သား” များအဖြစ် မွေးစားခံရပါလိမ့်မည်။—ဧဖက် ၁:၁၀; ရောမ ၈:၂၁; ဗျာ. ၂၀:၇၊ ၈။
၁၇။ ယေဟောဝါ၏ရည်ရွယ်တော်မူချက်သည် မည်သို့ပြည့်စုံသွားမည်နည်း။
၁၇ သို့ဖြစ်၍ ယေဟောဝါသည် မိမိ၏အတိုင်းမသိပညာဖြင့် “စီမံခန့် ခွဲ” ကာ “ကောင်းကင်ပေါ်ရှိအရာများ၊ မြေကြီးပေါ်ရှိအရာများ ခပ်သိမ်းကို ခရစ်တော်၌ ပြန်လည်စုစည်း” ရန်ဟူသော ရည် ရွယ်တော်မူချက်ကို ပြီးပြည့်စုံစေမည်။ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှ အသိဉာဏ်ရှိသတ္တဝါအားလုံးသည် ရည်ရွယ်တော်မူချက်များကို ပြည့်စုံစေသောမဟာအရှင် ယေဟောဝါ၏ ဖြောင့်မတ်သော အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ဝမ်းမြောက်ဝမ်းသာ လက်အောက်ခံကာ စကြဝဠာတစ်ခွင် ငြိမ်သက်မှုတွင် အတူတကွစုစည်းခံရကြမည်။
၁၈။ ဝိညာဉ်တော်ဖွားများနှင့် ၎င်းတို့၏အပေါင်းပါတို့သည် အောက်မေ့ရာပွဲတက်ရောက်ခြင်းမှ မည်သို့အကျိုးခံစားကြရမည်နည်း။
၁၈ ဝိညာဉ်တော်ဖွားအနည်းငယ်နှင့် ၎င်းတို့၏အပေါင်းပါ သန်းနှင့်ချီသောအခြားသိုးတို့သည် ၂၀၀၆ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် စုဝေးကြသောအခါ ယုံကြည်ခြင်း အလွန်တိုးပွားလိုက်မည်ဖြစ်ခြင်း။ “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟုယေရှုမိန့်မှာခဲ့သည့်အတိုင်းပင် သူတို့သည် ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲကို ကျင်းပကြမည်။ (လုကာ ၂၂:၁၉) တက်ရောက်သူအားလုံးသည် ယေဟောဝါချစ်မြတ်နိုးတော်မူသောသားတော် ယေရှုခရစ်အားဖြင့် မိမိတို့အတွက် လုပ်ဆောင်တော်မူခဲ့ရာများကို သတိရသင့်ပေသည်။
ပြန်လည်သုံးသပ်ချက်
• ကောင်းကင်ပေါ်နှင့် မြေကြီးပေါ်ရှိ အရာများအတွက် ယေဟောဝါ၏ရည်ရွယ်တော်မူချက်ကား အဘယ်နည်း။
• “ကောင်းကင်ပေါ်ရှိအရာများ” ကား မည်သူများဖြစ်ကြပြီး သူတို့ မည်သို့စုစည်းခံ ခဲ့ရသနည်း။
• “မြေကြီးပေါ်ရှိအရာများ” ကား မည်သူများဖြစ်ကြပြီး အဘယ်မျှော်လင့်ချက်ရှိသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]
“ခရစ်တော်၏ကိုယ်”
၁ ကောရိန္သု ၁၀:၁၆၊ ၁၇ တွင် ခရစ်တော်၏ ဝိညာဉ်တော်ဖွား ညီတော်များအတွက် မုန့်၏အထူးအရေးပါမှုအကြောင်း ဆွေးနွေးရာတွင် “ကိုယ်” ကို အထူးအဓိပ္ပာယ်ဖြင့် ပေါလုဖော်ပြခဲ့သည်။ သူက ဤသို့ဆိုသည်– “ငါတို့ဖဲ့သောမုန့်မူကား၊ ခရစ်တော်၏ကိုယ်ကိုဆက်ဆံခြင်း ဖြစ်သည်မဟုတ်လော။ မုန့်တစ်လုံးတည်းရှိသည်ဖြစ်၍၊ ငါတို့ရှိသမျှသည် တစ်လုံးတည်းဖြစ်သော ထိုမုန့်ကို ဆက်ဆံလျက်ခံယူကြသောကြောင့် အများဖြစ်သောငါတို့ သည် တစ်လုံးတစ်ကိုယ်တည်းဖြစ်ကြ၏။” ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် အောက်မေ့ရာပွဲတွင် အသုံးပြုသည့်မုန့်ကို သုံးဆောင်ကြသောအခါ ဝိညာဉ်တော်ဖွားများအချင်းချင်း စည်းလုံးမှုရှိကြောင်း ဖော်ပြကြသည်။ ယင်းက ဦးခေါင်းဖြစ်တော်မူသော ခရစ်တော်နှင့် ကိုယ်တစ်ခုတည်းဖြစ်သကဲ့သို့ပင်။—မဿဲ ၂၃:၁၀; ၁ ကောရိန္သု ၁၂:၁၂၊ ၁၃၊ ၁၈။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဝိညာဉ်တော်ဖွားများသာမုန့်နှင့်စပျစ်ဝိုင်ကို အဘယ်ကြောင့် သုံးဆောင်ကြသနည်း
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ယေဟောဝါ၏စီမံခန့်ခွဲ မှုဖြင့် ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိသတ္တဝါအားလုံး စည်းလုံးညီညွတ်ကြလတ္တံ့